Saturday, December 10, 2011

ကိုလံဘတ်ရဲ့ ပေါက်ဖော်များ

 “လမ်းက ကွေ့သလား ကောက်သလား
စဉ်းစားချိန် မရဘူး
ဘ၀က မောင်းချလိုက်တယ်..”
&&&&&&&&

ဒီနေ့ အလုပ်ကိစ္စနဲ့ ပလတ်စတစ်စက်ရုံတစ်ရုံကို သွားရတယ်။စက်ရုံဝရောက်တော့ နေပူကျဲကျဲထဲမှာ အမိုးမပါ ဘာမပါနဲ့ ပလတ်စတစ်ရွေးနေတဲ့ အလုပ်သမားနှစ်ယောက်ကို ၀င်ဝင်ချင်း တွေ့မိတယ်။

“ဟူးး..နေကလည်း ပူလိုက်တာကွာ..လွန်ရောပဲ...” တဲ့..။
ဗမာသံဟ..မြန်မာလိုပြောတဲ့ အသံကြားတော့ ခြေလှမ်းက တုန့်ကနဲ..ဒါဆို ဒီနှစ်ယောက်ဟာ ဗမာတွေပဲပေါ့..

“ဟုတ်ပကွာ..နေကလည်း ဘယ်အညှိုးနဲ့ ဒီလောက်တောင် ပူနေရတုန်း မသိဘူး..ရေခဲရေ ရောင်းတော့ မိုးရွာ၊ ဆိုက္ကကာနင်းတော့ နေပူဆိုတာ ဒါမျိုးဖြစ်မယ်ကွ..တစ်ခါတစ်ခါ ဘ၀တွေက ခါးတယ်ကွာ” တဲ့ နောက်တစ်ေ- -ယာက်က ထပ်ညည်းတယ်။

“သြော်..အကိုတို့က ဗမာတွေလား..ကျွန်တော်လည်း မြန်မာပါပဲဗျ” ဆိုပြီး မိတ်ဆက်တော့ သူတို့ကလည်း ပြန် နှုတ်ဆက်တယ်။

 “ဟုတ်တယ်..ညီလေး.ဗမာတွေကွာ..စက်ရုံထဲမှာလည်း ကျန်သေးတယ်...ညီလေးက လူအသစ်လား..ဒီနေ့မှ -ရောက်တဲ့ လူလား”

“မဟုတ်ဘူးအကို..ကျွန်တော်က တခြားအလုပ်ကပါ..အလုပ်ကိစ္စနဲ့ ဒီကိုလာတာ..အကိုတို့ ဒီကိုရောက်ကြတာ ကြာပြီလား”

“အင်း..ကျွန်သက် ၄နှစ်ရှိပြီ ညီလေး”တဲ့ ပြန်ဖြေတယ်။ရင်ထဲမှာနင့်ကနဲပဲ..။သူတို့နဲ့ စကားစဖြတ်ပြီး ကိုယ့်အလုပ်ကိစ္စကို အရင် သွားလုပ်တယ်။ကိစ္စပြီးတော့ ဒီအပေါက်ကပဲ ထွက်ရတာမို့ သူတို့ကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ဟိုအကိုပြောတဲ့ “ကျွန်သက်” ဆိုတဲ့ စကားက ကိုယ့်အလုပ်ပြန်ရောက်တဲ့အထိ နားထဲက မထွက်ဘူး။ငါတို့တွေဟာ ရေခြားမြေခြားမှာ သူပြောသလို “ကျွန်လာခံနေရတာလား” ဆိုတဲ့ အသိ၊အတွေးက ကိုယ့်ကိုယ်တောင် သိမ်ငယ်သွားသလိုလို။ဟုတ်တော့လည်း ဟုတ်နေသလိုလိုပါပဲလေ။

“နေ့ရက်တွေကို အပေါ့အငန် မြည်းရင်း 
စံချိန်ကျိုးလာတဲ့ အတ္တဟာလည်း
သက္ကရာဇ်တွေကိုတောင် အာသာမပြောတော့
ခြေဦးကို အပြေးအလွှားနမ်းနေရတဲ့
မျက်ရည်စက်တွေကိုလည်း သနားလှပေါ့..”
 မိခင် ရွှေပြည်ကြီးနေ ကျွန်တော်တို့ အမျိုးအမျိုးသော အကြောင်းတွေပြလို့  ရေခြားမြေခြားကို ထွက်လာကြ တယ်။လူလည်အာရှသားစတိုင်တွေနဲ့ လေထဲမှာလည်း ကွန်ဒိုတွေ တစ်လုံးပြီးတစ်လုံး အစီအရီဆောက် ခဲ့ကြလို့ မျှော်လင့်ချက်မျက်ဝန်းတွေ တဖျက်ဖျက်နဲ့ အရောင်တွေ လက်လက်ထလို့ပေါ့။တကယ် လုပ်ငန်းခွင် ထဲရောက်တော့ အလုပ်ချိန် ရှစ်နာရီ ပလပ်စ်အိုတီအောက်မှာ မလူးသာ မလှုပ်သာ။မဖြစ်စလောက် လစာနဲ့ စိတ်ဓါတ်တွေ ဖရိုဖရဲဖြစ် လာကြတယ်။နေရာဒေသအလိုက် အကြောင်းအမျိုးမျိုးနဲ့ မြှောက်စားခံရသူတွေ ကျတော့လည်း နေ့ချင်းညချင်း ဘုရင်စိတ်ပေါက်သွားကြတယ်။လမ်းမှာ ကိုယ်ဆွေကိုယ်မျိုးတွေ တွေ့ကြ ရင်တောင် ဗမာသံကြားတာနဲ့ မသိသလိုပဲ ဒေါင်းယောင် ဆောင်နေကြလေရဲ့..။ကံမကောင်း အကြောင်းမလှ လို့ ဖိနှိပ်ခံရတဲ့သူတွေ ကျပြန်တော့လည်း သည်းခံရဖန်များလာတော့ ကိုယ့်ကိုယ်ကိုယ် ကျွန်တစ်ယောက်လို ခံစားလာရတယ်။မွေးရာပါ အငုံ့စိတ်ရှိတဲ့သူတွေဆိုရင်တော့ အလုပ်ကပြန်လာတဲ့အခါ အခန်းပိတ်ငိုကြ၊ရေချိုး ရင်းငိုကြ အဲဒီမြင်ကွင်းတွေက အမြဲတမ်းကြားနေရ၊မြင်နေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ၂၁ရာစုရဲ့ နောက်ဆုံး ထုတ် ကျွန်အကြီးစားတွေထဲက တစ်ယောက်လေလားဆိုပြီး ပြန်ပြန်မေးရတာ အကြိမ်ကြိမ်..။

“ဆန်ပေးရင် ဆီရတယ် ဆိုပေမဲ့လည်း တစ်ခါတစ်လေ  မေတ္တာပေးလို့ အနွေးဓါတ်ပြန်မရတဲ့အခါ အားလုံးရဲ့ ထွက်ပေါက်တွေက ယမကာနဲ့ဆန့်ကျင်လိင်တွေ ဖြစ်လာကြတယ်။အရှိန်အဆများသွားတဲ့နေ့ ဆိုရင်တော့ ရင်ထဲက အမှန်တရားတွေ လွှတ်ကျလာတတ်တယ်။လစာထုတ်ရက်တွေဆို ဖြတ်တောက် ပေးကမ်းပြီးလို့ မဖြစ်စလောက် ကျန်တဲ့ပမာဏကို ခပ်တင်းတင်းဆုပ် အမေ့ကို ဖုံးဆက်ဖို့ ရှက်ရွံနေကြတဲ့ အဆီပြန်နေတဲ့ မျက်နှာတွေ ရင်နာပေမဲ့ မြင်ရပါများလာတော့ မျက်လုံးတွေကပါထုံလာတယ်။“ဟဲလို..အမေလား..နေကောင်း င်းလား.. ဒီလတော့ အမေရယ်၊အလုပ်က...xxx.....xxx.....xxx......ဒါပဲနော်..အမေ..” ဆိုတာတွေက မရိုးနိုင်တဲ့ ကြားနေကျ အကောင်းဆုံးတေး တစ်ပုဒ်ပေါ့။“မိန်းမရေ..သားတွေရော နေကောင်းရဲ့လား..ဒီလတော့ သည်းခံ ကြပါအုံးကွာ..နောက်လကြရင်တော့...”ဆိုတဲ့စကားကိုပြောပြီး မျက်ရည်မကျအောင် အံကျိတ်ထားတဲ့ ယော ကျာင်္းရင့်မာကြီးတွေ ကွင်းပြင်ထဲမှာ တိမ်တွေကို ကြည့်နေတဲ့ မြင်ကွင်းက ၂၁ရာစုရဲ့ အကောင်းဆုံးပန်းချီကား တစ်ချပ်လား အောက်မေ့ရတယ်။


“ဘယ်တော့ပြန်မလဲ သားကြီး”လို့ အမေးခံရတိုင်း နှလုံးအိမ်ကို သံချွန်နဲ့ လာလာထိုးဆွသလို တစစ်စစ်နဲ့။ငါ တို့ရဲ့ အိမ်ပြန်ချိန်တွေကရော နီးနိုင်ပါ့မလားလို့ တွေးမိလိုက်တိုင်း ဖက်ကြမ်းတွေပဲ တိုတိုသွားခဲ့တယ်။အဖြေ ကတော့ မှုန်ဝါးဝါးပါပဲ..။သြော်..နေထွက်တာ မမြင်ရတဲ့ အရပ်မှာ ငါတို့တွေက ရူးသွပ်စွာနဲ့ အာရုံဏ်တက်ချိန် ကို စောင့်နေမိကြတဲ့ မနုဿတွေများလား...။

“ရေကလည်း စိမ်း..
မြေကလည်း စိမ်း..
လမ်းတွေကလည်း စိမ်း..
အလွမ်းတွေလည်း စိမ်းတဲ့ နယ်မြေသစ်မှာ 
စွန်တွေလို အသံတထိတ်ထိတ်နဲ့ ကြိုးကိုငေး
ငှက်တွေလို အရိပ်မဲ့မဲ့နဲ့  အိပ်တန်းမျှော်..
ပျော်စရာဆိုတာ နတ္ထိ
တစ်ယောက်ရင် တစ်ယောက် ဖွင့်ကြည့်လိုက်တော့လည်း
ရွှေပြည်တော်ရဲ့ နယ်နိမိတ်ကိုတောင် 
ဦးညွှတ်ခွင့်မရတဲ့ ရှိုက်သံတွေသာ
(အလုအယက်)တိုးဝှေ့စီးဆင်း
ကိုလံဘတ်ဆိုတာလည်း 
သမိုင်းထဲက မြစ်တစ်စင်းပေါ့..။


လေးစားစွာဖြင့်
ကိုရင်
23:45(GMT)



29 comments:

ကိုအောင် said...

စာတွေ လာဖတ်တယ် မဒိုးကန်ရေ ...း)

ကိုကိုမောင်(ပန်းရနံ့) said...

ကိုလံဘတ်ကို တည်ရာမှီရာ တစ်နေရာ ခပ်ကောင်းကောင်းရရင်တော့ အတိုင်းထက်အလွန်ပေါ့။ အခုတော့....

ဒါနဲ့.. ကိုရင်က နေကပူပူနဲ့.. အဲဒီနေရာကို ဘာသွားလုပ်တာလဲ။ ပလပ်စတစ် သွားကောက်တာများလား.. ဘုရား ဘုရား... ။း)

မဒမ်ကိုး said...

မမချော ပိုစ့်ကိုဖတ်ပြီးများ ပလတ်စတစ်ဗူးတွေလိုက်များစုနေလေသလား ဖျားဖျားးး
..

သဒ္ဓါလှိုင်း said...

ကိုလံဘတ်ကို မတွေ့သေးဘူးလား ကိုရင်။ ရင်ထဲမှာတော့ ကိုလံဘတ်ကြီးက နေရာယူထားတယ်မလား။။။
ခင်မင်လျက်
သဒ္ဓါ

လွင်ပြင်လှိုင်းငယ် said...

နေပူထဲ ဘာကိစ္စသွားပါလိမ့်
စဉ်းစားစရာပဲ ဟင်း ဟင်း

တောက်ပကြယ်စင် said...

ကြက်၊ ငှက်တွေသာ ရောင်စုံရှိနေတာ ဘယ်ဟုတ်ပါ့မလဲ။ တကယ်တော့ ဘ၀ဆိုတာလည်း အရောင်အသွေးစုံပြီး ပျံသန်းနေတဲ့ ငှက်တွေလိုပဲလား။

...အလင်းစက်များ said...

ဒီမှာလည်း ဒေါင်းယောင် ဆောင်နေတဲ့သူတွေ အများကြီးပါပဲ။ သို့ သော် ရွှေပြည် လျှမ်းလျှမ်း တောက်လာတဲ့ အခါကျရင်တော့ ဘယ်လို ပြောင်းလဲလာမလဲ စောင့်ကြည့်ရဦးမှာပါ။

စကားမစပ်။ အဲ့ဒါ .... ရှင့်ကြောင့် ဆို ဟုတ်သလား ကိုရင်... ဟီးဟီး

မောင်(စွယ်စုံကျမ်း) said...

ကိုရင် ကတေုမှာဆုံမယ်နော် ဒို့ မခေါ်ပီးလစ်တော့
ကေတုမှာဘီယာချမယ်ဗျာ နော်ကိုရင်ချက်ကြီး ..တိန်

June Moe said...

သတင်းတွေကြားရတယ်ဗျာ။ မြန်မာအချင်းချင်း မမြင်ချင်ယောင်ဆောင်တာတွေ၊ မြန်မာလားမေးရင် မြန်မာမဟုတ်ဘူးလို့ ပေါ်တင်ဖြေတာတွေ၊ အကူအညီမပေးချင်တာတွေရှိတယ်တဲ့။ ကူညီတဲ့သူတွေလည်း ရှိမယ်လို့ ယုံပါတယ်ဗျာ။ စောနကလို ဒေါင်းယောင်ဆောင်တဲ့ကျီးတွေနဲ့ တွေ့သူတွေအဖို့တော့ မခံချင်စရာပေါ့နော်။

ခင်လျက်
Junemoe

ဘိုဖြူ said...

မြန်မာအချင်းချင်း မမြင်ချင်ယောင်ဆောင်တာတွေ၊ မြန်မာလားမေးရင် မြန်မာမဟုတ်ဘူးလို့ ပေါ်တင်ဖြေတာတွေ၊
တွေ့ဖူးနေလို့ရိုးတောင်နေပါပြီဗျာ

jasmine(တောင်ကြီး) said...

ကိုရင်ကနေပူတောင်မရှောင်ပဲသွားရတဲ့ အကြောင်းကဘာလဲ

ညိမ်းနိုင် said...

ကျွန်......၊နိုင်ငံရပ်ခြားမှာအလုပ်လုပ်နေရတဲ့မြန်မာတွေကို ခိုင်းနှိုင်းလေ့ရှိတဲ့ အဲ့ဒီစကားလုံးကိုကြားတိုင်း ဒေါသ၊မခံ
ချင်စိတ်၊ခံပြင်းစိတ် တွေတစ်လိပ်လိပ်တတ်လာတတ်တယ်၊
စိတ်ထဲကလည်း ငါတို့ဟာကျွန်တွေမဟုတ်ဘူး.......လို့
အကြိမ်ကြိမ်အော်နေမိတယ်...၊ကျွန်တော်တို့တွေ မပြန်နိုင်
ကြသေးတာမှန်တယ်....၊ရေခြားမြေခြားမှာ မဖြစ်စလောက်ငွေလေးအတွက်နဲ့ဒုက္ခခံနေရတာမှန်တယ်၊
ဒါပေမယ့် ကျွန်တော်တို့မှာ နိုင်ငံရှိတယ်၊အိမ်ရှိတယ်၊မိသား
စုတွေရှိတယ်...၊ကျွန်တော်တို့ ပြန်ချင်ရင်မချိန်မရွေးထပြန်
လို့ရတယ်....၊ဒါပေမယ့်............။ကိုရင်ရေ.....တစ်ခါတစ်
လေကျ အမှန်တရားက ခါးတယ်ဗျာ......။
ဒါနဲ့စကားမစပ် ဒေါင်းယောင်ဆောင်သောကျီးတွေ
စလုံးမှာ တစ်ပုံကြီးဗျ......:)

မောင်ဘုန်း said...

ကိုရင်ရေ .... ဘဝတူတွေပဲ ဗျာ ... ကြွားရအုံးမယ် ...ကျနော် က နောင်တော်တွေ့ ခဲ့တဲ့ သူတက်သာတယ်ဗျ
ကျွန် သက် ၅ နှစ်ရှိပြီ ....

ဒုတိယလူ said...

ဒီလတော့ အမေရယ်၊အလုပ်က...xxx.....xxx.....xxx......ဒါပဲနော်..အမေ..”

မှန်လိုက်တာ ကိုရင်ရာ ဖတ်ရတာရင်ထဲမှာ
တဆစ်ဆစ် နဲ့..ပဲ

..ခင်မင်လေးစားလျှက်
(ဒုတိယ)

shwewunyatana said...

မဒမ်ကိုးရေ..ဘုန်း၂တို့လဲနိုင်ငံခြားမှာဝဋ်ကြွေးလာဆပ်ကြတာပါ...ကျွန်ခံလာတာတော့မပြောချင်ပါဘူး..ကို့နိုင်ငံကောင်းစားတုန်းက..ကုလားတွေကိုခိုင်းစားခဲတဲ့ဝဋ်ကြွေးတွေလေ..ဝဋ်ကြွေးရှိရင်ကျေအောင်ဆပ်ကြနော်....



မေတ္တာဖြင့်..
ရွှေဝန်းရတနာ...

sulay said...

ပို့စ်ဖတ်ပြီး ဆရာအောင်သင်းရဲ့ဟောပြောပွဲခွေတောင် ပြန်သတိရမိတယ် မဒိုးကန်ရေ...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

လမင်းငယ် said...

ပိုစ့်လေးဖတ်ပြီ ဘာဖြစ်သွားလဲမသိတော့ဘူး ဟူးးးးးးးးး
ဆိုတာလေးပဲညည်းခဲ့တော့မယ် ရှင်

မီးမီးငယ် said...

အမ်...
တို့ များကျွန်သက်က၊
အများဆုံးဖြစ်နေပြီလား။
ဆယ်စု ၂ခုနီးပါးရှိပေါ့။

Han Kyi said...

ကျွန်မဟုတ်ပါဘူးကိုရင်...၀ယ်သူရှိရာကို တိုက်ရိုက်သွားပြီးရောင်းကြရတဲ့ ကာယ၊ ဥာဏဈေးသည်တွေပါ...ကိုယ်ပိုင်ဆိုင်ခန်းမဖွင့်နိုင်သေးလို့ ခြေတိုအောင် လှည့်ရောင်းနေကြရတဲ့ ဈေးသည်တွေပါ...

ဘယ်မှာနေနေ ဘာတွေပဲလုပ်လုပ် မြန်မာဟာ မြန်မာပဲ ဖြစ်နေမှာပါပဲ ကိုရင်ရေ...အချိန်က စကားပြောပါလိမ့်မယ်...

san htun said...

ကိုယ့်နိုင်ငံမှာ အဆင်ပြေမယ်ဆိုရင် ဘယ်သူမှ နိုင်ငံခြားမှာ မလုပ်ချင်ပါဘူး..နိုင်ငံခြားမှာ အလုပ်လုပ်ရတာ ပင်ပန်းပါဘိ..တနေ့ နေ့ ပေါ့...

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီး ကိုရင်......
ပို့စ်က ဖတ်လို့ကောင်းပေမယ့် ရင်ဆို့သွားတယ်ဗျာ.....။
ဘယ်လိုအကြောင်းနဲ့ ဖြစ်ဖြစ် ယမကာ နဲ့မေ့ပြစ်ခြင်းကိုတော့ အားမပေးချင်ဘူး။

ုလူတစ်ချို့ ကိုယ့်ရှေ့မှာ မြန်မာလို ပြောနေလို့ ကိုယ်က မြန်မာလို နှုတ်ဆက်ရင် ငါ မြန်မာမဟုတ်ဘူး လို့ ပြန်ပြောတဲ့ လူတွေကလည်း ခပ်များများပေါ့။

(အထီးကျန်ခြင်းတွေအတွက်တော့ ကျွန်တော် စာတွေဖတ်နေတယ်)

blackroze said...

ဖတ်ပြီးတော့ရင်ထဲနင့်သွားတာဘဲ
ရေးစရာစကားလုံးတောင်
မရှိတော့သလိုဘဲ..

ကိုရင်..facebook မှာshare လိုက်ပါတယ်..

sosegado said...

ကိုယ်အယူအဆနဲ့ကိုယ်
ကိုယ်ယုံကြည်ချက်နဲ့ကိုယ်
ကိုယ်အတွေးနဲ့ကိုယ်
ကိုယ်ဖြစ်ချင်တာနဲ့ကိုယ်
ကိုယ်မဖြစ်ချင်တာနဲ့ကိုယ်
ကိုယ်ဘဝနဲ့ကိုယ်
ကိုယ်စရိတ်နဲ့ကိုယ်
မကျေနပ်ရင် အိမ်ပြန်နေလိုက်ပါ
အိမ်ရှိခဲ့ရင်ပေါ့……………..
ထမင်းတော့ မငတ်ပါဘူး။

မိုးခါး said...

ဟင်းးးး
သက်ပြင်းက ချရပြန်ဘီ
အသက်တော့ တရက်တိုဦးတော့မယ် ..

ညီရဲသစ် said...

ကျွန်တော် နိုင်ငံခြားကို ထွက်ခါနီး မြန်မာနိုင်ငံက အစိုးရ စက်ရုံတစ်ရုံမှာ တွင်ခုံ ပညာဝင်သင်တော့ အဲဒီက အရာရှိတစ်ယောက်က မင်းကလဲကွာ ကျွန်သွားခံမှာကို ပညာသင်နေသေးတယ်တဲ့... ကျွန်တော် ပြန်ပြောချင်လိုက်တာများ ပါးစပ်ကို ယားနေတာဘဲ။ အရာရှိ ဖြစ်နေလို့ ... ဒီလူကျွန်နဲ့ အလုပ်သမား ခွဲမသိသေးပါလားလို့ ဖြေတွေးလေး ပြန်တွေးလိုက်ရတယ်။ ဒါပေမယ့် ဒီရောက်တော့ ဒီလူ ပြောသလို ဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်ပြန်မေးကြည့်နေမိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကျွန်မဟုတ်သေးဘူး အလုပ်သမားတစ်ယောက်ပါ။ ကျွန်မှာက ဘာရပိုင်ခွင့်မှ မရှိဘူးလေ။ ထားရာနေ စေရာသွား... ကိုယ်က ကျွန်မဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကို အားပေးနေရမိတယ်...

mstint said...

တီတင့်ရဲ့ သားငယ်လည်း ရွှေပြည်တော်ရဲ့ နယ်နိမိတ်ကိုတောင် ဦးညွှတ်ခွင့်မရတာ ၂-နှစ်ရှိပြီ
ကိုရင်ရေ။ သူ့ဆီကဖုန်းလာရင်လည်း
'မေကြီး ဒီလတော့ xxx...xxx...xxx ဒါပဲနော်' တဲ့
'မဒိုးရေ ကျန်းမာရေးဂရုစိုက်နော်' အဆစ်ဝင်ပြောတား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ဒီလိုနဲ့ပဲ ..တစ်နှစ်ပြိးတစ်နှစ်...အမေးခံရပေါင်း များပြီအကိုရေ...:(

မြသွေးနီ said...

ပြည်ပရောက်နေသူတိုင်း အမိမြန်မာပြည်ကို လွမ်းကြရပါတယ်။ ဘယ်နေရာ ဘယ်ဒေသ ဘယ်လောက်ကောင်းဦးတော့ ကိုယ့်အရပ်ကိုယ့်ဒေသကို ချစ်မြတ်နိုးကြသူများပါဘဲ။ ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေနဲ့ ကာယ၊ ဥာဏတွေနဲ့ အလုပ်လုပ်နေကြသူများမို့ ပန်းတိုင်မရောက်မချင်းတော့ ဇွဲတင်းပြီး လုပ်ကြရမှာ..။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) ကျုပ်လည်း မလေးမှာ ၇နှစ်ကျော်လောက်နေခဲ့တယ် ကိုရင်
ပြောပြရမယ်ဆို အများးးးးကြီးးးးး ကိုရင်

နောက်ဆုံး ဒီလိုပါပဲ ကိုရင်ရယ်လို့ပြောခဲ့မယ်ဗျား)


မောင်ဘကြိုင်

Related Posts Plugin for WordPress, Blogger...