Tuesday, November 6, 2012

ပန်းခြွေသည့်ဆောင်း




      


 “ဘယ်ရောက်နေသလဲကွယ်”

       မက်ဆေ့ခ်ျလေးဖတ်ပြီး သူမပြုံးလိုက်မိသည်။ သူမကို မတွေ့ရင် အချိန်မှန်မက်ဆေ့ခ်ျပို့နေကျ သူမ၏ချစ်ရသောချစ်သူ။ တနေရာစီ မိုင်ပေါင်းများစွာ ဝေးကွာသောအရပ်မှာရှိနေသောချစ်သူ။ သူမ ခပ်မြန်မြန်လေး စာပြန်ရိုက်လိုက်သည်။

       “လမ်းမှာ…အခု ပြန်လာနေပြီ..၊ ကို့ကို ချစ်တယ်…”

       မက်ဆေ့ခ်ျလေးထွက်သွားတာကို သူမကြည့်ရင်း တစ်ချက်ပြုံးလိုက်သည်။ အား….ရာသီဥတုကလဲ အေးလိုက်တာ။ နှင်းတွေကလည်း တဖွဲဖွဲကျလို့။ သူရှိတဲ့အရပ်မှာရော ဒီလိုနှင်းတွေ ကျနေလေမလား။ သူမ တွေးနေမိသည်။  ဂျာကင်ထဲ လက်ကိုထည့်ရင်း ပါးစပ်မှအငွေ့များကို ကလေးတစ်ယောက်လို မှုတ်ထုတ်လိုက်သည်။ လမ်းကို ခပ်သွက်သွက်မြန်မြန်လျှောက်ရင်း ခြေလှမ်းအရှိန်ကို မြှင့်လိုက်သည်။ ခုလောက်ဆိုလျှင် လိုင်းပေါ်မှာ ချစ်သူစောင့်နေပေလိမ့်မည်။ မနက်ဖန်ဆိုလျှင် သူရှိသောအရပ်သို့ သူမသွားရတော့မည်။ ချစ်သူနှင့်သူမ တွေ့ခွင့်ရတော့မည်။ အတွေးများဖြင့် သူမ ပျော်နေမိသည်။



       သူနှင့်သူမ အွန်လိုင်းပေါ်မှာ သိခဲ့ကြ၊ တွေ့ဆုံခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် စနောက်ပြောဆို နေလာရင်းမှ သံယောဇဉ်တွယ် လာခဲ့ကြသည်။ တစ်ယောက်နှင့်တစ်ယောက် မွန်းကြပ်မှုတွေ၊ စိတ်ညစ်မှုတွေကို အပြန်အလှန်နားလည်ပေးခဲ့ကြရင်း ချစ်သူတွေ ဘ၀ရောက်ခဲ့ကြ သည်။ သူ့ဘ၀က ပြည့်စုံနေပေမယ့် သူမဘ၀ကတော့ မိသားစုကို ပြန်ကြည့်နေရတဲ့ သမီးကြီး။ “စော..ကို့ကို မချစ်ရဲ ဘူး..၊ အားငယ်တယ်” လို့ ပြော မိရင် “အရူးမလေး”လို့ သူမကို ကြည်စယ်လေ့ရှိတဲ့ ချစ်သူ။ အွန်လိုင်းမှာ တွေ့ဆုံရင် ချစ်ခဲ့ကြသူများ ဖြစ်ပေမယ့် သူနဲ့သူမအချစ်က မေတ္တာစစ်ဖြင့် ခိုင်ခိုင်မြဲခဲ့ကြသည်။    သူက သူမထက်ငါးနှစ်ခန့်ကြီးပေမယ့် ကလေးတစ်ယောက်လို ရံဖန်ရံခါ ဆိုးတတ်သည်။ တစ်နေ့တစ်ခါမှ ဖုန်းမဆက်ရပဲ ဘယ်တော့မှ မိုးမချူပ်ခဲ့သူ။ “အလုပ်ထဲမှာ ကိုရဲ့..၊ ဖုန်းပြောလို့ အဆင်မပြေဘူး” လို့ ပြောလိုက်မိလို့ကတော့ သူမ အဲဒီနေ့ အလုပ်က ပြန်လာသည် နှင့် တစ်ညလုံးဖုန်းပြောရင်း သူ့ရဲ့ဂျီကျခြင်းကို သေချာပေါက်ခံရပြီ။ သို့သော် သူမ ကျေနပ်သည်။ ချစ်သူ၏ဂရုစိုက်ခြင်းကို မခံယူလိုသည့်သူ ရှိမည် မထင်။

       “စော.. ပြန်လာရင် ကိုတို့ လက်ထပ်ကြမယ်” ဟု သူခဏခဏပြောတတ်သည်။ “ကိုနဲ့စောတို့ နေဖို့ အိမ်တစ်လုံးဝယ်မယ်၊ အဲဒီအိမ်လေး ထဲမှာ အားတဲ့အခါ ရုပ်ရှင်ကြည့်ကြမယ်၊ ကိုက စောပေါင်ပေါ် ခေါင်းအုံးပြီး ရုပ်ရှင်ကြည့်မယ်၊ မျက်လုံးညောင်းလာရင် စောကို ဖက်အိပ်မယ်” ဆိုပြီး
ကလေးတစ်ယောက်လို သူပြောချင်တာတွေ တန်းစီပြီးပြောတတ်သည့်ချစ်သူ။ “ ကို..မင်းကို သိပ်ချစ်တာပဲစောရယ်..၊ စောဟာ ဘယ်လို မိန်းကလေး မှန်းကို မသိဘူး” လို့  သူပြောလျှင်တော့ သူမကသဘောတကျ တခစ်ခစ်နှင့်ရယ်မောမိသည်။  သူက သူမကို တခါတလေ “ချစ်” ဒါမှမဟုတ် “စော” လို့ ခေါ်တတ်ပြီး၊  သူ စိတ်ဆိုးလာတဲ့ အချိန်မှာတော့ စောနွယ်အေးလို့ ပြည့်ပြည့်စုံစုံခေါ်ပြီး ရစ်တတ်တာ သူမ သိပ်သဘောကျမိသည်။ “စော အသံ လေးကို တစ်ရက် မကြားရရင် အိပ်မပျော်ဘူးစောရယ်..၊ ဒီကောင်ရူးတော့မယ် ” ဆိုပြီး ဖုန်းထဲက ပြောလာသည့်ချစ်သူ၏အသံကို ကြားလျှင်ဖြင့် သူ့ အပေါ် အချစ်တွေ ပိုတိုးလာသလို သူမရင်ထဲ ကြည်နူးခံစားရသည်။ “စောလဲ ကို့ကို သိပ်ချစ်တာပေါ့ကိုရယ်၊ ကို ဖုန်းမဆက်ရင် စောဘယ် လောက် စိတ်ပူလဲသိရဲ့လား၊ တခါတလေ ကို့ဖုန်းကို ခေါ်မရရင် စောရင်တွေ ပူနေရော” လို့ ပြောရင်ဖြင့် သ၀န်တိုလည်းတတ်သည့် ချစ်သူက အတည် ပေါက်ဖြင့် သူမကို နောက်တတ်ပြီး၊  တဟားဟားနှင့်သဘောတကျ ရယ်နေတတ်သည်။့ အဲ့သည်အခိုက်အတန့်မျိုးဆိုလျှင် ချက်ချင်းပင် သူ့ဆီ အပြေး သွားလိုက်ချင်မိသည်။

       “စားပြီးပြီလား..၊ဂရုစိုက်နော်၊ နေမကောင်းမဖြစ်စေနဲ့၊ ကို စိတ်ပူတယ်၊ တစ်ခုခုဖြစ်ရင် အဝေးမှာ ဘာမှ လုပ်ပေးလို့ မရဘူးကွယ်” ဟု ချစ်သူက ပြောလာလျှင်တော့ သူမအတွက် စိတ်ခွန်အားတွေ ပြည့်လာရသလို၊ တစ်နေ့လုံး အရူးမလေးလို တွေးတွေးရင်း ပြုံးနေမိတော့သည်။ “စော ကို ချစ်ပေးလို့ ကျေးဇူးပါ..ကို ” ဟု ပြောလျှင် “စောကို ချစ်ပေးတာမဟုတ်ဘူး၊ စောကိုက ချစ်စရာကောင်းလို့ ချစ်တာ” ဟု ပြန်ပြောတတ်သည်။ “လူကြီးဆိုတော့ တစ်ခါတစ်လေမှာ ဟန်ဆောင်ထားရတယ်၊ ချစ်တာတွေ အကုန်မပြချင်ဘူး၊ ရောင့်တက်မှာဆိုးလို့” ဟု ချစ်သူက ပြောလာရင်ဖြင့် သူမတွေးပြီး သဘောတကျနှင့် သူ့ကို အချစ်တွေ ပိုနေမိရသည်။ “အသက်ငါးနှစ်တောင်ကွာတာ ကိုကိုလို့ ဘာလို့မခေါ်တာလဲ” ဟု  ချစ်သူက မေးခဲ့ ဖူးသည်။ အဲဒီတုန်းက သူမ တစ်ခွန်းထဲ ဖြေခဲ့သည်။ “ကိုလို့ခေါ်တာ ပိုလေးလေးနက်နက်နဲ့  ပိုနူးညံ့ နွေးထွေးသလားလို့ပါ”လို့ ပြောပြီးကတည်းက ဘာဆိုဘာမျှ စောဒက မတက်တော့။ အလုပ်ထဲမှ သူငယ်ချင်းများက “အန်နီက သိပ်ကံကောင်းတာပဲ၊ သိပ်ချစ်တတ်တဲ့ ချစ်သူကို ရထားတာပဲ” လို့ ပြောကြသည်။ သူမ လက်မထောင်လို့ မဆုံးတော့။ သူနှင့်သူမတို့ နှစ်ဦးကြားတွင် ချည်နှောင် ထားသည့် သံယောဇဉ်ကြိုးက ဘယ်အရာနှင့်မှ မတူအောင် နွေးထွေးခိုင်မြဲလွန်းလှသည်။

       မနက်ဖန်ဆိုလျှင် ချစ်သူရှိရာမြေသို့ သုမ ရောက်ပေတော့မည်။ လေယာဉ်ကွင်းမှာ သူလာကြိုမည်။ သူ့ကို အပြင်မှာ စတင်မြင်ခွင့်ရ တော့မည်။ သူ မသိအောင်လုပ်လာခဲ့သည့် အရာလေးတစ်ခုကို ချစ်သူသိရင် ဆူလေမလားဟု လည်း သူမတွေးပူနေမိသည်။ အလုပ်ကနေ နေ့တစ်ဝက်ခွင့်ယူပြီး ကုန်တိုက်တစ်ခုမှာ စိတ်တိုင်းကျမွှေနှောက်ပြီး ၀ယ်ထားသည့်ပစ္စည်းလေး။ အနီရောင်ကတ္တီပါဗူးလေးကို နှုတ်ခမ်းဖြင့် ဖွဖွနမ်း လိုက်မိသည်။ အိမ်ပြန်ရောက်သည်နှင့် အွန်လိုင်းပေါ်တက်ရင်း၊ ချစ်သူနှင့် စကားပြောရင်း ပစ္စည်းများသိမ်းရမည်။ ခွင့်တစ်လရသဖြင့် မင်္ဂလာ ဆောင်ကိစ္စများ အမြန်စီစဉ်ရမည်။ နေ့လည်တုန်းက မင်္ဂလာဧည့်ခံပွဲတွင် ၀တ်ရန်ဆိုသည့်အတွေးဖြင့် ဂါဝန်လေးတစ်ထည်ပါ ၀ယ်လာဖြစ်ခဲ့လိုက် သေးသည်။ လက်မှတ်ထိုးမည့်နေ့တွင်တော့ မြန်မာဝတ်စုံဝတ်ရန် ဆုံးဖြတ်ထားသည်။ မင်္ဂလာဆောင်ပြီးလျှင် တစ်နှစ်လောက် မိသားစုအတွက် တစ်ခုခု လုပ်ပေးချင်သေးတယ်ဟု သူမ ခွင့်ပန်ထားသည်ကိုလည်း နားလည်တတ်သည့် ချစ်သူက သဘော တူထားခဲ့သည်။ သူမ၏ ပျော်စရာ အတွေးများဖြင့် အိမ်အပြန်လမ်း ရင်ခုန်စဖွယ်၊ တက်ကြွစဖွယ်။ အအေးဓာတ်က ပြင်ပတွင် ပိုကဲလာသည်။ နှင်းမှုန်တွေက သူမနဘေးမှာ တဖွဲဖွဲ ကြွေလို့။ နွေးသွားလိုငြား သူမ၏ ဦးထုပ်ကို နားအထိရောက်အောင် ဆွဲချလိုက်သည်။
      
       “၀ါး.. အေးလိုက်တာ၊ မနက်ဖြန်ဘယ်လောက် အေးဦးမလဲ မသိဘူး၊ အို.. ချစ်သူရဲ့ ရင်ခွင်နွေးနွေးက စောင့်ကြိုနေမှာပဲဟာ၊ တွေးရင်း ရင်တွေခုန်လိုက်တာ”။ အတွေးများနှင့်လျှောက်လာရင်း သူမနေသည့် လမ်းနားရောက်ခါနီးလာလေပြီ။ လမ်းထိပ်က ဗူးခွံတွေလိုက်လိုက်စုတတ်သည့် အဖိုးကြီးပင် အမှိုက်ပုံးနားတွင် ဗူးခွံများ ရွေးနေလေပြီ။ ထိုစဉ် ဖုန်းထဲက အသံလေးမြည်လာသည်။ သူမ ကြည့်လိုက်တော့ “ဘယ်ရောက်နေလဲကွယ်၊ ကြာလိုက်တာ၊ ဖုန်းခေါ်လို့မရဘူး၊ လိုင်းမကောင်းဘူး ”။ ချစ်သူရဲ့မက်ဆေ့ခ်ျလေး။ သူမနှစ်နှစ်ခြိုက်ခြိုက်ကို ပြုံးလိုက်မိပါသည်။ အမှောင်ရိပ်တောင် သန်းချိန်ရောက်နေပြီမို့ သူစိတ်ပူမည်ဆိုလျှင်လည်း ပူချင်စရာပင်။ သူ့ကို စိတ်မပူဖို့ မက်စေ့လှမ်းရိုက်ရင်း သူမ၏ခြေလှမ်းတွေက အိမ်ရှိရာ လမ်းကွေသို့ ဦးတည်ပြီး ခပ်သွက်သွက်လျှောက်ရင်း လမ်းကွေ့ကို ဖြတ်ကျော်လိုက်သည်။ ဒီလမ်းကွေ့ကျော်ရင် အိမ်ရောက်ပြီ။ ထိုစဉ်ကားတစ်စီး၏ မီးရောင်က မျက်လုံးထဲစူးခနဲဖြစ်သွားသည်။
       “ဟာ..ကားမီးကလဲစူးလိုက်တာ” 
              သူမရုတ်တရက်ရေရွတ်လိုက်မိသည်။

                                          ********
       အွန်လိုင်းပေါ်မှာ သူရှိနေသည့် မီးအစိမ်းရောင်သင်္ကေတလေးကို ၀မ်းသာစွာတွေ့လိုက်ရသဖြင့် သူ့ဆီ စာရိုက်လိုက်၏။
       “ ကိုရေ..  ပြန်ရောက်ပြီနော်၊ စိတ်မပူနဲ့တော့နော်၊ ကို…စိတ်ကောက်နေတာလားဟင်၊ ကို… ပြန်ဖြေလေကွာ၊ မနက်ဖြန်တွေ့ရတော့မယ့် ချစ်သူကို စိတ်မကောက်နေနဲ့တော့ကွာ….နော်၊ လမ်းမှာ နှင်းတွေမတရားကျနေပြီး ကားလမ်းတွေ ပိတ်နေလို့ပါ…စိတ်မကောက်နေပါနဲ့ကိုရာ..ကို... ကို...... ”
       သူ့ကို သူမ ခေါ်သည်။ တစ်ကြိမ်မက အကြိမ်ကြိမ်ပင်။ သူက ပြန်မဖြေ ။ တုံဏှိဘာဝေ ဆိတ်ဆိတ်နေလျှက်။
********

       လမ်းမတလျှောက် နှင်းတွေက ပိန်းပိတ်နေအောင် ကျနေသည်။ အိမ်တိုင်း တံခါးလုံအောင် ပိတ်၍ အအေးဒဏ်ကို ကာကွယ်နေကြပြီ။ ဓာတ်တိုင်မီးရောင်အောက်မှာတော့  လဲလျောင်းနေသည့် အရာတစ်ခု။ ခြေထောက်မသန်သည့် အဘိုးကြီးတစ်ဦးသည် ဗူးခွံများထည့်ထားသည့် အိတ်ကို ထမ်းလာရင်းမှ ရပ်လိုက်ပြီး ထိုအရာကို ငုံ့ကြည့်လိုက်သည်။ ပါးစပ်မှာ၊ ဦးခေါင်းမှာ သွေးစများနှင့် လဲကျနေသည့် မိန်းကလေးတစ် ယောက်။ အဘိုးအိုကသူမ၏နံဘေးပြန့်ကျဲနေသည့် ပစ္စည်းများထဲမှ ထွက်ကျနေသောကဒ်ပြားလေးတစ်ခုကို တုန်ရီနေသောလက်ဖြင့် ကောက်ယူကာ ဓာတ်တိုင်အလင်း ရောင်အောက် တွင် အသံတိုးတိုးထွက်၍ ဖတ်လိုက်သည်။

       “ အမည်.. စောနွယ်အေး၊ လူမျိုး.. မြန်မာ၊ မွေးသက္ကရာဇ် ..၁၉.၉.၁၉၈၁”

       တရွေ့ရွေ့ ထွက်ခွာသွားသည့် အဘိုးအို၏ ကုတ်အိင်္ကျီရှည်ကြီးအတွင်းရှိ အိတ်ကပ်တစ်နေရာတွင်  အနီရောင်ကတ္တီပါဗူးလေး ရှိနေသည်။ ဗူးလေးအတွင်းမှာတော့ ပိုင်ရှင်နှင့်အပြီးတိုင် ဝေးကွာသွားခဲ့ရသည့် လက်စွပ်လေးတစ်ကွင်း ကတော့ဖြင့်..ငိုကြွေးလျှက်…………………..။

 (ပြီး)

အားလုံးကိုကျေးဇူးတင်ပါသည်။

ချစ်ခြင်းအားဖြင့် 
မဒမ်ကိုး

19 comments:

မြစ် said...

အွန်လိုင်းချစ်သူ ခိခိ

မြစ် said...

ဖတ်ရတာ လွမ်းပြီးငိုချင်မိတယ် အဟင့်

ညီလင်းသစ် said...

အစပိုင်းမှာ ဖတ်ရတာ ကြည်နူးစရာ ကောင်းသလောက် အဆုံးသတ်မှာ စိတ်မကောင်း ဖြစ်ရတယ်၊ တထင့်ထင့်နဲ့ ဖတ်နေရင်းကိုပဲ တစ်ခုခုတော့ ဖြစ်တော့မယ်လို့ ခံစား သိနေသလို...၊ ဘဝမှာ အရေးပါတဲ့ မှတ်တိုင်တွေနား နီးနီးလေး ရောက်ပြီးမှ ရပ်တန့်သွားရတဲ့ အဖြစ်တွေ အကြောင်းလည်း ဆက်တွေးနေမိတယ် ညီမရေ...။

မြတ်နိုးသူ said...

ဇာတ်လမ်လေးကစိတ်ဝင်စားဖို့အရမ်းကောင်းတာပဲ
အားပေးဖတ်ရှုသွားပါတယ်အမ။

ညီလင်းနိုင် said...

သိင်္ဂါရ ရသ ဝတ္ထုတိုလေးထဲ

ပျော်ဝင် စီးမျောခဲ့ပါတယ်ဗျာ ။

ရသစာပေတွေ

အများကြီး ဆက်လက် ထုဆစ်နိုင်ပါစေ ။

မိုးငွေ့........ said...

အဲဖတ်နေရင်းနဲ့ (ပြီး)ဆိုတာကြီးကိုတွေ့တော့ ကြောင်ကြည့်နေမိသေးတယ် ဇာတ်မသိမ်းသေးဘူးအောက်မေ့လို့ ဖတ်ကောင်းတုန်းရှိသေးအေ..ညေးကလဲ တုံးခနဲဖြတ်ချပစ်တယ်...

May Khin said...

ဝတ္ထုတိုကောင်းလေးတစ်ပုဒ်
ဖတ်ရှု.အားပေးသွားပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်

ညိမ်းနိုင် said...

ဇာတ်သိမ်းခန်းလည်းရောက်ရော....လွမ်းစရာလေးဖြစ်
ကျန်ခဲ့ပါရောလားဟာ.....၊ဇာတ်လမ်းကို ဒီထက်နည်းနည်း
ရှည်ရှည်လေးရေးလိုက်ရင် ရှယ်တကာ့ရှယ်ဖြစ်သွားမယ်...

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလည်းကောင်းတယ်
မကောင်းလဲ မကောင်းဘူး
ဆို့ဆို့နင့်နင့်ပါဘဲ ။

လွင်ပြင်လှိုင်းငယ် said...

ဇာတ်လမ်းလေးကောင်းမှကောင်း ညီမရေ

သက်ဝေ said...

ရသမြောက်တဲ့ စာစုလေး... ရေးထားပုံလေး သိပ်လှတယ်...
ကော်မန့်  ရေးချင်စိတ်ပေါ်လာအောင် စာလေးက ဆွဲဆောင်သလို ကော်မန့် ဘောက်စ် အပေါ်က စာလေးကလည်း ဆွဲဆောင်ပါတယ်...
:D

မိုးနတ်ကြယ်စင် said...

မခံစားနိုင်ဘူး..မခံစားနိုင်ဘူး..
အဲလိုအလွမ်းဇာတ်တွေ...
တကယ်ကို မခံစားနိုင်လို့ပါနော်..

အင်္ဂါမောင် said...

စိတ်ကူးအယဉ်လွန်ပြီး ဘာမှ မမြင်တော့တာ ရှိမယ်။ သနားပါတယ်။ အော်... အချစ် အချစ် အချစ်။ အားလုံး ဒုက္ခတုံး ဒုက္ခခဲကြီးတွေပါဘဲလား။း(

Latt Latt said...

အားပေးသွားပါတယ်

အိမ်မက်စေရာ said...

သိတော့သိတယ် တစ်ခုခုဖြစ်တော့မယ် ဆိုတာဖတ်နေရင်းနဲ့..
တကယ် အဲ့ဒီအနားလဲ ဖတ်လိုက်ရော ရင်ထဲကနေ တစ်ခုခု ပြုတ်ကျသွားသလို ပဲ ဟာကနဲ..
ငိုချင်သွားတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အယ်
ဒီလောက်ပျော်စရာကောင်းမဲ့ အဆုံးသတ်ကို ဒီလိုနည်းနဲ့သိမ်းပစ်ရတယ်လို့ ကွယ်
ဖတ်ပြီး စိတ်မကောင်းလိုက်တာ...
မျှော်နေမဲ့သူနဲ့ ရောက်မလာနိုင်တော့မဲ့ သူ နှစ်ယောက်လုံးကို သနားလိုက်တာ.. တကယ်ပါဘဲ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ခေါင်းစဉ်ကလေးက အရမ်းလှတယ်။
ဒါပေမယ့် ဝတ္တုကလေးကတော့ ဝမ်းနည်းကြေကွဲဖို့ ကောင်းတယ်။

ပန်းချီ said...

ဒီစာစုလေးအရမ်းကြိုက်တယ် မဒမ်ရေ။ ဖတ်ပြီးတာ ကြာပြီ။ ခုတစ်ခါပြန်လာဖတ်ပြီးမှ မန့်ဖြစ်တော့တယ်။ ခေါင်းစဉ်က နူးညံ့သိမ်မွေ့ပြီး လှလှပပကလေးး)

Angelhlaing(May everybody be happy and healthy! said...

သနားပါတယ် မမရယ် ...:(

Related Posts Plugin for WordPress, Blogger...