Monday, September 26, 2011

ဧရာဝတီရယ်...အမေရယ်..ဒိုးကန်ရယ်


ဒီရက်တွေ မိုးတွေကလည်း အေးလိုက်တာလွန်ရော။အလုပ်ထဲရောက်တော့လည်း လူက ပါးကျဲကျဲ..တစ်ခါ တစ်ခါ မရှိသလောက်ဖြစ်နေတော့ အချိန်တွေက ပိုနေသလိုလို။အဲတော့ အလုပ်ထဲရောက်ရင် စက်လေး ဖွင့်ပြီး မဒမ့်ဆီကို စာပို့ပြီးတာနဲ့ ခုတစ်လော ဖတ်ဖြစ်၊ရှာဖြစ်နေတာက ဧရာဝတီအတွက် ကန့်ကွက်တဲ့ အသံတွေ၊ဧရာဝတီ အကြောင်းတွေပါပဲ။ဘလော့ဂါတွေရဲ့ ကန့်ကွက်သံကတော့ စကြာဝဠာအပြင်က ကြား နိုင်တဲ့အထိ ကျယ်လွန်း တယ်။လေးစားမိသလို ဂုဏ်လည်းယူမိတယ်။ဘာရယ် မဟုတ်ဘူး..ဒါက နိဒါန်း ပျိုးနေတာ..။ပြောချင်တာ ဒါမဟုတ်ဘူး...

ဘလော့တိုင်းမှာ ဧရာဝတီစီမံကိန်းကိစ္စကို ကန့်ကွက်ကြတယ်။ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ တစ်မျိုးပဲခံစား ရတယ်။ကန့်ကွက်သံတွေ ဒီလောက် ဆူညံပွက်လောရိုက်နေကြပေမဲ့ “ငါတို့ ဘာ့ကြောင့် ကန့်ကွက်တယ်” ဆိုတဲ့ ခိုင်လုံတဲ့အကြောင်းပြချက် နည်းနေသလိုခံစားရတယ်။“ကိုရင်..မင်းကရော ဘာကြောင့် ကန့်ကွက်ကြ တာလဲ”ကိုယ့်ကိုယ်ကိုယ် ပြန်မေးတော့ “အဲဒါက..ဟိုလေ..ရာဇ၀င်များရဲ့သတို့သမီ..အဲ......” ကျွန်တော် ကိုယ်တိုင်တောင် ကန့်ကွက်ပြီး ကိုယ့်မေးခွန်းကို ကောင်းကောင်းမဖြေတတ်ခဲ့ဘူး။ဒါဆိုရင်...

၁။ကလေးလိုပဲ လက်ကိုပါးစပ်ထဲထည့်ပေးပြီး “ကိုက်.ကိုက်”လို့ ဘေးက၀ိုင်းအော်လို့ ကိုက်လိုက်သလိုလား.?
၂။လက်ရှိအစိုးရကို မကျေနပ်ချက်လေးတွေရှိလို့ သူတို့ဘာလုပ်လုပ် ကန့်ကွက်မယ်ဆိုတဲ့ စိတ်နဲ့လား...?
၃။တရုတ်တွေ ကြီးစိုးလာလို့ တရုတ်ဖြစ်နေလို့ ဒီစီမံကိန်းကို ကန့်ကွက်တာလား...?
၎။အဲဒါမှ မဟုတ်ရင် သူများကန့်ကွက်တယ်ဆိုလို့ ငါလည်းကန့်ကွက်တယ်လို့ ငါအော်ခဲ့မိတာလား...?

ဘလော့ဂါတွေဆိုတာ ခလေးတွေမဟုတ်လို့ ပါးစပ်ထဲ လက်ထည့်ပေးတိုင်း ကိုက်မဲ့သူတွေမဟုတ်ဘူး။ပြီးရင် ဘလော့ဂါတွေဆိုတာ တိုက်ခိုက်ရေးသမားတွေ မဟုတ်ဘူး။အဲဒါကြောင့် (၂)လည်းပဲ မဖြစ်နိုင်ဘူး။တရုတ် တွေကြီးစိုးလာတိုင်း လျှောက်အော်ရင်လည်း တရုတ်မရှိတဲ့နေရာဟာ ခပ်ရှားရှားဖြစ်နေလို့ အဲဒီ(၃)အချက် ဟာလည်း မဖြစ်နိုင်ပါဘူး။ဒါဆိုနံပါတ်(၄)ကြောင့်လား ဆိုတော့လည်း ကိုယ့်ခံယူချက်နဲ့ ကိုယ်လုပ်ကြတာ ဖြစ်လို့ အဲဒါလည်း မဟုတ်ဘူး။

အဲဒီဟာတွေထဲက တစ်ခုမှမဟုတ်ခဲ့ရင် “မင်း...ဘာအတွက် ကန့်ကွက်တာလဲ..”။အဲဒီအဖြေကို ကိုရင့်ကို ကိုရင်ကမေးတာ..ကိုရင်က ကိုရင့်ကို ပြန်မဖြေနိုင်ဘူး။အဲဒီတော့ “ငါတို့ ကန့်ကွက်ကြမယ်” ဆိုပြီး စည်းရုံး ဖို့ထက် “ငါတို့ ဘာ့ကြောင့် ကန့်ကွက်သင့်တယ်”ဆိုတဲ့ smsကို ကျွန်တော်တို့ ချပြနိုင်မယ်ဆိုရင် စည်းရုံးစရာ မလိုပဲ အားလုံးဟာ အလိုလိုပါဝင်လာကြမယ်ထင်ပါတယ်။ပြီးတော့ အခုထက်ပိုပြီး ထိရောက်မယ်လို့လည်း တွေးမိတယ်။ဘလော့ဂါတွေထဲမှာ ဗဟုသုတကြွယ်ဝတဲ့သူတွေ ပိုပြီးပေးဆပ်နိုင်တဲ့သူတွေ ရှိနေတာကြောင့် “ငါတို့ ဘာ့ကြောင့် ကန့်ကွက်သင့်တယ်”ဆိုတဲ့ smsကို မပြတ်တမ်း ချပေးစေချင်တယ်။ချပေးဖို့လည်း လိုပါ တယ်။ရာသီစာ ရေးစရာတစ်ခုအဖြစ် သတ်မှတ်ပြီး ရေးကြတာမျိုးကရှောင်လွှဲပြီး “ကန့်ကွက်ပါတယ်“ ဆိုတာထက်ပိုပြီး ကျွန်တော်တို့လုပ်နိုင်ဖို့ လိုပါတယ်။အဲဒါမှ ပိုပြီးထိရောက်မယ်။ဒီအရေးအခင်းက အဖြေရှိ နေပြီးသား ပုစ္ဆာတစ်ပုဒ်၊ကိစ္စတစ်ခုဆိုရင်တောင် ကျွန်တော်တို့ဘက်မှာ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေခဲ့ရင် အနည်းဆုံးတော့ ကြန့်ကြာ နှောင့်နှေးအောင် ပြုလုပ်လို့ ရသေးတယ်မဟုတ်လား။

အစိုးရဘက်က ထုတ်ပြန်တဲ့သတင်းတွေ လိုက်ဖတ်ကြည့်ရင်း လျှပ်စစ်စွမ်းအားဝန်ကြီး ပြောလိုက်တဲ့ စကား တစ်ခွန်းက အရှိုက်ကို တည့်တည့်ထိစေတယ်။

“မြစ်ကြီးကို ဘယ်သူမှမထိန်းသိမ်းခဲ့လို့ မြစ်ကြီးက ပျက်စီးတာ။ရေကစီးချင်တဲ့နေရာ လျှောက်စီးနေတာ။ ဒီမြစ်ကို ထိန်းသိမ်းရေးလုပ်မယ့်လူ ဘယ်သူမှ မရှိခဲ့ ဘူး” တဲ့..။

ဟုတ်တာပေါ့..ကျွန်တော်တို့တွေ ဒီမြစ်ကြီးဟာ ဒီနိုင်ငံအတွက် ဒီလောက်အရေးကြီးမှန်း သိနေရက်နဲ့ ပစ်ထားခဲ့ကြတယ်။အုပ်ချုပ်သူဆိုတာတွေကို ခဏမေ့ထားပြီး နိုင်ငံသားတစ်ယောက်အနေနဲ့ ဧရာဝတီကို ဘာတွေများ ကျွန်တော်တို့တွေ ကာကွယ်မှုလုပ်ပေးခဲ့ကြဘူးလဲ။“ဧရာဝတီရယ်..စီးဆင်းပါ”၊“ရာဇ၀င်များရဲ့ သတို့သမီး ငါတို့မိခင်..ဧရာဝတီ” ဆိုပြီး သီချင်းလေး ညည်းခဲ့ဘူးတာထက်ပိုပြီး ကျွန်တော်တို့ ဘာတွေများ ကာကွယ်မှု လုပ်ပေးခဲ့သလဲ..။သူတာဝန်ကျေသလောက် ကျွန်တော်တို့တွေ ဘာတာဝန်များ သူ့အပေါ်ကျေခဲ့ ဘူးလဲ။ဧရာဝတီက အခုအချိန်မှာ တဖြည်းဖြည်း အားအင်ချိနဲ့ နေပါပြီ။ကျွန်တော်တို့ရဲ့မိခင် ဆိုတာထက် သူဟာ ကျွန်တော်တို့ရဲ့ နှမကလေးနေရာကို ပြန်ရောက်သွားနေတာ ကြာပါပြီ။သူ့ဆီကပဲ အသွေးအသားတွေ ထုတ်စားခဲ့ပြီး သူလိုအပ်နေတဲ့စောင့်ရှောက်မှု ဖေးမမှုကိုတော့ ကျွန်တော်တို့တွေ မသိကျိုးကျွန် ပြုခဲ့ကြ တယ်။

ကျွန်တော်တို့အဖြစ်က ဘာနဲ့တူနေလည်းဆိုတော့ နှမလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး စောင့်ရှောက်ရ ကောင်းမှန်း မသိတဲ့အကို၊အမတွေနဲ့ တော်တော့ကို ဆင်ပါတယ်။သွားချင်ရာ သွားမယ်။လုပ်ချင်တာ လုပ်ပြီး ပြန်လာမယ်။အချိန်တန်ရင် သူချက်ပြုတ်ပေးတာ စားမယ်။ပြီးရင် ပစ်ထားမယ်။သူမဘာတွေ လိုအပ် နေလဲ..သူမ ဘယ်လိုနေမလဲ တစ်ခါမှ မတွေးကြဘူး။အချိန်တန်လို့ အဲဒီနှမကလေးကို အပိုင်သိမ်းမဲ့သူ ပေါ်လာမှ “ဟာ..နင်မရှိရင် ငါတို့ကို ဘယ်သူချက်ပြုတ်ကျွေးမလဲ”ဆိုပြီး ဒေါသပုန်ထ ဓါးထသွေးတဲ့သူက သွေး၊လမ်းမှာ တွေ့လို့ကတော့ အသေပဲဆိုပြီး ကြိမ်းတဲ့သူကကြိမ်းနဲ့ နည်းနည်းတော့ ရယ်စရာကောင်းနေ သလိုလို။တာဝန်ရှိတဲ့သူက မလုပ်ခဲ့သလို တာဝန်သိတဲ့သူလည်း မရှိခဲ့ပါဘူး။အခု ကျွန်တော်တို့တွေရဲ့ အဖြစ်ကို ဧရာဝတီသာ စကားပြောတတ်ရင် သူဘာပြောမလဲ သိပ်ကို သိချင်စမ်းပါဘိ။အခု သူမဟာ အားအင် ချိနဲ့နေယုံပဲ ရှိပါသေးတယ်။ကျွန်တော်တို့ စောင့်ရှောက်မယ်ဆိုရင် အချိန်မှီကောင်း မှီအုံးမှာပါ။

တခြားသူတွေတော့ မသိဘူး..ကျွန်တော်တော့ ဧရာဝတီအကြောင်းတွေ လိုက်ဖတ်ရင်းနဲ့ ကျွန်တော့်မျက်စိ ထဲမှာ စိတ်ထဲမှာ အမေနဲ့ဒိုးကန်လေးကို နေ့တိုင်းမြင်နေမိတယ်။ကျွန်တော်နိုင်ငံခြားရောက်တာ အခုလာမဲ့ ဆယ့်တစ်လပိုင်းဆိုရင် နှစ်လက်ကိုးချောင်းပြည့်ပြီ။ကျွန်တော့အသက်ရဲ့ သုံးပုံတစ်ပုံကို ကလေးဘ၀“ဘာမှ မသိဘူး၊နားမလည်ဘူး” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကုန်စေခဲ့တယ်။နောက်တစ်ပုံကိုတော့ “ကျောင်းသား ဘ၀”ဆိုတဲ့ ခေါင်းစဉ်အောက်က မိဝေးဖဝေး အရပ်မှာ ကုန်စေခဲ့ပြန်တယ်။ကျောင်းပြီးတော့ နောက်တစ်ပုံကို “နိုင်ငံခြားဆိုတဲ့”ဝေါဟာရအောက်မှာ ခိုလှုံစေပြန်တယ်။အဲဒီကြားထဲမှာ ကျွန်တော် သူတို့ လုပ်ပေးကိုင်ပေး ခဲ့တာတွေနဲ့ နေထိုင်တယ်။စားသောက်တယ်။ဒီရောက်တော့ အလုပ်လုပ်တယ်။အချိန်တန်ရင် အိမ်ကို ပိုက်ဆံပို့တယ်။ဖုံးကတော့ တစ်လတစ်ခါမှ ဆက်တယ်။တစ်ခါတစ်လေ နှစ်လတစ်ခါ...

နှစ်သုံးဆယ် ပတ်ဝန်းကျင်မှာ ကျွန်တော် အိမ်မှာရှိနေခဲ့တဲ့ အချိန်က ပထမတစ်ပုံမပြည့်ခဲ့ဘူး။နောက်ပြီး မြန်မာပြည်မှာရှိနေတဲ့ အချိန်တွေအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အိမ်ပြန်ချိန်က နည်းပြန်တယ်။ လေယာဉ် ကြီးစီးမဲ့နေ့က အမေငိုပြီးပြောတာ မှတ်မိသေးတယ်။“ကိုယ့်နိုင်ငံထဲမှာ ဝေးနေပေမဲ့ တွေ့ချင်ရင် လာတွေ့လို့. ရသေးတယ်ခုတော့ အဝေးကြီး ရေမြေခြားပြန်ပြီ”..တဲ့.အဲဒီအဓိပ္ပါယ်ကို အဲဒီအချိန်က ဘာမှန်းမသိဘူး။အခု ကောင်းကောင်းနားလည်အောင် ဧရာဝတီက ကျွန်တော့်ကို လုပ်ပေးလိုက်တယ်။ပိုက်ဆံလေးပို့ယုံ၊ဖုံးလေး ဆက်ယုံနဲ့ လုံလောက်ပြီလား..။အမေဘာလိုအပ်လဲ..ဘယ်လိုနေလဲ မသိခဲ့ဘူး။ငါပစ်ထားခဲ့တာ ကြာပေါ့။ တကယ်လို့ အမေတစ်ခုခုဖြစ်ရင် ငါငိုအုံးမယ်..ထားမသွားပါနဲ့၊အမေ့ကို မလုပ်ကြပါနဲ့ဆိုပြီး ငါအော်အုံးမယ်။
ကျွန်တော့်လို လူတွေရော ဘယ်နှစ်ယောက်ရှိမလဲ..တွေးလိုက်တာ ကြက်သီးတောင် ထမိတယ်။အဲဒီအတွက် ဧရာဝတီကို ကျေးဇူးတင်ရမယ်။

နောက်တစ်ယောက်က ကျွန်တော့်ရဲ့ဇနီး ဒိုးကန်လေးပေါ့။ဒီအိမ်ထောင်သက်အတွင်းမှာ သူ့ကို ကျွန်တော် ဘယ်လောက်ထိ ဂရုစိုက်ခဲ့ဘူးလဲ..။ဘယ်လောက်ထိ ပစ်ထားခဲ့လဲဆိုပြီး ပြန်မေးကြည့်တော့ ဒုတိယ အကြောင်းအရာက နိုင်သွားတယ်။ဒီနှစ်အနည်းငယ်အတွင်းမှာ သေရာပါနိုင်လောက်တဲ့ စိတ်ဒဏ်ရာတွေ၊ အလိုမကျမှုတွေ အော်ငေါက်မှုတွေပဲ သူမကို ပေးနိုင်ခဲ့တယ်။နွေးထွေးတဲ့ စောင့်ရှောက်မှုဆိုတာကတော့ ကွက်ကြားမိုးလိုပဲ ရှိခဲ့ဟန်တူပါတယ့်အဲဒီအချိန်တွေမှာ သူမဘယ်လိုနေမလဲ..သူမ ဘာတွေများဖြစ်နေခဲ့ မလဲ ပြန်တွေးကြည့်တော့ ဧရာဝတီရဲ့ လှောင်ရယ်သံကို ခပ်လှမ်းလှမ်းက ကြားရတယ်။ တော်သေးတာပေါ့ ဧရာဝတီရယ်..ကျွန်တော် အသိနောက်ကျတော့မလို့...ကျွန်တော့်လိုလူ ဘယ်နှစ်ယောက် ရှိနေအုံးမလဲ..။

ကျွန်တော်တို့မှာ အချိန်တွေ ရှိသေးတာပဲ။ခိုင်လုံတဲ့ အကြောင်းပြချက်တွေနဲ့ ဧရာဝတီကို စောင့်ရှောက်ဖို့ အချိန်ရှိသေးတယ်။နွေးထွေးတဲ့ မေတ္တာတရားတွေနဲ့ မိသားစုကို စောင့်ရှောက်ဖို့ အချိန်လုံလောက်သေး တယ်။

ဒီစာကိုဖတ်နေတဲ့ သူတွေတော့ မပြောတတ်ဘူး။ကျွန်တော်ကတော့ သိပ်မကြာခင်အချိန်မှာ အမေနဲ့ဒိုးကန် ကို ပွေ့ဖက်ပြီး ဧရာဝတီမြစ်ကြီးဆီ သွားမလို့ ဆုံးဖြတ်ထားတယ်။

လေးစားစွာဖြင့်
ကိုရင်
23:14(GMT)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်ဒီပိုစ့်ရေးတာဟာ “မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တယ်”ဆိုတဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ တိုက်ခိုက်လိုချင်း ထိပါးလိုခြင်း လုံးဝမရှိပါကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။အားလုံးဟာ ကျွန်တော့်အမြင်သက်သက်သာဖြစ်လို့ ချွတ်ယွင်းတိမ်းစောင်းခဲ့ရင် လေးစားစွာ တောင်းပန်အပ်ပါတယ်။


20 comments:

အလွမ်းမြို့လေး said...

ကိုရင်ရေ...

အရေးအသားတွေက စွပ်စွဲစရာမလိုအောင် လန်ထွက်နေတယ်။ အင်းပေါ့။ လူတစ်ကိုယ် စိတ်တစ်မျိုးလေ။ အလွမ်းမြို့တို့ကတော့ ဒိုးကန်လေး လိုသာအဆူအငေါက်ခံရမယ်ဆို ... နာနာပြန်ခေါက်မှာဘဲ။..ဟိဟိ..ပျော်ရွှင်ပါစေ

ကိုရင် said...

:)

မဒမ်ကိုး said...

အရာအားလုံးအတွက်ကျေးဇူးပါ ကိုရင်ရေ ...း)

လင်းခေတ်ဒီနို said...

အင်း ဒီလို အကြင်နားလေးတွေကြောင့် အမဒိုးကန် ကျနော်တို့ကိုရင်ကို မခွဲနိုင်မခွါရက်ဖြစ်နေတား))) အကိုရေ အင်းလေး စမ လေးရှိရင် မျှပါ အကို့ညီ အခုထိ ဘူမစွံသေးဘူးဗျား)))) ကျိုးမီးငါးးးး)))) အရပ်ကူပါလူဝိုင်းပါ မောင်ဗညားစွံဖို့း))))

Moe Myint Tane said...

ဒါက အပြုသဘောဆောင်တဲ့ပိုစ့်တစ်ပုဒ်ပါ။ ဖတ်လိုက်တာနဲ့သိပါတယ်။ တိုက်ခိုက်ထိပါးလိုလို့ ရေးထားတဲ့ ပိုစ့်မျိုးမဟုတ်ပါဘူး။ ဒါက အမှန်တရားတစ်ခုပဲလေ။ ကန့်ကွက်ကြတယ်။ ဘာကြောင့်ကန့်ကွက်တာလဲ။ ဘယ်လိုအကြောင်းအရာမျိုးတွေကြောင့်ကန့်ကွက်တာလဲ။ ကန့်ကွက်တဲ့ ကိုယ်ကိုယ်တိုင်ကကော ဘာတွေလုပ်ပေးခဲ့သလဲ။ ဒီလိုမေးခွန်းမျိုးတွေ ကိုယ့်ကိုယ်ကိုယ်ပြန်မေးမိတော့။
ဘာကြောင့်ကန့်ကွက်သင့်တယ်ဆိုတဲ့ မက်ဆေ့ခ်ျလေးတွေ ချပြပေးဖို့ အရေးကြီးပါတယ်လေ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

သမီးစံ said...

ကိုရင်ရှင့်..အမေ့ကိုဂရုစိုက်ပါ။
မမဒိုးကန်ကိုလည်းဂရုစိုက်ပါရှင့်။
ရှေ့ဆက်ရမယ့်လူ့ဘ၀ခရီးကို
ပျော်ရွှင်ချမ်းမြေ့စွာဧရာဝတီမြစ်ကြီးနဲ့အတူ
ဆက်လက်ဖြတ်သန်းစီးဆင်းနိုင်ပါစေရှင်
ချစ်ခင်စွာဖြင့်

ကိုရင် said...

ဟုတ်ကဲ့

မအိမ်သူ said...

ကိုရင်ရေ ရေးသင့်တဲ့စာတစ်ပုဒ်ပါပဲ။ သူများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်းမသိတဲ့ အဖြစ်မျိုးထက် ကိုယ်လုပ်တဲ့အလုပ်တစ်ခုကို အကျိုးအကြောင်း ခိုင်လုံစွာနဲ့ ယုံကြည်ချက်တစ်ခုထားပြီး လုပ်နိုင်ကြရင် အကောင်းဆုံးပါ။

jasmine(တောင်ကြီး) said...

ဟုတ်တယ်ကိုရင်ရေ...
သူများရောင်လို့လိုက်ရောင် အမောင်တောင်မြောက်မသိ
ဆိုသလိုလူထဲမှာကိုယ်တောင်ပါနေလားမသိဘူး
ကိုယ့်ကိုကိုယ်လဲပြန်မေးနေရတယ်....
မဒိုးကန်ရေ...ကိုရင်ကစာရေးဆရာ
ရှင်ကထုတ်ဝေသူလုပ်တော့.....
ဒါမှ ကိုယ်လဲ ကဗျာတွေထုတ်ပေးမယ့်သူရှိမှာ...
ခင်တဲ့ jasmine

SHWE ZIN U said...

သွားစရာ ဧရာဝတီ ရှိဖို့ လုပ်ဆောင် နေကြပါတယ်

ချစ်စရာစာလေး အတွက် ကျေးဇူး
ခင်မင်တဲ့
ရွှေစင်ဦး

တောက်ပကြယ်စင် said...

ကိုရင်နဲ့ ဒိုးကန်တို့ရေ ဘယ်လိုပြောရမှာတောင် တိတော့ဝူး ဟီး။ ကိုရင်တို့နဲ့တောင် မြစ်ဧရာဆီ ပျံသန်းချင်သေး။ ခေါ်မှာလား?

ညိမ်းနိုင် said...

ဟုတ်ပါတယ်ကိုရင်....ကျွန်တော်လည်း တွေးမိပါရဲ့...၊ပြီး
ကိုရင်ပြောသလိုပါပဲ ကျွန်တော်တို့ ဧရာဝတီကိုပစ်ထား
မိတာကြာပါပြီ၊ ပြောရရင် တစ်နိုင်ငံလုံးကိုပစ်ထားပြီး ကိုယ့်
ထမင်းလေးတစ်လုပ်နောက်ကိုပဲအပြေးအလွားလိုက်နေမိ
ကြတာပါပဲဗျာ၊ဒီလိုဖြစ်အောင်လည်းလုပ်တဲ့သူတွေက လုပ်
ထားကြတာကိုးဗျ....။ကုန်လုနီးသစ်တောတွေ၊ခန်းလုနီး
မြစ်ချောင်း၊ကန်တွေ၊လုံးပါးပါးနေတဲ့ လူ့စွမ်းအားတွေ၊
ပျောက်ကွယ်လုမတတ် သားရဲကျေးငှက်တွေ၊သဘာဝ
ဝန်းကျင်တွေ......၊ဒါတွေအကြောင်းကို ဘယ်သူမှမသိ၊
စိတ်မဝင်စားနိုင်အောင် လုပ်ထားခံနေရတယ်လေ...။
ထားပါဗျာ.....ဒါတွေ.....ဟူးးးးးးးး
ပို့စ်လေးထဲမှာတော့ အမေကိုချစ်တဲ့ သားရဲ့မေတ္တာ၊
ဒိုးကန်လေးကို ချစ်တဲ့ ကိုရင့်ချစ်ခြင်း၊တိုင်းပြည်ကို
စေတနာထားတဲ့ ပြည်သူတစ်ယောက်ရဲ့ စိတ်ရင်းတွေ
ကို ကြည်ကြည်နူးနူးလေးမြင်ရရဲ့....။ရင်ဘတ်ခြင်း
ထပ်တူကျတယ်ဗျာ....။

မိုးငွေ့...... said...

မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်...။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

မင်းဧရာ said...

ကိုရင်မပြောခင် ကတည်းကရယ်
နောက်ပြီးတော့ မြစ်ဆုံစီမံကိန်း ကိုကန့်ကွက်တယ် ဆိုတဲ့ ပိုစ့် မရေးခင်ကတည်းကရယ် ငါ ဘာကြေင့် ကန့်ကွက်သလဲ လို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။
အခု ကိုရင် ပြောသလိုမျိုးပေါ့ ဒါကြောင့်မို့လည်း အဲဒီ ပိုစ့်ကိုရေးတုန်းက မြင်သလောက်ကလေးတွေကို ထောက်
ပြထားခဲ့ပါတယ် သို့ပေမယ့် ကုံလုံ မှု့တော့ မရှိဘူးပေါ့ အခု ကိုရင် ပြောမှပိုပြီး ပြည့်စုံသွားသလိုပဲဗျာ ကျွန်တော်တို့ က ဧရာဝတီ ကိုအသုံးတာ ချနေကြတာ ဂရုစိုက်ရမှန်းမသိခဲ့ကြပါဘူး သူသာ မရှိတော့ရင် ဆိုတဲ့အတွေးဝင်ကာမှ ငို လို့ ငို ကြွေးလိုကြွေး အမေအို နှမပျို လေးလိုပါပဲ အခုမှ တွေးကြတာလေ ဘာပဲဖြစ်ဖြစ်ပေါ့ ကိုရင်ရာ အခုလို ကိုရင်ပြောလိုက်တော့ ပိုပြီးသတိထားမိ သွားတာပေါ့။

ကိုရင်ရေ......
အဲဒီ ပိုစ့်ကို ဖတ်ပြီး ဒိုးကန် လေးကတော့ ခုန်ပြီးတော့တောင် က နေမလားမသိဘူးနော် သူကိုဂရုစိုက်တော့မယ် ဆိုလို့လေ ဟီဟိးးး)။

ညီရဲသစ် said...

ကိုရင် ချပြတာလေး ကောင်းတယ်ဗျာ။ ဟုတ်တယ် ကိုယ်ဘာကြောင့် ကန့် ကွက်တယ် ဆိုတာလေးကိုတော့ သိသင့်ပါတယ်။ သူများယောင်လို့ ကိုယ်ယောင်လိုက်ရင် စာလာဖတ်သူတွေ တမျိုးမြင်နိုင်တယ်လေ။ ဒီတော့ ကျွန်တော်တို့ တွေ ဂရုစိုက်ရမယ်။ ကျွန်တော်ကတော့ မြစ်ကမ်းပါးဘေးမှာ နေသူတစ်ယောက်အနေနဲ့ ဒီမြစ်ကြီးကို နဂိုအတိုင်း ရှိနေစေချင်တယ်။ အဲဒီလိုပဲ မြစ်ကြီး တစ်ခုလုံးကို ပြည်သူ/ပြည်သား တစ်ယောက် အနေနဲ့ ဘယ်လို ထိန်းသိမ်းမလဲ။ ရေက စီးချင်တဲ့ နေရာစီးတယ် ဆိုတာက ဘာကြောင့်လဲ။ ဆည်တွေ၊ တံတားတွေ ဖောက်လိုက်လို့ ရေစီးကြောင်းတွေ ပြောင်းပြီး စီးချင်ရာ စီးသွားတာပါ။ တံတားတိုင်ကနေ ခွဲထွက်သွားတဲ့ ရေစီးက ကမ်းပါဘက်ကို ဦးတည်ပြီး ကမ်းပါးတွေ ပြိုမယ်။ အဲဒီရှေ့တည့်တည့် ရေစီးပုံမှန် မဟုတ်တဲ့ နေရာတွေမှာ သောင်တွေ ထွန်းမယ်။ ဒီအတိုင်း သဘာဝအတိုင်းဆိုရင် ဒီလောက်ထိ အခြေအနေ မဆိုးပါဘူး။ ပြီးတော့ သောင်ဆိုတာက ထွန်းပြီ ဆိုရင် ပမာဏက နည်းတာ မဟုတ်ဘူး။ ဒီသောင်တွေကို ရွာသူရွာသားတွေက ပေါက်ပြားတစ်ယောက် တစ်လက်နဲ့ ပေါက်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဆည်တွေ၊ တံတားတွေကို သူတို့ က ပြည်သူကို အလကား ပေးသုံးတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီမြစ်ကို သုံးပြီး စီးပွားရှာထားတဲ့ အတွက် ဒီမြစ်ကြောင်းတလျှောက်ကို သူတို့ ထိန်းသိမ်းရမှာပါ...
ပြောရင်း ပြောရင်းနဲ့ များသွားပြီ ကိုရင်ရေ..
ကျွန်တော့် အမြင်လေးကို ပြောကြည့်တာပါ...

ကိုကိုမောင်(ပန်းရနံ့) said...

ကိုရင် ဘယ်တော့ သွားမှာလဲဗျ။ လမ်းကြုံလိုက်ချင်လို့။ ဧရာဝတီကိုလေ။

သူကြီးမင်းက မန်ယူ ရာသက်ပန် ဖန်နော်။ ချက်ကြီးတို့လောက်တော့ ပျင်းတောင် ပျင်းသေးတယ်။း))

အတွေးလေး အရေးလေးတွေ လန်းပါတယ်။ အားလုံး ရင်ခေါင်းထဲက ချစ်တတ်ကြဖို့ပါဘဲ။

ခင်မင်လျှက်

A SHIN THU said...

ဧရာဝတီသာမရှိရင် အရင်ဆုံးငတ်မှာ ရေပဲ။ ဆရာဇော်ဂျီရဲ့
"ဒို့တိုင်းပြည်" ကဗျာလေး သတိတရ ညည်းမိတယ်..။

Han Kyi said...

မှန်သပေါ့ကိုရင်ရယ်...ဒါကြောင့်လဲ ပို့စ်ထဲမှာ မယုတ်မလွန်လောက်ပဲ ရေးရဲတာပေါ့...ဧရာဝတီကို ချစ်တယ်ဆိုတာသေချာပေမယ့် သူ့ကျေးဇူးတွေကို ကိုယ်ကသတိမထားမိဘဲ ဖြစ်နေခဲ့တာကြာပြီကိုး...ရက်နီးနေလို့ ဆည်နဲ့ပတ်သက်တဲ့သတင်းတွေ၊ အချက်အလက်တွေ၊ ဖြစ်တန်စွမ်းတွေကို ကျကျနနမလေ့လာဖြစ်ဘဲ ကောက်ရေးလိုက်ရတာဆိုတော့ အတော်သတိထားပြီး ရေးရတယ်...အခုမှပဲ လိုအပ်တဲ့ အချက်အလက်တွေကို နှစ်ဘက်စလုံးကနေပြီး ပြန်ယူပြီး ပြန်စု၊ ပြန်သုံးသပ်နေဖြစ်တယ်...

ဘာပဲပြောပြော ဧရာဝတီကိုတော့ အားလုံးချစ်ကြပါသဗျား...ခပ်ငယ်ငယ်က ဖတ်ခဲ့ရတဲ့ စာစီစာကုံးထဲက စာသားလိုပေါ့ ကိုရင်ရယ်...”လွတ်လပ်ရေးသည် လေနှင့်တူ၏..တဲ့ ရှူနေရချိန်မှာ လေရဲ့တန်ဖိုးကို သတိမထားမိဘဲ အသက်ရှူကျပ်ပြီး လေရှူခွင့်မရချိန်ရောက်မှဘဲ လေရဲ့တန်ဖိုးကို သတိထားမိသလို...လွတ်လပ်ရေးကိုလည်း ပိုင်ဆိုင်ချိန်က တန်ဖိုးမထားမိဘဲ ဆုံးရှုံးမှဘဲ ၀မ်းနည်းကြ၏“ တဲ့...

အဲဒီလိုပဲပေါ့ကိုရင်ရယ် မေ့မေ့လျော့လျော့ နေတတ်တာ၊ ရနေတာလေးတွေကို တန်ဖိုးထားဖို့ သတိမရတာ လူသားတွေရဲ့ သဘာဝမို့ အားလုံးကို နားလည်ပေးလို့ ရပါတယ်လေ...မဒိုးကန်တောင် ကိုရင့်ကို နားလည်ပေးသေးတာမို့လားး)))

ငါးဆယ်ပေးရင်တော့ တစ်ဝိုင်းလောက် ရီကွက်စ်လုပ်ရမယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

စာထဲမှာ ဧရာဝတီချစ်တဲ့စိတ်..
အမေကိုချစ်တဲ့စိတ်..
ဒိုးကန်ကို ချစ်တဲ့စိတ်တွေ စီးမျှောနေတယ်။
တစ်နေ့နေ့မှာ မျှော်မှန်းထားသလို အမေနဲ့ ဒိုးကန်ကို ပွေ့ဖက်ပြီး ဧရာဝတီဆီအရောက်သွားနိုင်ပါစေ

မြသွေးနီ said...

ဘာကြောင့်ကန့်ကွက်သလဲ ...? မေးခဲ့ရင်
အဖြေရှိပါတယ်..။
မြန်မာပြည်မှာ မွေးတဲ့ ဗမာတစ်ယောက်ဖြစ်နေလို့ပါ။

Related Posts Plugin for WordPress, Blogger...