Friday, November 2, 2012

တခြမ်းပဲ့ လ



မနက်ဖန်ဆိုလပြည့်ပြီတဲ့။ ရုတ်တရက် အပြင်က ကြားလိုက်ရတဲ့ အသံတစ်ခုကြောင့် စာဖတ်နေရင်းက သူမပြုံးလိုက်မိသည်။

သူမဘ၀မှာ လမသာခဲ့တာ နှစ်နဲ့ချီကြာခဲ့ပြီပဲ။ သူ.. သူမဘ၀ထဲက ထွက်သွားပြီးကတည်းက လရောင်ကို မခံစားတတ်ခဲ့တောတာ ဆယ်စုနှစ်တစ်စု နီးပါး ရှိတော့မည် ထင်သည်။ လပြည့် ခြင်း၊ လမပြည့်ချင်းသည် သူမနှင့် မသက်ဆိုင်တော့သလို လရောင် အောက်က အလွမ်းသီချင်းတွေ ကိုလည်း ခံစားနိုင်စွမ်း မရှိခဲ့တော့တာ ကြာခဲ့ပြီ ။

အတူနှစ်ခြိုက်ခဲ့သော ကော်ဖီခါးခါးနှင့် ဇော်ဝင်းထွဋ်သီချင်းများမှ လွဲပြီး သူမဘ၀မှာ ကျန်တာ အားလုံးကိုပြည်ဖုံးကား ချပစ်လိုက်သည်။ မိုးအေးအေး -နေ့ရက်များတွင် ကော်ဖီခါးခါးတစ်ခွက်နှင့် ဇော်ဝင်းထွဋ်သီချင်းတစ်ပုဒ်ကို နှစ်နှစ်ခြိုက်ခြိုက် နားထောင် လိုက်သည်ကလွဲလို့ သူနှင့်အတူ နှစ်သက် ခဲ့သော အရာအားလုံးတို့ကို မေ့ချင်ယောင်ဆောင်ပစ်ခဲ့သည်။  

အိမ်ရှေ့စံပယ်ပန်းရုံကြီးဆီက ရနံ့တွေသင်းလာရင် ရင်ထဲ တစ်ခုခုကို တမ်းတသလိုလို။ တစ်ယောက်ယောက်များ ရောက်လာတော့ မလိုလို။ သူ လက်ဆောင်ပေးခဲ့သော ကြည်ပြာပန်းအိုးလေးကို အပင်တွေပွားကာ အိမ်ရှေ့ဆင်ဝင်အောက်မှာ တစ်ခင်းကြီးစိုက်ထားပြီး မနက်မိုးလင်းလို့ ပြတင်းပေါက်ကနေ ကြည်ပြာပန်းလေးတွေကို လှမ်းလှမ်းကြည့်ရတာကိုက လွမ်းဆွတ်မှု အရသာတစ်မျိုးလေလား။သူမမဝေခွဲတတ်ပါ။ 
တစ်ခါတစ်လေ ခရေပန်းသည်လေးက “အမ..ခရေပန်းယူဦးမလား” မေးလို့ ယောင်ချာချာနှင့် ၀ယ်လာပြီးတိုင်း ဘာလုပ်ရမှန်းမသိ။ ကျောင်းထိပ်က ခရေပင်ကြီးက ခရေတွေကို ကောက်ပြီး သူမအတွက် သီကာ ယူလာခဲ့ပေးတဲ့ သူ့ကို တမ်းတမ်းတတ လွမ်းမိနေ သလားတော့ မပြောတတ် ။ 
သူက ထားသွားတာလား၊ သူမက ထားရစ်ခဲ့တာလား။ ရေရေရာရာမသိတဲ့ မရေရာခြင်းတစ်ခုနဲ့ပဲ သူမတို့နှစ်ယောက် တကယ် ဝေးကွာခဲ့ကြရသည်။ ခင်ဟု သူမကို အမြတ်တနိုးခေါ်တတ်ခဲ့သည့် သူ့ကို၊ မောင်ဟု တယုတယခေါ်ခွင့်ရှိသော ဘ၀နှစ်ဘ၀၏ ဘ၀တစ်ခုကို ထူထောင်ရန် ပြင်ဆင်နေ ကြချိန်၊ ယုံကြည်မှု အနာဂတ်အိပ်မက်များစွာကို သူမဘ၀ထဲမှ ဆောင်းနေ့တစ်ရက်က ခပ်ကြမ်းကြမ်း ၀င်ရောက်တိုက်ခိုက်သွားခဲ့သည်လား။ 
ထက်မြက်လွန်းသော၊ အရာရာကို ဦးဆောင်နိုင်သောသူမနှင့် အေးဆေးလွန်းသော သွေးအေးလွန်းသော သူ၊ သည်နှစ်ယောက်ကြားမှ ကွာဟမှု ကြီးမားခြင်းက လူမှုအသိုင်းအ၀ိုင်းကြောင့်လေလား။ သူငယ်ချင်းများ၏ ၀ိုင်းဖျက်မှုကို လက်မခံနိုင်။မတူညီသော စရိုက်ရှိသည့် မိသားစုနှစ်ခုမှ -ပေါက်ဖွား လာကြသည့် သူမတို့နှစ်ဦးကို မသင့်တော်ဟုဆိုလာသည့် မိခင်၏တားမြစ်ချက်ကို အချစ်တစ်ခုတည်းနှင့် တွန်းလှန်ခဲ့သည့် သူမအား သူ၏နောက်ဆုံး တုန့်ပြန်မှုက မထင်မှတ်ပဲ ခါးသီးလွန်းလှသည်။ 
ဝေးကွာခဲ့သည့် အချိန်ကစ၍ စာမျက်နှာ၁၅ကို သူရောသူမရော တူညီစွာ နားထောင်ဖြစ်ခဲ့ကြ သည်။ အဲသည်သီချင်းဖွင့်မိတိုင်း ဘယ်အချိန်ဖြစ်ဖြစ် မျက်ရည်တို့က ပိုးပိုးပေါက်ပေါက် မိုးရေစက်တွေလို ကျသည်။ သူလည်း စာမျက်နှာ၁၅ထဲကလိုပဲ မေးချင်ကောင်းမေးချင်ပါလိမ့်မည်။သူမသည်လည်း ထိုနည်းလည်းကောင်း မကြာခန စာမျက်နှာ၁၅ကို နားထောင်မိတိုင်း သူ့ပုံရိပ်များက ရုပ်ရှင်ပြကွက်လို အစီအရီ။ 
ရံဖန်ရံခါ မြည်လာတတ်သော ဖုန်းထဲမှ တစ်ခါကလိုဆိုတဲ့ သီချင်းကို ကြားရတိုင်း၊ စာမျက်နှာ၁၅ သီချင်းကို ကြားရတဲ့ အခါတိုင်း၊ သူမ ဖျော့တော့စွာ ပြုံးမိသည်။ အကြိုက်ချင်း တူထပ်တူညီခဲ့ပါလျှက်နှင့် အဘယ်ကြောင့် ဝေးကွာခဲ့ရသော ညီမျှခြင်း၏ အဖြေကို ရှာမရ။ မာနကို ပွန်းရှမခံတတ်သော သူမ၏မာနကို ထိခိုက်ခဲ့ခြင်းကြောင့်များလား။ သို့တညှ်းမဟုတ် တန်ဘိုးထားသည့် ချစ်ခြင်းမေတ္တာကို စော်ကားခံလိုက်ရသည်ဟု ခံစားမိလိုက်၍ လား။ တခါတလေ ဖုန်းလာလျှင် သူ့ဖုန်းချပြီးသွားသည်နှင့် တမ်းတမ်းတတ “မောင်”ဟု တိုးတိုးလေးတော့ ညည်းတွားမိသည်။ သူမ၏တမ်းတမှု၊ လွမ်းဆွတ်မှု တွေကို မသိလိုမမြင်စေလိုပါ။  အနိုင်ဖြင့် ပိုင်းချင်သည် ဟု ဆိုချင်လျှင်ဆိုပါစေတော့။ တစ်ယောက်ထဲ လွတ်လပ်တိတ်ဆိတ်စွာဖြင့် လွမ်းနေရခြင်းက အောင်နိုင်ခြင်းတစ်ခုလို သတ်မှတ်ထားသည့် သူမ၏ ရင်ထဲက လွမ်းဆွတ်ကြေကွဲခြင်းများကို သူ့ကို မမြင်လို၊ မတွေ့စေလိုတော့ပါ။

       ဆယ်စုနှစ်တစ်စုနီးပါး ကွဲကွာခဲ့ပေမယ့် သံယောဇဉ်က အရင်အတိုင်း မချို့ယွင်းနေသေး။ ငယ်ချစ်ဦးမို့ အချစ်ပိုသည်လို့ သူငယ်ချင်းများကစလျှင် သူမ ဟက်ဟက်ပက်ပက် ရယ်မိသည်။ သူသည်လဲ အိမ်ထောင်မပြုသေး။ သူမသည်လဲ အိမ်ထောင်ပြူဖို့ ခေါင်းထဲကို မထည့်တော့ဟု ဆုံးဖြတ်လိုက်သည့် အချိန်ကတည်းက ချစ်ရေးဆိုသူများကို ပေါ့ပေါ့ပါးပါးပဲ လက်ခံစကားပြောဖြစ်ခဲ့သည်။ သူငယ်ချင်းတွက “အသက်လေးရလာပြီနော၊် ဒီလိုနေတော့မလို့လား” လို့ မေးရင် သူမ သဘောတကျ ရယ်မိသည်။ တကယ်ပဲ ဘယ်အရာကိုမှ တလေးတပင် မတွေးမိတော့။ သူ အိမ်ထောင်မပြုသေးသည့် အကြောင်းအရင်းကို သူမ သေချာမသိပေမယ့် သူမ ကတော့ သူမကိုယ်သူမသိနေသည်။ သူနှင့် ပတ်သတ်သည့်ပုံရိပ်များက သူမတစ်သက် မပျောက်ကွယ်နိုင်ဟု ခံယူထားမိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

       တစ်နေ့က စာမေးပွဲတစ်ခုဖြေရန် ပြင်ဆင်နေရင်း လက်ဝါးကိုအလိုလိုဖြန့်ကြည့်လိုက်မိသည်။ တစ်ချိန်တစ်ခါတုန်းက သူမ စာမေးပွဲဖြေရင် သူက အခန်းနားထိလိုက်ပြီး အခန်းထဲဝင်တော့မည့် သူမကို လက်ဝါးဖြန့်ခိုင်းသည်။ သူမ လက်ဝါးဖြန့်ပေးလိုက်တော့ သူက လက်သီးဆုပ်ပြီး သူမလက်ဝါးထဲသို့ တစ်စုံတစ်ရာထည့်လာသည်။ပြီးတော့ တိုးတိုးလေး သူမအနားကပ်ဆိုသည်။ “မောင့်ရဲ့ ကံကောင်းခြင်းတွေ ခင့်ကို အကုန် -ပေးလိုက်တယ်နော်၊ ခင် ဖြေနိုင်မှာပါ” တဲ့။ စာမေးပွဲတွေဖြေတိုင်း၊ သူမအင်တာဗျုးတွေဖြေတိုင်း သူမ ခရီးသွားတိုင်း သူဒီလိုလုပ်နေကျ။နှစ် အလီလီတိုင် သူမလက်ဝါးပြင်ထဲကို တကယ့်ကံကောင်းခြင်းတွေ သူထည့်ခဲ့သလား၊ သူမ သေချာမသိပေမယ့် ထိုအရာတို့က သူမနှလုံးသားကို -ကျေကျေနပ်နပ်ကြီး နွေးထွေးလှုပ်ရှားစေခဲ့သည်မှာတော့ အသေအချာပင်။

       “ကော်ဖီသောက်တိုင်း လွမ်းတယ်အချစ်ရယ်” သီချင်းစာသားလေးကို ညည်းမိတော့ ကော်ဖီသောက်ပြီးတိုင်း သူမဖျော်ပြီးသား -ကော်ဖီမစ်အခွံလေးတွေကို ကြိုးကြာငှက်လေးတွေ ခေါက်ခေါက်ပေးတတ်လို စုထားရင်းများလာတော့ သူမအခန်းတွင်းမှာ လိုက်ကာတစ်ခု ချိတ်ဆွဲထားပစ်လိုက်သည်ကို ပြန်သတိရမိသည်။ ခုရော.. သူမအတွက်တော့ တကယ်ပဲ ကော်ဖီသောက်တိုင်း လွမ်းနေဆဲ၊ သူကရော ကြိုးကြာအရုပ်လေးတွေ ခေါက်နေဆဲပဲလားမောင်လို့တော့ မေးလိုက်ချင်သား။ “ခင့်အနားမှာ မောင်အမြဲ ရှိနေမှာပဲ..၊ ခင် အဲဒီငှက်ခေါက်နည်းကို မသင်ချင်ပါဘူး၊ ခင့်စာနဲ့ခင်တောင်ရှုပ်နေတာ မောင်ပဲ အမြဲခေါက်ပေး” လို့ သူမပြောရင် “အင်း .. ရေရာခြင်းတွေကပဲ မရေမရာဖြစ်နေခဲ့တာ ခင်သိလား” ဆိုတဲ့ အဓိပ္ပါယ်ပြည့်နှက်နေတဲ့ စကားစုကို သူရွတ်ခဲ့တာ သူမ နားမလည်ရိုး အမှန်ပါ ။

       လသာသည့်ညတိုင်း သူနှင့်သူမ ဖုန်းပြောဖြစ်ကြတိုင်း ခင်နဲ့မောင် လမင်းကြီးမှာ အကြည့်ချင်းဆုံကြမယ်နော်လို့ အမြဲပြောဖြစ်ခဲ့တာ။ သူကြယ်ဘယ်နှစ်လုံး မြင်ရကြောင်း၊  သူမ ကြယ်ဘယ်နှစ်လုံး မြင်ရကြောင်း ငြင်းခုန်ရင်းရယ်မောခဲ့ကြ  ရေတွက်ခဲ့ကြသည့် ညတို့သည်ပင်အလီလီ။ “မောင်..ခင့်ကို ဘာလို့ချစ်တာလဲ” ဟု သူမ သူ့ကို မေးခဲ့ဖူးသည်။ သူဖြေပုံကရှင်းရှင်းလေး။ “ခင်ဟာ မောင့်ရဲ့ကမ္ဘာဦးအစက ဗြဟ္မာကြီးတွေ ဖျောက် ခဲ့တဲ့ ကိုယ်တစ်ခြမ်းမို့ပေါ့" တဲ့။ ဘယ်တုန်းက ချစ်တာလဲဆိုတော့ ''ခင်..မောင့်ရှေ့ မှာ သွားတက်လေးတွေပေါ်အောင် ရယ်လိုက်တဲ့နေ့က” တဲ့။ တကယ်ပဲ အဲဒီနေ့ကသူမ လွတ်လပ်စွာရယ်မောခဲ့ဖူးသည်။ ဒါတွေက သူမအတွက်တော့ လွယ်လွယ်ကုကူ မေ့နိုင်တဲ့အရာများမဟုတ်။

       သူမအိမ်ကို ၀င်ထွက်သွားလာခွင့်ရထားသည့် သူ့ကို မိဘအသိုင်းအ၀ိုင်းက ကြည်ဖြူသည်မဟုတ်ပေမယ့် တစ်ဦးတည်းသော သမီးကို အချစ်ပိုသည့် သူမ မေမေကတော့ သူမဖြစ်စေချင်တာတွေကို အကုန်လိုက်လျောပေးခဲ့သည်။  ရွှေခြေကျင်းဝတ်ထားသော ထမီစကတ် ၀တ်တတ် -သော သူမကို  တည့်တည့်ပင် မကြိုက်ကြောင်း အတင်းပြောသည့် ယောက္ခမလောင်းနှင့် ယောင်းမလောင်းကို မနှစ်မြို့ပေမယ့် သူ့ကိုချစ်သည့် စိတ်နှင့် အရာအားလုံး လျစ်လျုရှု့ပစ်လိုက်သည်။ သူငယ်ချင်းများက  လုံးဝစိတ်ဆိုးကြ ကန့်ကွက်ကြတော့ '' ငါက သူ့အမေနဲ့ပေါင်းမှာမှ မဟုတ်တာ၊သူ့နဲ့ပေါင်းမှာလေ'' လို့ ရယ်ကျဲကျဲပြောမိလို့ သူငယ်ချင်းတွေ ဒေါဖောင်းတာ ပြန်အမှတ်ရ သည်။

       မနေ့က ရီတာတို့အိမ်အသွား ခြံပြင်မှာ ကားရပ်ထားရင်းနှင့် မဆီမဆိုင်သူ့ကို လှမ်းသတိရလိုက်မိသေးသည်။ သူကို သွားခေါ်တိုင်း အိမ်ထဲ မ၀င်ဘဲ ကားကိုသူတို့ ခြံပြင်မှာရပ် ကားဟွန်းတီးပြီး စာဖတ်လို့ သူမ နာရီပေါင်းများစွာ စောင့်ခဲ့ရဖူးသည်။ တော်တော်နှင့် ထွက်မလာလို့ မေးတော့ အမေက အပြင်ထွက်မယ်ဆိုလို့ အလုပ်ပြီးအောင်ခိုင်းနေလို့တဲ့ .အမေချစ်တဲ့ သားတစ်ယောက် ဟာ လင်ကောင်းတစ်ယောက်ဖြစ်မလာဘူးလို့ အမြဲပြောတတ်တဲ့ သူငယ်ချင်းမောင်မောင့်စကားတွေက တကယ်များမှန်နေရော့သလား။

       ဟိုသီချင်းလို “အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတဲ့နောက်” လိှု့တောင်ဆိုရမလိုပဲ။ သူမအချစ်တွေနဲ့ဖုံးလွှမ်းနေဆဲ သူမကိုယ် သူမသိသည်။ ရတီလို့ အားလုံးကခေါ်ကြတဲ့သူမကို  သူ့မေမေက ခင်ရတီလွင်လို့ ခပ်ထောင့်ထောင့်နှင့် အပြည့်အစုံ ခေါ်တာကို သူမဘ၀င်မကျလို့ သူ့ကိုပြောမိ -တော့ “ခင့်နာမည်က ဒါဘဲဟာ၊ မဟုတ်လို့လား”တဲ့။ သူမ မကျေနပ်ပေမယ့် အောင့်သက်သက်နှင့် မျိုသိပ်ခဲ့ရတာ အသေအချာပေါ့။ အိမ်ရှေ့က သစ်ပင်ထက်မှာ ဥသြငှက်က ကျယ်ကျယ်လောင်လောင် လွမ်းဆွတ်နေလိုက်တာများ။ အတိတ်တွေက ပစ္စုပန်ကိုရောက်လာသလားလို့တောင် ထင်မှတ်ရလောက်အောင် သူမရင်ထဲ လှုပ်လှုပ်ခတ်ခတ်။ အရာအားလုံး ပြန်တွေးလိုက်မိရင် မနေ့ကအတိုင်းလိုဘဲ။

       တခမ်းတနားကြီးကျယ်စွာနဲ့ သူမမိဘတွေလုပ်ပေးခဲ့တဲ့ စေ့စပ်ပွဲမှာ ပန်းနုရောင်ကျောက်စီဝတ်စုံလေးနှင့် လှနေသောသူမကို သူငယ်ချင်းတွေက သူနှင့်လုံးဝမလိုက်ဖက်ဟု စေ့စပ်ပွဲမှာ ပေါ်တင်မကျေမနပ်ဆိုခဲ့ကြတုန်းကလဲ သူမ ဂရုမစိုက်နိုင်ခဲ့ပါ။ ဂုဏ်သရေရှိ လူကြီးတွေ၊ အရာရှိကြီးတွေလာကြနှုတ်ဆက်ကြနှင့်။ သူမအတွက်တော့ လှပသော အိပ်မက်တစ်ခုကို မက်ဖို့ အစပျိုးနေသည်လဲလို့ တွေးခဲ့မိရိုးအမှန်ပါ။ ဒီလို နာကျင်ကြေကွဲရမယ်လို့များ ကြိုသိခဲ့ရင်တောင်မှ သူမ ရူးမိုက်စွာ လုပ်ဖြစ်ခဲ့မယ် ထင်တာပါပဲ။ သူမ အချစ်ကြီးတာ သူသိသိကြီးနဲ့ ဘာလို့ နာကျင် -အောင် လုပ်ခဲ့သလဲလို့တော့ မေးဖြစ်လိမ့်မည် မဟုတ်ချေ။ ဘာကြောင့်လဲဟု မေးလာရင် ရည်းစားဦးအချစ်ဦးမို့ အရူးအမူးအချစ်ထူးပါသည် လို့သာ ဖြေလိုက်ယုံသာ။

       တယူသန်လွန်းသူ သူက သူ့ယုံကြည်ချက်တခုနှင့်လျှောက်လှမ်းလိုသူ။ သူမဖြစ်စေချင်သော ဆန္ဒနှင့်လုံးဝကိုဆန့်ကျင်ဖက်။ ဒီအကြောင်းပြချက် တခုနဲ့တော့လည်း သူမတို့နှစ်ယောက် လမ်းခွဲဖို့အတွက် မလုံလောက်နိုင်ခဲ့သေးပါ။ ချစ်ခဲ့ကြတာလဲ သုံးနှစ်သုံးမိုး နီးပါး။ တယူသန်လွန်းသည့်သူနှင့် သူမတို့ မရေရာသည့်စကားတွေ အတိုက်အခံပြောကြရင်း သူ့နှုတ်ကထွက်လာတဲ့ စကားတခွန်းကြောင့် သူမ ကြောက်လန့် တကြားဖြင့် အဲဒီနေ့က သူ့မျက်နှာကိုမော့ကြည့်မိခဲ့သည်။ သူတွင်တွင်ပြောနေတဲ့ သူ့ရဲ့ယုံကြည်မှု့ သူလျှောက်လိုသောလမ်းမှာ သူမကနောက်ဆုံးကလူသား ။

''နင်ထွက်သွားတော့..မောင်..နင် ငါ့ဘ၀ထဲက ထွက်သွားတော့'' ..သူမ ခါးခါးသီးသီး အော်ဟစ်ပစ်လိုက်မိသည်။ 

''မင်းဟာအနာဂတ်မရှိတဲ့မိန်းမပဲ .ခင် ..ငါကမိန်းမယူလည်း အမေ့စကားပဲ နားထောင်မှာ မင်းမှတ်ထား .ငါ့မိသားစုက ငါ့အတွက်ပထမ ..'' ဆိုတဲ့ စကားတခွန်းကြောင့်ပဲ  သူနှင့်သူမလမ်းခွဲဖို့ လုံလောက်သွားခဲ့တာ။ ထိုစကားတစ်ခွန်းနှင့်ပင် နာကျင်စွာ သူမ လှည့်ထွက်လာခဲ့မိတာ။ မာနကို အသက်လောက်ကိုးကွယ်သော သူမအတွက် ခုနှစ်ထွေကကြိုးစုံတဲ့ အဲဒီနေ့က လမင်းကြီးကတိမ်တ၀က်ဖုံးလို့ ။။

        မာနတွေထိခိုက်ခံလိုက်ရပြီလို့ သူမနာကျည်းစွာခံစားခဲ့ရသည်။သူဖုန်းဆက်သော်လည်း မေမေက သူမအစားဖြေပေး လိုက်သည်တဲ့ ။စေ့စပ် -ကြောင်းလမ်းဖျက်သိမ်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ စုံစမ်းမေးမြန်းခြင်းသည်းခံပါလို့ ထည့်လိုက်တဲ့အချိန်နဲ့ မရှေးမနှောင်းမှာပဲ  သူ ထွက်သွား ခဲ့တော့ သူမလေယာဉ်ကွင်းကိုပင် လိုက်သွားခဲ့သေးသည်။  သူကလည်း တယူသန် သူမကလည်း မာနကြီးသူ။ လေယာဉ်ကွင်းမှာတွေ့တော့ သူ အံသြနေတဲ့ အချိန် သူမသူ့လက်ကိုဆွဲပြီးနှုတ်ဆက်လိုက်တာ မှတ်မှတ်ရရ ဆောင်းနှင်းတွေ ကျနေတဲ့ ဒီဇင်ဘာလရဲ့နေ့ရက်တစ်ရက်မှာပေါ့။

သူငယ်ချင်းတွေအကုန်လုံးတအံ့တသြ မျက်နှာတွေနဲ့ ထူးဆန်းသော သတ္တ၀ါတစ်ကောင်လိုသူမကို ကြည့်နေကြတာ သူမသိကျိုးကျွံ ပြုပစ် လိုက်ခဲ့တာ။ မျက်ရည်ကလုံးဝမကျ။ လေယာဉ်ကြီး ပြေးလမ်းပေါ်ကနေ လေထဲထိုးတက် သွားတဲ့အချိန်မှာဘဲ တင်းထားသမျှစိတ်တွေလျှော့လို့ သူမခွေခနဲလဲကျသွားခဲ့တာ ။ 

သူမ သတိရတော့ ဆေးရုံပေါ်မှာ .ဆေးသွင်းထားသည့် ပိုက်တန်းလန်းနှင့် သူ့မကိုစိုးရိမ်နေကြသည့် မိသားစုနဲ့သူငယ်ချင်းတွေ။ ဆေးရုံက ပြန်ဆင်းတော့ သူမဘ၀ကိုအမှောင်ချ . တနှစ်တိတိ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ သူမအိပ်ခန်းထဲမှာဘဲ အချိန်တွေ ကုန်ဆုံးခဲ့ပစ်လိုက်မိတာ။ ဆရာဝန် မှတ်ချက်က စိတ်ကျရောဂါတဲ့ ။အဲဒီတုန်းက သူမရှက်သည့်စိတ်နှင့် အသက်ရှင်ချင်စိတ်ကို မရှိတော့တာ။ ပြန်လည်စုစည်းခဲ့ရသည့် စိတ်အစဉ်နှင့် ခက်ခဲပင်ပန်းစွာ -နေထိုင်ခဲ့ရသည့်ရက်များစွာကို သူမအမှတ်ရနေမိသေးသည်။

       ထိုနေ့ရက်တို့ကို ပြန်မလိုချင်တော့ပါ။ မဆုံနိုင်သည့်လူနှစ်ဦး တယူသန်စိတ်တွေစွဲကိုင်လို့ မာနတွေအလံထူခဲ့ကြတဲ့ သူမတို့ နှစ်ဦးရဲ့ -ပေါက်ဖွားရှင်သန်လာသည့် မတူညီသည့်အသိုင်းအ၀ိုင်း .ဒါတွေအားလုံးဟာ လက်တွေ့ဘ၀အတွက် ရင်ဆိုင်ရမည့်အရာများကို သူမ ရင်မဆိုင် ချင်တော့ပါ ။ သူမတို့နှစ်ယောက်ဘ၀မှာ ဒီအတိုင်းချစ်နေရခြင်းသာ အကောင်းဆုံးဖြစ်ဖို့ သူမရွေးချယ်ခဲ့လိုက်သည်။ 

သူလည်းသူ့ခံယူချက်နှင့် ရပ်တည်နေခဲ့သလို သူမသည်လဲ မာနတခုအတွက်နှင့် အလံထူခဲ့သည်။သူကမ်းကပ်သည့် နိုင်ငံရောက်တိုင်း သူမကို ဖုန်းဆက်တိုင်း သူမတမ်းတမ်းတတ တမက်တမောတော့ ဖုန်းနားထောင်ဖြစ်ခဲ့သော်လည်း မောင်လို့တော့ မခေါ်ခဲ့မိတော့ပါ။ သူငယ်ချင်းဘ၀တုန်းက လိုပဲ သူနဲ့ကားပြောတိုင်း ဇော်လို့ ပြန်လည်သုံးနှုံးမိသည်.။ သူကတော့ ခင်နဲ့မောင်လို့ သုံးနေဆဲ။

       သူထွက်သွားသည့်နေ့ကတည်းက လရောင်ကိုခံစားတတ်ဖို့ လမင်းကြီးကိုမော့ကြည့်တတ်ဖို့ သူမနှင့် မဆိုင်တော့လောက်အောင်ကို -မေ့ထားပစ်လိုက်သည်။ အမှတ်တမဲ့ လသာညများကိုကြုံလာတဲ့အခါတိုင်း တတ်နိုင်သလောက် လမင်းကြီးကို မော့မကြည့်ဖြစ်အောင် နေလိုက် မိသည်။ သတိရတဲ့တမ်းတတဲ့ စိတ်တွေသူ့ကို လမင်းကြီးကတဆင့် မြင်မသွားစေချင်လို့ပါ။ ''ခင်.မင်းသိပ်မာနကြီးတယ်'' လို့ ဖုန်းထဲကနေ ခဏခဏ ပြောတတ်တဲ့ သူ့စကားတွေကို သူမကျေကျေနပ်နပ်ကြီး လက်ခံပစ်လိုက်တာ သူမအောင်မြင်မှု့တခုကို ရလိုက်သလိုလိုတော့ရှိနေသား။

 တခါတလေ ယောင်ချာချာနေ့ရက်တွေကိုဖြတ်သန်းတိုင်း  မသိစိတ်က မျှော်နေမိပေမယ့်လည်း သိစိတ်ကလက်မခံနိုင်တော့တာ သူမကိုယ်တိုင်ပင် အသိဆုံးဖြစ်နေသည်။ သတိတရ ရှိနေသည့် နေရက်များကတော့ ဆယ်စုနှစ်တစုနီးပါး မပြောင်းလဲနိုင်ခဲ့သေး။ သူလည်း သတိရနေတတ်သလို သူမလဲ သူ့ကို လွမ်းဆွတ်နေတတ်တာတော့ ၀န်ခံမိသည်။ သူ့သူငယ်ချင်းတွေကတော့ မာနတွေခ၀ါချဖို့ ကြောင်းလမ်းကြပေမယ့် ဆံပင်ရှည်တွေ ၀ဲခါသွားတဲ့အထိ ရီရီမောမော ခေါင်းခါပြစ်လိုက်သည့် အကြိမ်အရည်အတွက်လည်း မနည်းတော့။ ၀ဲတက်လာတဲ့ မျက်ရည်တွေကိုလည်း ဘယ်သူ့ကိုမှ မမြင်စေလိုတော့ပါ။  ချစ်သည်။ တမ်းတမိသည်။ လွမ်းဆွတ်မိသည်။ အရိုးရှင်းဆုံး ၀န်ခံနိုင်သော်လည်း ယုံကြည်ချက်တခုကို အသေကိုင်စွဲထားသော သူနှင့် မာနကို ကိုးကွယ်သောသူမတို့နစ်ဦးရဲ့ ကောင်းကင်က ဘယ်တော့မှ လမပြည့်နိုင်တော့ဘူး ဆိုတာကို နှစ်ဦးစလုံး သဘောပေါက်နားလည်နေခဲ့ကြပြီ။ သူမတို့ကောင်းကင်ရဲ့ ပြီးပြည့်စုံမယ့် လတစ်စင်း ဟာမာနတွေနဲ့တခြမ်းပဲ့သွားခဲ့ပြီလေ။

       တကယ်လို့သာ လတစ်စင်းဟာ တခြမ်းပဲ့သွားခဲ့ရင် ဘယ်တော့မှ လပြည့်ဆိုတာဖြစ်လာမှာမဟုတ်ဘူးမို့လား။အဲဒီလိုပဲပေါ့ ....သူနဲ့သူမတို့ရဲ့ တခြမ်းပဲ့နေတဲ့ လတစ်စင်းအတွက်တော့ လပြည့်ညဆိုတာ ဘယ်တော့မှ ဖြစ်လာတော့မှာမှ မဟုတ်တာဘဲလေ ။

မဒမ်ကိုး
၅း၀၀.တိတိ
၃၁/၁၀။၂၀၁၂ ( ဗုဒ္ဒဟူး )

15 comments:

တောက်ပကြယ်စင် said...

ပြီးပြည့်စုံတော့မည့် လတစ်စင်းဟာ မာနတွေနဲ့ တစ်ခြမ်းပဲ့ခဲ့ရတဲ့ အချစ်ဝတ္ထုလေးကို ဖတ်သွားပါတယ်။ အရေးအသားညက်ညောပြီး တင်စားပုံလေးက လန်းတယ်။ ချမ်းမြေ့ကြပါစေ...
အဲဗားခင်မင်လျက်ပါ...

ကိုကိုမောင်(ပန်းရနံ့) said...

ခံစားချက်ကောင်းတော့ စာလေးတွေလဲ ကြွတယ်။
ဒါနဲ့..
အခုတော့ လပြည့်နေပြီ မဟုတ်လား။ သာလိုက်သမှ ၀င်းဝင်းပပ။ နေနှင့်လ ရွှေနှင့်မြ။း))))

အလွမ်းမြို့ said...

ဒိုးလေးရေ

မကြီးလွမ်း ဝတ္တုတိုလေး လားအားပေးသွားတယ်။
တစ်ခြမ်းပဲ့လ တဲ့လား။လလေးကို အမြဲ သာစေချင်
သူပါ။ အရေးအသားကောင်း၏ ကိုရင် လက်စွမ်းတွေလားမသိ
ကျန်းမာရေး ဂရုစိုက်ပါ။


ခင်တဲ့
မကြီးလွမ်း

အလင်းသစ် said...

လပြည့်ညမှ ညလို့ခေါ်တာမဟုတ်ပဲလေ...
ခါးသက်သက် ခံစားမှုလေးတွေကလည်း ရသတစ်မျိုးပေပဲ မကြီးဒိုးရ.... တစ်ခြမ်းပဲ့လမှာလည်း သူ့အဆင်းနဲ့ သူ့အလင်းရှိတယ်ဆိုတာ လက်ခံရင် လက်ဝါးလေးကို အမြဲဖြန့်ထားလိုက်... ကံကောင်းခြင်းတချို့ကို ဆုပ်ကိုင်နိုင်ဖို့ပေါ့... :)

မိုးငွေ့........ said...

တခြမ်းပဲ့လဆိုလို့ ကိုယ်တိုင်တင်ထားတဲ့ တခြမ်းပဲအသဲနှလုံးဂျယ်လီလေးနဲ့သွားတူနေတယ်...။ ဇာတ်လမ်းလေးဖတ်လို့ကောင်းတယ်...အဲလို မာမီဘွိုင်းနဲ့တော့ မဆုံပါရစေနဲ့...။

ငြိမ်းစိုးဦး said...

လမ်းရှိတဲ့အတိုင်းလျှောက်ကြတဲ့အခါ ဖြတ်လမ်းမှာကြုံရတာကို နူးညံ့စွာ ထင်ဟပ်စေပါတယ် ။ အချစ်နဲ့ လူသား ကိစ္စမှာ လွမ်းမောဖွယ်ကလည်း ကြာပြီဆိုတော့ မေ့လောက်ပါပြီ ... စိတ်မှာ ထင်ခဲ့တယ် ... ဆို ပေ မယ့် ...

မောင်ဘုန်း said...

ခင် ...ရယ် ... ချစ်သူတွေပဲ ..... ရန်သူတွေမှမဟုတ်တာ ဘာလို့ များ သာတယ်နာတယ် တွေးရတာလည်း ... ကွာ ...
အခုတော့ .... တခြမ်းပဲ့လ လေး ..... ဖြစ်ရပြီပေါ့ .... ။


အစ်မရေ ... ကောင်လေးနေရာက ဝင်ပြီ ခံစားသွားပါတယ် ... ။ စာအရေးအသား က ဇတ်အိမ်ထက်ကောင်းလွန်းတယ်ဗျာ ... ။




နွေတေးရှင် (မင်းဧရာ) said...

သိပ်ကောင်းတယ် ဂျာရစ်..

အေးပေါ့နော်.....
တစ်ခြမ်းပဲ့နေတဲ့ လဟာ
ဘယ်တော့မှ မပြည့်နိုင်တာဘဲ

သည်လိုပါဘဲ ဂျာရစ်ရာ။

ဆောင်းနှင်းရွက် said...

သြော် .. ကွယ် ..
ချစ်လျှက်နဲ့ကွဲ ..း(

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ညီလင်းနိုင် said...

သိင်္ဂါရတွေ ဝေဆာနေတဲ့ " တစ်ခြမ်းပဲ့ လ "

ထဲ ပျော်ဝင်စီးမျောခဲ့ပါတယ်ဗျာ ။

နူးညံ့တဲ့ အရေးအသားတွေနဲ့ အတူ

ဆက်လက် အောင်မြင်နိုင်ပါစေနော် ။

ညီရဲသစ် said...

မာနတွေ လွန်ကဲလာရင် အချစ်က ဘေးရောက်ရောက် သွားတတ်တာ သဘာဝဘဲ...

blackroze said...

မားမား
ပစ်ပစ်လာဖတ်သွားတယ်
နေမကောင်းဘူးမားမားရယ်

မေမြို့မိုး said...

လန်ထွက် ပျံတက် လျှံကျနေတာပဲ..။
အရေးအသားက တော့ ဆရာတစ်ဆူးပဲ..။ နအမ.။
ထပ်ရေးဦး..များကြီး.။

lwannaung said...

လွမ်းခဲ့ရတဲ့ တစ်ခြမ်းပဲ့လ.. စီးမျောခံစားခဲ့ပါတယ်ခင်ဗျာ။

Butterfly said...

တစ်ခါတစ်လေတော့လဲ ချစ်တိုင်းလဲ ပေါင်းစပ်လို့မရ၀ူးအစ်မရယ်....ချစ်ပေမယ့်လဲ နားလည်မှုမရှိရင်ကြာကြာပေါင်းစပ်ဖို့ကမလွယ်ဝူးနော်

Related Posts Plugin for WordPress, Blogger...