Showing posts with label ဧရာဝတီ. Show all posts
Showing posts with label ဧရာဝတီ. Show all posts

Friday, May 18, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၅) နှင့် သတို့သမီးကို ကွက်ရွှေ့ မှားတဲ့အခါ

ကျွန်တော် သတို့သမီးရဲ့ဒိုင်ယာရီဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီမြစ်ရဲ့ သိသင့်တယ်ထင်တဲ့ သိပြီးသားအကြောင်းတွေ မသိရသေးတဲ့အကြောင်းတွေကို အပိုင်းတွေ ခွဲပြီးရေးခဲ့ပါတယ်။ပထမဆုံးအပိုင်းမှာတော့ ဧရာဝတီမြစ်ဖြစ်ပေါ်လာပုံနဲ့ သူမ၏အဓိပ္ပါယ်၊မြစ်ကျဉ်းတွေနဲ့ မြစ်နှင့် ချောင်းလက်တက်များ အကြောင်းကိုပြုစုခဲ့ပြီး ဒုတိယအပိုင်းမှာတော့ ဧရာဝတီရဲ့ သမိုင်းပုံပြင်တွေကို ပြောပြခဲ့ပါတယ်။တတိယအပိုင်းမှာတော့ ဧရာဝတီရဲ့ ယဉ်ကျေးမှုနဲ့ စာပေဂီတအကြောင်းကို ဖော်ပြခဲ့ပြီး အပိုင်းလေးမှာတော့ ဧရာဝတီကိုမှီခိုနေတဲ့ စားဝတ်နေရေးအကြောင်းတွေကို တင်ဆက်ပေးခဲ့ပါတယ်။ “ဘာ့ကြောင့် ကျွန်တော် ဧရာဝတီရဲ့မြစ်ရဲ့အကြောင်းကို ပြုစုခဲ့သလဲ”ဆိုရင် ကျွန်တော့်အတွက် အရှင်းဆုံးအဖြေက “သိစေချင်လို့ ပြုစုရေးသား ပါတယ်”လို့ပဲ ဖြေပါရစေ...။ “ဘာ့ကြောင့် သိစေချင်ရတာလဲ”ဆိုရင်တော့ “ကျွန်တော်တို့တွေ ဧရာဝတီမြစ်ကြီးရဲ့အကြောင်းကို သိထားတာထက် ပိုပြီးသိနေသင့်တဲ့ အချိန်ကို ရောက်နေပြီ ဖြစ်တဲ့အတွက်ကြောင့်ပါ” လို့ ထပ်မံဖြေပါရစေ...။

Saturday, May 12, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၄ )

သူမဟာ မြန်မာနိုင်ငံအတွက် သဘာဝတရားကြီးက ပေါက်ဖွားပေးလိုက်တဲ့ ထာဝရလက်ဆောင်ပါ။ မြန်မာနိုင်ငံထဲမှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံထဲမှာပဲ အဆုံးသတ်တဲ့  မြန်မာ့ထုတ်ကုန်စစ်စစ်ဟာ ဧရာဝတီပါ။ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် ကျရာဇာတ်ရုပ်ကို မညီးမငြူပါဝင်သရုပ်ဆောင် ရင်း တိတ်ဆိတ်စွာ ပေးဆပ်နေခဲ့သူပါ။မြန်မာ့သမိုင်းပုံပြင်တိုင်းဟာ ဧရာဝတီနဲ့မကင်းနိုင်ခဲ့သလို ဂီတ၊ စာပေပညာလောကမှာလည်း ဧရာဝတီဟာ ထိပ်တန်းက ပါဝင်ခဲ့တဲ့သူပါ။ကျွန်တော်တို့တွေ ကြိုးစားရုန်းကန်နေတဲ့အချိန်တိုင်း ဧရာဝတီဟာ ကျွန်တော်တို့သွေးတွေနဲ့အတူ တက်ကြွစွာ လိုက်ပါ စီးဆင်းနေပြီး ကျွန်တော်တို့တွေ အိပ်မောကျနေတဲ့အချိန်တွေမှာလည်း သူ့ရေစီးသံတွေကို သူကိုယ်တိုင်ပြန်နားဆင်ရင်း ဆက်လက်လှုပ်ရှားနေခဲ့ တာပါ။မြန်မာပြည်အကြောင်းပြန်ပြောကြတိုင်း လုံးဝချန်လှပ်ထားခဲ့လို့မရတဲ့ အရာတွေထဲမှာ သူမက ထိပ်ဆုံးမှာ ရှိနေတာပါ။

သူမရဲ့ဝမ်းကိုဖောက်ပြီး  မြန်မာတစ်နိုင်ငံလုံးကို ထောက်ပံ့ထားတဲ့ သူမရဲ့ စားဝတ်နေရေးကိစ္စတွေကို ကျွန်တော်တို့တွေ ဆက်ပြီးတော့ ရှာဖွေကြည့် ရအောင်... 

Tuesday, May 8, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၃)

ဧရာဝတီမြစ်ကြီးနှင့် ပါတ်သတ်၍ စာရေးဆရာဇေယျက အောက်ပါအတိုင်း ရေးခဲ့ဘူးပါသည်။
“ဧရာဝတီမြစ်ကြီးမူကား၊ မြောက်မှတောင်ဘက်တည့်တည့်၊ မြန်မာနိုင်ငံဗဟိုကျောမ ညီညွတ်သောမြေမြင်ကိုဖြတ်၍ စီးဆင်းပြီး လှေ၊ သဘောင်္များ အစမှအဆုံး သွားလာနိုင်သဖြင့် လူတို့အတွက် အကျိုးကျေးဇူးများစွာ ပြုပေသည်။ထိုမြစ်ကြီးတစ်လျှောက်၌ တစ်ကောင်းသရေတ္တေရာ၊ ပုဂံမြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စသော မြန်မာ့သမိုင်းကြီးများထွန်းကားလျက် မြန်မာ့ယဉ်ကျေးမှုကြီး ထွန်းကားခဲ့သည်။အကယ်၍ ဧရာဝတီမြစ်ကြီးသာ မရှိပါမူကား၊ မြန်မာလူမျိုး၊ မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု ဖြစ်ပေါ်ပြန့်ကားနိုင်မည် မဟုတ်ချေ။စင်စစ်ဆိုသော် မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှုဆိုသည်မှာ ဧရာဝတီသမိုင်း ဧရာဝတီယဉ်ကျေးမှုပင် ဖြစ်ပေတော့သည်..” ဆိုပြီး ဧရာဝတီရဲ့တန်ဖိုးကို ထောက်ပြ ဖော်ကျူးခဲ့ပါတယ်။သူမဟာ မြန်မာနိုင်ငံရဲ့ အမှတ်အသားတစ်ခုပါ။ရာဇ၀င်ထဲကလူတွေ ဘယ်လိုပဲရှိနေနေ ၊ ရာဇ၀င်ထဲက ခေတ်စနစ်တွေ ဘယ်လိုပဲပြောင်းလဲလဲ သူမကတော့ အပြုံးမပျက် အသုံးတော်ခံနေဆဲ၊ ကျွန်တော်တို့ ကြိုးစားရုန်းကန်နေတဲ့အချိန်တိုင်းမှာ ကျွန်တော်တို့သွေးတွေနဲ့အတူ စီးဆင်းနေတာ ဧရာဝတီပါ။ ဘယ်လိုမရိုးနိုင်တဲ့ သူမရဲ့ ဂီတဥယျာဉ်ကြီးထဲက ဂီတသံစဉ်တွေနဲ့ ပညာရှင်တွေအကြောင်းကို ကျွန်တော်တို့ ဆက်လက်ခံစားကြည့်ရအောင်..

Friday, May 4, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၂ )

ပထမအပိုင်းထဲက အကြောင်းအရာတစ်ချို့ ကို ပြန်ကောက်က်ရရင် ဧရာဝတီရဲ့ ပြီးပြည့်စုံတဲ့ အမည်နာမက ဂုဏ်ယူစရာပါ။တာပိန်မြစ်၊ မြစ်ငယ်မြစ် ၊ -ရွှေလီမြစ်၊ မူးမြစ်၊ ချင်တွင်းမြစ်တို့ဟာ ဧရာဝတီရဲ့ အကောင်းဆုံးထောက်တိုင် မြစ်ကြီးများအဖြစ်နဲ့ ဧရာဝတီ ရှေ့ ဆက်နိုင်ဖို့ ပါဝင်စီးမျောကြတယ်။ အဲ့လိုပါပဲ ချောင်းမကြီးချောင်း၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း၊ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းသေချောင်းနဲ့ ဗွက်ကြီးချောင်းတို့ဟာ ဧရာဝတီရဲ့ ဂုဏ်ယူစရာမိသားစုဝင်တွေပါ။ဆင်ဘိုရွာကစခဲ့တဲ့ (၃၆)မိုင်ရှည်လျားတဲ့ ပထမမြစ်ကျဉ်း၊ စင်းကန်းရွာမှ သဘောင်္ဝင်းရွာအနီးထိ ခက်ခဲတဲ့မြစ်ကျောင်းကိုရှာဖွေရင်း (၁၈)မိုင်ရှည်လျားတဲ့ ဒုတိယမြစ်ကျဉ်း၊ မလည်ရွာကနေ ရွှေဘိုမြို့အရှေ့ ဘက်မှာရှိတဲ့ -ကျောက်မြောင်း မြို့အထိ (၃၈)မိုင်အလျားနဲ့ ပင်ပန်းတဲ့ခရီးကြမ်းနဲ့ တတိယမြစ်ကျဉ်းတို့ကို ဖြတ်ကျော်တဲ့အချိန်တွေဟာ ဧရာဝတီရဲ့ ပင်ပန်း ဆင်းရဲတဲ့ကာလတွေပါ။ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အ၀န်းရဲ့ (၆၁)ရာခိုင်နှုန်းကျော်ကိုလည်း ဧရာဝတီရဲ့အရိပ်တွေနဲ့ ဖုံးလွှမ်းထားပါတယ်..။ဒါပေမဲ့ အဲ့ဒီလောက်အကြောင်းအရာတစ်ချို့ နဲ့ ဧရာဝတီကို အမွှန်းတင်နေတာလားဆိုပြီး အမေးရှိလာရင်တော့ မြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက် အသုံးတော် ခံခဲ့တဲ့ သူမအကြောင်းကို ဆက်ပြောပါရစေအုံး...

Monday, April 30, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၁)

လန်ဒန်မြို့သူ၊ မြိ့သားတွေဟာ မြို့ကိုဖြတ်စီးနေတဲ့ သိမ်းမြစ်ကြီးအကြောင်းကို ၀င့်ကြွားစွာပြောရင်း ဂုဏ်ယူတတ်ကြတယ်။အမေရိကန်နိုင်ငံသားတွေ ကတော့ သူတို့ရဲ့ မစ္စစပီမြစ်ကြီးအကြောင်းကိုတခမ်းတနားဖော်ထုတ်ကြတယ်။ကိုးရီးယားနိုင်ငံသားတွေကျပြန်တော့လည်း ဟန်မြစ်ကြီးအကြောင်း ကို တဖွဲ့တနွဲ့နဲ့ဂုဏ်ယူကြပြန်တယ်။ အီဂျစ်နိုင်ငံသားတွေကိုလည်း ကြည့်ပါအုံး..သူတို့ရဲ့ နိုင်းမြစ်ကြီး ခမ်းနားကြီးကျယ်ပုံကို လက်မတစ်ထောင်ထောင် နဲ့ ဟစ်ကြွေးကြပြန်တယ်။ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတရုတ်နိုင်ငံဆို သူတို့ရဲ့ ယန်စီမြစ်ကြီးကို ရွှေမြစ်ကြီးလို့တောင် အမွှန်းတင်ကြတယ်။အဲ့လိုပဲ ကမ္ဘာံနိုင်ငံအသီးသီးဟာ သူတို့ရဲ့ခမ်းနားကြီးကျယ်တဲ့မြစ်ကြီးတွေကို သိပ်တန်ဖိုးထားကြတယ်။မြစ်ကြီးတွေနဲ့ပါတ်သတ်ပြီး ခမ်းနားတဲ့ရာဇ၀င် -တွေ ပေါက်ဖွားခဲ့တယ်။ဘယ်တော့မှမရိုးနိုင်တဲ့ အိပ်ယာဝင်ပုံပြင်တွေ ရှိခဲ့တယ်။ ခေတ်အဆက်ဆက် ပျောက်ကွယ်မသွားနိုင်တဲ့ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တယ်။ သူတို့တွေအားလုံး အဲ့ဒီမြစ်ကြီးတွေကို ဦးခေါင်းတစ်လုံး အသက်တစ်ခုလို မြတ်နိုးကြတယ်။ တန်ဖိုးထားကြတယ်။

Related Posts Plugin for WordPress, Blogger...