Sunday, December 18, 2011

အ လာပ..သ လာပ

ကျွန်တော်တို့တွေ ဆိုးရိုးစကားတွေ အများကြီးကြားဘူးကြမှာပါ။ဘယ်နိုင်ငံပဲရောက်ရောက် သူ့နိုင်ငံအလိုက် စကားပုံလေးတွေ စကားတွေထဲမှာ စာတွေထဲမှာလည်း တွေ့ကြရမှာပါ။တစ်ချို့ ဆိုရိုးစကားတွေ၊စကားပုံတွေ ကျတော့ ပေါ့ပေါ့ပါးပါးလေးတွေဖြစ်ပေမဲ့ တစ်ချို့ စကားတွေကြတော့လည်း သတိထားနိုင်အောင် ဆောင်ရန် -ရှောင်ရန်လေးတွေ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။။ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ဘူးပြီး သိပ်မှန်တဲ့ ဆိုရိုး စကားလေးနှစ် ခုရှိပါတယ်။အလာပ သလာပ လုပ်ပါ့မယ်ခင်ဗျား။

ပထမတစ်ခုက“ခြေနှစ်ချောင်းနဲ့ နားရွက်တိုကို မသနားရဘူး”ဆိုတဲ့စကားပါ။ခြေနှစ်ချောင်းနဲ့ နှစ်ရွက်တိုတွေ ကမ္ဘာပေါ်မှာမြောက်များစွာ ရှိကောင်းရှိနိုင်ပေမဲ့ ဒီဆိုရိုးစကားရဲ့ ရည်ညွှန်းချက်ဟာ လူတွေကိုဖြစ်တယ်လို့ ကျွန်တော်တို့ခံယူထားကြပါတယ်။ကျွန်တော့အတွက်တော့ သိပ်မှန်တဲ့စကားဖြစ်ပါတယ်။ကျွန်တော်တို့အဖွား ဟာ ကျွန်တော့အမေ အပါအ၀င်သားသမီး ငါးယောက်ရှိပါတယ်။နောက် သားသမီးတွေ လူပျိုပေါက်တွေ ဖြစ်ကြတော့မှ သုံးအိမ်ကျော်လောက်က ခလေးတစ်ယောက်ကို ကောက်ယူမွေးစားခဲ့ပါတယ်။


အမေမရှိတော့ ပဲ ဖခင် နဲ့နေရာက အဖေက အရက်ဝိုင်းမှာ စကားများကြရင်း ဓါးထိုးမိလို့ ဆုံးပါးသွားတော့ အဖွားလုပ်တဲ့သူက -ခေါ်ယူမွေးစားခဲ့တာပါ။မျိုးရိုးစဉ်ဆက် အရက်သမားတွေဖြစ်လို့ ရပ်ရွာက လူကြီးတွေက မခေါ်ဖို့ အဘွားကို ၀ိုင်းတားကြပေမဲ့ အသနားပိုနေတဲ့ အဘွားကတော့ ဆယ်နှစ်သားလေးကို အိမ်ပေါ်ခေါ်တင်ပြီး သားသမီးတွေနဲ့ တန်းတူထား ကျွေးမွေးခဲ့ပါတယ်။ငယ်စဉ်က မသိနားမလည်ပေမဲ့ လူပျိုပေါက်ဖြစ်လာတော့ သူ့ရဲ့ဗီဇက ပေါ် လာပါတော့တယ်။အရက်သောက်တယ်။ကျွန်တော်တို့ ရွာတင်မဟုတ်ပဲ ဘေးရွာတွေကို လည်ပြီးသောက်ပါ တယ်။အကြွေးသောက်ခဲ့တဲ့ဆိုင်တွေဆိုရင် ကျွန်တော့အဘွားက လိုက်ရှင်းပေးရပါတယ်။ဦးလေးတွေ အဒေါ် တွေက ကြည့်မရပေမဲ့ အမေလုပ်သူရဲ့ မျက်နှာကြောင့် ပြောမထွက်ကြဘူး။

နောက် ရွာစဉ်လှည့်ပြီး ကြက်တိုက်ဖို့အတွက် တိုက်ကြက်ဖတစ်ကောင် မွေးပါတယ်။အဘွားလုပ်သူဟာ မိုးလင်းတာနဲ့ ဘုရားကိစ္စ၊တရားကိစ္စထက် မွေးစားသားရဲ့တိုက်ကြက်ဖကြီးကို အစာကြွေးရေတိုက် လုပ်ပေးရ တယ်။ညနေကြတော့လည်း မူးပြီးပြန်လာလို့ သူ့ကြက်ဖမတွေ့ရင် အိမ်မှာ အော်ဟစ်သောင်းကျန်းလွန်းတော့ ကျန်တဲ့သားသမီးတွေနဲ့ ပြသနာတက်မှာစိုးတဲ့ အဘွားလုပ်သူဟာ ညနေတိုင်း ရွာထဲပတ်ပြီး တိုက်ကြက်ဖကို ပတ်ရှာရတယ်။အိပ်တန်းတက်ခိုင်းပြီးမှ ကျန်တဲ့ကိစ္စကို သူလုပ်နိုင်တယ်။နောက်ဆုံး သူ့စိတ်နဲ့ပဲ အဘွားဆုံး သွားခဲ့ပါတယ်။အမေဆုံးတော့ ကျန်တဲ့သားသမီးတွေက မွေးစားညီအစ်ကိုပေမဲ့ သူရဲ့ရပိုင်ခွင့်တွေကို  ခွဲပေး လိုက်ပြီး အဘွားမြေမမြုပ်ခင်ပဲ အိမ်ပေါ်က နှင်ထုတ်ပစ်ကြတယ်။နောက်ဆုံး အဲဒီလူလည်း အဖွားရက်လည် တဲ့နေ့မှာပဲ အရက်ဝိုင်းမှာရန်ဖြစ်လို့ ဓါးထိုးခံရပြီး သေသွားပါတယ်။အဲဒီ ကိုးနှစ်သားလောက်က အတွေ့အကြုံ ဟာ ကျွန်တော့စိတ်ကို အခုထိ သံမှိုစွဲသလို ညိတွယ်စေပါတယ်။

၂ေ၀၀၅ခုနှစ်ကပါ။နာက်ဒီနိုင်ငံရောက်ပြီး သုံးနှစ်လောက်ကြာတဲ့အချိန်ကပါ။သူငယ်ချင်းတွေ အလုပ်ကပြန် လာတော့ လမ်းမှာ လူတစ်ယောက်နဲ့တွေ့တယ်။“မြန်မာတွေလား”လို့ မေးပြီး မြန်မာတွေဆိုတာသိတော့ “ဇာတိက ရန်ကုန် ရှစ်မိုင်လမ်းဆုံနားက ဖြစ်ကြောင်းသူ ဒီနိုင်ငံကိုရောက်တာ ခြောက်လလောက်ပဲ ရှိသေး တဲ့အကြောင်း၊သူဌေးက နှိပ်စက်လို့ မနေနိုင်တော့တာနဲ့ အလုပ်ထဲက ထွက်ပြေးလာတာဖြစ်ကြောင်း၊ထမင်း မစားရတာလဲ နှစ်ရက်ရှိပြီ” ဘာညာပြောပြီး ကျွန်တော်တို့ကို အကူအညီတောင်းပါတယ်။ကျွန်တော်တို့လည်း သူ့ကို အိမ်ခေါ်သွား ပြီး ထမင်းကျွေးပါတယ်။ညကျတော့ သူ့ကို ကုတင်ပေါ်မှာအိပ်စေပြီး ကျွန်တော်ကတော့ အိမ်ရှေ့ ဧည့်ခန်း မှာပဲ အိပ်လိုက်ပါတယ်။ဒီလိုနဲ့ နှစ်ရက်လောက် အိမ်မှာနေပြီး ရန်ကုန်က သူ့ဘော်ဒါတွေနဲ့ အဆက်အသွယ်ရ လို့ အဲဒီကို သွားချင်ကြောင်း ပြောလာတာနဲ့ ကျွန်တော်တို့သူငယ်ချင်း ငါးယောက်လည်း တစ်ယောက်ကို ရှစ်ဆယ်စီ လေးရာ ထောက်ပံ့လိုက်ပါတယ်။ကျေးဇူးတင်ကြောင်း၊တစ်ချိန်ကျရင် ပြန်ဆပ်မည်ဖြစ်ကြောင်း ပြောပြီး အဆက်အသွယ်ရတဲ့ သူ့သူငယ်ချင်းဆီ ထွက်သွားပါတယ်။အဲဒီမနက်က ဘာရယ် မဟုတ်ဘူး အဘွားကိုတောင် သတိရသွားသေးတယ်။

နောက်တစ်ပတ်ကြာတော့ ညနေခင်းဘက်ကြီး သူပြန်ရောက်လာတယ်။အလုပ်လည်းရပြီမို့ သူ့သူငယ်ချင်း ဆီက ပိုက်ဆံယူလာပြီး ကျွန်တော်တို့ ထောက်ပံ့လိုက်တာကို လာပြန်ဆပ်တာဖြစ်ကြောင်း အရမ်းကျေးဇူး တင်ကြောင်းပြောပါတယ်။အပြန်ကျတော့ အိမ်ကိုလိုက်လာပြီး မနက်အစောမှ ထပြန်မဲ့အကြောင်းပြောတာနဲ့  သူ့ကို အိမ်မှာပဲ အိပ်စေပါတယ်။ညဘက် အိပ်ယာဝင်တော့ စိတ်ထဲကတောင် “ကျွန်တော် ကူညီလိုက်တဲ့ သူကတော့ ကျေးဇူးသိတတ်တယ် အဘွားရေ”လို့တောင် ဆုံးသွားတဲ့အဖွားကို ပြောနေမိသေးတယ်။မနက် မိုးလည်းလင်းရော အဲဒီလူလည်း အိမ်မှာ မရှိတော့သလို ကျွန်တော်တို့ ငါးယောက်ရဲ့ ပိုက်ဆံအိတ်ငါးလုံးရယ်၊ ဖုံးငါးလုံးရယ်လည်း မရှိတော့ပါဘူး။ပိုက်ဆံနဲ့ဖုံးနဲ့ပေါင်းရင် တစ်ထောင့်နှစ်ရာကျော်လောက် အခိုးခံလိုက်ရ တယ်။သူငယ်ချင်းတွေလည်း ဘယ်သူ့ကိုမှ အပြစ်မတင်ကျတော့ပဲ နောက်ဆို ဘယ်သူ့ကိုမှ အိမ်ခေါ်လာပြီး မကူညီကြတော့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။တကယ် ဒုက္ခရောက်နေသူဆိုရင်တောင် ကျွန်တော်တို့ အိမ်မခေါ် ရဲတော့ပဲ တတ်နိုင်သလောက် စုပြီးခရီးစရိတ် ပေးလိုက်ကြတော့တယ်။

ဒီနိုင်ငံက သိပ်ကိုကျဉ်းပါတယ်။တစ်ရက် ကျွန်တော်တို့တွေ မြန်မာဆိုင်ရှိတဲ့ ပလာဇာကို သွားကြရင်း အဲဒီလူ နဲ့ ထပ်တိုက်တွေ့ပါတယ်။သူငယ်ချင်းတစ်ယောက်က သူ့ကို ရဲစခန်းပို့မလားဆိုတော့ ကျန်တဲ့တစ်ယောက်က  “မပို့နဲ့..ဒီလိုကောင်တွေက ရဲစခန်းရောက်လို့ မမှတ်ဘူး”ဆိုပြီး ပခုံးဖက်ပြီး အိမ်သာထဲခေါ်သွားတယ်။လူရှင်း သွားတော့ လွယ်ထားတဲ့အိတ်ကို ခေါင်းကို စွပ်ပြီး သူတို့လေးယောက်က ၀ိုင်းပြီးထိုး ၀ိုင်းပြီးရိုက်ကြတယ်။ကျွန်တော်လည်း တားသင့်တယ်ထင်ပေမဲ့ အဖွားမွေးစားခဲ့တဲ့လူကို သတိရပြီး မတားတော့ဘူး။နောက်ဆုံး ဟိုကောင် လဲကျပြီးမြင်မကောင်းအောင် ဖြစ်နေတော့မှ ခေါင်းကအိတ်ကိုချွတ်ပြီး အိမ်သာအခန်းတစ်ခန်း ထဲကို ထည့်ပေးခဲ့လိုက်တယ်။

အဲဒီအချိန်ထဲက ကောင်းကောင်းမှတ်သွားတယ်။နောက် တော်ယုံလူကို မကူညီတော့ဘူး။ကူညီရမယ်ဆိုရင် တောင် အိမ်ကို မခေါ်တော့ဘူး။လမ်းမှာပဲ ရှင်းလိုက်တယ်။သူ့ဘာသာ ဆေးပဲရှုရှု ဘိန်းပဲစားစား“ရော့..ငါတို့ ဒီလောက်ပဲ တတ်နိုင်တယ်”ဆိုပြီး လမ်းပေါ်မှာပဲ ဇာတ်လမ်းဖြတ်ပစ်တော့တယ်။ဒါကတော့ ခြေနှစ်ချောင်းကို ကယ်မိ၊ကူညီမိတဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံပါ။

နောက်တစ်ခုက “လူတစ်ယောက်ဟာ လိုအပ်တာထက် သူလုပ်နိုင်တာထက် လျှော့ပြီးပြောနေရင် အဲဒီလူ ဟာ မိမိနောက်ကျောကို ဓါးနဲ့ထိုးတတ်တယ်”ဆိုတဲ့ ဆိုရိုးစကားပါ။ကျွန်တော် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဲဒီဆိုရိုး သိပ်မှန်တယ်ဆိုတာကို လက်တွေ့ ကြုံခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ပတ်က သူငယ်ချင်းတွေစုပြီး ဘောလုံးကန်တယ်။ကန်တယ်ဆိုတာကလည်း ဖန်တက်စီ ကန်ကြတာပါ။သူကြီး(ကိုကိုမောင်-ပန်း ရနံ့)၊ကိုငြိမ်း(မျောလွက့်တိမ်တို့ နားခိုရာ)၊ငှက်ကြီး(လင်းခေတ်ဒီနို)၊မုန့်ဟင်းခါး(မိုးခါး-ထာဝရကြယ်စင်)၊ဂျယ်ရီဝက်(ခံစားမှုသံစဉ်)တို့နဲ့ အတူ တခြား ဘလော့ဂါမဟုတ်တဲ့ သူငယ်ချင်းတစ်ယောက်ရယ်စုပြီး  ဒီနေရာမှာ ဘလော့ဂါချန်ပီယံများဖလား ဆိုပြီး လိဂ်ကလေးတစ်ခု လုပ်ခဲ့ပါတယ်။ပြီးတော့ သူတို့ပေးထားတဲ့ ဒေါ်လာ တစ်ရာတန်အောင် ကိုယ်သိတဲ့ ဘောလုံးသမားလေးတွေ လိုက်ဝယ်ပြီး ကိုယ့်ဘာသာကိုယ် အသင်းတည်ဆောက်ကြပါ တယ်။

အဲဒီနေရာမှာ ဇာတ်လမ်းစပါတယ်။ဘလော့ဂါမဟုတ်တဲ့ သူငယ်ချင်းကလွဲလို့ ကျန်တဲ့လူအားလုံးဟာ သူတို့ ဘာမှမသိသယောင်လုပ်ပြီး ကျွန်တော့ကို ချဉ်းကပ်ကြပါတယ်။“ဘယ်လို ပွဲထွက်ရမလဲ..ဘယ်လို line up ထုတ်ရမလဲ..ဘယ်သူတွေက ကောင်းသလဲ” စသည်ဖြင့် နားမဆံ့အောင် ၀ိုင်းမေးကြတယ်။သူကြီးနဲ့ ငှက်ကြီး အဆိုးဆုံးပါပဲ။မအိပ်မနေကို အသင်းတည်ဆောက်ကြပါတယ်။ပွဲစဖို့ တစ်ရက်အလိုအထိ သူတို့ဘာမှ မသိ  တဲ့အကြောင်း၊မလုပ်တတ် မကိုင်တတ် မသိနားမလည်တဲ့ သူလေးတွေဖြစ်တဲ့အကြောင်း နားငြီးအောင် ပြောပါတယ်။မုန့်ဟင်းခါးကတော့ သူသည် ဘောလုံးဆိုတာကို အလုံးဆိုတာကလွဲပြီး ဘာဆို ဘာမှမသိတဲ့ အတွက်ကြောင့် သူနဲ့တွေ့ရင် ပါးပါးလေးပဲပုတ်ဖို့ အတန်တန်ပြောပါတယ်။ကျွန်တော်လည်း သူတို့ကို လူက ဒီလိုဝယ်ရတယ်။ဒီလို line up ထုတ်ရတယ်..စသည်ဖြင့် သိသလောက် ပြောပြပါတယ်။ပွဲစဉ်(၁)စတော့ ကိုငြိမ်းနဲ့ ဂျယ်ရီဝက်တို့ အသင်းတွေကတော့ အသင်းတည်ဆောက်တာ ငွေမဲတွေပါတယ်ဆိုပြီး တစ်ပွဲပယ် ခံရပါတယ် :D။ကျန်တဲ့အသင်းတွေ ပွဲစဉ်ဇယားကျလာတော့ သူကြီး vs ကျွန်တော်စတွေ့ပြီး ကျန်တဲ့လူတွေ အသင်းတွေကလည်း သက်ဆိုင်တာနဲ့ အတွဲလိုက် ကျပါတယ်။ပွဲမစခင်ကတော့ “သူကြီးကဘာမှ မသိဘူး ဆိုတော့ ငါ ထိန်းထိန်းသိမ်းသိမ်းနဲ့ နိုင်ရင် တော်လောက်ပြီပေါ့”..စိတ်ကူးလေးနဲ့ သနားလို့။

ပွဲစဉ်တွေ အားလုံးကန်ပြီးပါပြီခင်ဗျား။ဘယ်လိုဖြစ်ကြတယ် ထင်ပါသလဲ။သိပ်နားမလည်ပါဘူးဆိုတဲ့ သူကြီး ဟာ ကျွန်တော့ကို (၃၈)ဂိုးဆိုတဲ့ သုံးဒါဇင်ကျော် သွင်းသွားပါတယ်ခင်ဗျား။ကျွန်တော်က သူ့ကို (၂၅)ဂိုးသာ ပြန်သွင်းနိုင်ခဲ့လို့ ကျွန်တော် အရှုံးကြီး ရှုံးခဲ့ပါတယ်။သူကြီးတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။မိုးဟင်းခါးနဲ့ ငှက်ကြီးတို့ရဲ့ သွင်းဂိုးတွေကို ကြည့်လိုက်ပါအုံး။မိုးခါးဟာ သူ့ပြိုင်ဘက်ကို (၃၃)ဂိုးပြတ်နဲ့ အနိုင်ရပြီး ကိုငှက်က -တော့ (၂၉)ဂိုးပြတ်နဲ့ နိုင်ပါတယ်။ကျွန်တော်ရဲ့ အဖွင့်ပွဲစဉ်ဟာ သူကြီး(ကိုကိုမောင်-ပန်းရနံ့)နဲ့မှ မဟုတ်ပဲ  ဘယ်သူနဲ့ကျကျ ရှုံးပါတယ်။ငှက်ကြီးနဲ့ကျရင်တောင် ကျွန်တော် လေးဂိုးပြတ်နဲ့ရှုံးနိုင်ပါတယ်။ပွဲစဉ်(၁)ပြီးတော့ ဇယားထိပ်မှာ ဘာမှမသိဘူးဆိုတဲ့ သူတို့တွေက ထိပ်ဆုံးမှာမိန့်မိန့်ကြီးတွေ ထိုင်နေကြပြီး ကျွန်တော်ကတော့ နိုင်ပွဲမရှိ ရမှတ်သုံညနဲ့ အောက်ခြေမှာ အသာကပ်နေရပါတယ်။ကြည့်ကြပေတော့ဗျာ..



အထက်ပါ စကားလေးနှစ်ခုဟာ ဆိုရိုးစကားတွေ အများကြီးရှိတဲ့အထဲက ကျွန်တော်ရင်ထဲအထိ မှတ်မိသွား တဲ့စကားလေးနှစ်ခုကို ပြန်ပြီး အလာပ သလာပ လုပ်ခြင်းပါ။လူအမျိုးမျိုး စိတ်အထွေထွေရှိကြတဲ့အတွက် ကူညီမယ်ဆိုရင် သော်လည်းကောင်း စောင့်ရှောက်မယ်ဆိုရင်သော်လည်းကောင်း အထူးသတိထားပြီး ကျွန်တော်တို့လို ကုသိုလ်ကနေ အကုသိုလ်မဖြစ်အောင် ဆင်ခြင်နိုင်ကြပါစေ..
(အလုပ်သိပ်အားနေပြီး နောက်ကျောကို ဓါးနဲ့ထိုးသူများနဲ့ ၀င်ပြိုင်ကာ blogger league cupကို ၀င်လုချင် သပ ဆိုသော ဘလော့ဂါများရှိပါက မျော်လွင့်တိမ်တို့နားခိုရာကို ဆက်သွယ်ပြီး နောက်ကျောကို ဓါးနဲ့ဝင် -ရောက် အထိုးခံနိုင်ပါတယ်။ကျွန်တော်တို့ရဲ့ ခမ်းနားသော ဘောလုံးပွဲကြီးက မေလမှ ပြီးဆုံးမှာ ဖြစ်ပါတယ်..ဤကား စကားချပ်ဟု မှတ်ပါလေ..)

လေးစားစွာဖြင့်
ကိုရင်
2:04(GMT)

24 comments:

mstint said...

လူတစ်ယောက်ရဲ့ ဗီဇဆိုတာ ဖျောက်ပစ်ဘို့
မလွယ်တဲ့ ကိစ္စပဲ ကိုရင်ရေ။
'ခြေနှစ်ချောင်း မကယ်ကောင်း'တဲ့။
ဘောလုံးပွဲကြီးကို စိတ်ဝင်တစားဖတ်သွားတယ်။
ဝါသနာအရ တစ်ပွဲတစ်လမ်းတော့
အကဲစမ်းချင်ပါသေးတယ် မောင်ငြိမ်းကို
အမြန်ဆက်သွယ်မှး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မီးမီးငယ် said...

ဒါကြောင့်လားမသိဘူး။
နိုင်ငံရပ်ခြားမှာနေကြတဲ့။
ရွှေမြန်မာတွေ၊အချင်းချင်းတွေ့ ကြရင်၊
ဖာသိဖာသာဘဲနေကြတယ်။
ကျမတော့ဒီမှာခဏခဏကြုံဖူးတယ်။
သူတို့ ဗမာစကားတွေပြောနေတာကြားလို့ ၊
အနားကပ်ပြီးအမျိုးသားကိုအော်ခေါ်လိုက်တာ၊
တန်းနေအောင်ထွက်ပြေးရော...။
ကိုရင်ပြောတဲ့ ကူညီရာက။
့အပြောင်သိမ်းခံရတာတွေများမယ်နဲ့ တူတယ်။

လွင်ပြင်လှိုင်းငယ် said...

ကိုရင်ပြောတဲ့ အဖြစ်အပျက်မျိုးကို အမြဲကြားနေရပါတယ်
လမ်းစရိတ်မရှိလို့ပါ သူငယ်ချင်းရဲဖမ်းခံရလို့ပါ
ကူညီပါဆိုပြီးလိမ်နေတဲ့သူတွေက တော်တော်များလာပြီ
တကယ်အခက်အခက်ဖြစ်လို့ အကူအညီတောင်းရင်တောင် ကြောက်တတ်လာကြပြီ

khin said...

မောင်လေးရေ

မှန်လိုက်တာ မှန်လိုက်တာလို.တောင်ပြောချင်ပါတယ်

Junemoe said...

အော် ဒါကြောင့် မြန်မာချင်း နိုင်ငံခြားမှာတွေ့ရင် ပြေးကြတာကိုး... မြန်မာ ဟုတ်လားလို့ မေးလိုက်ရင် မဟုတ်ဘူးဆိုပြီး ဗြောင်ငြင်းကြတယ်လို့ ကြားဖူးတယ်..ဖြစ်မှဖြစ်ရလေ...
ဘောပွဲတော့ စိတ်ဝင်စားတယ်ဗျ... နော် လည်း ဘာမှန်းသိဘူး...ဟိ..ကိုရင်တော့ မျက်ခုံးလှုပ်သွားပြန်ပီထင်တယ်...

ခင်လျက်
Junemoe

မဒမ်ကိုး said...

ရှုံးပါစေ များများရှုံးပါစေ ပိုးဆိုးပက်စက်ရှုံးပါစေ
နည်းတောင်နည်းသေး

မဒမ်ကိုး said...
This comment has been removed by the author.
Candy said...

ဟဟဟ... အဲ့ဒါကြောင့် ဟိုတလောက စီပုံးမှာ ဘောလုံးအကြောင်းပြောနေကြတာကိုး အဟိ :D :D

သမီးစံ said...

ဟင်..ကူညီများတောင်းမလားစဉ်းစားပါတယ်း)))
ပြည်ပရောက်မြန်မာတွေတွက်..
မှတ်သားစရာပါပဲကိုရင်ရေ...
ဘောလုံးပွဲကြောင်းတော့
သိပ်နားမလည်ဘူးရှင့်
စိတ်တော့.၀င်စားတယ်းD

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

သတိတော့ထားမောင်ရင်ရေ...
ကျုပ်နဲ့ကျုပ်သူငယ်ချင်းချင်းတစ်ယောက်လည်း လိမ်ပြီးငွေလျှောက်တောင်းနေတဲ့ လူနင်ဂျာတစ်ယောက်ကို ကိုတာရိုင်ယာနဲ့မိုင်းဒင်းတပတ်လိုက်ဖူးတယ် တကယ်ဒုက္ခရောက်နေတယ်ထင်ပြီး ကူလိုက်တာ နောက်ရက်တွေမှာပါ လိုက်လိမ်နေတာတွေ့လို့ ကံဆိုးချင်တော့ ကိုယ်ကဘာမှမလုပ်သေးဖူး အရင်ရက်တွေက တောင်းခဲ့တဲ့သူကို သူ့ဖာသာသူမမှတ်မိပဲ အစ်ကိုတို့ကဗမာလား ပခုံးပုတ်လာမေးမိတယ်လေ ဒေါခွီးပြီးပြောရင်းလမ်းလျှောက်နေတာ သူ့တွင်းသူတူးမိမှာတော့ ကျုပ်တို့လည်း သူနဲ့မြို့လည်ခေါင်မှာ စိန်ပြေးတမ်းကစားဖြစ်သွားတယ် ကျုပ်ကလူဖလံလေးဆိုတော့ ဂုတ်ဆွဲပြီးနှာနုနှစ်ချက်ပဲဆင့်ရိုက်လိုက်ရတယ် ဒါပေမယ့် မတန်ပါဖူးမောင်ရင် ပြန်တွေးတွေးပြီး သနားမိတဲ့စိတ်က ကိုယ့်ဟာနဲ့ကိုယ်ပြန်ပြန်နာရသပါ့

သတိတော့ထားချေ နောက်တခုက လူမျိုးခြားတွေထက် ကိုယ့်အချင်းချင်းက ပိုကြောက်စရာကောင်းလှတယ် တွေ့ဖူးကြုံဖူးမို့ သတိပေးရခြင်းပါ

မောင်ဘကြိုင်

Angelhlaing(May everybody be happy and healthy! said...

အာလပသလာပလေးနဲ့အတူ အကိုပြောတဲ့ သတင်းကောင်းလေး ဘလော့ထဲ လှည့်ကြေငြာ မှပဲ...:P:P ....

ဘိုဖြူ said...

ကျွန်တော်လဲ ခဏခဏ ကြုံဖူးတယ်

jasmine(တောင်ကြီး) said...

ရိုးနေပြီ အမြဲတွေ့နေရလို့ပါ
ဝေးဝေးရှောင်နေတာကောင်းတယ်

Han Kyi said...

အလုပ်မအားလွန်းလို့သာ...အားများအားရင်ဖြင့် ကိုရင်တို့နဲ့ တစ်ပွဲတစ်လမ်းတော့ တွေ့လိုက်ချင်သပ...၈.၀.၁ ကစားကွက်နဲ့ အသေထိုင်ကစားပြီး ဂိုးပေါက်ကို အင်္ဂတေနဲ့ကို အသေကိုင်ထားလိုက်မယ်...ကြိုက်သလောက်သာ ရှူးပေရော့...

ညီရဲသစ် said...

ကိုရင်ရေ ကူညီတိုင်း မကောင်းဘူးဗျို့ ကျွန်တော်လဲ ကိုယ်တွေ့ ကြုံထားဖူးတော့ ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတယ်။

ဘောလုံးပွဲတော့ စိတ်ဝင်စားသဗျို့ ...

ကိုအောင် said...

အလာပ ..သလာပတွေ လာေ၇ာက် ဖတ်၇ှုသွားပါတယ် ...

blackroze said...

ကိုရင်ကဘဲဥနဲ့အောက်ခြေမှာဆိုတော့
ဂျယ်ရီပစ်ပစ် အက်ဖ်စီက..
ဘဲဥကွဲထားသေးတယ်ဆိုတဲ့သဘောပေါ့..
ဟူးးးးးးးးးးးးးးးးးးးးးးးးး
တော်ပါသေးရဲ့
ဘဲဥကွဲသွားလို့..

sosegado said...

ခုလိုသတိပေးရေးထားတာကျေးဇူးတင်ပါတယ် ကြုံတွေ့ဘူးပါတယ်၊
ကြုံခဲ့ရတာလေးနဲ့ လူတွေကို မကူညီတော့ဘူးဆိုရင်တော့ မဖြစ်သင့်ပါဘူး
ချင့်ချိန်ပြီးကူညီ ဒါမှာမဟုတ် တတ်နိုင်သလောက် ကူညီသင့်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတစ်ယောက်ရဲ့ ကူညီတတ်တဲ့ စိတ်ဓာတ်နဲ့ အကျင့်ကောင်းကို ဖျက်ဆီးကြတဲ့သူတွေ အများကြီးနဲ့ မကြာခန ကြုံလာရတဲ့အခါ အဲဒီလူတွေမှာ ကူညီချင်တဲ့စိတ်တွေ လျော့နည်းကုန်ကြရတာ တကယ်ကို ဝမ်းနည်းဖို့ကောင်းပါတယ်။
တကယ့်တကယ်စိတ်ထားကောင်းပြီး အကူအညီလိုအပ်နေတဲ့သူအတွေအတွက် အခက်အခဲ တွေ့သွားကြရပါတယ်
ဒါဟာ အဲဒီ ကူညီတတ်တဲ့သူတွေရဲ့ လျော့နည်းသွားတဲ့စိတ်ကို အပြစ်မတင်မိပါဘူး. အကူအညီကို တလွဲသုံးစားလုပ်ပြီး စော်ကားသွားတဲ့ လူ့ အန္ဓတွေကိုသာ အပြစ်တင်ရမှာပါ။ ဒီလိုလူတွေရဲ့ဘဝဟာလည်း ဘယ်တော့မှ လှမှာ မဟုတ်ပါဘူး၊

ကိုကိုမောင်(ပန်းရနံ့) said...

ဟား ဟား ဟား။
ကိုရင်.. ဘာအခုမှ ကြောက်ပါပြီလဲ။ အော်..ကိုရင် ကိုရင်.. ကိုရင်က ဘောလုံး မကန်ဘဲ ဘယ်အလုံးတွေ သွားကန်နေမှန်းမှ မသိတာ။

တောက တက်လာတဲ့ သူကြီးမင်းတောင် ဇယားထိပ်ရောက်နေတယ်ဆိုတော့ ကိုရင့် ကစားကွက်တွေက တောက ကစားကွက်တွေထက်တောင် ပိန်းနေပါလား။ သနားစရာ။ သွပ် သွပ် သွပ်။း)


ဘာပြောပြော အောက်က သီအိုရီလေးတော့ အရမ်းကြိုက်တယ်ဗျို့။ တကယ်မှန်နေတာကိုး။

“လူတစ်ယောက်ဟာ လိုအပ်တာထက် သူလုပ်နိုင်တာထက် လျှော့ပြီးပြောနေရင် အဲဒီလူ ဟာ မိမိနောက်ကျောကို ဓါးနဲ့ထိုးတတ်တယ်”


ဒါနဲ့...ကိုရင်.. စကားမစပ်။
ဘာစီလိုနာဆိုတာ ဂျာမနီအသင်းလား ဘရာဇီးအသင်းလား။ သူကြီးမင်းက ဘောလုံး ဗဟုသတ သိပ်မရှိတော့ ကောင်းကောင်း မကွဲဘူး။

ကိုရင် said...

ဒါကတော့ ရွဲ့ တဲ့သဘော ဖြစ်သွားပြီ..ဘာဆာဆိုတာ အင်္ဂလန် အသင်းလေ..မသိဘူးလား..အခု ယူရိုပါလိဂ် ၀င်ကန်ဖို့ လုပ်နေတယ်...အဟတ်..အဟတ်.. :D

မြသွေးနီ said...

ဒီပို့စ်လေးဖတ်ပြီး စာနာစိတ်နဲ့ အပြည့်အ၀ နားလည်ဘူးတယ်။ သဘောကောင်းတာ၊ အားနာတာကို အခွင့်အရေးယူပြီး အသုံးချခံရတာမျိုး ကြုံဘူးတယ် ကိုရင်ရေ..။ ဒီလိုလူစားမျိုးတွေက တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုတာမျိုးပေါ့။ ဝေါင်ဝေါင်ရှေး...ဝေးဝေးကသာ ရှောင်လိုက်ပါ..။ သူတို့အတွက်လည်း နယ်မြေတဖြည်းဖြည်းကျဉ်းသွားမှာပါ..။

အိမ်မက်စေရာ said...

ဖတ်မှတ်သွားတယ်...း)

ညိမ်းနိုင် said...

ဟင်...ဘယ်နှာ ကျုပ်ကိုဆွဲထည့်ရသတုန်း...ကိုရင်...၊
ကျုပ်လည်း ခင်ညားကြီးပြောသမျှလိုက်လုပ်ရသူပဲလေ..၊
ဘာမှနားလည်ဝူး.....၊ကိုရင်လူဇိုးးးးးးးးးး။

Related Posts Plugin for WordPress, Blogger...