Monday, April 16, 2012

ဂျာရစ်နှင့် မှတ်ပလားဟဲ့ သင်္ကြန်

 
သင်္ကြန်နားနီးလာတော့ တူးပို့သံလေးတွေ ဟိုနားကြားရသည်နားကြားရ... ဖေ့ဘွတ်ပေါ်တွင်လည်း ပိတောက်ပန်းလေးတွေ ငုပန်းလေးတွေ ဟိုနားမြင်ရ၊ သည်နားမြင်ရ...သင်္ကြန်ကျရင် ဘာလုပ်မကွ ဆိုတဲ့ ကြိမ်းမောင်းသံလေးတွေလဲ ဟိုနားကြားရ သည်နားကြားရ..သည်နှစ်တော့ဖြင့် ဘယ်လမ်းမှာ မဏ္လပ်အများဆုံး..အဲနားက ပိုစည်မှာဆိုတဲ့ ခန့်မှန်းသံလေးတွေလဲလည်း ဟိုဟိုသည်သည်ပျံ့ ဝဲလို့ ..တကယ်တမ်းသင်္ကြန်ကျလာတော့ အောင်မလေး ကြောက်စရာဓာတ်ပုံများကသာ ပလူပျံလာသည်။ တရုတ်ကားထဲကလိုပြောရရင်တော့ မခံယူဝံ့ပါဘူး မဟုတ်ဘူး .. မမြင်ဝံပါဘူး မမြင်ဝံ့ပါဘူး ။


မြန်မာတစ်ယောက်အနေနဲ့ သင်္ကြန်ကိုဘယ်လိုမြင်သလဲ ဘယ်လိုခံစားသလဲလို့မေးလာလျှင် ဘယ်လိုဖြေမလဲဟု အကြိမ်ကြိမ် အခါခါ စဉ်းစားခဲ့ဖူးသည်။
စိတ်ရှိတိုင်းဖြေလိုက်ပါမူ ကြားရသူပင် စိတ်မှနှံ့သေးရဲ့လားဟု ထင်မှတ်စရာရှိ၏။အမှန်အတိုင်းဝန်ခံရပါလျှင် ဂျာရစ်သည် သင်္ကြန်ကိုနှစ်သက်ပါ၏။ သင်္ကြန်ကိုနှစ်သက်သော်လည်း ရေစိုနေခြင်းကိုမူ မနှစ်သက်ပါချေ။


ရေကြောက်သူဖြစ်တာကတစ်ကြောင်း ရေချိုးလျှင်တောင်မှ ကျီးကန်း ရေပန်းအောက်ဖြတ်ပြေးသလို ချိုးတတ်သောသူ ဂျာရစ်သည်  ၃ ရက်လုံးလုံး ရေစိုနေခြင်းကိုမနှစ်မြို့ပါချေ။ ထိုသို့မနှစ်သက် သော်လည်း ဂျာရစ်သည် မြန်မာလူမျိုးမိဘနှစ်ပါးမှ မွေးဖွားသော မြန်မာလူမျိုး ဖြစ်လေရာ သင်္ကြန်ဆိုသည် မြန့်မာရိုးရာနှစ်သစ်ကူးပွဲတော်တစ်ခုကို အလိုလိုရင်ဆိုင် ပိုင်ဆိုင်ရပြီးသာဖြစ်လေသည်။
ငယ်စဉ်ကလေးဘ၀မှစလို့ ချူချာသူဂျာရစ်သည် အဆုတ်မကောင်းလေရာ အအေးလဲကြာရှည်မခံနိုင်ချေ.။

ငယ်ငယ်က ရေပြွတ်ကလေးနှင့် လမ်းထိပ်ထွက်ဆော့ခိုင်းလျှင်တောင် သူများကလေးများ တနေကုန်တနေခန်းဆော့ပေမင့် ဂျာရစ်ခင်မျာ ၃ နာရီပင် မပြည့်ချေ. တဂတ်ဂတ်နှင့် မန်ဒါလီအော်သလိုအော်ကာ  အိမ်ပေါ်ပြန်ရောက်လာကာ အ၀တ်လဲပြီးတာနှင့်ဆေးတန်းသောက်ရသည့်ဘ၀သို့ရောက်ရလေသည်။ တခုနှစ်သက်သည်မှာ မူ သင်္ကြန်တွင်သူတစ်ပါးလာပေးသောမုန့်များကိုကလေးပီပီ စားသောက်ရသည်ကိုတော့အင်မတန်ပျော်ရွှင်လေသည်။

တဖြည်းဖြည်းအရွယ်ရောက်လာသည်နှင့်အမျှ ဂျာရစ်သည် ရေထွက်ဆော့ခြင်းအမှု့ကိုမပြူတော့ဘဲ အိမ်၌ သာ စာအုပ်ဖတ်ခြင်း ဘုရားစာကျက်ခြင်း မုန့်များဝိုင်းကူလုပ်ခြင်းဖြင့်သာ အချိန်ကုန်လေတော့သည် ။
ဂျာရစ်ကလေး တဆယ့်ငါးနှစ်သမီး သို့ရောက်လေသော်  ရန်ကုန်သင်္ကြန်နှင့် တိုးလေသည်။ အမေနှင့်အဖေလဲရှိ။ ၀မ်းကွဲ မောင်နှမသားချင်းများအဒေါ်ဦးလေးများ စုံသည့်နှစ်ဖြစ်လေရာ ရန်ကုန်သင်္ကြန်ထွက်လည်ကြရန်လူကြီးများက ဆုံးဖြတ်ကြလေသည်။ ဤသို့နှင့် ဂျာရစ်သည်လဲ ဂျင်းပန် နှင့်တီရှပ်ဝတ်.ဂျင်းဂျာကင်ထပ်ဝတ်ကာ သူတို့နှင့်အတူလိုက်ခဲ့လေသည်။

ကလေးများသည် အလည်တွင်ရပ်ပြီး အကိုများနှင့် ဦးလေးတို့သည် တဖက်တချက်တွင်ရပ်လေသည်.။ အဖေနှင့်အမေလဲနောက်ခန်းတွင်ထိုင်လေသည်။ မဏပ်များသို့ရောက်လေသော် ဘေးတန်းတွင်ထိုင်သော အဒေါ်အငယ်တို့အား မီးသတ်ပိုက်နှင့် ၀ိုင်းထိုးကြလေရာ ဂျာရစ်တို့ပါ ရောပုရလေသည် ။တချို့လူများမှာ မူ အောက်မှနေ၍ လက်များဖြင့်အကျီများကိုလှန်ပြီး ပိုက်နှင့်ထိုးလေရာ အဒေါ်အငယ် နှစ်ယောက်မှာမူ အတင်းအော်ဟစ်ရုန်းလေသည်။ ဦးလေးအငယ်တို့သည်လဲ မီးသတ်ပိုက်ကိုအတင်းရုန်းပြီး အော်ဟစ်ရ လေတော့သည် ။ 

ကားကိုအတင်းမောင်းစေရန် ကားခေါင်းပေါ်သို ထုချလေသည်။ ကားမောင်းသည့်ဦးလေးအကြီးမှာလဲ အကြောက်အကန်မောင်းပြေးရလေသည်။ ပဲများလာသောအဒေါ်အငယ်တို့သည် မီးသတ်ပိုက်အောက် မှလွတ်လေ သော် မျက်နှာသုပ်ပ၀ါကြားမှထွက်လေလျှင် တရုတ် ချန်ပန်ဇီးမျက်နှာကဲ့သို့ လိမ်းလာသော မိတ်ကပ်များမှာ ဟိုတကွက် ဒီတကွက်နှင့်ရွဲပလဲနေတော့သည်။ ဆိုးလာသည် ဒီဇင်ဘာ မျက်ဝန်းနက် လေးများသည် ပင်လျှင် ဇီးကွက်မကြီးများပမာ မဲပြီး ပြူးတူးထွက်နေပေတော့သည်။

ဂျာရစ်သည် သူတစ်ပါးခံရလျှင် အင်မတန်ဝမ်းသာသူဖြစ်ရတကား လက်ညိုးထိုးထိုးပြီးအော် ရီလေသည်.။
အင်းယားလမ်းမှာလူစည်တယ် အင်းယားလမ်းသို့မောင်းဟု  ဦးလေးအငယ်ကပြောလေသော် မောင်းလေရာ အင်းယားလမ်းမှအလှပဂေးများနှင့်ဆုံတွေ့ကြလေသည်။ တွန့်လိမ်ခွေခေါက်ကာ ကနေကြသော မော်ဒယ်တွန့်တွန့်လိမ်များကြားတွင် ဦးလေးအငယ်သည်ရော၍ ကလေသည်။ ကနေသော ဦးလေးအား ရေပိုက်ဖြင့်ဝိုင်းထိုးကြရာ ခမျာမှာ တီကောင်ကိုရေနွေးဖျောသလိုထွန့်ထွန့်လူးကာ ပြေးရလေရာ တွေ့ရာကားပေါ်ပြေးတက်မိသဖြင့် ဟိုဘက်မှအဒေါ်ကြီးများမှ အော်ဟစ်မောင်းချလေသည်။
ကားပေါ်ရောက်လေသော် ဦးလေးအား ဘူးသီးကြီးဟု ၀ိုင်းအော်ကြလေသည်။

တချို့ကားများမှ အမူးသမားများသည် နှမချင်းမစာမနာပြောလေ စလေသော် ဖေဖေသည် စိတ်တိုလာလေရာ အတင်းပင် ၀ိုင်းထိန်းရလေသည်။ ထိုမှတဆင့် ကားတန်းရှည်ကြီးများကို ဖြတ်ကျော်ပြီးသော် ဆူးလေ ဖက်သို့မောင်းလေသည်။ ဆူးလေဖက်သို့ရောက်သော် ဇာတ်လမ်းက စလာချေပြီ ။

“ ၀ှီးးးးးးးးးးးးးး..ဖောင်းးးးးးးးးးး....အားးးးးးးးးးးးးးးးးး ”

ဂျာရစ် ဘေးမှာရပ်နေသော ညီမ၀မ်းကွဲလေးမျက်နှာကို ရေခဲထုပ်လာမှန်သည်။ ညီမလေးသည် အော်ငိုသည်။ တခါထဲဖင်ထိုင်ကျသွားသည်။ ထိကုန်ပြီ ထိကုန်ပြီဟု ဦးလေးနှင့်အကိုတွေက ထအော်ပြီး ညီမလေးကို ၀ိုင်းကြည့်သော် နှာခေါင်းရိုးတည့်တည့်သို့မှန်လေရာ သွေးများထွက်လာသည်။
ထိုစဉ်  ရေခဲထုပ်များ ဆက်တိုက်ကျလာသည်။ ဂျာရစ်တို့ကျောကုန်းတွေလဲ ထိ လက်တွေလဲထိကုန်သည်။ အဖေ အမေနှင့်အဒေါ်တို့သည် သဘက်များနှင့် ကာပြီး ခေါင်းတွေကိုဝပ်နေကြရာ ကျောကုန်းပေါ်သို့ ရေခဲထုပ်မာမာကြီးများ ကျလေရာ အသေနာလေသည်။ ဘယ်လိုမှမခံနိုင်သည့်အဆုံး ကားကိုအတင်းမောင်းထွက်ရလေသည်။

မွန်းလာသဖြင့်မခံနိုင်သော ဂျာရစ် ခေါင်းဖော်လိုက်သောတခဏ တွင် မျက်နှာနှင့်ဂျိုစောင်းကိုပင် သုံးလေးချက်ဆက်တိုက်ထိလေရာ မျက်ခုံးကွဲသွားပြီး ဂျိုစောင်းနှင့် မျက်နှာတခြမ်းပင် ချက်ခြင်းဖူးယောင်တက်လာလေသည်။ နာလိုက်သည်မှ ပြောဖွယ်မရှိချေ။
.ဆက်သွားသော် လုံးဝစိတ်မပါတော့ ။ လေကတိုက်တော့ ချမ်းတာကတမျိုး မျက်နှာနှင့်ဂျိုစောင်းက ကိုက်လာတာတမျိုးနှင့် ဘယ်လိုမှမပျော်နိုင်တော့ ။ သို့နှင့် နေ့လည်ပြန်တော့  အိမ်မှာ အ၀တ်လဲကာ ဒဏ်ရာကိုဆေးထည့်ပြီး နေရစ်ခဲ့လိုက်တော့သည်။ နောက်တစ်နေ့တွင် အနာရှိန်နှင့်ဖျားပါတော့သည်။
တခါထည်းကိုမှတ်သွားပါသည်။ သင်္ကြန်ဆိုကြောက်သွားပါပြီ။ ခြေရောလက်ရော ဆလံသသွားပါသည်။

နဂိုကတည်းက ၀ါသနာအခံမရှိသည်က တစ်ကြောင်း .ထိလိုက်သည့်ဒဏ်ရာမှာ မချုပ်ယုံတမယ်  ခံလိုက်ရသည်ကတစ်ကြောင်းနှင့် သင်္ကြန်ဟေ့ဆိုလျှင် အိမ်ထဲတွင်အော်တိုနေပြီးသား ဘ၀သို့ မည်သူမျှ မတိုက်တွန်းဘဲ ရောက်ရလေတော့သည်။ ကိုယ်တစ်ယောက်ပျော်ရွှင်စေဖို့ တစ်ပါးသူများ ကိုနာကျင်စေ သည့် အပြုအမူများ ကိုအင်မတန်မှ မုန်းမိသည်။

သင်္ကြန်ကိုချစ်သော်လည်း သင်္ကြန်တွင်းမှာ လူများ၏ အပျော်သည် သူတစ်ပါးကိုထိခိုက်နှောက် ယှက်နာကျင်စေလောက်သည် အထိ လုပ်ကြခြင်းကို မကြိုက်နှစ်သက်သောကြောင့် လည်းကောင်း နှမချင်းမစာမနာ ပြောဆိုခြင်းကိုမခံနိုင့်လို့ လည်းကောင်း ဂျာရစ်သည် အနှစ်နှစ်ဆယ်ကျော် ကျော် သင်္ကြန်ဟေ့ဆိုလျှင် မိဘကလဲ ပြောစရာမလို ကိုယ်စိတ်ကိုယ်ပင်ထိန်းစရာမလိုအောင် အော်တို အိမ်တွင်းအောင်းပြီးသားဖြစ်လေသည် ။
ဆယ်တန်းအောင်သည့်နှစ်က ပဲခူးတိုင်းမဏပ်တွင် တပ်မမှုးကတော်မှ ဖိတ်သဖြင့် ညပိုင်းတွင် တခါ . တပ်မမှုးမဏပ်ဖွင့်ပွဲတွင်တခါ တော့ တက်ကခဲ့ဖူးလေသည်။ ပရိတ်သတ်အများကြီး မှအားပေးတာကို ပျော်သော်လည်း ရေလောင်းမခံချင်သဖြင့် ချက်ခြင်းပင် ကပြီးတာနှင့် အိမ်တန်းပြေးလေတော့သည်။

သင်္ကြန်နှင့်ပတ်သတ်ပြီး ဂျာရစ်တွင် သည်ဇတ်လမ်းနှစ်ပုဒ်သာ ဘ၀မှာမှတ်မှတ်ယယ  ရှိခဲ့ဖူးလေသည်။  ခုတော့လဲ အသက်ရွယ်လေးလဲ ရလာပြီမို့ ပိုလို့တောင် သင်္ကြန်ဆို မျက်စိနောက်နေမိသည်လား မပြောတတ် ။
 ဂျာရစ်ကိုသင်္ကြန်ကစားမလားလာမေးလျှင် ဂျာရစ် အော်ဟစ်ခါသာ ရင်ထုဖြေလိုက်ချင်ပါသည်။

သင်္ကြန်ဆို မူးလာကြ တိုကြရယ်တဲ့တဖုံ
ကဲလိုက်ကြမကွဲ့  အစွမ်း ကုန်ဆိုလေတော့
အေးအေးသာနေပါစေတော့
ပြန်ပြောင်း ကာတွေးမိရင်ဖြင့်
မျက်ခုံးကစုတ် ကျောကပုပ်ခါ
ဂျိုစောင်းရယ် ကျိန်းမိတယ်လေး ။။။

မဒိုးကန်
၂း၁၅ မိနစ် (မဟာသင်္ကြန်အတက်နေ့ )
၁၆.၄.၂၀၁၂ (တနလာင်္နေ့ )

17 comments:

Han Kyi said...

ရေခဲထုပ်နဲ့ပေါက်တဲ့ခေတ်တုန်းက ကိုယ်မပါခဲ့တာ ပြန်တွေးမိတိုင်း ၀မ်းသာတုန်း...အဲဒီခေတ်က မီးကလည်း မမှန်တော့ ရေခဲထုပ်က ဈေးကြီးလွန်းနေလို့များ မ၀ယ်ဖြစ်ခဲ့တာလားတော့ မသိဘူး...ဒါပေမယ့် အညာဒေသဆိုတော့လည်း အနှီလောက်ကြီးတော့ မသောင်းကျန်းဘူးလို့ မှတ်မိတာပါပဲ...

ရေဘောလုံးခေတ်တုန်းကတော့ ကောင်းကောင်းမှတ်မိသား...ဦးဟန်ကြည်တို့ ကိုရင်ဝတ်ကြီးနဲ့ ရေဘောလုံး စစ်တိုက်ကြတာလေ...သူများကိုလည်း မထုရဲတော့ ကိုရင်အချင်းချင်း ထုကြပါလေရော...

ဒီဘက်ခေတ်မှာသာ ရေခဲထုပ်ခေတ်စားနေသေးရင် သေဖို့သာရှိတော့...

ရဲထွန်း ဇော် said...

နညီမ ကိုဘယ်ကောင်ထုတာလဲကွ

မိုးသက် said...

ဆိုးဝါးလိုက်တာနော့.. ကျွန်တော်ကတော့ အဲဒီအဖြစ်တွေမြင်လို့ ဘယ်မှမသွားဘူး..အေးရော.။

အလွမ်းမြို့ said...

မျက်ခုံးကစုတ် ကျောကပုပ်ခါ
ဂျိုစောင်းရယ် ကျိန်းမိတယ်လေး ။။။ ( ဆိုလို့ လိုက်ရှာကြည့်တာ ဂျာရစ်လေးမှာ မတွေ့ဘဲ ကိုရင့်မှာ သွားတွေ့တယ်။ ဂျိုစောင်း ကိုပေါ့... ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ ညီမလေး။ နှစ်သစ်မှာလည်း ဒီထက် မက ပန်းသီး လိမ္မောသီး အသီးအစုံစားနိုင်ပါစေ။။

Nyi Linn Thit said...

မဒိုးကန် ပြောတာ အမှန်ပဲဗျ၊ သင်္ကြန်မှာ တချို့လူတွေရဲ့ စိတ်တွေက ဘယ်လိုများ မိုက်ရိုင်း၊ ကြမ်းကြုတ်၊ ရက်စက်သွားကြလဲ ဆိုတာ နားမလည် နိုင်ဘူး၊ ခေါင်းမဖော်နိုင်အောင် မီးသတ်ပိုက်နဲ့ ထိုးတာကပဲ အတော်လွန်နေပြီ၊ ဒီကြားထဲ ရေခဲထုပ်၊ ရေပူဖောင်းနဲ့ ထပ်ပစ်တော့ ခံရတဲ့လူ ဘယ်သက်သာ မလဲ၊ ကိုယ်လည်း တခါမှမသိ၊ ရန်ငြှိုးရန်စလည်း မရှိတဲ့ လူတစ်ယောက်ကို သိသိကြီးနဲ့ နာကျင်အောင် လုပ်ပြီး အဲဒီအပေါ်မှာ ဟားတိုက်၊ ပျော်ရွှင်နိုင်တဲ့ စိတ်ဓါတ်တွေကို တကယ်အံ့သြတယ်..။

စံပယ်ချို said...

သင်္က်ြန်တော့လည်လိုက်ရသေးတာပေါ့နော်
မိသားစုနဲ့လည်ပတ်ရတာ တန်ဖိုးရှိပေမယ့်လဲ
ဂျိုစောင်းက ကျိန်းသွားတယ်ပေါ့
ဟီး----ပျော်ရွှင်ပါစေရွှေဒိုးရေ

ချစ်စံအိမ် said...

မမရေသင်္ကြန်ပိုစ့်လေဖတ်ရင်
အကြောင်းစုံသလိုရတယ်တယ်..
လည်နဲ့မမကောင်းဘူး :P
သင်္ကြန်ပြောပါတယ် :D

blackroze said...

မားမားရေ.သင်္ကြန်ကတော့
လွမ်းစရာကောင်းသွားပြီထင်ပါရဲ့လေ
အရင်တုန်းကသင်္ကြန်လေးက
အရမ်းပျော်ဖို့ကောင်းတယ်..
ပစ်ပစ်တို့ငယ်ငယ်ကပေါ့လေ..
ပစ်ပစ်လည်းသင်္ကြန်နဲ့ဝေးနေတာ
ကြာပြီမားမားရ
လွမ်းတော့လွမ်းသား..

နေ၀သန် said...

သြော်.. သူက ဇာတ်လမ်းနဲ့ကိုး.. :P.. အိမ်တွင်းအောင်းတဲ့အပျိုတွေ ကုလားကြီးနဲ့ညားပါစေလို့လည်း အော်မရတော့ဘူး.. ကိုရင်က ခါးထောက်ကြည့်နေတာကိုး..:D.. ပျော်ရွှင်စရာ နှစ်သစ်မင်္ဂလာလေးဖြစ်ပါစေဗျာ..

ခင်မင်လျက်
နေ၀သန်

Candy said...

အော်.. သူက ဂလိုကိုး..
စားဖို့ဆိုရင်တော့ နာ့အမက ထိပ်ဆုံးက ဟိဟိ
ဟိုနေ့က တိုပါးရိုးမှာ တော်တော်မှ ၀ါးခဲ့ရဲ့လား
အစာကြေဆေးလေးလည်း စားအုံး :P :P

လွင်ပြင်လှိုင်းငယ် said...

နှစ်သစ်လေးမှာ ပျော်ရွှင်ပါစေ ညီမရေ

SHWE ZIN U said...

ညီမ ဒိုးကန် ရေ

အမှန်အကန်တွေဘဲ... သင်္ကြန် ရေပက်ခံဖို့ မန်းလေး မှာလည်း ကျုံး တခုဘဲရှိတယ် အဲဒီမှာ ဝိုင်းတိုးပြီး အပက်ခံနေကြတာ ကြာတော့ စိတ်ညစ်စရာ ကောင်းတယ် နှစ်သစ် မှာ ညီမ တို့ နှစ်ယောက် ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာ ပါစေနော် ဆုမွန်တောင်းလိုက်တယ်

ချစ်အမကြီး
ရွှေစင်ဦး

ပျိုးယုဝသုန် said...

အွန်... သူကျတော့ သူများကို ဖေ့ဘွတ် မှာ ရေပူဖောင်းနဲ့ လာပစ်တယ်... သွား.. လူဇိုး ..

ချစ်တဲ့
ဝသုန်

နွေတေးရှင် (မင်းဧရာ) said...

အီးးးးးးးး
ငါ့ကိုရွဲ့ရေးလားမှတ်ရတယ် ဒန်တိုးရယ်))ဝ


ရေဗူဘောင်းတွေနဲ့ လိုက်ပစ်နေတာလေ ဟီ ဟီ
ကိုရင့် ကိုတောင်ခေါ်သေးတယ် မေးကြည့်ပါလား။

ဖြိုးဇာနည် said...

ဆိုးဝါးချက်ဗျာ ရေခဲထုပ်နဲ့တောင်ကောက်ပေါက်တယ်တဲ့
အမ်မယေးးးးးးးးးးး ကံကောင်းလို့ မကြုံဖူးတာ

san htun said...

တူတယ်..ဒိုးကန်ရေ..များသောအားဖြင့် အိမ်တွင်းအောင်းတယ်..တနှစ် ၃ရက်လုံး လည်ဖူးတယ်..နောက်တနှစ် မဏ္ဍပ်မှာ ရေပက်ဖူးတာက လွဲရင်...

ရွှေပြည်သူ (ShwePyiThu) said...

ဟုတ်တယ် မဒိုးကန်ရေ... သင်္ကြန်မှာ လူတွေကြမ်းပုံကတော့ ကြောက်စရာပါပဲ။ သူများအသားနာမှာကို ဘာလို့များ လိုချင်ကြပါလိမ့်လို့ အမြဲတွေးမိတယ်...

Related Posts Plugin for WordPress, Blogger...