Monday, April 30, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၁)

လန်ဒန်မြို့သူ၊ မြိ့သားတွေဟာ မြို့ကိုဖြတ်စီးနေတဲ့ သိမ်းမြစ်ကြီးအကြောင်းကို ၀င့်ကြွားစွာပြောရင်း ဂုဏ်ယူတတ်ကြတယ်။အမေရိကန်နိုင်ငံသားတွေ ကတော့ သူတို့ရဲ့ မစ္စစပီမြစ်ကြီးအကြောင်းကိုတခမ်းတနားဖော်ထုတ်ကြတယ်။ကိုးရီးယားနိုင်ငံသားတွေကျပြန်တော့လည်း ဟန်မြစ်ကြီးအကြောင်း ကို တဖွဲ့တနွဲ့နဲ့ဂုဏ်ယူကြပြန်တယ်။ အီဂျစ်နိုင်ငံသားတွေကိုလည်း ကြည့်ပါအုံး..သူတို့ရဲ့ နိုင်းမြစ်ကြီး ခမ်းနားကြီးကျယ်ပုံကို လက်မတစ်ထောင်ထောင် နဲ့ ဟစ်ကြွေးကြပြန်တယ်။ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတရုတ်နိုင်ငံဆို သူတို့ရဲ့ ယန်စီမြစ်ကြီးကို ရွှေမြစ်ကြီးလို့တောင် အမွှန်းတင်ကြတယ်။အဲ့လိုပဲ ကမ္ဘာံနိုင်ငံအသီးသီးဟာ သူတို့ရဲ့ခမ်းနားကြီးကျယ်တဲ့မြစ်ကြီးတွေကို သိပ်တန်ဖိုးထားကြတယ်။မြစ်ကြီးတွေနဲ့ပါတ်သတ်ပြီး ခမ်းနားတဲ့ရာဇ၀င် -တွေ ပေါက်ဖွားခဲ့တယ်။ဘယ်တော့မှမရိုးနိုင်တဲ့ အိပ်ယာဝင်ပုံပြင်တွေ ရှိခဲ့တယ်။ ခေတ်အဆက်ဆက် ပျောက်ကွယ်မသွားနိုင်တဲ့ ယဉ်ကျေးမှုတွေ ထွန်းကားခဲ့တယ်။ သူတို့တွေအားလုံး အဲ့ဒီမြစ်ကြီးတွေကို ဦးခေါင်းတစ်လုံး အသက်တစ်ခုလို မြတ်နိုးကြတယ်။ တန်ဖိုးထားကြတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ဧရာဝတီဆိုတဲ့ ခမ်းနားတဲ့ ယဉ်ကျေးမှုပြတိုက်ကြီးတစ်ခုရှိတယ်။ခမ်းနားတာမှ ရာဇ၀င်နဲ့ချီပြီး ခမ်းနားတာပါ။ဧရာဝတီ ဆိုတာနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အသက်သွေးကြောမြစ်ကြီး၊ မြန်မာနိုင်ငံရဲ့စပါးကျီကြီးတစ်ခုဆိုပြီး ယေဘုယျပြေးမြင်ကြမှာပါ။ဒီလောက်အချက်အလက် -လေးနဲ့တော့ ဧရာဝတီဟာ ကျွန်တော်တို့တွေရဲ့ အသည်းနှလုံးကို ထာဝရမသိမ်းပိုက်ထားနိုင်ပါဘူး။ဘာ့ကြောင့် ရာဇ၀င်နဲ့ချီပြီး ခမ်းနားတယ်လို့ ပြော နိုင်တာလဲ..။ ဘာ့ကြောင့် ဧရာဝတီကို အားလုံးရဲ့မိခင်လို့ ခေါ်ဆိုနိုင်ရတာလဲ..မိခင်ဆိုတဲ့ စကားလုံးကို ဘာ့ကြောင့်သုံးနှုန်းရတာလဲတာလဲ..။ အဲ့တာကြောင့် ဧရာဝတီရဲ့အကြောင်းကို ပြောကြမယ်ဆိုရင်တော့ သူ့သမိုင်းနဲ့ သူ့ရဲ့အဓိပ္ပါယ်ကို ချန်ထားလို့မရပါဘူး..သူ့သမိုင်းအကျဉ်းကို  ကျွန်တော် သိသလောက်ထဲက ပြန်မျှရမယ် ဆိုရင်...

သတို့သမီးရဲ့သမိုင်းအကျဉ်း..
သူမရဲ့သက်တမ်း ရင့်ကျက်ပုံကို အရင်ကြည့်ပါအုံး။ပူတာအိုမြို့မြောက်ဘက် “ထိလာရေခဲတောင်နဲ့လန်ဂွေရေခဲတောင်”တို့မှာ မြစ်ဖျားခံပြီး စီးဆင်း လာတဲ့ “အင်မိုင်ခ(မေခ)” နဲ့ “မလိခ”မြစ်နှစ်သွယ်ဟာ မြစ်ကြီးနားမြို့အထက် (၂၈)မိုင်အကွာမှာ ပေါင်းဆုံပြီး ဧရာဝတီကို မွေးဖွားသန့်စင်ပေး ခဲ့တယ်။မနေ့တစ်နေ့က မဟုတ်ပါဘူး။နှစ်သန်းပေါင်း (၄၀)ကျော်ဆိုတဲ့ပရိစ္ဆေဒက သူရဲ့တည်ငြိမ်မှုကို အထင်းသားတွေ့မြင်နိုင်ပါတယ်။အမည်နာမရဲ့ ပြီးပြည့်စုံတဲ့ အနက်ကိုလည်း ကြည့်လိုက်ပါအုံး..။ဧရာဆိုတဲ့ စကားလုံးကိုရှာဖွေကြည့်မယ်ဆိုရင် ခရစ်နှစ်(၁၄၈၅)ခု အင်းဝရွှေနန်းရှင်လက်ထက်က ရတနာစေတီကျောက်စာမှာ ရေးထိုးခဲ့တယ်လို့ စွယ်စုံကျမ်းထဲမှာ တွေ့ရပါတယ်။ဧရာဝတီရဲ့ အဓိပ္ပါယ်ဟာ ပါဠိဘာသာ “ဧရာဝဏနှင့်ဧရာဝတ”တို့မှ ဆင်းသက်လာဟန်ရှိပြီး “ဧရာဝဏ”ဆိုတာ သိကြားမင်းစီးသော အဖိုးမဖြတ်နိုင်တဲ့ စီးတော်ဆင်ကြီးကို ဆိုလိုခြင်းဖြစ်ပါသည်။“ဧရာဝတ”ဆိုသော စကားလုံးကတော့  အနက်အဓိပ္ပါယ်ထင်ရှားနီးစပ်မှုမရှိပေမယ့် “ဤ( -ီ)” အက္ခရာဖြည့်စွက်လျက် ဧရာ+ဝတီလို့ ခွဲပြီး ဖွင့်ဆိုချက်အရဆိုလျှင် 'ဧရာ'ဟူသောစကားလုံးအတွက် အနက်အဓိပ္ပါယ် သီးသန့်ရှာမရသော်လည်း "ဝတီ" ဆိုသောပုဒ်အတွက် အကျင့်သိက္ခာနှင့်ပြည့်စုံခြင်းလို့ အနက် အဓိပ္ပါယ်ထွက်ပါတယ်။ ထို့ကြောင့် ဧရာဝတီကို  အကျိုးကျေးဇူးတွေနဲ့ ထုံမွှမ်းထားတဲ့ ရတနာမြစ်ကြီးတစ်စင်း”လို့ ဆိုလျင်လည်း ရနိုင်ပါပေတယ်။ ဒါက ဧရာဝတီဆိုတဲ့နာမရဲ့ ရိုးရှင်းတဲ့ ဂုဏ်ယူစရာအနက်ပါ…။

နတ်ဂျော့ခေတ်က(ခရစ်ယာန်မကိုးကွယ်မီ) ကချင်ရိုးရာပုံပြင်ထဲမှာတော့ ဧရာဝတီမြစ်ဖြစ်ပေါ်လာပုံကို အခုလို ဖွင့်ဆိုပါတယ်။“စကြာဝဠာလဟာပြင် ကြီးထဲမှာ အဖိုဓါတ်နဲ့အမဓါတ် ပေါင်းစပ်ပြီး အင်ဂေါင်ဝမဂ်နတ်မင်းကြီးဆိုတာ ဖြစ်လာခဲ့တယ်။အဲဒီနတ်မင်းကြီးဟာ ညာလက်နဲ့ ရွှေခွက်ကိုကိုင် ဘယ်လက်နဲ့ ငွေခွက်ကိုကိုင်ပြီး မဟာအဏ္ဏ၀ါအတွင်းက ရေတစ်ခွက်စီ ခပ်ယူတယ်။ပြီးတော့ အဲဒီရေတွေနဲ့ မြောက်အရပ်မှာရှိတဲ့ တောင်ထိပ်တွေ -ပေါ်ကို လောင်းချလိုက်တဲ့အခါ ညာဘက်မှာ မေခမြစ်၊ဘယ်ဘက်မှာ မလိခမြစ်ဆိုပြီး ပေါ်ပေါက်လာကြတယ်။အဲဒီမြစ်နှစ်သွယ်ဟာ အစဉ်အတိုင်း စီးဆင်းသွားကြပြီး ချင်ခရန်ဂါဒေသအနီးမှာပေါင်းဆုံမိရာမှ ဧရာဝတီမြစ်အဖြစ် ပေါ်ပေါက်လာခဲ့တယ်။ဧရာဝတီမြစ်ဟာ ကမ္ဘာလောကရဲ့ ပထမဆုံးမြစ် ဖြစ်ပြီး အခြားမြစ်များထက် ထူးခြားသော အချင်းအရာများကို ဧရာဝတီမြစ်မှာ တွေ့နိုင်တယ်” ဆိုပြီး ဒဏ္ဍာရီဆန်ဆန် ဖွင့်ဆိုထားပါသေးတယ်။ဒါက သိပ်ကို ဒဏ္ဍာရီဆန်ပြီး ငြင်းမရတဲ့ သူမရဲ့သမိုင်းကြောင်းတစ်ခု…

အင်မိုင်ခ(မေခ)နဲ့ မလိခမြစ်နှစ်သွယ်လုံးဟာ ဟိမ၀န္တာတောင်တန်းရဲ့ အရှေ့ တောင်ပိုင်းမှ မြစ်ဖျားခံလာခြင်း၊ အင်မိုင်ခ(မေခ)ဟာ ပူတာအိုမြို့ -မြောက်ဘက် လင်ဂွေလာရေခဲတောင်ထွဋ်မှ စတင်စီးဆင်းလာခြင်းတို့ကြောင့် ဧရာဝတီမြစ်ရေဟာ မြစ်ကြောင်းတစ်လျှောက် အလွန်အေးမြပါ တယ်။ မြစ်နှစ်ခုပေါင်းဆုံတဲ့နေရာမှာ မြစ်ရေဟာ တိမ်လည်းတိမ်၊ ကြည်လည်းကြည်လင်နေပြီး ရေထဲကိုကြည့်လိုက်ရင် ငါးကြီးငါးငယ်တို့ သွားလာ လှုပ်ရှားနေတာကို အရှင်းသား တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။တာပိန်မြစ်၊ မြစ်ငယ်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်နဲ့ ဧရာဝတီရဲ့နောင်တော် ချင်းတွင်းမြစ် တို့ဟာ ခေတ်အဆက်ဆက် ဧရာဝတီမြစ်ကြီးတည်တံ့ခိုင်မြဲဖို့အတွက် အဓိက ရေဝေမြစ်ကြီးများနေရာက အကောင်းဆုံးထောက်ပံ့ ပေးခဲ့ကြတယ်။ ဒီနေရာမှာ ချင်းတွင်းမြစ်ကို ဧရာဝတီရဲ့နောင်တော်မြစ်ကြီးလို့ ပြောဆိုရတဲ့အကြောင်းလေးကို နည်းနည်းရှင်းပြပါရစေ။သမိုင်းအထောက်အထားအရ အတိအကျမပြနိုင်ပေမဲ့ ကျွန်တော်ဖတ်ခဲ့ဘူးတဲ့ သမိုင်းလေးက ဒီလိုပါ။

မူလ ဧရာဝတီမြစ်ဟာ မန္တလေးနေရာလောက်ကနေ စစ်တောင်းမြစ်နဲ့ဆက်နွယ်နေပြီး ချင်းတွင်းမြစ်ကတော့ ဒီနေ့ဧရာဝတီမြစ်နဲ့ဆုံတဲ့နေရာကနေ ပင်လယ်ထဲကို သူ့ဘာသာတစ်ကိုယ်တည်း စီးဆင်းနေတဲ့ မြစ်ကြီးပါတဲ့။ ပုပ္ပါးတောင်ကလပ် ပေါက်ကွဲလောက်တဲ့အချိန်မှာ အခုနေပြည်တော်နေရာ ကနေ မြေကြီးက စုံ့စုံ့တက်သွားပြီး အဲဒီအချိန်မှာ ပျူနိုင်ငံတော်တစ်ခု ပျက်သွားရပါတယ်။စစ်တောင်းမြစ်လည်း မြစ်ခေါင်းပြတ်သွားပြီး ဧရာဝတီ ဟာ မြစ်ကြောင်းကို ကွေ့ ကောက်ရှာရင်း ချင်းတွင်းမြစ်နဲ့  ပေါင်းဆုံပါတယ်။ဒါပေမဲ့ ဒီအကြောင်းအရာဟာ ကျယ်ကျယ်ပြန့်ပြန့်မတွေ့ရပဲ ပုံပြင်လိုလို ရာဇ၀င်လိုလိုပဲ ရှိခဲ့တာပါ။တစ်ချို့  သိကြမယ်တောင် မထင်ပါဘူး။ ကျွန်တော်လည်း တစ်ကြိမ်တစ်ခါပဲ ဖတ်ခဲ့ဘူးတာပါ။သမိုင်းအထောက်အထားအရ ပြပါဆိုရင်တော့ ဒီထက်ပိုပြီးပြစရာမရှိပါဘူး။အဲ့ဒီအကြောင်းကြောင့် ချင်းတွင်းမြစ်ကို ဧရာဝတီရဲ့နောင်တော်လို့ ကျွန်တော် သုံးနှုန်းရခြင်းဖြစ်ပါတယ်။ ဒီအကြောင်းက ငြင်းခုန်လို့ကောင်းမဲ့ အကြောင်းအရာဖြစ်ပေမဲ့ သမိုင်းအထောက်အထားမပြည့်စုံမှုကြောင့် ကွယ်ပျောက်သွားတယ်လို့ ထင်ပါတယ်။အဓိက ချောင်းလက်တက်များအနေနဲ့ ချောင်းမကြီးချောင်း၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း၊ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းသေချောင်းနဲ့ ဗွက်ကြီးချောင်းတို့ဟာ ဧရာဝတီမှာ လာရောက်အားဖြည့်ရင်း အဆုံးသတ်ကြပါတယ်။

ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းစတဲ့ မြန်မာနိုင်ငံရဲ့ အရေးပါပြီး အချက်အချာကျတဲ့ မြို့ကြီးတွေကို ရင်ဝယ်သားသမီးပမာ ပွတ်သတ်ကျီစယ်စီးဆင်းရင်း  (၁၃၅၀)မိုင်ဆိုတဲ့ ကျောလျားကြီးက သူ့မရဲ့ လှပပြေပြစ်မှုကို ဖော်ပြနေပြန်တယ်။ ဧရာဝတီရဲ့မြစ်ဝှမ်းအကျယ်ဟာ (၄၁၃,၆၇၄)စတုရန်းကီလိုမီတာ ရှိပါတယ်။ အဲဒီအကျယ်အ၀န်းဟာ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အ၀န်းရဲ့ (၆၁)ရာခိုင်နှုန်းကျော် ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ထက်ဝက်ကျော်တဲ့အကျယ်အ၀န်းကို သူမရဲ့ ရင်အုပ်ကြီးနဲ့လွှမ်းခြုံထားတဲ့ မိခင်ကြီးပါ။ဒါက သူမရဲ့ ခမ်းနားကြီးကျယ်တဲ့ ထုထည်ပမာဏပါ..။

ဧရာဝတီနဲ့ ပါသတ်သတ်ပြီး နောက်ထပ် ချန်ထားလို့ မရနိုင်တာက သူမရဲ့ အနိမ့်အမြင့်အတက်အကျကို စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးပေးထားတဲ့ မြစ်ကျဉ်းကြီး သုံးခုအကြောင်းပါပဲ..။

ပထမမြစ်ကျဉ်း
မြစ်ကြီးနားမြို့မှ စုန်ဆင်းလာပြီး မိုင်(၅၀)၀န်းကျင်အကွာ ဆင်ဘိုရွာအလွန်တွင် (၃၆)မိုင်ခန့်ရှည်လျားမဲ့ ပထမမြစ်ကျဉ်းကို စတင်ပါတယ်။မြစ်ကမ်း နှစ်ဘက်အကွာအဝေးဟာ ကိုက်(၅၀)ခန့်သာရှိတော့ပြီး အရှိန်နဲ့စီးဆင်းလာတဲ့မြစ်ရေဟာ ကျောက်တောင်တွေကို တိုက်ခိုက်ပြီး စီးဆင်းနေတဲ့ တဝေါဝေါမြည်သံကို မြစ်အောက်ဘက် တစ်မိုင်လောက်အကွာအဝေးကအထိ ကြားနိုင်ပါတယ်။တစ်ခါတစ်ရံ ရှေ့ တည့်တည့် မှာ ကျောက်တောင်ကြီး ကာဆီးထားသည့်ပမာ မြင်လိုက်ရပြီး မြစ်ကြောင်းလုံးဝ ပျောက်သွားသကဲ့သို့ ထင်ရသည်ဟု ဆိုပါတယ်။ဧရာဝတီရဲ့ အရှေ့ ဘက်ကမ်းထိပ် တွင်ရှိသော သမိုင်းကြီးရွာနားအရောက်တွင် ကိုက်(၈၀၀)ခန့်အထိကျယ်ပြန့်လာပြီး ပထမမြစ်ကျဉ်းကို အဆုံးသတ်ပါတယ်။ဆင်ဘိုရွာ အလွန်မှ စခဲ့တဲ့ ပထမမြစ်ကျဉ်းဟာ သမိုင်းကြီးရွာနားရောက်သည်အထိ (၃၆)မိုင်ခန့် ရှည်လျားပါတယ်။

ဒုတိယမြစ်ကျဉ်း…
ဗန်းမော်မြို့မှထွက်ခွာလာပြီး (၁၈)မိုင်ခန့်ဝေးတဲ့စင်းကန်းရွာအနီးမှာ ဧရာဝတီရဲ့ (၁၄)မိုင်ခန့်ရှည်လျားတဲ့ ဒုတိယမြစ်ကျဉ်းကို စတင်ပါတယ်။ -ပေ(၈၀၀)ခန့်မြင့်တဲ့ ကျောက်တောင်ကြီးတစ်ခုဟာ မြစ်ကျဉ်းရဲ့ ဘယ်ဘက်အ၀ကို ဆီးတားထားပြီး ကမ်းနှစ်ဖက်အကျယ်ဟာ ကိုက်(၁၅၀)ခန့်သာ ရှိပါတယ်။ရွှေဂူမြို့အထက် သဘောင်္ဝင်းရွာအနီးတွင် ဒုတိယမြစ်ကျဉ်းကို အဆုံးသတ်ပြီး အနောက်ဘက် ကသာမြို့သို့ ဆက်လက်စုန်ဆင်းပါတယ်။ ကသာမြို့မှ ထီးချိုင့်မြို့၊ ထိုမှတဖန် အပျိုချောများအလွန်ပေါများသည်ဟု စာပေတွင် နာမည်ကြီးလှသော မြတောင်ရွာ၊ ဆက်လက်ပြီး မဇ္စျိမဒေသ သကျသာကီဝင်မင်းများ လာရောက်နန်းစိုက်ခဲ့ဖူးသည်ဟုဆိုသော တကောင်းမြို့ဟောင်းကိုဖြတ်ကျော်ကာ မိုင်လေးဆယ်ခန့်ဝေးသော မလည်ရွာ သို့ ရောက်ပါသည်။

တတိယမြစ်ကျဉ်း…
မိုးကုတ်မြို့ရဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ သပိတ်ကျင်းမြို့ရဲ့အထက် မလည်ရွာမှ စတင်ပါတယ်။ တတိယမြစ်ကျဉ်းဧရိယာထဲမှာရှိတဲ့ သပိတ်ကျင်းမြိ့မှ -အောက်ဘက်(၂)မိုင်ခန့် စုန်ဆင်းလာရင် အညာဒေသရဲ့ အထင်ကရဘုရားတစ်ဆူဖြစ်တဲ့ သီဟတောဘုရားရှိရာ သီဟတောကျွန်းသို့ ရောက် ပါတယ်။ထိုဘုရားပွဲတော်ကာလတွင် တတိယမြစ်ကျဉ်းတစ်လျှောက် ဘုရားဖူး လှေကြီး၊ လှေငယ်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုကြပါတယ်။ -ရှေးဘုရင်များ လက်ထက်က ထိုဘုရားနဲ့ (၃)မိုင်အကွာအဝေးအတွင်းကို သားငါးဘေးမဲ့ပေးထားခဲ့ဖူးသည်ဟု ဧရာဝတီသမိုင်းစာအုပ်များတွင် ဖတ်ရပါတယ်။တတိယနိုင်ငံကို ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ ရွှေဘိုမြို့ အရှေ့ ဘက် ကျောက်မြောင်းမြိ့အနီးအရောက်တွင် (၃၈)မိုင် ရှည်လျားတဲ့ တတိယမြစ်ကျဉ်းကို အဆုံးသတ်ပါတယ်။

ထိုမြစ်ကျဉ်း သုံးခုကား ဧရာဝတီရဲ့ ချန်ထားလို့မရတဲ့ သူမဘ၀ အခက်အခဲတွေများစွာထဲမှ တစ်ခုဖြစ်ပါတယ်။

နာမည်တူမရှား လူတူမရှား... 
 လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဧရာဝတီလို့ခေါ်တဲ့ မြစ်နှစ်ခု ရှိခဲ့ပါတယ်။တစ်ခုက ကျွန်တော်တို့ရဲ့မိခင် ဧရာဝတီဖြစ်ပြီး နောက်တစ်ခုက ပါရူရှနီ (Parushani)ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။စာလုံးပေါင်းခြင်းကွဲပေမဲ့ အသံထွက်ကို အတူတူထွက်ကြပါတယ်။သူတို့တွေ ဧရာဝတီလို့ခေါ်တဲ့ ပါရူရှနီမြစ်ဟာ အိန္ဒိယနိုင်ငံမှာ မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲကို စီးဝင်ပါတယ်။ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ဧရာဝတီမြစ်လို့ မခေါ်ကြတော့ပဲ အဲ့ဒီမြစ်ဘေးတစ်လျှောက်နေထိုင်သူတို့ရဲ့ ပတ်ဝန်းကျင်၊ ဘာသာတရား ကိုးကွယ်မှုတို့အရ “ရာဗီမြစ်” ( Ravi)မြစ်ရယ်လို့ ပြောင်းလဲခေါ်ဆိုနေတဲ့ မြစ်ဖြစ်ပါတယ်။

မြစ်ဝှမ်းအကျယ်ဟာ မြန်မာနိုင်ငံရဲ့ (၆၁)ရာခိုင်နှုန်းကျော်ကို ဖုံးလွှမ်းထားရုံ၊ မြစ်ကျဉ်းကြီးသုံးခုရှိရုံမျှနဲ့ ဧရာဝတီကို ခမ်းနားတယ်လို့ ဆိုလိုတာလား ဆိုပြီး မေးခွန်းထုတ်ခဲ့ရင်တော့ သမိုင်းတစ်လျှောက် အသုံးတော်ခံခဲ့တဲ့ သတို့သမီးအကြောင်းကို ပြောပြပါရစေအုံး....

ဆက်ပါအုံးမယ်ခင်ဗျား>>>

source: http://en.wikipedia.org
         : http://wikimyanmar.co.cc
         : http://forum.myanmar-technicians.org
         : http://madankoo.blogspot.com/2011/09/blog-post_21.html
         : http://mmcpcommunity.net
         : (ဆရာ) တိုက်စိုး- ဧရာဝတီ
         : (ဆရာ) နတ်နွယ်- မြန်မာပြည်မြောက်ပိုင်း
         : မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅) 
 
((( ဒီပိုစ့်ထဲမှပါတဲ့ ပါဠိအချို့ ကို ကျွန်တော်နဲ့အတူ စိတ်ရှည်လက်ရှည် ရှာဖွေပေးပြီး အနက်ပြန်ပေးတဲ့ အိန္ဒိယနိုင်ငံ၊ နာလန္ဒာတက္ကသိုလ်မှ အရှင်သုဇာတ နဲ့ ကချင်ပြည်နယ် ပုံပြင်ကို သိသလောက် ပြောပြပေးခဲ့တဲ့ ကချင်ပြည်နယ်မှ သူငယ်ချင်း အ၀မ်တို့အား ကျေးဇူးတင်ပါတယ်ခင်ဗျား)))

လေးစားစွာဖြင့်...
ကိုရင်
26.04.2012,Thursday,
23:26 (GMT)

16 comments:

မောင်ဘုန်း said...

နောင်တော် .... အရမ်းကောင်းတယ် ဗျာ ... လက်ကျန်လေးကို လည်း စောင့်ဖတ်ပါမယ် ... ။

အမှန်တိုင်းဝန်ခံ ရရင် ဧရာဝတီ အကြောင်း အခုမှ ပြည့်ပြည့်စုံစုံ သိရတာပါ .... ။

ကျေးဇူးပါဗျာ .... ။

ခင်မင်စွာဖြင့်

မောင်ဘုန်း

ချစ်စံအိမ် said...

အကို ကိုရင် ဧရာဝတီအကြောင်းတော်လေးလေ့လာထား
တာပါ ကျေးဇူးတင်ပါတယ် မသိတာတွေသိရတော့
စောင့်မျှော်လျှက်ပါရှင်

မီးမီးငယ် said...

ကိုရင်သာပျော့..
ဒီလိုလည်းဖြစ်တာဘဲ:P..။
စိတ်ရှည်ရှည်နဲ့ ရေးထားတော့လည်း၊
သေသေချာချာဖတ်ရူသွားပါတယ်နော်..။

Anonymous said...

r'rfudk;မဒမ်ကိုးဆိုဒ်ကို ခဏခဏရောက်ပေမဲ့ အကောင့်နဲ့မှဆိုတော့ ဘာမှ မချန်ဖြစ်ဘူး..

ဒီပိုစ့်ကိုတော့ pdf နဲ့ အစအဆုံး ဖတ်ချင်ပါတယ် အကိုရေ..အချိန်ရရင် အကို လုပ်ပေးစေချင်ပါတယ်လိုလည်း လိုချင်တယ်မြန်မာနိုင်ငံအကျယ်အ၀န်းရဲ့ ၆၁ရာခိုင်းနှုန်းကျော်ရှိတယ်ဆိုတာ အခုမှ သိရတယ်ဗျာ..အံ့လည်း အံ့သြသလို စာရေးသူကိုလည်း ချီးကျူးလေးစားပါတယ်..

Mrs. Bagel said...

အပြည့်အစုံး ချက်လက်ကျကျ ရေးလို့ ဖတ်ရတာ ပိုပြည့်စုံတယ်။ ကျေးဇူးနော်။ နောက်ပို့စ်လည်း လာဖတ်ဦးမယ်။ :)

မိုးသက် said...

ကူးထားသင့်တဲ့ ပို့စ်တစ်ခုထင်လို့.. PDF နဲ့ ထုတ်ပြီးကူးသွားကြောင်းပါ.။

Yin Sue said...

ဟုတ်တယ်အစ်ကိုရေ ဒါလေးက အရမ်းကောင်းတဲ့ ပို့စ်လေးပါ...ဧရာဝတီအကြောင်းကိုလည်း လူတွေသိအောင် တင်ပြပေးလို့ကျေးဇူးတင်ပါတယ်...
ကျန်တဲ့အပိုင်းလေးကိုစောင့်နေမယ်နော်...

စံပယ်ချို said...

ကိုရင်ရေ
မြစ်ကျဉ်းတွေအကြောင်းနဲ့ ဧရာဝတီ အစဖြစ်ပုံကို
ငယ်ငယ်က ကျောင်းမှာသင်ရတယ် ဒီလိုတောင်မပြည့်စုံပါဘူး
ခုကိုရင်ရေးပြထားတာ က မြန်မာ့ပထ၀ီထက်ပြည့်စုံတယ်

နွေတေးရှင် (မင်းဧရာ) said...

ကိုရင်သာပျော့.......
ဂလိုကြတော့လည်း စိတ်ရှည်သားဘဲဗျ။
အကြောင်းစုံသလို ဖတ်လို့လည်း မျက်စေ့ညောင်းသဗျ))၀ ကျန်အပိုင်းများကို မြန်မြန်တင်စေဗျာ။

khin said...

၇ာဇ၀င်များရဲ.သတို.သမီးဧ၇ာဝတီအကြောင်း စိတ်ဝင်စားစရာကောင်းလို. လာရောက်ဖတ်သွားပါကြောင်း

မမကျား

ဖြိုးဇာနည် said...

မေခ မလိခ လောက်သာ သိတာ
ကိုရင်ရေ ကျေးဇူး ကမ္ဘာပါပဲ ကိုယ့်နိုင်ငံရဲ့
သွေးကြော အကြောင်းကိုသိသင့်ထားရမှာလေ
ခုတော့သိသွားပြီ နောက်ဆက်တွဲလေးမျှော်နေမယ် ဗျို့

သူကြီးမင်း (တုံးဖလား) said...

ဒီလိုလေးလဲ ရေးဦးမှပေါ့။
ဒါကမှ ခေတ်မရွေးအသုံးဝင်မှာ။

ဒီလို ပို့စ်များများ ရေးပေး။ ဒီလိုရေးခြင်းဟာ စိတ်ကို ထိန်းချုပ်ပြီးသားဖြစ်တယ်။ စိတ်ကို ပိုရှည်စေတယ်။ အလိုမကျမှုတွေ တဖြည်းဖြည်း လျော့ပါးလာစေမယ်။
စိတ်ရှည်မှ ဒီလို ပို့စ်မျိုး ဖြစ်လာမှာမို့ပါ။

San San Htun said...

ကိုရင် တော်တော်အားထုတ်ထားတယ်..ချီးကျူးသဗျား..နောက်ပို့ စ်တွေ မျှော်နေတယ်ဗျို့ 

Lorem Ipsum said...

မဒမ်ကိုးဆီကိုခဏခဏရောက်ပေမယ့် ခုမှကော့မက်လာရေးသွားပါတယ်.. လာရောက်အားပေးသွားပါကြောင်း

mstint said...

သမိုင်းဝင်သတိုးသမီးလေးအကြောင်းကိုတော့ စိတ်ဝင်စားတယ် ကိုရင်ရေ။ စုစည်းထားခွင့်လေးရလို့ ကျေးဇူးတင်တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

kokoseinygn said...

မောင်ရင်
အေ၇းအသားတွေကတော့
စာတမ်းတစ်ခုအလား
အားလုံပြီးအောင်ဖတ်လိုက်တော့
မင်းဟာ ပါရဂူကြီး ပါလားလို့
ထင်လိုက်မိတယ်ကွာ။

Related Posts Plugin for WordPress, Blogger...