Tuesday, April 16, 2013

ဒံပေါက်ကောင်းကောင်းချက်ကြမယ်






ချက်ကြမယ်ဟေ့ ဒံပေါက်ကောင်းကောင်း


ဂျာရစ် အသွင်ပြောင်းပြီး ဟင်းချက်နည်းတင်ရတာမဟုတ်ပါဘူးဆိုတာကိုတော့ကြိုတင်ဝန်ခံထားပါရစေ။ ကိုယ်တိုင် ချက်တဲ့ ဒံပေါက်ကို ဆွမ်းတင်ရင်း ဖေ့ဘွတ်မှာ တင်ပေးလိုက်လို့ သူငယ်ချင်းတွေရဲ့ စားချင်တယ်ဆိုတဲ့ အသံလေးတွေ တကယ်စားလိုက်ရရင်တော့ကွာ ဆိုတဲ့ အသံလေးတွေကိုကြားတော့ ဂျာရစ်စိတ်ထဲ အင်မတန်မှကို တကယ်ပဲ ကျွေးချင်မိပါတယ်။ သို့သော်လည်း တနိုင်ငံစီနေကြသူများအဖို့ စိတ်သာရှိပြီး တကယ်မကျွေးနိုင်တဲ့ဘ၀မို့ ဂျာရစ်ကြိမ်ဖန်များစွာကြိုးစားရင်း ရလာတဲ့ရလာဒ်တစ်ခုကို သူငယ်ချင်းတွေကိုစားစေချင်တဲ့ စိတ်ဆန္ဒနဲ့တင်ပေးလိုက်တာပါ။
အစကတော့တင်ဖို့လဲအစီအစဉ်မရှိပါဘူး။ဟင်းချက်တဲ့ဘလော့လဲမဟုတ်တဲ့အတွက် မတင်ချင်ပါဘူး။ ဒါပေမယ့် လုပ်နည်းလေးအရမ်းလွယ်လို့ ခုလိုဟိုဟာမစားရဲဒီဟာမစားရဲ အန္တာရယ်များနေတဲ့အချိန်မှာ အလွယ်တကူလုပ်စားနိုင်လို့ မျှဝေလိုက်ခြင်းသာဖြစ်ပါတယ် ။
 


ဒံပေါက်ကို အင်မတန်ကြိုက်လွန်း လို့ မြန်မာပြည်မှာရှိစဉ်တုန်းက ဆို တလကို လေးငါးခါ ၀ယ်ဝယ်စား ကြုံတိုင်းစားတဲ့ ဂျာရစ် အတွက် နိုင်ငံ ခြားကိုရောက်လာတဲ့အခါမှာတော့အလွမ်းဆုံးက အိမ်ပြီးရင် ဒံပေါက်ကိုအင်မတန်တမ်းတမိသူပါ။ သူများတွေပြန်လာပြီဆို အဆင်ပြေတဲ့ သူတွေက ဒံပေါက်တွေအထုပ်ဆွဲဝယ်လာကြ ရင်းနှီးသူတွေက လက်ဆောင်ပေးကြပေမယ့် ဂျာရစ်အတွက်တော့ အဖေနဲ့အမေဘဲ အိမ်မှာရှိ တာမို့ ဒုက္မမပိုစေချင်လို့ သွားရေကျယုံကလွဲပြီး ရှိတဲ့ဆန်နဲ့ ချက်ချက်စားခဲ့ရတာပါ။ ဒီကဆန်တွေက အဆစ်ကလည်းတိုမာက လည်းမာတော့ ဘာစမာစတီး ဆန်နဲ့ ပြောင်းချက်ပါတယ် ။ ဘာစမားစတီးဆန်က ရှည်တော့ လှပေမယ့် အေးတာနဲ့အမျှ အဆီအနှစ်လဲ မရှိတာမို့ မာပြီးဖွယ်တယ်တယ် အရသာလဲထွက်ပြီးလုံးဝကိုစားမကောင်းပါဘူး။ ဒံပေါက်ချက်ရင်တော့ တကယ်တမ်းသာဆို မြန်မာပြည်က ပေါ်ကျွဲတို့လို့ အဆီအနှစ်ရှိပြီး ကောင်းတဲ့ရှည်တဲ့ဆန်လေးနဲ့ဆို ဒံပေါက်ကအင်မတန်အရသာရှိပါတယ် ။ဂျာရစ်ကတော့မြန်မာပြည်က ဆန်ကိုခုတစ်ခေါက်သယ် လာပါတယ်။ ဆန်မကုန်မချင်း ဒံပေါက်လုပ်စားမှာပါ။ 
လုပ်တတ်သွားတဲ့အချိန်မှာ အရမ်း ကိုလွယ်ပါတယ် ။ ချက်ကြည့်ကြပါ ။ တခါပျက်သွားလဲအားမလျော့ကြပါနဲ့ ။ ထပ်ချက်ကြည့်ပါ ။ စိတ်ရှည်ရင် ရပါတယ်။ ဂျာရစ်ဆို အခါ ၃၀ လောက်မှ ဒံပေါက်ကောင်းရပါတယ် ( ကြိုတင်ဝန်ခံထားတာပါး)။ အဝေးရောက်နေတဲ့ညီအကိုမောင်နှမတွေ ကိုယ့်ဖာသာကိုယ် အိမ်မှာ ကြိုးစားချက်ကြည့်ကြရင်း အရသာရှိတဲ့ ဒံပေါက်လေးကို မိသားစု အတူတကွ သုံးဆောင်ကြရအောင်နော် ။


လိုအပ်သောပစ္စည်းများ

၁) ကြက်တစ်ကောင် သို့ ကိုယ်ချက်ချင်သလောက် အသားအရိုး

၂) Natural Yogurt နည်းနည်း

၃)ဒံပေါက်မဆလာ ( မြန်မာပြည်မှာနေသူတွေက ၂၆ လမ်းဈေးမှာ အချိန်နဲ့မေးဝယ်လို့ရပါတယ် .တဆယ်သားကို၃၀၀ လောက်ပဲရှိပါတယ်)

၎)ကြက်သွန်နီ အစိမ်း( အနှစ်လုပ်ရန် )

၅) ကြက်သွန်နီကြော် ( ဖြူးရန် ) နနွင်းနှင့်မကြော်ရပါ

၆ )ကရဝေးရွက် ခြောက်များများ

ရ)သစ်ဂျပိုးခေါက် သုံးလေးချောင်း

၈)နံနံပွင့် ဖာလာ လေးညှင်း ( ဆယ်ပွင့်ဆီလောက်ဆိုရပါတယ် )

၉ )ထောပတ် နည်းနည်း ( ဆီသတ်ရန် )

၁၀ ) သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်းသီး အနည်းငယ်စီ ( ခန့်မှန်းနဲ့ထည့်လို့ရပါတယ် များများကြိုက်ရင်များများထည့်ပါ။း))

၁၁) ဆန်နို့ဆီဗူးလေးဗူး ( လူအရေအတွက်နှင့် လိုတိုးပိုလျော့လုပ်ချက်ပါလေ )

၁၂) ဒံပေါက်အရောင် ( နိုင်ငံခြားနေသူများက Egg Yellow color ကိုသုံးပါ ) မြန်မာပြည်မှာရှိသူတွေက ၂၆ လမ်းဈေးမှာ Food color လို့ ပြောဝယ်ပါ။ ချည်ဆိုးဆေးများက ဈေးသက်သာပါသည်။ ချည်ဆေးများနှင့်မှားတတ်ပါသည်။ အထုပ်သေးလေးတစ်ထုပ်ကို သို့ မဟုတ် ပုလင်းတပုလင်းကို ရာဂဏန်း သို့တစ်ထောင်ဝန်းကျင်လောက်ပေးရပါသည်. )



လုပ်နည်းအဆင့်ဆင့် 


၁) ဆန်ကိုရေစင်အောင်ဆေးပြီး ရေစိမ်ထားပါ 


၂) ချက်မည့်ကြက်သား ကိုလိုသလိုတုံးပြီး သို့ မဟုတ် ကြက်အသည်းအမြစ်ကို ဒိန်ချဉ် ဆား အချိုမှုန့် သကြားနည်းနည်း ဒံပေါက်မ ဆလာ နှင့် သေချာစွာနယ်ပါ။အရသာအပေါ့အငံကို အသာလေးတို့ပြီးမြည်းကြည့်ပါ။ ပြီးလျှင် အဖုံးသေချာစွာအုပ်ပြီး ရေခဲသေတ္တာထဲတွင် ငါးနာရီနီးပါး ခန့် ထည့်ထားလိုက်ပါ ။ မှတ်ချက် ။ခဲသည့်အထပ်မဟုတ်ပါ။( နေ့လည်ချက်မည်ဆိုလျှင် မနက်ကတည်းက ကြက်သားနှပ် ထားလျှင်ရပါပြီ )


၃) အနှစ်များများလိုချင်လျှင် ကြက်သွန်နီကိုများများပါးပါးလှီးထားပါ။ ဖြူးရန်အတွက်လဲ ကြက်သွန်နီတချို့ကိုကြော်ပြီးအအေးခံထားပါ။ ( ကြော်ပြီးသားအထုပ်လေးများလဲ သုံးလို့ရပါတယ် ) 


၎)ကရဝေးရွက် ဖာလာလေးညှင်း သစ်ဂျပိုးခေါက် နာနတ်ပွင့်များကိုရေစင်အောင်ဆေးထားပါ။


၅) ထည့်ရန်အဆာပလာများဖြစ်သော သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်းသီးအနည်းငယ်တို့ကိုပြင်ထားပါ။ ပဲစိမ်းသီးက မာတတ်သည့်အတွက် ရေနွေးကြိုဖျောထားရန်လိုပါသည်။ ) 


စချက်ပါမည်


၁ ) ဆီများများဖြင့် ကြက်သွန်နီများကိုကြော်ပါ . ( ဆနွင်းလုံးဝမထည့်ပါနှင့် ) ကြက်သွန်များရွှေညိုရောင်တော်တော်သန်းလာလျှင် နယ်ထား သည့် ကြက်သားများကို ထည့်ပါ။ ရေလုံးဝမထည့်ရပါ။ မီးလျော့ပစ်လိုက်ပါ။ မီးအေးေးအးနှင့် ကြက်သားကိုအဖုံးအုပ်ပြီး ဟိုဘက်သည်ဘက်လှန်ပေးလိုက် အဖုံးပြန်အုပ်လိုက်နှင့် ချက်ပါ။ ရေမထည့်ပါနှင့်ဦး။ ကြက်သားများအညိုရောင်သန်းလာပြီဆိုမှ ဒိန်ချဉ်များပေနေသော ပန်ကန်အားရေကျင်းပြီး အနည်းငယ်သာထည့်ပေးပါ။ ( သတိ။ ရေအများကြီးမထည့်မိပါစေနှင့် )

ကြက်သားများအိလာပြီးညိုလာသည်အထိ ချက်ပေးပါ။ အဖုံးအုပ်ထားသည့်အတွက် ချွေးနှင့်ပြန်ပြီး ကြက်သားမှာနူးသွားပါသည်။ ကြက်သားများ ညိုလာပြီးကြက်သွန်နီများအနှစ်ရလာလျှင် ခနဖယ်ထားပါ။


၂) ရေနွေးအိုးကိုပွက်ပွက်ဆူအောင်တည်ပြီး ရေစိမ်ထားသောဆန်များကိုထည့်ပါ။ မကြာခနမွှေပေးပြီး ဆန်စိမပျောက်ခင် နည်းနည်းမာမာလေး အနေအထားတွင် ( အမာမစားနိုင်ပါက လိုသလိုအနေအထားတွင်ချနိုင်ပါသည်) စကာတစ်ခုထဲသို့ ဆန်များကိုလောင်း ချလိုက်ပါ ။ ထမင်းရည်များစစ်သွားပါစေ။


) ချက်မည့်အိုးကို ပုအောင်လုပ်ပြီး ထောပတ်ထည့်ပါ ။ထောပတ်ခဲပျော်လာပြီးမွှေးလာလျှင် အမွှေးအကြိုင်များဖြစ်သော သစ်ဂျပိုးဖာလာလေးညှင်း ကရဝေးရွက်များများ ကို ထောပတ်ဆီနှင့်ဆီသတ်ပါ။ အနံမွှေးလာလျှင် မီးဖိုပေါ်မှချပါ။ 


၎) ဆီသတ်ထားသော ကရဝေးရွက်များကို အိုးဖင်နှင့်အပြည့် စီလိုက်ပါ ။ ( ထမင်းဂျိုးမတူးစေ၇န်ဖြစ်သည်


၅)ရေစစ်ထားသောထမင်းကို ဇွန်းနှင့်ခပ်ပြီး မထူမပါးတစ်ထပ် ကရဝေးရွက်များပေါ်တွင် ခင်းလိုက်ပါ။ ပြိးလျှင် ဆီသတ်ထားသော ကြက်သားများကိုအစီအရီ ခင်းပါ.ပြီးလျှင် ထမင်းတစ်ထပ်ထပ်ဖုံးပါ။ ထိုအပေါ်သို့ သီဟိုစေ့စပျစ်ခြောက် ပဲစိမ်းသီးများ ဖြူးပါ။ ကြက်သွန်နီကြော်များဖြူးပါ။ ဒံပေါက်အရောင်ကို ခွက်တစ်လုံးထဲမှာရေ နည်းနည်းနှင့်ရောထားပြီး ဇွန်းနှင့်ဆမ်းပေးပါ။ ပြီးလျှင်ထမင်းတစ်ထပ် ထပ်ခင်းပါ။ ထိုနည်းတူ စပျစ်ခြောက်များဖြူးရင်း အရောင်များကြက်သွန်နီကြော်များဖြူးပါ။ ထမင်းနည်းလျှင် နှစ်ဆင့်လောက်ဘဲ လုပ်ပါ များလျှင် သုံးဆင့်လုပ်ပြီးအပေါ်ဆုံးမှာအကုန်ဖြူြးုပီး အဖုံးကိုသေချာအုပ်ပြီးမီးအေးအေးနှင့်နှပ်ပါ. 


မှတ်ချက် ။ ။ ဒန်အိုးနှင့်ချက်သူများ ဂျုံမှုန့်ကိုရေနှင့်နှဲပြီး အိုးနှတ်ခမ်းတွင်ခွေကာ ဒန်အိုးအဖုံးကို ပြောင်းပြန်ပြန်ဖုံးပါ။ ထမင်းပေါင်းအိုးနှင့်နှပ်လျှင်မလိုပါ။ 


တစ်နာရီနီးပါးမီးအေးအေးနှင့်နှပ်ပြီးလျှင် မီးဖိုပေါ်မှချထားပြီး အအေးခံပါ။ အိုးခပ်နွေးနွေးအနေအ ထားရောက်မှ အဖုံးဖွင့်ပြီး ကြက်သားများကိုရှာပြီးဖယ်ထုတ်ပါ ။ ပြီးမှ ထမင်းများကို ယောင်းမနှင့် အသာအယာထိန်းပြီး စပျစ်ခြောက်သီဟိုစေ့များ နှင့်နှံ့အောင်မွှေပေး ပါ။ ပြီးလျှင်ပြင်ဆင်ပြီးသုံးဆောင်နိုင်ပါပြီ။ 


ဒံပေါက်အချဉ်အတွက်ကတော့ သရက်သီးကုလားတည် ။ဘာလချောင်ကြော် ။ချဉ်ပေါင်ဟင်းချို .နှင့် သခွားသီးကိုငရုတ်သီးစိမ်း ပူစီနံ ဒိန်ချဉ်နှင့်သုပ်ပြီး တွဲဖက်စားသုံးနိုင်ပါသည်။ 


အထူးမှတ်ချက် ။ ၊ ထောပတ်ထမင်းချက်လိုလျှင် အထက်ပါနည်းအတိုင်းချက်နိုင်ပြီး အရောင်မထည့်ရပါ။ ကြက်သွန်နီလဲဖြူးရန်မလိုပါ။ ကျန်တာအကုန်တူတူပင်ဖြစ်ပါသည်။ 


အားလုံးပျော်ရွှင်စွာဖြင့် ဒံပေါက်ကောင်းကောင်းချက်စားနိုင်ကြပါစေ.မိမိတို့အိမ်တွင်အလှုအတန်းများ. မိသားစုပျော်ပွဲစားများ . မိတ်ဆုံစားပွဲများတွင် အရသာရှိလှစွာသော ဒံပေါက်ကိုလက်စွမ်းပြနိုင်ကြပါစေ။ အဝေးရောက်နေသူများလည်း မြန်မာပြည်ကိုအလွမ်းဖြေနိုင် ကြပါစေ။



ချစ်ခြင်းအားဖြင့်

မဒမ်ကိုး

၁၆ အေပရယ် ၂၀၁၃

သင်္ကြန်အတက်နေ့ 
၅း၃၀ မိနစ်

9 comments:

မီးမီးငယ် said...

ကိုင်း..
ကိုယ်တို့ တော့စောစောစီးစီး၊
အိပ်ယာကနီုးတာနဲ့ လာစားသွားပြီ။
တော်လိုက်တာ၊ချက်တာသပ်ရပ်နေတာဘဲ။...။..
နောက်တခါချက်ရင် ငါးနဲ့ စမ်းချက်အုံးမှ..။
ဂျာရစ်လေးမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကွယ်။

Iora said...

ဒမ်လေးချက်တဲ့
ဒန်ပေါက်အားပေးသွားပြီနော်။
နောက်ချက်ရင်လည်းတင်ပါအုန်း။
အိုင်အိုရာ

Cameron said...

ချက်နည်းလေးကလွယ်သားပဲ ချက်စားကြည့်ဦးမယ် ကျေးကျေး သာမီးလေး

blackroze said...

ချက်တာနဲနဲ ခက်သလိုဘဲနော် မားမား

မိုးညချမ်း said...

ညလေး မမက ဒါလည်း ဖြစ်တာပဲ ... ဖတ်ရင်း သွားရေကျသွားတယ် ... နောက်တစ်ခါ ပြန်လာရင် လုပ်ကျွေးပါနော် ... :)

အမ်တီအန် said...

ဒန်ပေါက်လုပ်နည်း ကူးသွားပြီ ဂျာရစ်ရေ..
ကိုယ့်ကိုယ်တော့ ယုံကြည်မှု သိပ်မရှိလှဘူး..
ဘာပဲဖြစ်ဖြစ် စမ်းကြည့်မယ်..
အကြိမ်၃၀မှ အောင်မြင်တယ်ဆိုတော့ အားရှိသွားပြီ :)

kokoseinygn said...

ဒန်ပေါက်ကြိုက်ပါတယ်
မစားဖြစ်တာတော့ကြာပါပြီ

စန္ဒကူး said...

ရေးထားတာတိကျပြတ်သားလို့..ဒီတစ်ခါတော့ ကူးကူး တစ်ကယ်ဒမ်ပေါက်ချက်တော့မယ်...
ကျေးဇူး မဒမ်ကိုး...း))

Thamee Su said...

ဒန်ပေါက်ချက်နည်း သေချာမှတ်သွားပါတယ် အမ မဒမ်ကိုးရေ ကျေးဇူးတင်ပါတယ်း)

Related Posts Plugin for WordPress, Blogger...