“ မေမေ ..
သမီးကိုဖိနပ်အသစ် ၀ယ်ပေးပါ .သမီးဒီဖိနပ်ကြီးမစီးချင်တော့ဘူး ”
“ ဘာလို့လဲ သမီးရယ် .
ဒီဖိနပ်ကကျောင်းဖွင့်စကမှဝယ်ထားတာလေ . အသစ်ကြီးရှိသေးတယ်လေ သမီးလေးရဲ့ ”
အိမ်ရှေ့ဖိနပ်ချွတ်မှ ဖိနပ်ကိုလက်ညိုးထိုးပြလျှက် မေမေ့ကိုကျွန်မ ပူဆာမိသည်။ ကျွန်မသည်ဆင်ကြယ် ဖိနပ် ကိုမစီးချင်ပါ။ ကိုးတန်းကျောင်းသူကျွန်မ .သည်အပျိုဖော်ဝင်စအရွယ်မို့ ကျောင်းကသူငယ်ချင်းတွေ ဖိနပ်လှလှလေးတွေ စီးလာလျှင် သိပ်သဘောကျပါသည်။သဲကြိုးပေါ်မှာ ပုလဲလေးတွေ နှင့်စီးလာကြသည်။ တချို့ဆို လေဒီရှုး လေးတွေနှင့် ။ မိုရေစီးခံဖိနပ်တွေနှင့် ။ ကျွန်မလဲသူတို့လိုဖိနပ်လေးတွေ စီးချင်သည့်စိတ်ဖြစ်ပါသည်။မေမေသည် ကျွန်မကို မိုးတွင်းကျောင်းတက် ချိန်ဆိုလျှင် ဆင်ကြယ်ဖိနပ် စီးခိုင်းသလို ဆောင်းရောက်လို့ မိုး မရွာတော့သည့်အချိန်မှ ယင်းမာအဖြူရောင် ဖိနပ်အပါးလေး ကိုစီးခိုင်းသည်။
မေမေ့ကိုကြောက်လို့စီးရသော်လည်း
ကျွန်မ မစီးချင်ပါ။ ကျွန်မလည်းသူများတွေလို ဖိနပ်လှလှလေးစီးချင်ပါသည်။
သူငယ်ချင်းတွေက မပြောသော်လည်း အမြဲကျွန်မခြေထောက်ကဖိနပ်ကို ကြည့်ပြီး တခါတလေ
ရီသလိုလှောင်သလိုကြွားသလို လုပ်သည်ဟု ကျွန်မခံစားရသည်။ စာတော်သည့် ကျွန်မကို
အတန်းထဲတွင် အဆင့် တစ်ကနေကျအောင်မလုပ်နိုင်တာကလွဲရင် ကျွန်မသူငယ်ချင်းများက
ကျွန်မထက် ၀တ်နိုင်စားနိုင် ကြသည်။ ကျွန်မကျောင်းသွားတိုင်း
မိုးတွေမပြတ်မချင်း ဒီဆင်ကြယ်ကိုသာစီးရသည်။ ဒါ့ကြောင့် ကျွန်မ အမြဲ
မိုးမြန်မြန်ပြတ်စေရန်သာမျှော်မိသည်။
မနေ့ကကျောင်းမှာသူငယ်ချင်းတွေကကျွန်မကိုဝိုင်းပြောကြသည်။
“သဇင်ရယ်
..နင့်ဖိနပ်ကြီးကို လဲလိုက်ပါဟာ ။ နင့်အမေကိုအသစ်ဝယ်ခိုင်း ။ဒီဖိနပ်ကြီးက
ဒီခေတ်မှာဘယ်သူ မှမစီးတော့ဘူးဟ ။ နင် ရုပ်လေးသနားကမားနဲ့
ဒီဖိနပ်ကြီးနဲ့မလိုက်ပါဘူးဟာ ”
သူတို့ပြောလေ
ကျွန်မခံစားချက်တွေကပိုလာလေဖြစ်သည်။ လုံးဝဒီဖိနပ်ကြီးကိုမစီးချင်တော့ပါ။ မေမေကို လဲ
အတင်းမပူဆာရဲပါ။ စည်းကမ်းကြီးသောမေမေ့ကို ကျွန်မကြောက်သည်။ မေမေသည် ဖေဖေမရှိတော့ ကတည်းက
ကျွန်မနှင့်ညီမလေး ကို
သူနာပြုဆရာမဘ၀ဖြင့် ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ညီမလေး ကိုမွေးပြီးနှစ်နှစ်အရွယ်တွင်
ဖေဖေက တာဝန်ကျသည့် တောင်ပေါ်ဒေသများကိုသွားရင်းငှက်ဖျားမိကာ ဆုံးပါးသွားခဲ့သဖြင့် ကျွန်မနှင့်ညီမလေး၏
ကျောင်းစရိတ် .မိသားစုတာဝန်များသည်မေ့မေ့ ခေါင်းပေါ် သို့
အကုန်ရောက်လာခဲ့တော့သည်။ မေမေကနောက်အိမ်ထောင်လဲ မပြုဘဲ ကျွန်မတို့ညီအစ်မကို ရင်
အုပ်မကွာစောင့်ရှောက်ရင်း ဆေးရုံမှာဆရာမလုပ်ရင်းနှင့် မိသာစုတာဝန်ကိုယူခဲ့သည်။
မေမေသည် ဆရာမပီသစွာစည်းကမ်းလည်းကြီးသည်။ အ၀တ်အစားကမှအစ ဖိနပ်အသုံးအဆောင်အဆုံး
ခနခနမ၀ယ် ပေးတတ် ပါ။
ဂါဝန်လေးတွေ
အကျီအသစ်လေးတွေကိုတစ်နှစ်တစ်ခါလောက်သာ ၀ယ်ပေးတတ်သည်။ ညီမလေးနှင့်ကျွန်မသည်
ဆယ်နှစ်ခန့်ကွာလေရာ ကျွန်မအကျများကိုလဲညီမလေးက ၀တ်လို့မရသဖြင့်
သိမ်းထားရပြီးညီမလေးအတွက် သီးသန့်ထပ်ဝယ်ပေးရသည်။ မေမေလစာလေး ကလဲ
ိမိသားစုချွေတာမှလောက်ငှယုံရှိသည်ဆိုတာကို ကျွန်မ မေမေမပြောလဲ သိပါသည်။
ထို့ကြောင့် ဘယ်တုန်းကမှ ကျွန်မ မေမေ့ကို ဟိုဟာလိုချင်သည်
သည်ဟာလိုချင်သည်မပူဆာခဲ့ဖူးပါ။ ထမင်းဟင်းက အစ စည်းကမ်းနဲ့ ချက်သလို ချွေလဲ
ချွေတာကြရသည်။ မချွေတာလို့ကလဲမရ ။
ကျွန်မတို့အိမ်မှာ
မေမေ့လုပ်စာတစ်ခုထဲရှိသည်ကိုး ။ မုန့်ဖိုးကိုလဲမေမေ က ကျွန်မတို့ညီအမနှစ်ယောက် ကိုအများကြီးပေးလေ့ပေးထမရှိ
။ ကျွန်မမေမေ့ကိုကြောက်လို့ ဘာမှစောဒကမတက်သော်လည်း ယခု တစ်ခါတော့
သူငယ်ချင်းတွေကြားမှာ ရှက်သလိုခံစားလာရ၍ မေမေ့ကိုအရဲစွန့်ပြောလိုက်မိခြင်းသာ
။
မေမေက မီးပူတိုက်ရင်းမှ
ကျွန်မကိုလှမ်းမေးသည်။ ညီမလေးကတော့ သူ့အရုပ်များနှင့်ဆော့နေလျှက်
ကျွန်မပြောသည့်စကားများကို နားလည်သည့်ပုံမပေါ်ချေ။
“ ဘာလို့လဲ
သမီးကြီး . ဖိနပ်ကအသစ်ကြီးရှိသေးတယ်လေ။မိုးတွင်လဲကုန်သေးတာမဟုတ်ဘူး။ ဘာဖြစ်လို့လဲ
”
မေမေ့မေးခွန်းကိုကျွန်မမရဲတရဲပြန်ဖြေလိုက်မိပါသည်။
“ သူငယ်ချင်းတွေက
ပြောကြစကြတယ်မေမေ ။ သမီးကို စကြတယ် ။ဒီဖိနပ်ကြီးစီးလို့တဲ့ ။ သမီးသူငယ်ချင်း
တွေက ဖိနပ်လေးတွေဆို လှလှလေးတွေစီးလာကြတယ်။ သမီးတစ်ယောက်ထဲ ဒီလို ဖိနပ် ကြီးနဲ့ ”
ကျွန်မစကားကို မေမေ သေသေချာချာနားထောင်နေသည်ကို
ကျွန်မသိလိုက်သည်။ ထို့နောက် မီးပူတိုက်ရာမှ ရပ်ပြီး
ကျွန်မကိုသူ့အနားလှမ်းခေါ်လိုက်သည်။ အနားရောက်တော့ ထိုင်ခိုင်းပြီး ကျွန်မ
ခေါင်းကိုပွတ်လိုက်ပြီးပြောလာသည်။
“ မေမေလဲ
သမီးကိုဖိနပ်အကောင်းစားတွေဝယ်ပေးချင်တာပေါ့ သမီးလေးရယ်။ သမီးလေး မေမေ့လစာဘယ်လောက်ရလဲ
သိတယ်မဟုတ်လား ” ။
“ ဟုတ်ကဲ့သိပါတယ်မေမေ
..ဒါပေမယ့် ကျောင်းမှာ သူငယ်ချင်းတွေက သမီးကိုလှောင်ကြတယ်မေမေ။
ဒီဖိနပ်ကြီးကိုဘဲ မိုးတွင်းတစ်တွင်လုံးမပြတ်မချင်း ဆေးလိုက်
စီးလိုက်နဲ့မစီးချင်တော့ဘူးရှက်လာပြီ။ ”
ကျွန်မအသံက
မကျေနပ်ချက်နှင့် ငိုသံပါစွက်သွားသည်။ မေမေက ကျွန်မမျက်နှာကိုသေချာကြည့်ရင်း..
“ ဘာဂရုစိုက်စရာလိုလဲ
သမီးလေးရယ် ။ ငါ့သမီးကြီးက စာတော်တယ်။ ဒီအတွက်သူတို့မနာလိုလို့ သမီးကို
ပြောကြတာပါ။ နောက်ပြီးမေမေတို့မိသားစုမှာ
လစဉ်အိမ်သုံးစရိတ်ကိုအကြွေးမတင်အောင် အလျင် မှီအောင် မနည်းချွေတာပြီးနေနေရတယ်မဟုတ်လား။
မေမေလဲဝယ်ပေးချင်တာပေါ့ သမီးရယ်။ ဒါပေမယ့် သမီးတို့ညီအစ်မနှစ်ယောက်အတွက် မေမေမှာ
ဘယ်လိုရုန်းကန်နေရလဲ ငါ့သမီးသိသင့်တာပေါ့ ။
သမီးကိုဖိနပ်လှလှလေးတွေကျောင်းတက်တဲ့အခါမေမေဆင်ချင်တယ်။ ဒါပေမယ့် မိုးတွင်းကြီးကို ဟိုကကုန်လိုက်ဒီက
ကုန်လိုက်ဆို မေမေတို့ဒီလစာနဲ့ဘယ်လောက်ငှမလဲသမီး။
ညီမလေးက မူကြိုသာဆိုတယ်
ဘယ်လောက်ကုန်လဲငါ့သမီးသိတယ်။ တလကိုငါ့သမီးက ဖိနပ်တရံ ညီမလေး ကတစ်ရံ မေမေက
တစ်ရံသာဆိုရင် ဖိနပ်ဖိုးတင်ဘယ်လောက်ဖြစ်နေပြီလဲ။ ကျန်တဲ့ စရိတ်
တွေမပါသေးဘူးနော်။
သည်ဖိနပ်လေးက မိုးတွင်းတစ်တွင်းတိုက်ဆေးလိုက်
ရင်စင်ကြယ်ပြီး အသစ်အတိုင်းပဲလေသမီးရယ် ။ စီးလို့ရတာဘဲဟာ။မိုးတွင်းစီးဖိနပ်တွေကတကယ်တော့တမိုးတွင်းလုံးလည်းမခိုင်ဘူး ထောင်နဲ့ချီပြီးသာပေးရ တာ။
ခုငါ့သမီးလေးက ခုမှကိုးတန်းရှိသေးတာ ။ ကလေးပဲသမီးရယ်။ ဘာဖြစ်လဲ။ကျောင်းသားတစ်ယောက် ဟာ
စာတော်နေတဲ့ဂုဏ်ထက် ဘယ်ဟာမှတန်ဖိုးရှိတာ မရှိဘူးသမီး ။ စာကိုပဲကြိုးစားပါ။
တခြားအလှအပတွေခေါင်းထဲမထည့်ပါနဲ့ ။
ရှေ့နှစ်ဆယ်တန်းကိုအမှတ်ကောင်းကောင်းနဲ့လိုင်းကောင်း ကောင်းဝင်နိုင်အောင်
ပဲကြိုးစားဖို့ခေါင်းထဲထည့်ထားပါ။နော် ဟုတ်ပြီလား မေမေ့သမီးကလိမ်မာပါတယ် ””
မေမေ့စကားတွေမှန်သည်ကို
ကျွန်မလက်ခံသော်လည်း စိတ်ထဲ ဘ၀င်မကျပါ ။ ထိုနေ့က ကျွန်မညနေစာ
ထမင်းဝိုင်းတွင် ထမင်းလဲကောင်းကောင်းမစားဖြစ်ပါ။ မျက်နှာမကောင်းသည့်
ကျွန်မကို မေမေလည်းရိပ်မိ ပုံပေါ်ပါသည်။ စာကျက်စရာရှိသည် ဟုအကြောင်းပြပြီး
ကျွန်မစာကြည့်စားပွဲစောစောထိုင်ခဲ့သည်။ ညီမလေးက အနားလာပြိးဆော့သည်တောင် အော်ထည့် လိုက်သည်။
ညီမလေးကတော့ငိုမဲ့မဲ့နှင့် အရုပ်ကလေးကိုင်ကာ မေမေ့ အနားသို့ သွားကပ်သည်။
ညကမေမေလည်းတော်တော်နှင့်မအိပ်။
ညီမလေးအိပ်ပျော်သွားသည့်တိုင် မေမေမအိပ်နိုင်သေးဘဲ မနက်အတွက်
ယူနီဖောင်းပြင်ဆင်ပြီး ဘုရားရှိ ခိုးနေသည်။ ကျွန်မမေမေ့နောက်ကျောသို့
တချက်လှမ်းကြည့်လိုက်ပြီး စာအုပ်ထဲသို့စိတ်နှစ်လိုက်သည်။ သို့သော်လည်းကျွန်မ ကျောင်းစာထဲစိတ်ရောက်မနေပါ။
အိမ်ရှေ့ဖိနပ်ချွတ်မှာရှိသော ဖိနပ်ကိုသာ စိတ်ကရောက်နေမိသည်။
မနက်ဖန်လည်းသည်ဖိနပ်ကိုကျောင်းကိုစီးသွားရဦးမည် ဟူသောအတွေးနှင့် ကျွန်မ
လုံးဝမကျေနပ်ပါ။
မနက်စောစောအလုပ်သွားကျောင်းသွားကြတော့
မေမေက ကျွန်မခေါင်းကိုတချက်ပွတ်ပြီး စကား ဆိုလာသည်။
“ ငါ့သမီးကြီးက စာတော်တယ်
။ အဲဒီတော့ ငါ့သမီးတွေအတွက်မေမေအလုပ် ပိုကြိုးစားပေးရဦး မှာပေါ့လေ။ ”
ကျွန်မမေမေ့
ကိုနှုတ်ဆက်ပြီး ကျောင်းဖယ်ရီအမှီလမ်းထိပ်သို့ထွက်လာခဲ့သည်။
သည်လိုနှင့် ဖိနပ်ပြသနာအပြီး
နောက်ပိုင်းရက်တွေမှာ ကျွန်မ အိမ်ပြန်လျှင် စာဘဲဖိကျက်နေဖြစ်ပြီးမေမေ့
ကို စိတ်ထဲ အမြင်မကြည်သဖြင့် ဟုတ်တိပတ်တိစကားမပြောဖြစ်ခဲ့။ ဖိနပ်ကိုလဲ
မြန်မြန်ပြတ်စေရန် ခြေထောက်ကိုခွင်ပြီးလမ်းလျှောက်လိုက် လမ်းခပ်ဆိုးဆိုးနေရာများ
ကိုရွေးလျှောက်လိုက်နှင့် လုပ်ပစ်သည်။ ဒီတိုင်းတော့ဓားနှင့်မလှီးရဲ ။
မေမေဘယ်အချိန်ဂျုတီပြန်လာလဲ။
ဘယ်အချိန် ဂျုတီပြန်ဝင်လဲပင် သေချာမမေးမိ။ မေမေနိုက်ဂျုတီကျ သည့်ရက်များဆို
ကျွန်မတို့အဒေါ်ဝမ်းကွဲတစ်ယောက်လာအိပ်လေ့ရှိရာ ခုရက်ပိုင်း ဒေါ်လေး က
ဆက်တိုက် အိမ်မှာလိုလိုပင်နေဖြစ်နေသည့်အတွက် .ဒေါ်လေးကို မေးလိုက်ရာ ဒေါ်လေးက
ကျွန်မကို အံ့သြသလိုမျက်နှာနှင့် ပြန်ကြည့်ပြီးမေးလေသည်။
“ နေပါဦးအေ
.ညည်းတို့သားအမိကလဲ .အမေလုပ်သူ နိုက်ဂျုတီတွေဆက်တိုက်ဆင်းနေတာတောင်ညည်း မသိဘူးလား ။ ဒီလူလေးနှစ်ယောက်နဲ့တစ်ပိုင်းကို
မသိဘူးတဲ့ ..အံ့ရောတော်။ ညည်းအမေ နိုက်ဂျုတီပါ ဆက်တိုက် ၀င်ပေးနေရတယ် ။ သနားလည်းသနားပါတယ်အေ
..ညည်းအမေ.ပင်ပန်းနေရောပေါ့ ။ တစ်ယောက်ထဲ ကုန်းရုန်းလုပ်နေရတာ ။ ”
ဒေါ်လေးစကားကြောင့်
ကျွန်မစိတ်ထဲ ၀မ်းနည်းသလိုလိုဖြစ်သွားသည်။ ဒါဆို မေမေ
နေ့လည်တော့အိမ်ပြန်အိပ်မှာပေါ့။ ကျွန်မတို့ကျောင်းသွားသည့်အချိန်နှင့်
မေမေအိမ်ပြန် လာသည့်အချိန်လွဲနေခြင်းသာဖြစ်မည်။ ထို့ကြောင့်မေမေနှင့်ကျွန်မ
အ၀င်အထွက်လွဲနေခြင်းသာဖြစ်မည် ။ မေမေ့ကိုဖိနပ်ကိစ္စစောဒကတက်ပြီးကတည်းက
ကြောက်သည်ကတစ်ကြောင်း စိတ်ထဲမကျေနပ်သည်က တစ်ကြောင်းနှင့်
မျက်နှာချင်းမဆိုင်ဖြစ်အောင် ရှောင်နေသည်မှာ လေးငါးရက်ခန့်ရှိလောက်မည်ထင် သည်။
( ၂ )
တရက် ကျွန်မတို့အေခန်း
အတန်းပိုင်ဆရာမ အစာအိမ်သွေးကြောပေါက်ကာ အရေးပေါ်ဗိုက်ခွဲရသဖြင့်
ကျွန်မတို့တပည့်များ ကိုဆရာမ တစ်ယောက်နှင့် သတင်းသွားမေးရန် ဆေးရုံသို့ အတူထွက်လာ
ခဲ့ကြသည်။
ဆရာမတက်သည်မှာပုဂ္ဂလိက
ဆေးရုံဖြစ်သဖြင့် မေမေတို့တာဝန်ကျသည့် အစိုးရ့ဆေးရုံထက်အများကြီး
သန့်ရှင်းသပ်ရပ်နေပါသည်။ ကျွန်မတို့ကျောင်းသုကျောင်းသား ဆယ်ယောက်ခန့်
ဆရာမနောက်မှလိုက်လာရင်း ကျွန်မတို့ အတန်းးပိုင်ဆရာမ၏ အခန်းအားလိုက်ရှာကြရာ
အခန်းကွေ့တခုအရောက်တွင် ဖွင့်ထားသည့် အခန်းတွင်းမှ အပေါက်ဝကိုနောက်ကျောပေးကာ
လဲလျောင်းနေသည့်လူနာကို ပြုစုနေသည့် ဆရာမတစ်ဦးနှင့် လူနာရှင်ဖြစ်ဟန်တူသည့်
မိန်းမကြီးတစ်ဦး တို့ ၏ အသံကြောင့် ကျွန်မခြေလှမ်းများတုံ့ခနဲ ရပ်တန့်သွားရပါသည်
။
ထိုအခန်းတွင်းဝယ်
အဖြူအနီဝတ်ဆရာမတစ်ဦး နှင့် ရွှေလက်ကောက်များကိုတံတောင်နားရောက်ခါနီး အထိဝတ်ထားသော
အမျိုးသမီး၀၀ကြီးတစ်ဦးတို့ရှိနေကြသည်။
“ ဆရာမ .
ဒီရက်တွေတောက်လျှောက် ဟိုဘက်ဆေးရုံနဲ့သည်ဘက်ဆေးရုံ ပြေးနေရတာပင်ပန်းမှာဘဲနော်။
ညဘက်ဆိုလဲ ခနလေးဘဲ မှေးရတယ်။ ကျွန်မသိတာပေါ့ ။
ကျွန်မတရေးနိုးလို့အပေါ့အပါးထသွားရင် ဆရာမ အဖေ့ကုတင်စွန်းလေးမှာ မှေးနေတာ.။
တချို့ဆရာမတွေဆို ညဖက်ဆိုနိုးလို့တောင်မရဘူး ဆရာမရဲ့ ။ ”
“ ဒီလိုပါပဲ အမကြီးရယ်
.မပင်ပန်းဘူးတော့လဲ ဘယ်ဟုတ်ပါ့မလဲ။ ပင်ပန်းပေမယ့် ကိုယ့်မိသားစုစား
ဝတ်နေရေးကရှိသေးတယ်လေ။ ”
“ ဆရာမ.ထမင်းနဲ့ဟင်းက
ဝယ်စားတာလား ။ထမင်းချိုင့်မှာ ဟင်းလဲမတွေ့ဘူးနော် ။နေ့တိုင်း
ငပိကြော်နဲ့ချည်းစားနေတာဘဲနော် ”
“
ဝယ်မစားနိုင်ပါဘူးအမကြီးရယ်။ ကျွန်မမှာ သမီးလေးနှစ်ယောက်ရှိတယ်လေ။ သူတို့အတွက်
ချက်ပြုတ်ခဲ့ပေးပြီးရင် ကျွန်မက သူတို့ထမင်းဘူးထဲကပိုတာလေးထည့်လာတာပေါ့။
မပိုတော့လဲ ငပိကြော်နဲ့ဘဲ စားလိုက်တာဘဲ။ စားနိုင်ပါတယ် ။
ကျွန်မအတွက်တော့နေသားကျနေပါပြီအမကြီးရယ် ။
ကလေးတို့အဖေဆုံးပြီးကတည်းက
ကျွန်မဘဲကလေးနှစ်ယောက်ကို စောင့်ရှောက်လာရတာ။ ကျွန်မသမီးလေးတွေ ပြည့်ပြည့်စုံစုံ
နဲ့ နေနိုင်တယ်ဆို ကျွန်မချွေတာရလဲ ၀မ်းသာပြီးသားပါအမကြီးရယ် ။ ”
နောက်ပြီး
ကျွန်မသမီးအကြီးလေးက စာတော်တယ်။ သူကစာအ၇မ်းကြိုးစားတော့ သူလိုချင်တာလေးတွေ
လုပ်ပေးချင်တယ်လေ..။အပျိုပေါက်လေးလဲဖြစ်လာပြီ။ သူ့အတွက်လိုအပ်တာလေးတွေက
အရင်ကထက်ပို လာပြီလေ။ သူ့ကိုဆရာဝန်သိပ်ဖြစ်စေချင်တာလေ ။ အမေဆိုတော့လဲ
သူလိုချင်တာလေး သူလုပ်ချင် တာလေး မလုပ်ပေးနိုင်ဘူးပြောလိုက်ရ ရင်စိတ်ထဲမကောင်းဘူး။
ကိုယ်တွေဘ၀လို မရုန်းကန်မရင်ဆိုင်စေချင်ဘူးလေ။ သူတို့လေးတွေစိတ်ထဲမှာ ဘာမှမရှိဘဲ
စာကိုဘဲကြိုးစားစေချင်တာ ဒါ့ကြောင့် မမောနိုင်ပါ ဘူး အမကြီးရေ ..”
“ သြော် ..အင်းးးး ..ဟုတ်ပ
ဟုတ်ပ ဆရာမရေ မိဘမေတ္တာဆိုတာ ဒါဘဲ နော် .. ကျွန်မတော့ ဆရာမ ကိုကြည့်ပြီး
ကိုယ်ချင်းစာပါတယ် လေးလဲလေးစားပါတယ် ဆရာမရယ် ..အားမနာနဲ့နော် ထမင်းစားချိန်ကျရင်
ကျွန်မတို့ဟင်းတွေပိုပိုထည့်လာတာ စားနော် ဆရာမ ။”
စကားလည်းပြော လူနာကိုလဲ
အ၀တ်များလဲလှယ်ပေးရင်း ချွဲတဂွီဂွီနှင့် ကုတင်ပေါ်မှထိုလူနာကြီးကိုမရွံမ
ရှာလုပ်ကိုင်ပေးပြီး ကုတင်အောက်မှာချိတ်ထားသော ဆီးနှင့် သွေးများရောနေသည့်
အိတ်တစ်လုံးကို လှမ်းယူလိုက်ရင်း လူကယိုင်ခနဲဖြစ်သွားသဖြင့် ဘေးကထို
မိန်းမ၀၀ကြီးကလှမ်းထိန်းထားလိုက်သည်။
“ ဆရာမရယ်
။နားလိုက်ဦးနားလိုက်ဦး ။ လေးရက်လုံးဆရာမ နေ့ရောညရောမအိပ်ရတော့ ပင်ပန်းနေပြီပေါ့
။ အဖေကလဲ ညဖက်တွေဆိုတအားအမောဖောက်တော့ ဆရာမပိုပင်ပန်းတာပေါ့ ”
လူနာကုတင်ဘေးမှ
ခုံတန်းလေးပေါ်မှီပြီးထိုင်လိုက်သည့်အချိန်တွင်
ထိုမြင်ကွင်းကိုကြည့်ပြီးကျွန်မရင်ထဲ ဆို့နင့်ပြီး
အမြင်အာရုံများပင်ေ၀၀ါးသွားခဲ့တော့သည်။
မေမေ ..ကျွန်မရဲ့မေမေ.။
နေ့မအိပ်ညမအိပ်ဖြင့် ကျွန်မတို့လိုအပ်ချက်တွေကိုဖြည့်ဆည်း ဖို့ကြိုးစားနေ တဲ့မေမေ
။
မျက်တွင်းတွေချောင်ကျလို့
အစားအသောက်ချွေတာထားလို့ အိပ်ရေးတွေပျက်လို့ ပိန်ကျသွားတဲ့ ကျွန်မရဲ့မေမေ ။
သူများချီးသေးကိုမရွံမရှာ
လုပ်ကိုင်ပေးကိုင်တွယ်ပေးနေရတဲ့ ကျွန်မရဲ့မေမေ ။
ကျွန်မပူဆာမိလို့ မေမေ
ပိုပင်ပန်းရရှာပြီ။ လစဉ်ကြွေးမတင်အောင် စီမံခန့်ခွဲရ ကျောင်းလခ ကျောင်းစရိတ်
မနောက်ကျအောင် စီမံပေးရ ။ ထမင်းဟင်းမှအစ မုန့်ဖိုးအဆုံး စီမံပေးရ။
ကျောင်းဖယ်ရီခပေးရ။ ညီမလေး ကျောင်းစရိတ်များ ကျွန်မ၏ ကျုရှင်လခ များ
ဒါတွေအားလုံးကိုမေမေ ဒီလိုရုန်းကန်နေခဲ့ရတာ ။
သူများအညစ်အကြေး
ကိုမရွံမရှာကိုင်တွယ်ပြီးရောဂါ ကူးမှာမကြောက်ပဲ နေ့မအိပ်ညမအိပ် မိသားစုအတွက်
သမီးနှစ်ယောက်အတွက် မေမေ ပုံမှန်အချိန်ဆေးရုံမှာ လုပ်နေရာမှ အပြင်ဆေးရုံမှာပါ
ဆက်ပြီးအလုပ်လုပ်ခဲ့တာ။ လူနာရှင်တွေလာရင်ထိုင်တဲ့ခုံတန်းလျားလေးပေါ်မှာမေမေညတိုင်းဘယ်လိုများ
အိပ်နေခဲ့ရပါလိမ့်။
ကျွန်မမမလိမ်မာခဲ့ပါ။
မေမေသည်လိုရုန်းကန်နေသည်ကိုမသိဘဲ သူများမိစုံဖစုံနှင့်မပူမပင်နေရသူများနှင့်
ယှဉ်ကာ ကျွန်မမေမေ့ကို စိတ်ညစ်အောင်ဝန်ပိုပိအောင်လုပ်မိခဲ့တာ။
မယှဉ်ပြိုင်သင့်တာကို ယှဉ်ပြိုင်ပြီး မေမေ့ကိုမသနားမညှာတာ ပူဆာခဲ့မိတာ ။
မေမေပင်ပန်းနေခဲ့ပြီ။
မေမေကခုံမှာမှီထိုင်နေရင်းက တံခါးဝဖက်ကိုမျက်နှာမူလာသည်။ ကျွန်မမေမေ မြင်မှာဆိုးသဖြင့် တံခါးအကွယ်သို့အလျှင်အမြန်ရပ်လိုက်မိသည်။ ပါးပြင်ပေါ်မှာ ပူနွေးသော မျက်ရည်များ စီးကျလာသည်ကိုလက်ဖမိုးဖြင့် ကမန်းကတန်းသုတ်လိုက်ရင်း ရှေ့ဘက်အခန်းထဲသို့ဝင်သွားသော ဆရာမ နောက်သို့ အပြေးဝင်လိုက်သွားလိုက်မိသည်။
( ၃ )
အိမ်အပြန်လမ်းမှာတော့
ကျွန်မ ရင်ထဲမှာပေါ့ပါးလန်းဆန်းနေသည်။ ဒေါ်လေးကအိမ်ရောက်တော့ မေမေ
သည့်နေအိမ်ပြန်လာမည်ဟုပြောသည်။ ကျွန်မ လိမ်မာပါတော့မည်။
မေမေ့ကိုတာဝန်တွေပိုပိအောင် မလုပ်ရက်တော့ပါ။ အပိုတွေမလုပ်တော့ဘဲ
ကျွန်မဆရာဝန်ကြီးဖြစ်ရန်သာ ကြိုးစားပါတော့မည်။ ကျွန်မ တာဝန်ကိုသာ
ကျွန်မကျေပွန်အောင်လုပ်ပါတော့မည်။ မိုးတွင်းတစ်တွင်းစာ ကျွန်မအတွက် မေမေ
စိတ်မညစ်စေရတော့ပါ။ မေမေပိုမပင်ပန်းရစေတော့ပါ။
မေမေပြန်လာလျှင်
မေမေနေကောင်းရဲ့လားလို့မေးပြီး မေမေ့ကိုကျွန်မနှိပ်ပေးပါမည်။ ကျွန်မအတွက်
တခြားဖိနပ်တွေမလိုတော့ပါ။ တခြားအပိုတွေမလိုတော့ပါ ဟုမေမေ့ကို ပြောပြပါမည်။
ကျွန်မဆယ်တန်း ကိုမေမေဖြစ်စေချင်သလို အမှတ်များများနှင့်အောင်ရပါစေမည်ဟု
ကတိပေးပါမည်။မေမေတနေ့ကျရင် ပြန်လည်အားကိုးနိုင်သော သမီးကောင်းဖြစ်အောင်ကြိုးစားပါတော့မည်ဟုကတိပေး ပါမည်။
မေမေပြန်မလာခင်ညီမလေးကိုရေချိုးပေးပြီး
ဆင်ကြယ်ဖိနပ်လေးကို ကျွန်မဆပ်ပြာနှင့်ဘရပ်ရှ်နှင့်သေချာ တိုက်လိုက်သောအခါ
ဖွေးဖြူပြီးသစ်လွင်သောဖိနပ်လေးဖြစ်လာသည်။
ကျွန်မ စာကြည့်စားပွဲမှာ
ထိုင်ပြီးအိမ်စာများလုပ်နေရင်း မေမေပြန်အလာကို မျှော်နေမိပါသည်။ ခြံပေါက်ဝ
ကိုမျက်လုံးက ခနခနရောက်သွားရင်း ကျွန်မရဲ့မျက်လုံးများက
အိမ်ရှေ့ဖိနပ်စင်မှာထောင်ထားသော ဆင်ကြယ် ဖိနပ်လေးစီသို့ရောက်သွားခဲ့သည်။
ကျွန်မရဲ့ဖိနပ်လေးသည် စင်ကြယ်သွားသော ဆင်ကြယ်လေးအဖြစ်နှင့် မနက်ဖန်မနက်ကျောင်းသွားလျှင်
ကျွန်မ၏ ခြေထောက်တွင်
ရဲရဲဝံ့ဝံ့နေရာယူ စီးနိုင်ပြီဖြစ်ပါသည်။ထို ဆင်ကြယ်လေးကိုဘဲိကျွန်မစိတ်သန့်ရှင်းစွာဖြင့် ဂုဏ်ယူစွာဖြင့် စီးဖြစ်ပါလိမ့်မည်။
ကျွန်မ၏ စိတ်အစဉ်သည်လည်း
ထိုဆင်ကြယ်ဖိနပ်လေးကဲ့ သို့ စင်ကြယ်လျှက် သာရှိနေပါတော့သည်။
ချစ်ခြင်းအားဖြင့်
မဒမ်ကိုး
၁၆ ရက် ၅လ ၂၀၁၃
ခုနှစ်
၉း ၃၂ မိနစ်
10 comments:
တော်လိုက်တဲ့ သမီးလေး
ကောင်းလိုက်တဲ့ ပြယုဂ်
အဲဒီ သရုပ်တွေကို ခံစားပြီးတော့ အမေ့ကို သနားမိတယ်အေ ။
ဆင်ကြယ်ဖိနပ်လေးတစ်ရံကနေ အသိလေးရသွားတဲ့ သမီး။
မေမေသာသိရင် ဘယ်လောက်မွေးရကျိုးနပ်တဲ့သမီးလေးဆို ချီးမွမ်းမှာ အသေအချာ..။
ချစ်စရာဝတ္တုလေးပါညီမရေ..။
(ရူပါမလန်းသော်ငြား ကွန်မန့်ဝင်ပေးသွားပါသည်..။)
ေ မ ေ မ ပ င် ပ န်းေ န ခဲ့ ပြီ
(မရောက်တာကြာပြီ ကြီးတော်ကိုးခင်ဗျား)
ဇာတ်အိမ်လေးက မရိုးဆန်းလေးပါပဲ....
ရေးထားတာလေး ကောင်းတယ်
အမ မဒမ်....အဆုံးသတ်လေးမှာ
ကြည်နူးသွားရတဲ့အတွက် ပိုကောင်းသွားတယ်
ဆက်လက်ထုဆစ်နိုင်ပါစေ အမရေ...
ချစ်တဲ့...မိုးနတ်
ဇာတ်လမ်းလေးကောင်းလိုက်တာ..
အဆုံးထိမျောသွားတယ်....
ဒီကလေးမလေးလို နားလည်သွားကြရင် ဘယ်လောက်ကောင်းမလဲ..း)
ရိုးရိုး အကြောင်းအရာလေးထဲမှာ.မိဘ မေတ္တာလေး ထည့်ထားပေးတာ ဖတ်ရတာ တန်ဖိုးရှိလိုက်တာ မမ..
အိမ်မက်စေရာ
တကယ်ပဲရသ ပြောင်မြောက်အောင် ရေးသားထားတဲ့ ဘ၀ပညာပေး ၀တ္ထုလေးတစ်ပုဒ်ပါ။
ဒါပေမဲ့ ၀တ္ထုရဲ့ ဇာတ်လမ်းကြီးက အရမ်းကို ရိုးရှင်းနေပြီး တစ်ချို့ ဆို့ ဝတ္ထုအစပိုင်းကို
ဖတ်ပြီးတာနဲ့ နောက်ဘာဖြစ်မယ်ဆိုတာကိုသိပြီး သူတို့ ခန့် မှန်းထားတာနဲ့ တစ်ခါတည်း
မှန်နေတတ်ပါတယ်။ စာဖတ်သူကို ဘ၀အသိပညာပေးတဲ့နေရာမှာတော့ ရင်ထဲကိုစိမ့်ဝင်သွားအောင်
ပုံဖော်ပေးနိုင်တဲ့ ၀တ္ထုလေးတစ်ပုဒ်ပါပဲ။
နအမလုပ်တာ အမေ့ကိုတောင်ဒိရသွားပီ.. :(
ရင်ထဲတောင့်နင့်သွားတယ် မကြီးရယ် ..... ရေးတတ်လိုက်တာ ...
Post a Comment