Wednesday, March 26, 2014

အလွမ်းပန်းချီမို့ တန်းစီလွမ်းခဲ့ပြီ





မိုးသားတွေကခပ်အုံ့အုံ့။သူမမနက်စောစောရုံးကိုထွက်လာတော့သာမန်အချိန်ထက်ဆယ်ငါးမိနစ်လောက်စောနေသည်။အေးရာအေးကြောင်း လျှောက်လာရင်းရာသီတခုရဲ့အငွေ့အသက်တခုခုကိုရလိုက်သလိုလို။aကာင်းကင်ကိုမော့ကြည့်မိလိုက်တော့ခပ်အုံ့ဆိုင်းဆိုင်းတိမ်တိုက်တို့က ကောင်းကင်မှာနေရာအပြည့်ယူထားသည်။ ဒီအချိန်ဆိုသူအိပ်နေဦးမှာပဲဆိုတဲ့အတွေးလေးဖြတ်ခနဲဝင်လာတော့မျက်နှာပေါ်အပြူံးရိပ်သန်းသွားသည်ထင်ပ်ါရဲ့။ ဖြတ်သွားသူအမျိုးသမီးငယ်ကသူမကိုစူးစမ်းလိုတဲ့အကြည့်နဲ့ကြည့်လို့။အိမ်နဲ့ခပ်လှမ်းလှမ်းကကံကော်ပင်ကြီးပင်လုံးကျွတ်ပွင့်နေတာကိုမြင်တော့လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်ကိုပဲ ပြန်သတိရမိသလိုလို။တခါတုန်းကတက္ကသိုလ်ဆီဆိုတဲ့သီချင်းလေးကိုတိုးတိုးလေးညည်းတွားမိသည်။ခြေလှမ်းတို့ကကံကော်ပင်ကြီးဆီဦးတည်နေတယ်ဆိုတာ အပင်နားကပ်မှ ပိုသိလိုက်မိတော့ သြော်.. ကံကော်ပွင့်ဖတ်လေးတွေကြွေလို့ပါလား။ 

ရုတ်တရက်ကြွေကျနေတဲ့ ကံကော်ပွင့်ဖတ်လေးတွေကို ကောက်ယူနမ်းရှုံ့မိလိုက်ရင်း သူမအတွက် ကံကော်ပင်ပေါ်တက်ခူးပေးခဲ့တဲ့ သူ့ကိုသတိရမိသည်။ မချစ်တတ်ဘူးလို့ထင်တဲ့ သူကအဲလိုကျတော့ ခံစားတတ်ပြန်ရောလို့မှတ်ချက်လေးပေးမိလိုက်၏။ သူမနဲ့ သူဝေးခဲ့ကြတဲ့ ရက်စွဲတွေမှာ သူလဲအပြစ်မရှိသလို သူမလဲ မမှားခဲ့ဘူးလို့ ယုံကြည်ထားသူတစ်ယောက်အတွက် ဘာခံစားချက်မှထွေထွေထူးထူးမရှိတော့ပေမယ့် တိုက်ဆိုက်မှု့လေးတွေရှိလာတော့လဲ အမှတ်တမဲ့မင်းကိုလွမ်းပါတယ် ဆိုတဲ့ စာမျက်နှာ ဆယ်ငါ့းထဲကစာသားတွေလိုဘဲ နှလုံးသားနဲ့ ကွက်တိ ထပ်တူ ကျခဲ့တာတော့အမှန်ပါ။
မာနဆိုတာသုံးစားလို့မရဘူးလို့ဘယ်လိုပဲပြောပြော သစ်ငုတ်တောင်နှဲ့ပါများရင်နဲ့လာသေးတယ်ဆိုတဲ့ ဆင်ခြေက သူမအတွက်တော့ ခိုင်လုံနေသေး သည်။ မိုးနံ့လေနံ့ရတဲ့နေမျိုးဆို သူ့ကိုပိုလို့သတိရပေမယ့် တမြေစီဝေးကွာသွားကြပြီဆိုတဲ့အသိနဲ့ နှိပ်မယ့်ဆဲဆဲ ဖုန်းနံပါတ်ကိုလဲ ပြန်ပြန်ချခဲ့ရတာ သူမ၀န်ခံရမှာပါပဲ။ မိုးလေသည်းသည်း ကျောင်းဝင်းထဲမှာ သူမကိုထီးတစ်ချောင်းနဲ့ လာကြိုတတ်တဲ့ သူ့ကို အတန်းပြီးတဲ့အထိမစောင့်စေချင်ပေမယ့် သူလာကြိုချင်ပါသည်ဆိုတဲ့ သူ့ဆန္ဒကိုမငြင်းချင်ခဲ့တဲ့ သူမအတွက် ခုတော့မိုးရွာတိုင်း သတိရစရာတွေဖြစ်ကောင်းဖြစ်နေတယ်ဆိုတာ ၀န်ခံရ ပါလိမ့်မယ်.

မောင်.. ကျမချမ်းတယ်။ အိမ်မပြန်သေးဘဲ ဆုံဆည်းရာမှာ လက်ဖက်ရည်ဝင်သောက်ကြရအောင်နော်လို့ ပူဆာတတ်တဲ့သူမကို အလိုလိုက်ပြီးအ၀တ်တွေခြောက်တဲ့အထိသူမစိတ်တိုင်းကျကော်ဖီထိုင်သောက်ပေးခဲ့တဲ့သူ့ကိုသူမလွယ်လွယ်တော့မေ့မရခဲ့တာပါ။
ကံကော်တွေပွင့်တိုင်းသူမဆီကိုဦးဦးဖျားဖျားလာလာပေးတတ်တဲ့သူ၊ခြံထဲကစံပယ်တွေပွင့်တိုင်းတခိုင်စီခင်ပန်ဖို့ဆိုပြီးလာပေးတတ်တဲ့သူကရုတ်တရက်သူမကိုသံယောဇဉ်ဖြတ်နိုင်ခဲ့တာဘာ့ကြောင့်လဲလို့ရောသူမပြန်မေးပိုင်ခွင့်မရှိဘူးလား။ မြကျွန်းညိုညိုတက္ကသိုလ်ဆိုတာသူမတို့နှစ်ဦးရဲ့ခြေရာတွေအထပ်ထပ်၊ချစ်ခြင်းတွေအလီလီဖြတ်သန်းခဲ့ပေမယ့်ဘာမဟုတ်တဲ့အတ္တကြီးသူတွေအတွက်သူသူမကိုထားခဲ့တယ်ရက်စက်ခဲ့တယ်ဆိုတာသူမအတွက်တော့မာနတွေနဲ့အတူခံရအခက်ဆုံးအရာ။ကျိန်စာသင့်သလိုခံစားခဲ့ရတာ။သူ့ကိုသူမလိုပြန်လည်ခံစားစေချင်ခဲ့တာ။သူ့နှလုံးသားကိုသူမခံစားရသလို နာကျင်စေခဲ့လိုက်တာ။

ဒါပေမယ့် သူမအတွက် သူဟာနေ့စဉ်ရှင်သန်နေဆဲ။ သူတယုတယပေးခဲ့ဖူးတဲ့ ပန်းတွေဟာ ရာသီအလီလီမှာ ပွင့်ဆဲကြွေဆဲပေမယ့် သူမရင်ထဲမှာမညိုးမနွမ်းလန်းဆန်းနေဆဲ။မွှေးနေဆဲ။ဒီချိန်ဆိုသူဘာလုပ်နေတတ်တယ်။သူစာဖတ်နေတတ်တယ်။သူအိပ်နေတဲ့အချိန်ဆိုတာ ပြောစရာမလိုလောက် အောင်မှတ်မိနေတဲ့သူမအတွက် နာရီလက်တံတွေဟာ အချိန်ဇယားကွက်တွေပဲမဟုတ်လား။ 

အဝေးဆုံးဝေးပါစေတော့ဆိုတဲ့ဆန္ဒနဲ့ဝေးသထက်ဝေးအောင်နေလာခဲ့လည်းနှလုံးသားမှာအနီးဆုံးအဖြစ်နေချင်ခဲ့သူသူမအတွက်တော့ မြင်သမျှ အရာတွေဟာတိုက်ဆိုင်မှု့မဟုတ်တဲ့သတိရစရာတွေချည်းမို့အေးစက်စက်အကျင့်ရှိတဲ့သူ့အတွက်သူမကိုမေ့နေကောင်းမေ့နေပါလိမ့်မယ်။သူမကသာလျှင်ဘဲသူ့ကိုသတိရနေခဲ့တာပါလို့လဲတဖက်သက်ကြီးတော့လည်ား့မစွပ်စွဲရက်ခဲ့ပါဘူး။တကယ်တော့သက္ကရာဇ်တွေရဲ့ဝါးမျိုမှု့အောက်မှာ နှလုံးသားတွေအနည်ထိုင်သင့်နေပေမယ့်ဒဏ်ရာတွေကတိုက်ဆိုင်မှု့တွေသိပ်များလေတော့မကျက်နိုင်ဘဲအဖန်ဖန်တလဲလဲနာကျင်နေရသတိရနေတတ်ခဲ့တာဆယ်စုနှစ် နှစ်စုတောင်ကြာခဲ့ပြီပဲလေ။

မေ့သင့်ပါပြီ ဒဏ္ဍာရီတစ်ပုဒ်လိုဖြစ်သွားပြီလို့ ဘယ်သူတွေဘယ်လောက်ပဲပြောပြော သူမအတွက်တော့ သူဟာ သူမနှလုံးသားထဲမှာနွေးထွေးစွာ ရှိနေပါလိမ့်ဦးမည်။ သူမေ့လျော့လိုက်ပြီဖြစ်စေ သတိမရတော့သည်ဖြစ်စေ သူမအတွက်ကတော့ သူဟာ ဒဏ္ဍာရီမဟုတ်တဲ့ ပုံပြင်မဆန်ခဲ့တဲ့ ဇာတ်လမ်းလေးတပုဒ်လို တိုက်ဆိုင်မှု့တွေရှိလာတိုင်း နာကျင်စွာသတိရကောင်းရနေပါလိမ့်မည်။ တခါတရံ လွမ်းမော၍သော်လည်းကောင်း တခါတရံ နာကျင်၍သော်လည်းကောင်း တခါတရံမှာ ကြည်နူးစွတ်ပျံ့၍ လည်းကောင်း သူမ သတိရနေပါလိမ့်ဦးမည်။
ရာသီစက်ဝန်းတွေအလီလီပြောင်းတိုင်း တယုတယပန်ဆင်ခဲ့ဖူးတဲ့ ပန်းတို့ဟာကြွေလွင့်သွားတိုင်း သူဟာ သူမနှလုံးသားထဲမှာ ရောင်စဉ်လျော့ပါးသွား မယ့် ပုံပြင်မဟုတ်ဘူးဆိုတာ သူမကလွဲလို့ သေချာတာတော့ သူသိနိုင်ဖို့ အခွင့်အလမ်းမရှိတော့ဘူးမဟုတ်လား။ 

ကံကော်ပင်အောက်နေ သူမ အသာအယာ ထလာလိုက်တော့ ကံကော်ပွင့်ဖတ်လေးတချို့ လေထဲလွင့်ကျလာတာမြင်လိုက်ရသည်။သူမရင်ထဲမှာ သူကို့ ဒီပွင့်ဖတ်လေးတွေလို ကြွေမကျသွားနိုင်လောက်အောင် ကဗ္ဖည်းထိုးထားခဲ့တယ်ဆိုတာ သူသိလောက်တဲ့အချိန်ကျရင် …………………..

ရုံးသွားဖို့သတိရလိုက်တော သူမကံကော်ပင်ကြီးကိုကျောခိုင်းရင်း တရွေ့ရွေ့လျှောက်လာခဲ့လိုက်တာ လမ်းမှာ အမှတ်တမဲ့လက်ဝါးဖြန့်ကြည့် လိုက်တော့ လက်ထဲမှာ ကံကော်ပွင့် ဖတ်တချို့ကိုဖွဖွဆုပ်မိလျက်သား ………………………………………………..။


...........................................................................။..................................................................................


စာဖတ်သူများအားလုံးကိုချစ်ခင်လျှက်


မဒမ်ကိုး
၅နာရီ ၅၅ မိနစ်
၂၆ ရက်မတ်လ ၂၀၁၄ 
ဗုဒ္ဒဟူးနေ့  

2 comments:

မီးမီးငယ် said...

ကိုယ်လည်းလွှမ်းနေတာ..
ဘာတမ်းတပြီးလွှမ်းရမှန်းမသိ
လွှမ်းနေမိပါ၏
ကွန်မန့်ပေးရင်လေးထောင့်ကွက်ဘဲဖြစ်နေတာ
ဘာလို့လည်းမသိဘူးနော်..
ရမ်းတမ်းရိုက်ထဲ့တာစာလုံးပေါင်းမှန်ပါစေ..

ဆွေလေးမွန် said...

ဒီလိုလေးရေးတော့လဲ ဖတ်လို့ကောင်းတာပဲ ကိုယ်တောင်ကံ့ကော်ပင်အောက်ရောက်သွားပြီးလွမ်းသလိုလို

Related Posts Plugin for WordPress, Blogger...