Monday, March 18, 2013

ကျားထောင်ချောက် အပိုင်း ( ၄ )




မြမြခင်နာရေးအပြီး နောက်တစ်နေ့တွင် မိမိခင်တစ်ယောက်ပြောင်းရွှေ့လာလေသည်။ မိမိခင်ပြောင်းလာသည့်အချိန်တွင် ကိုစိန်ထွန်းအပြင်သွား သည်နှင့် ကြုံကြိုက်နေသည်။ ကားရပ်ပြီးမိမိခင်တစ်ယောက် ကားထဲမှလက်ဆွဲအိတ်တစ် လုံးနှင့်ခရီးဆောင်အိတ်ကိုဆွဲချပြီး အိမ်ထဲသို့ကြည့်လေရာ လူအရိပ်အယောင်မတွေ့ သဖြင့်လူခေါ်ဘဲလ် ကိုနှိပ်လိုက်သည်။ ထိုစဉ်ခြံထဲရှိ ပန်းရုံနံဘေး၌ လူရိပ်တစ်ခုကိုမြင်လိုက်လေရာ အရပ် ခပ်ပုပြတ်ပြတ် အမျိုးသမီးတစ်ဦးအား မိမိခင်တွေ့ရလေသည်။ 


ထိုစဉ်ဘဲလ်အသံကြောင့်အနောက်ဖက်ခန်းမှကြီးလှထွက်လာပြီးမိမိခင်ဆီမှအထုပ်များလာရောက်ယူလေသည်။ မိမိခင်သည်ကြီးလှကိုမေးလိုက်သည်။

“ ကြီးလှ..ဟောဟိုဇီဇ၀ါပန်းရုံးနားမယ်ရပ်နေတာဘယ်သူလဲ ”

 “ ၀င်းဝင်းဆိုတာလေ…….မောင်စိန်ထွန်းနှမ၀မ်းကွဲတဲ့.အညာအရပ်ကဘဲ .။ ဒီအိမ်မယ်  အမြလေး ကိုယ်ဝန်စရှိကတည်း ကနေတာဆိုပါတော့......”

မိမိခင်မှာ ၀င်းဝင်းကိုမြင်လေသော်ရင်ထဲ၌မနှစ်မြို့သည့်ခံစားမှု့တစ်ခုချက်ခြင်းဖြစ်ပေါ်လာသည်။ ၀င်းဝင်းသည်လဲ မိမိခင်ကိုမြင်လိုက်သော် ပန်းခြူံ နားမှာရပ်နေရင်းက ပန်းခူးသလိုလို မြက်နှုတ်သလိုလိုနှင့် မျက်နှာလွဲသွားလေသည်။

မိမိခင်အိမ်ထဲဝင်လာရင်း အိမ်အတွင်းခန်းများကို ဟိုဟိုသည်သည်မျက်စိကစား၍ ကြည့်မိလေသည်။

မီးဖိုချောင်သွားသည့်လမ်းနှင့် ကပ်လျှက်က အခန်းတစ်ခန်းမှာပိတ်ရက်သားတွေ့ရပြီးတခန်းမှာတော့ တံခါးမှာခပ်ဟဟဖြစ်နေ သည်ကိုမြင်လိုက်သည်.။သို့နှင့်အပေါ်ထပ်ရှိမိမိခင်နေမည့် အခန်း သို့  ကြီးလှတစ်ယောက် အထုပ်များ သယ်ပိုးကာ လိုက်လံပြပြီးသော့များအပ်လေသည်။ 

“ ဒါကတော့ မိမိလေးနေမယ့်အခန်း .ကြီးလှကိုယ်တိုင်ပြင်ထားတယ် ။ မိမိလေးကြိုက်တတ်တဲ့ ဇီဇ၀ါတွေလဲ ထိုးထားပေးတယ်။ ဘေးကပ်လျှက် ကတော့ အမြလေးနေသွားတဲ့အခန်းဘဲ ။ ဟိုဘက်အခန်းကတော့ မောင်စိန်ထွန်းနဲ့ အမြလေးတို့လင်မယားမခွဲနေခင်တုန်းကနေကြတဲ့ အခန်းပေါ့။အဲဒီအခန်းရဲ့မျက်စောင်းထိုးမှာကမောင်စိန်ထွန်းရဲ့ အခန်းဘဲ။ အကိုကြီးအမကြီးတို့ရှိစဉ်ကနေခဲ့တဲ့အခန်းကိုသူယူလိုက်တာဆိုပါတော့။ အဲဒီအခန်းကလေသာ ဆောင်ကနေ ဆိုရင် အိမ်ရှေ့ပန်းခြံတစ်ခြမ်းကို မြင်ရတယ်မလား။ ”

ကြီးလှက ပြောပြောဆိုဆို နှင့် အခန်းတွင်းအထုပ်များချရင်း ပြတင်းပေါက တံခါးမျာ်းနှင့် လိုက်ကာများကိုဖွင့်လိုက်သည်။ မိမိလေး စကားပြောရင်း ၀ရန်တာရှိရာသို့ထွက်ရပ်လိုက်သည်။

“ ကိုကိုထွန်းရော မတွေ့မိပါလား..ကြီးလှ ..”

“ အင်း မောင်စိန်ထွန်းအပြင်ထွက်သွားတယ်ထင်တယ် .မနက်ကတော့ ကားစက်နိုးသံကြားလိုက်သား ”

ဝရန်တာတွင်ရပ်ရင်းမိမိခင်တဖက်သို့ကြည့်လိုက်မိရာ ကိုစိန်ထွန်းအခန်းမှ ၀ရန်တာကို လှမ်းမြင်ရလေသည်။ ၀ရန်တာတွင်လေညှင်းခံရင်း အရက် သောက်ပုံရ၏။ ကုလားထိုင် တစ်လုံးနှင့် စားပွဲတစ်လုံး ကိုလှမ်းမြင်ရသည်။ ပန်းခြံထဲကိုလှမ်းကြည့်လိုက်မိတော့ ဇီဇ၀ါခြုံနားတွင် ၀င်းဝင်း ရပ်နေဆဲ ရှိသေးသည်။မိမိခင်ရပ်နေသည့်အခန်းဘက်သို့ လှမ်းကြည့်နေရာမှမိမိခင်ရပ်နေသည်ကိုမြင်သော်မျက်နှာလှည့်ဲသွားပြီးအိမ်ဘက်သို့ဝင်သွားလေ သည်။မိမိခင်လည်းအခန်းထဲသို့ပြန်ဝင်လာပြီး ကြီးလှကို ပြောလိုက်သည်။

“ ကြီးလှရေ .မိလဲအရမ်းပင်ပန်းနေလို့ ခနနားလိုက်ဦးမယ် ။ ညနေစာစားမှဘဲ ဆင်းလာခဲ့တော့မယ် ။”


“ အင်း..အင်း ကြီးလှဒါဆို မိမိလေးစားဖို့သွားချက်ပြုတ်လိုက်ဦးမယ် ။ ခနနားလိုက်ဦး.နော်။ ဘာစားချင်လဲ. မိမိလေးစားချင်တာ ကြီးလှချက်ပေးမယ်လေ။ ”

“ ရပါတယ်..ကြီးလှရယ် အဆင်ပြေသလိုသာစီစဉ်လိုက်ပါ ။မိအတွက်စားရေးသောက်ရေး ကသိပ်အဓိက မကျပါဘူး။ စိတ်လဲပင်ပန်းနေလေတော့ စားချင်သောက်ချင်စိတ်လဲ သိပ်မရှိလှပါဘူးကြီးလှရယ်။ မနက်ဖန်ညနေဆိုလဲ မိသူငယ်ချင်း ဘိလပ်ကနေ ရောက်ဦးမယ်ဆိုတော့ မိတော့ နားဖို့လမ်း သိပ်မမြင်မိဘူး။ ”

“ ကောင်းပြီလေ. ဒါဆိုလဲ အရင်ကလိုဘဲ ကြီးလှ မိမိလေးကြိုက်တတ်တာလေးတွေချက်ထားပေးမယ်နော် . ကောင်းကောင်းနား လိုက်ဦး”

ကြီးလှတံခါးကိုပိတ်ပြီးအောက်ဆင်းသွားတော့ မိမိခင် သူမအတွက်ပြင်ထားပေးသော ကုတင်ပေါ်မှာအသာလေးလှဲအိပ်လိုက်ရာ ခရီးပန်းစိတ်ပန်း လူပန်းဖြစ်နေသည်က တစ်ကြောင်းနှင့် မှေးခနဲအိပ်ပျော်သွားလေသည်။ ဘယ်လောက်ကြာအောင် အိပ်ပျော်သွားသည်မသိ။  တစ်စုံတစ်ယောက်က သူမအနားရပ်ပြီးသူမအား ငုံ့ကြည့်နေသည်ဟု ခံစားရသလိုကြီးခံစား ရပြီး ဖြတ်ခနဲလန့်နိုးလာသည်။နံရံမှာကပ်ထားသော နာရီကိုကြည့် လိုက်တော့ခြောက်နာရီခွဲ ဖို့မိနစ်အနည်းငယ်သာ လိုတော့သည်။ မိမိခင် အိပ်ယာမှထပြီးရေမိုးချိုးဖီးလိမ်းပြီးအောက်သို့ဆင်းလာလိုက်သည်။

ထမင်းစားဝိုင်းမှာ ကိုစိန်ထွန်းရောက်နှင့်နေသည်။ မိမိခင်ကိုမြင်သော် ကိုစိန်ထွန်းကရီရီမောမောပင်စကားစဆိုသည် ။

“ ကိုယ်အခုဘဲအပြင်ကပြန်ရောက်တာ။မိမိလာတဲ့အချိန်ကိုယ်အိမ်မှာမရှိတာတော့ဆောရီးပါနော်။ပင်ပန်းနေပြီလား။ခုဘဲထမင်းစား
ဖို့ခေါ်ခိုင်းလိုက် မလို့ လုပ်နေတာ။ အဆင်ပြေရဲ့လား .ကြီးလှပြင်ပေးထားတာ ။”


ကိုစိန်ထွန်း၏ ဖော်ရွေလှစွာသောစကားလုံးများကို မိမိခင်က အပြုံးဖြင့်တုန့်ပြန်ရင်း ထမင်းစားပွဲ၏ လက်ယာဘက်တွင်ဝင်ထိုင် လိုက်သည် ။ ထမင်း စားပွဲပေါ်၌ဟင်းခွက်အမည်များစုံလင်စွာတွေ့ရသလိုကိုစိန်ထွန်း၏ရှေ့တည့် တည့်တွင်လည်းကြက်သည်း ကြက်မြစ်ဆီပြန်ခပ်မောက်မောက် ထည့်ထားသော ပန်းကန်ကြီးတစ်လုံးကိုလဲ တွေ့ရလေသည်။


မိမိခင်အကြည့်ကိုမြင်လိုက်သောကိုစိန်ထွန်းကရီကျဲကျဲဖြင့် စကားဆို၏။

“ ကိုယ်က ကြက်သည်းကြက်မြစ်ကိုမဆလာအုပ်ထားတဲ့ဆီပြန်ဟင်းကိုအရမ်းကြိုက်တယ်။ တရက်ခြားတခါလောက်ကိုဒီလိုစားတာ ။ ကြက်ကုလား ကို လဲ သေချာမှာထားတယ်လေ.။ သန့်သန့်လေးလုပ်ပေးဖို့ ။”

“ သြော် .. ဟုတ်ကဲ့ပါ ကိုကိုထွန်း .မိက ထူးဆန်းနေတာ အဲလောက်အများကြီးကိုကိုထွန်းကုန်မှကုန်ပါ့မလားလို့။. ဘိလပ်မှာ ဆိုရင်တော့ တိရိစ္ဆာန်ရဲ့ ကိုယ်တွင်းကလီစာတွေကို စားလေ့စားထမရှိကြဘူးလေ။ မိတို့ မြန်မာတွေသာ အသည်းအမြစ်ကို တန်ဖိုးထားပြီး တခုတ်တရ စားကြတာမဟုတ်လား  ”ဟု မထူးဆန်းသလိုပင် စကားဆိုလိုက်သည်။

ကိုစိန်ထွန်း မိမိခင်စကားကိုကြားလေသော် ဟက်ဟက်ပက်ပက်ရီမောလေသည် ။

” ဟားးဟားးဟားဟား …………ကိုယ်က ထမင်းနဲ့စားတဲ့အပြင် အဲဒီကြက်သည်းကြက်မြစ်ချက်တဲ့နေ့ဆို ထမင်းနည်းနည်းဘဲစားပြီး ၀ီစကီလေးနဲ့ မြည်းတယ်ဆိုပါတော့ မိမိရယ်။ ဘိလပ်ကတော့ဘိလပ်ပဲမဟုတ်လား ခုတော့ မိမိလဲ ဗမာပြည်ပြန်ရောက်နေပြီမဟုတ်လား .”

မိမိခင် စကားဆက်မပြောတော့ဘဲ ကြီးလှပြင်ပေးသောထမင်းပွဲကို စားနေလိုက်သည်။ကိုစိန်ထွန်းထမင်းစားရင်း ရေချိုးပြီးကာစ ကြည်လင်နေသော အသားအရည်ပေါ်မှာဘာမိတ်ကပ်မှလိမ်းခြယ်မထားဘဲဝင်းပနေသောမိမိခင်မျက်နှာကို အသေအချာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေသည်။ မိမိခင် သိသော်လည်း မသိချင်ယောင်ဆောင်ရင်း ထမင်းသာ စားနေလိုက် သည်။ ထမင်းစားသောက်ပြီး သစ်သီးပွဲများလာချပေးတော့ မိမိခင်က ၀င်းဝင်းကိုတွေ့ချင်ကြောင်း စကားဆိုသဖြင့် ကိုစိန်ထွန်းက ၀င်းဝင်းနှင့် ကိုဘမောင် ကို လှမ်းခေါ် လိုက် သည်။ ၀င်းဝင်းရောက်လာတော့ ကိုစိန်ထွန်းက ပင်စမိတ်ဆက်ပေးလေသည်။

“ ကဲ ..ဒါကတော့ မင်းတို့သိကြတဲ့အတိုင်းပဲ .မင်းတို့မမမြရဲ့ တစ်ဦးတည်းသောညီမ မမမိတဲ့ ။ မိရေ …ဒါကတော့ ဘမောင်တဲ့ ။ မြရှိကတည်းက ကားမောင်း ဖို့ ခေါ်ထားတဲ့သူပေါ့။ သူကတော့ ကိုယ့်ညီမ၀မ်းကွဲ ၀င်းဝင်းတဲ့ ။ မြကိုယ်လေး လက်ဝန်နဲ့တုန်း ကအဖော်ရဖို့ခေါ်လာတာဆိုပါတော့ ။ ”

ကိုဘမောင်က တော့လက်နှစ်ဖက်နောက်ပစ်လျှက် ရိုရိုးကျိုးကျိုးဖြင့် ဟုတ်ကဲ့ မမလေး ဟုတ်ကဲ့မမလေး ချင်းထပ်အောင်ပြောနေသော်လည်း ၀င်းဝင်းကတော့ဟုတ်ကဲ့တစ်ခွန်းထပ်ပင်မပို။ မိမိခင်က ၀င်းဝင်းကို ခြေဆုံးခေါင်း ဆုံးသချာကြည့်ပြီးပြောလိုက်သည်။

“ အ၀င်းလို့ခေါ်မယ်နော် .. ဒီအိမ်မှာနေတယ်ဆိုတော့ ဒီအိမ်ကအိမ်သားပဲပေါ့ . မိကိုလဲ တရင်းတနှီးဆက်ဆံနိုင်ပါတယ် ။ ကိုဘမောင်ရောပေါ့ ။ မိ အကူအညီလိုတာရှိလဲတောင်းမယ်နော် ။ ကဲ ..အားလုံးပဲနားကြပါ .မိလဲပင်ပန်းနေလို့ နားလိုက်ဦးမယ် .”

မိမိခင်ပြောပြောဆိုဆိုပင်ထမင်းစာပွဲမှထလာပြီးအပေါ်ထပ်သို့တက်လာလိုက်သည်။ မြမြခင်အခန်းရှေ့ရောက်တော့ တံခါးကိုဖွင့်ပြီးဝင်လာလိုက် သည်။အိပ်ယာမှာမြမြခင်မဆုံးခင်မနက်ကအတိုင်းပင်ရှိနေပုံရသည်။

အခန်းတွင်းဟိုဟိုသည်သည်လျှောက်ကြည့်နေမိသည်။စားပွဲပေါ်တွင် မြမြခင်ဓာတ်ပုံလေးမှာအသက်ဝင်လျှက်ပန်းအိုးတစ်အိုးဆီမီး
တစ်တိုင်နှင့်ငြိမ်သက်စွာရှိနေလေသည်သည်အိမ်ကြီးထဲမှညီအစ်မနှစ်ယောက် ကလေးဘ၀ထဲကအတူတူကြီးပြင်းခဲ့ကြပြီးသူမ ပညာတော်သင်သွားမှခွဲခွါခဲ့ရသည်။မိဘနှစ်ပါး ရုတ်တရက် ကွယ်လွန်သောအချိန်တွင်အစ်မလုပ်သူမှ ပညာရေးထိခိုက်မည်ဆိုး သဖြင့် ပြန်မလာခိုင်းခဲ့သည်ကို ပြန်သတိရနေမိသည်။ သူမအပေါ်အင်မတန်ချစ်သော တစ်ဦးတည်းသော အစ်မ။ အားငယ်တတ်သော အင်မတန်မှနူးညံ့သိမ်မွေ့သော အစ်မ။ငယ်ငယ်ကတည်းက သူတစ်ပါးအပေါ်ယုံကြည်လွယ်သော အစ်မ ။ ခုတော့မရှိရှာတော့ပြီ။လူလှသလောက်စိတ်ကောင်းရှိသလောက်အသေဆိုးနှင့်သေရသည်။မိမိခင်တွေးရင်းတွေးရင်းမျက်ရည်များကအတိုင်းသား ကျလာရသည်။

အဖြူရောင်ကြိုက်သောအစ်မလုပ်သူမသေဆုံးခင်နေ့ကအိပ်ယာခင်းမှာအဖြူရောင်ခင်းအိပ်သွားပုံရသည်။အိပ်ယာခင်းမှာ လူတစ်ဦးတစ်ယောက်အိပ် သွားသည့်ပုံစံမပျက်ရှိနေပြီး အိပ်ယာပေါ်တွင်ကျနေသောဆံပင်တချို့ကိုလဲတွေ့ရလေသည်။ မိမိခင်ဆံပင်တချို့ကို ကောက်ယူပြီးလက်ကိုင်ပ၀ါ လေးထဲထည့်လိုက်သည်။ အခန်းထဲမှာ ခုနှစ်ရက်လောက်ပြတင်းပေါက်များပိတ် ထားလို့လား သူမကိုယ်တိုင်ဝမ်းနည်းနေ၍ပဲလားမသိ မွန်းကြပ်သလို အသက်ရှုမ၀သလိုလိုမူးနောက်နောက်ကြီးခံစားလာရ သဖြင့်မနက်ဖန်နံနက်တွင်တော့ကြီးလှကိုတံခါးများဖွင့်ခိုင်းဦးမှဟုတွေးမိလိုက်ပြီး ပြန်ထွက်ရန် အလှည့် တံခါးဝမှလူရိပ်တခု ကိုလှစ်ခနဲထွက်သွားသည်ကိုမိမိခင်တွေ့လိုက်ရသည်။

ချက်ခြင်းတံခါးဝကိုလိုက်သွားပြီးအခန်းပြင်ထွက်ကြည့်လိုက်တော့မည်သူမှမရှိ အပေါ်ထပ်တခုလုံးတိတ်ဆိတ်ငြိမ်သက်နေသည်။ မိမိခင် သူမကိုယ်သူမစိတ်ထင်တာဖြစ်ပါလိမ့်မည်ဟုတွေးရင်း သူမအခန်းတွင်းသို့ပြန်ဝင်လာလိုက် သည်။ တညလုံးအတွေးတို့ဖြင့် အိပ်ပျော်တချက်မပျော်တချက်ဖြင့် အိပ်မက်ဆိုးတို့မက်နေသည်။ အာရုံလင်းခါနီးမှမိမိခင်မှေး ခနဲအိပ်ပျော်သွားလေ တော့ သည်။

နံနက်လင်းတော့ တော်တော်ပင်နေမြင့်နေလေပြီ။ မိမိခင် ရေမိုးချိုးကိုယ်လက်သန့်စင်ပြီး မနက်စာစားရန်ထမင်းစား ခန်းထဲ ဆင်းလာတော့ ကြီးလှကအရန်သင့်စားရန်ပြင်ဆင်ပေးလေသည်။ မိမိခင်မနက်စာစားရင်း မျက်လုံးကို ဟိုဟိုသည်သည်ကြည့် လိုက်တော့မည်သူမျှမရှိ။ သို့နှင့်ကြီှးလှကိုမေးလိုက်သည်။

“ သည်မနက်ဘယ်သူမှမရှိပါလား ..ကိုကိုထွန်းတို့ရော ကြီးလှ .”

“ သြော် မောင်စိန်ထွန်းက မနက်ဆို ခုနှစ်နာရီလောက်ကတည်းက ပွဲရုံသွားပြီလေ ။ အ၀င်းကတော့ ဈေးသွားဝယ်နေတယ်.။ ကြီးလှက အိမ်မှာချက် ပြုတ်ရတယ်လေ။ အရင်ကတော့ ကြီးလှဈေးဝယ်ရတာပေါ့။ ခုအ၀င်းရောက်လာပြီးတော့ သူဘဲငွေကိုင်တယ်။ လိုအပ်တာ အကုန်သူဝယ်ပေးတယ်။ ကြီးလှကအိမ်မှာချက်ပြုတ်လျှော်ဖွပ်ပေါ့ကွယ် ။ ”

“ သြော် ဟုတ်လား . .အင်းကောင်းပါတယ် .. သြော် ..မိကိုအကြိုလွှတ်မယ့်ကားလဲလာနေပြီတဲ့ ခုဘဲ မိဆီဖုန်းဆက်တယ် . ဧည့်သည် လာရင်နေဖို့ထိုင်ဖို့ကြီးလှသေချာပြင်ဆင်ထားပေးပါနော် ။ နောက်ပြီး ဟင်းကောင်းကောင်းလေးလဲချက်ထားပေးပါဦး ”

“ ကောင်းပါပြီကွယ် …ကြီးလှပြင်ဆင်ထားလိုက်ပါမယ်။ စိတ်သာချနေပါ။ မိမိလေး မိတ်ဆွေအတွက် မလစ်ဟင်းစေရပါဘူး ။”

မိမိခင်နှင့် ကြီးလှတို့စကားအချီအချပြောနေစဉ်ပင်တွင် မိမိခင်ကိုအကြိုလွှတ်သော ကားမှာရောက်လာပြီဖြစ်လေရာ မိမိခင်မှာ ထိုကားပေါ်သို့တက်၍လိုက်ပါသွားလေသည်။

 ……………………………………………………………………

သုံးနာရီနီးပါးခန့်ကြာသော် ကားတစ်စီးဆင်ဝင်အောက်သို့ဆိုက်လာလေသည်။ ကားပေါ်မှမိမိခင်အရင်ဆင်းလာပြီး လူခေါ်ခေါင်းလောင်း ကိုနှိပ်လိုက် လေသော်  ကြီးလှနှင့်ကိုဘမောင်ထွက်လာလေသည်။

မိမိခင်ကကိုဘမောင်ကိုမြင်လေသော် ..သြော် ..ကိုကိုထွန်းပြန်ေ၇ာက်နေပြီထင်တယ် ဟုတ်လား ဟု. မေးလိုက်လေသည်။

ကိုဘမောင်က ဟုတ်တယ် မမလေး ဆရာရယ် ခေါင်းထဲမူးသလိုလိုဖြစ်လာလို့ ဆိုပြီး ပွဲရုံကနေပဲလှည့်ပြန်လာတာ ။ ပြောပြောဆိုဆိုနှင့် ကားနောက်ခန်းမှ အထုပ်များကိုဆွဲချသယ်ယူပြီး အိမ်ထဲသို့ဝင်သွားလေသည်။

ကားထဲမှအနောက်တိုင်းဝတ်စုံကိုသေသပ်သပ်ရပ်စွာဝတ်ဆင်ထားသောမိမိခင်နှင့်အသက်မတိမ်းအရွယ်လောက်ရှိသည့်ယောကျာင်္း
ပီသသည့် ရုပ်ရည်ရှိသူ လူရွယ်တစ်ဦး ဆင်းလာလေသည်။ မိမိခင်က ထိုလူရွယ်ကို လှမ်းပြီးပြောလိုက်သည်။

ကဲ.. ကိုရန်နိုင်.. ဒါမိတို့အိမ်ပဲ .. ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်စိတ်တိုင်းကျနားနေနိုင်တယ်နော် .ဘာမှအားနာစရာမလိုဘူး။

ထိုလူရွယ်က ဟက်ဟက်ပက်ပက်ရီမောပြီး မိမိခင်ကို လှမ်းပြောလိုက်သည်။

ဒီလောက်တောင်အိမ်ရှင်က သဘောကောင်းစွာ တလမ်းလုံး အားနာစရာမလိုကြောင်း ပြောလာမှတော့ ကျွန်တော်မျိုးကြီးကလဲ အားမနာတော့ပါ ဘူး တဲ့ဗျာ ။ မိမိသာ စိတ်ရှည်နိုင်ပါစေ။ စိတ်တိုင်းကျနေမယ် စိတ်သာချ။

ဟုတ်ပါပြီ . နေပါ နေပါ . နို့ပေမယ့်နော် ..ပြန်သွားခါမှ မိမိက တာဝန်မကျေဘူးရယ်တော့ဖြင့် မပြောလေနဲ့ ကိုရန်နိုင်။ မိက ဒီလိုသာဆို စိတ်ကောင်း မယ်မထင်ဘူးနော် ။

မပြောပါဘူးဗျာ.စိတ်ချပါ။ဧည့်သည်ကဖြင့်မရောက်နှင့်သေးဘူး။လမ်းမှာကတည်းကတင်နှုတ်က၀တ်ကျေတဲ့ဒီလိုအိမ်ရှင်မျိုးကိုဘယ်လိုပြော လို့ဖြစ်မှာလဲ မဟုတ်ဘူးလား မိမိရယ် ။။

ဟုတ်ပါပြီ ဟုတ်ပါပြီ ..

ရီသံတချို့ ခပ်မျဉ်းမျဉ်းထွက်ပေါ်လာချိန်တွင် အပေါ်ထပ်တနေရာလိုက်ကာအကွယ်မှ မျက်လုံးတစ်စုံတို့သည် မိမိခင်နှင့်ရန်နိုင်တို့နှစ်ဦးအား စူးစိုက်စွာကြည့််နေသည် ကို မိမိခင်ရော ရန်နိုင်ပါ မသိလိုက်ကြချေ။ ။..............

ဆက်ပါဦးမည် ။ ။



အပိုင်း (၅ ) မကြာမှီမျှော်..


ချစ်ခင်လေးစားစွာဖြင့် 


မဒမ်ကိုး

၎း၄၅ မိနစ် တနလာင်္နေ့

၁၈ရက် မတ်လ ၂၀၁၃

6 comments:

မိုးငွေ့........ said...

ပြောတော့ ဇာတ်သိမ်းတော့မယ်ဆို ခုက မသိမ်းတဲ့အပြင် အပိုင်းငါးဆိုပါလား....

မိုးသက် said...

ကိုရီးယားကားထက်ဆိုးနေပီ ...

blackroze said...

နောက်တပိုင်းစောင့်ရဦးမှာပေါ့လေ...

မိုးညချမ်း said...

အပိုင်း (၅)ကို မြန်မြန်ဆက်နော် မမရေ ... :)

အဖြူရောင်နတ်သမီး said...

အကြွေးတွေလည်း များနေပြီ၊
မဆပ်နိုင်တော့ဘူး
လူပဲသိမ်းလိုက်တော့..ဟိ

ပျိုးယုဝသုန် (Pyo Yu Wathone) said...

လုပ်ပြန်ဘီအေ .. ဆက်ရန် တဲ့
ခုတလော ဖတ်သမျှ ဆက်ရန်နဲ့ချည်းတိုးနေပါ့လား

Related Posts Plugin for WordPress, Blogger...