Monday, July 23, 2012

ကြာရိုး


“သားရေ..ကြာရိုး၊ အမေ့ကို အဘွားမြတို့ကုန်စုံဆိုင်မှာ  ဆီလေး နှစ်ကျပ်ဖိုးလောက် ပြေးဝယ်ပေးစမ်း သားလေး ”
ကြာရိုးတစ်ယောက် ခြံဝိုင်းထဲ ဆော့နေရာကနေ အပြေးလေး အမေဖြစ်သူ မလှမေအနားလာပြီး ဆီပုလင်းလေးကိုယူ ပိုက်ဆံလေးနှစ်ကျပ်ကို လက်ထဲလိပ်လို့ အုန်းလက်ကို မြင်းလုပ်စီးရင်း အပြေးလေး ထွက်သွားသည်။ပါးစပ်ကလဲ သံစုံမြည်လို့...
“ ဟိုင်းယားးးးး...!..တစ်ကလုတ်...တစ်ကလုတ်...တစ်ကလုတ် .....”

ပါးစပ်ကလဲအော်ရင်း ခြေထောက်ကလည်း ဖိနပ်မပါ ခြေဗလာနဲ့ ပုဆိုးကိုကွင်းသိုင်းပြီး  ဘောင်းဘီတိုနှင့် ရွာလယ်လမ်းမကြီးတစ်လျှောက် ဖုတ်မှုန့် တစ်ထောင်းထောင်းထအောင် အုန်းလက်မြင်းစီးလို့ ရွာထိပ်က ကုန်စုံဆိုင်ရောက်အောင် ပြေးလေသည်။ဆိုင်ရှေ့ရောက်တော့ အုန်းလက်မြင်းကို တိုင်မှာစွပ် ပြီး
“ အမေကြီး အမေကြီး .. အမေကလေ ဆီနှစ်ကျပ်ဖိုးလောက်တဲ့..” 

ခါးကြားထိုးလာတဲ့ ဆီပုလင်းလေးကို အဘွားမြရှေ့ထိုးပေးပြီး လက်တဖက်က တွဲလောင်းကျလာတဲ့ နှပ်ချေးကို ရှလွတ်ခနဲ သုပ်လိုက်သည်။ ပြီးတော့ ဘောင်းဘီကို တချက်ပွတ် လိုက်ပြီး လျောကျလာသော ပုဆိုးကိုပခုံးပေါ်သို့ ပင့်တင်လိုက်သည်။အဘွားမြ ဆီထည့်နေတာကို သူစိတ်မရှည် ။ -ဆော့ရဦးမည်မလား။ခွေးနီတို့ အသိန်းမတို့ စောင့်နေသည်။ အမေခိုင်းတာ အမြန်ဝယ်ပေးပြီး ဆော့ရမည်။ 
“ အမေကြီးကလဲ အမြန်လုပ်ပါဗျ ..ကြာလိုက်တာ ”
“ဟဲ့..ကြာရိုးရဲ့...ပြီးပါပြီဟယ်...။ ကဲရော့..ရော့ ဒီမှာ သေချာယူသွား လမ်းမှာလည်း ကျမကွဲစေနဲ့ဦး . အဆော့မက်နေတာနဲ့ ကျကွဲဦးမယ်..”
အဘွားမြအော်တာသူစိတ်မ၀င်စားတော့။ကြာရိုးလက်ထဲ ဆီပုလင်းရောက်တာနဲ့ တိုင်မှာစွပ်ထားတဲ့ အုန်းလက်မြင်းကိုခွ ရွာလမ်းမအတိုင်း ဟိုင်းးယား လုပ်လို့ သူ အပြေးပြန်လာခဲ့သည်။

အိမ်နောက်ဖက်မှာထမင်းချက်နေတဲ့ အမေကို ဆီပုလင်းထိုးပေးပြီး ၀ါးကြမ်းခင်းကို တဗြမ်းဗြမ်း အသံထွက်အောင် နင်းရင် ခုန်ပေါက်ကာအောက်သို့ ဆင်းသွားလေသည်။ကြာရိုးအသက်က ၇ နှစ်မပြည့်တပြည့်။ အသားကညိုညိုလေး လုံးလုံးကလေး ။ မျက်နှာက ချစ်မွှေးပါသည်။ ကြာရိုးကို တွေ့တဲ့ သူတိုင်း ချစ်ကြသည်။ ဘယ်သူက ဘာခိုင်းခိုင်း ငြင်းသည်ဟူ၍ မရှိ ။ ကစားနေတုန်း ကြာရိုးရေလို့ အော်လိုက်တာနဲ့ ဖုတ်ဖက်ခါထပြီး ရောက်သည့် -နေရာက ထပြေးတတ်တဲ့ သူ့အကျင့်ကြောင့် အဖေရော အမေရော ချစ်ကြသည်။ ကြာရိုးအောက်မှာ မလှမေ ကလေးတစ်ယောက် ထပ်မွေးပေမဲ့  အခါလည်သားအရောက် ဖျားနာလို့ သေရှာသည်။

သည်လိုနှင့်  ကြာရိုးတစ်ဦးတည်း ဗိုလ်စွဲတော့သည်။ ကန်သင်းကုန်းရွာမှာ ကြာရိုးကို မသိသူမရှိ မချစ်သူမရှိ။ဟိုဘက်တော်လဲကြီးရွာ မူလတန်း -ကျောင်းမှာ ကြာရိုးက  ပထမတန်းတက်နေပြီ ။ကျောင်းများလည်း ပိတ်ထားသဖြင့် ကြာရိုးတစ်ယောက် စိတ်ကြိုက်ဆော့ခွင့် ရနေသေးသည်။ ကလေးပေမယ့် ကြာရိုးက သိတတ်သည်။ တခြားကလေးများနှင့်မတူ။ အဆော့မက်သည်မှအပ လိမ်မာသည်။ ခိုင်းလျှင် လုပ်ပေးသည်။ 
ကြာရိုးတို့ ကလေးတသိုက် ခြံဘေးကတလင်းပြင်မှာဆော့ နေကြတာဖုတ်တတစ်ထောင်းထောင်း။။ စစ်တိုက်တမ်း တူတူပုန်းတမ်း။ ပါးစပ်ကလည်း “ဒိုင်းညှောင့် ဒိုင်းညှောင့်” ဆိုတဲ့အသံ “အားးး” ဆိုတဲ့ အသံတွေကြားမှာ ကြာရိုးတစ်ယောက် ကောက်ရိုးပုံပေါ်ကနေ ဇောက်ထိုးဆင်းချလိုက် အုန်းလက်မြင်းကို ခွစီးလိုက်နှင့် အလုပ်ကို ရှုပ်နေတော့သည်။ 

ခွေးနီက ဆော့နေရင်း ကြာရိုးကိုလှမ်းပြောသည်။
“ကြာရိုးရေ....၊မနက်ဖန် ဘကြီးတို့အလှုက အကောင်းစားတွေကျွေးမှာတဲ့သိလား..ဒံပေါက်လည်းပါတယ်။ အိုက်စကလင်လည်း ပါတယ်တဲ့.. .ပေါက်စတို့ ညီအကိုသုံးယောက်လည်း ကိုရင်ဝတ်ကြမှာတဲ့။ ဇာတ်မင်းသားတွေလည်း ကကြမယ်တဲ့။ မင်းမသွားဘူးလား ...” 

ခွေးနီအမေးသံအဆုံး ကြာရိုးတချက်ခေါင်းကိုစောင်းပြီး စဉ်းစားလိုက်သည်။ လိုက်သွားကြည့်ချင်သည်။  ဒံပေါက်စားချင်သည်။ အိုက်စကလင် ဆိုတာကို စားချင်သည်။ ပေါက်စတို့ညီအကိုတွေ  ဘယ်လိုဝတ်လည်းလို့ ကြည့်ချင်သည်။ ဆိုင်းတွေဗုံတွေတီးတာကို ကြည့်ချင်သည်။ အမေ့ ကိုပူဆာရမည်။

ညနေကျတော့ ကြာရိုး မလှမေအနားကပ်လာသည်။
“အမေ...မနက်ဖန်ကျရင် သား.အမေနဲ့ ဘကြီးတို့ အလှုကိုလိုက်ချင်တယ်”
ကြာရိုးပြောလာမှ မလှမေ သတိရသည်။ မနက်ဖန် တောင်ဘက်ပိုင်းမှာနေတဲ့ ဘကြီးဦးဘမောင်တို့ ရှင်ပြူရဟန်းခံရှိသည်။ အင်း .. အလှုသွားဖို့အ၀တ်အစားက ရှိတာမဟုတ်။မင်္ဂလာဆောင်တုန်းက ၀တ်ထားတဲ့ ရွှေတဆုပ်လုံချည်ကို ပွဲသွားတိုင်းဝတ်လာရတာလည်း ဘယ်နှစ်ခေါက်မှန်းမသိတော့။ “မလိုက်ပါနဲ့ ငါ့သားရယ်...အလှုအတွက် ငါ့သားလေးကို အ၀တ်အစားလည်း အမေက ၀ယ်မပေးနိုင်ဘူး။ အမေတောင် မသွားမကောင်းလို့ သွားရမှာ။” 

ကြာရိုးမျက်နှာလေးညိုသွားသည်။ ဘာမှထပ်တော့မပြောတော့။
ကုပ်ကုပ်ကလေး အိမ်ရှေ့ကွပ်ပြစ်မှာ ခြေနှစ်ချောင်းကိုလှုပ်ရင်း သူ့ရဲ့စီးတော်မြင်း အုန်းလက်ဖတ်ကို ပွတ်သတ်နေသည်။ထိုစဉ် အဖေလုပ်သူ ကိုစိန်မောင် နွားသိမ်းပြီးပြန်လာတာမြင်တော့ သူပြေးပြီးကြိုသည်။  ဖအေလက်ထဲက လွယ်အိတ်ကိုပြေးယူပြီး ကောက်လွယ်လိုက်သည်။ ပြီးတော့ -ကောက်ရိုးတစ်ပွေ့ ဆွဲလာပြီး နွားတွေ ချည်ထားရာဆီကို လာချပေးသည်။ကိုစိန်မောင်က သားလုပ်သူ သိတတ်ပုံကို ကြည့်ရင်းတပြူံပြုံးနှင့် ကြည့်ရင်း ကွပ်ပြစ်တွင် ထိုင်ရင်းဆေးလိပ် ဖွာနေသည်။ 
“ သားရေ ..ကြာရိုးလာဦး အဘနားကို..”
ဖအေခေါ်သံကြားတော့ ပြေးလာသည်။ ကိုစိန်မောင်က သားလုပ်သူကို ခေါင်းပွတ်ပြီး ဘေးမှထိုင်စေသည်။
ကိုစိန်မောင့်ဘေးမှာ ကြာရိုးဝင်ထိုင်ပြီး စကားတိုးတိုးဆိုသည်။
“ အဘ .. သား အလှုလိုက်ချင်တယ် .”
 “ ဟေ...ဘယ်ကအလှုတုံး” 
ကိုစိန်မောင်အသံကြောင့် မလှမေ အိမ်ပေါ်ကနေလှမ်းပြောသည်။  ။ 
“ဦးလေး ဦးဘမောင်တို့ အလှုပါတော်...။တော့်သားက လိုက်ချင်လို့တဲ့..အ၀တ်သစ်မှမရှိတာ ဘယ်လို လုပ်မတုန်း ”
မလှမေ စကားအဆုံး . ကြာရိုးက တက်တက်ကြွကြွဖြင့် ....
“ အမေ့...သား မှာ ကျောင်းဝတ်စုံအသစ်လေး ရှိတယ်လေ..၊ဒါနဲ့ဘဲ လိုက်ခဲ့မယ်လေ...” 
သားဖြစ်သူအားတက်သရောပြောသံကို ကိုစိန်မောင်ရော မလှမေပါ ဘာပြောရမှန်းမသိတော့။
“ကဲကဲ ..လိုက်ချင်လဲလိုက်ခဲ့....”
မလှမေ စကားအဆုံး ကြာရိုးဝမ်းသာအားရနှင့် အုန်းလက်မြင်းကိုစီးကာ ခွေးနီတို့အိမ်ဖက်သို့ ထွက်သွားလေသည်။ သူသွားကြွားရဦးမည် မဟုတ်ပါလား..။မနက်ဖန် သူသည် အလှုကို လိုက်ခွင့် ရသွားပြီ။ ခွေးနီတို့ ၀ိုင်းနားရောက်တော့ အသံကုန်ဟစ်လို့ လှမ်းအော်သည်.။
“ .ခွေးနီရေ .ငါမနက်ဖန် အလှု လိုက်ရဘီဟေးးးးး”
.................................................................................
မနက်စောစော မလှမေဆွမ်းထချက်တဲ့ အချိန်ကတည်းက ကြာရိုးတလှုပ်လှုပ်။ အမေထွက်သွားလိုက်မှာစိုးလို့ အိပ်မပျော်နိုင်။ ခွေးနီပြောတဲ့ အိုက်စကလင်ကိုလည်း စားချင်သည်။ပေါက်စတို့ ညီအကိုတွေမင်းသားလိုဝတ်ထားတာကို မကြည့်လိုက်ရမှာလည်း စိုးသည်။ ကိုစိန်မောင် မနက်စောစော  ရေတွင်းက  ရေငင်အပြီး  အိမ်ပေါ်ပြန်တက်လာတော့ ကြာရိုးက ပါးမှာသနပ်ခါးအဖွေးသား ကျောင်းစိမ်းဝတ်စုံလေးနဲ့ ငုတ်တုတ် ထိုင်လျက်သား ။
“ အစောကြီး ဘာထလုပ်တာလဲကွ ငါ့သားရ .အိပ်ပါလား . ”
ကိုစိန်မောင်အပြောကို ကြာရိုးက တက်ကြွသောအသံဖြင့် ပြန်ဖြေသည်.။ 
“အဘကလည်း သားအိပ်ယာထနောက်ကျရင် အမေက အလှုမခေါ်မှာဆိုးလို့ စောစောထ စောင့်နေတာလေ” 
ကိုစိန်မောင် ဘာမှမပြောသာတော့။ ဇွဲကောင်းလှသော သားတော်မောင်ကို. အေးပါကွာ တစ်လုံးထဲပြောပြီး ဆေးလိပ်မီးဖွာကာ မလှမေပြင်ပေး ထားသော ထမင်းကြမ်းပန်းကန်ကို လှမ်းဆွဲကာစားနေ လိုက်လေသည်။ကြာရိုးက ဖအေကိုလှမ်းပြောသည်။ 
“အဘ...နေ့လည်ကျရင် သားအလှုကနေ အဘအတွက် ဒံပေါက်ဆိုတာယူခဲ့မယ်နော်..သိလား အိုင်စကလင်လည်း ထုပ်လာခဲ့မယ် ။”
ကြာရိုးအပြောကို ကိုစိန်မောင်သဘောကျစွာရီ၏။
........................................
မနက်၈ နာရီလောက် မလှမေလက်ကိုဆွဲလျက်ကြာရိုးတစ်ယောက် အလှုသို့ပါသည်။ အလှုနားရောက်ခါနီးကတည်းက ပတ်မကြီးတီးသံ ဗျောသံကို ကြားတော့ ကြာရိုးစိတ်လှုပ်ရှားလာ၏။ မလှမေ လက်ကိုတင်းတင်းဆုပ်ရင်း ခြေလှမ်းတွေကသွက်၏။ အလှုခြံဝရောက်တော့ ဘကြီးဦးဘမောင်တို့က ချမ်းသာသည့်အလျောက် မဏ္ဍပ်ကြီးထိုး ထားသည်မှာဟီးတိုက်။ကြာရိုးသဘောအကျဆုံးမှာ မဏ္ဍပ်အလယ်မှာ မောင်ရင်လောင်းတွေအတွက် ပြင်ထားသောစင်၊ ပန်းပေါင်းစုံနှင့် နီနီရဲရဲအခင်းတွေပေါ်မှာ ပါးကွက်လေးတွေနဲ့ ရှင်လောင်းတွေက မဋ္ဋိက်လေးတွေနဲ့  ပြိုးပြိုးပျက်ပျက်နဲ့ ထိုင်နေကြလို့။

ကြာရိုးကို မြင်တော့ ပေါက်စက လက်လှမ်းပြကာ အော်သည်။
“ကြာရိုးရေ ဒီကိုလာဟေ့...”
ကြာရိုး သူတို့နားကပ်သွားတော့ မွှေးလိုက်တဲ့အနံ့ ။ ပေါက်စကမင်းသားလေးလား မှတ်ရသည်။ ကြာရိုးသဘောကျစွာ ပေါက်စရင်ဘတ်မှာ လွယ်ထားသော စလွယ် မဋ္ဋိုက်များကို လိုက်ကိုင်ကြည့်သည်။ ထိုချိန် ဗျောတီးသံကြားလိုက်သဖြင့် ဇတ်စင်ဖက်သို့ လှည့်ကြည့်ရာ မင်းသားကလည်း -ကွေးအောင် ကနေသည်။ ကြာရိုး အင်မတန်မှသဘောကျသွားသည်။ အစားအသောက်တွေ ကျွေးတော့လည်း ကြာရိုး ကြိုက်လိုက်သမှ ။ ဒံပေါက်ဆိုသောအရသာကို ကြာရိုးမစားဖူး။ မလှမေလဲ အားရပါးရစားနေသည်။

ကြာရိုး လက်နဲ့နယ်စားသည်။ စားနေရင်း အဘအတွက်ဆိုပြီးအိမ်ကနေထည့်လာတဲ့ ပလတ်စတစ်အိပ်လေးထဲ ဒံပေါက်များကိုကောက်ထည့်သည်။ ဒံပေါက်စားပြီးတော့ ရေခဲမုန့်များလာချသည်။ ကြာရိုး ကြိုက်လိုက်သည်မှာ ပြောစရာမရှိ ။ အေးအေး ချိုချိုလေး  ။ ကြာရိုးတခါမှမစားဖူး။အမေလည်း ကြိုက်ပုံရသည်။ တခွက်ပြီးတခွက် ယူစားနေသည်။လယ်ထဲရောက်နေသော ကိုစိန်မောင်ကို ကြာရိုးသတိရသွားသည်။ ရေခဲမုန့်ထည့်နေသော ကုလားကြီးနားသွားပြီး “ဦးလေးရယ် သားကို အဲဒီဟာလေးတစ်ခုလောက် ထုပ်ပေးပါ့လား သားအဖေကိုကြွေးချင်လို့ပါ” လို့ ကပ်ပြောသည်။ ကုလားကြီးက လဲ သဘောကောင်းစွာဖြင့် ကြာရိုးကို ပလတ်စတစ်နှင့် ထုပ်ပေးလိုက်သည်။

ကြာရိုးက မပြန်ချင်သေး။။ ပေါက်စတို့ ညီအကိုတွေနား သွားရပ်လိုက် ..ဗျောတီးသည့်နေရာမှာ သွားထိုင်လိုက်နှင့် မလှမေ ပြန်ဖို့ မနည်းခေါ်လာ ရသည်။အပြန်လမ်းကျမှ မလှမေက ကြာရိုးသယ်လာတာများကို မြင်တော့သည်။ အဘအတွက်ဟုဆိုကာ လယ်ကွင်းထဲကို ပြေးလွှားခုန်ပေါက်ပြီး သွားပေးလေရာ . ပျော်လွန်းလို့ အဝေးက အသံကုန်ဟစ်ပြေးလာသည်။ 
“ အဘရေ.... သားဒံပေါက်နဲ့ အိုက်စကလင်နဲ့ ယူလာတယ်သိလား အဘစားဖို့...”
ကိုစိန်မောင် ထယ်ကိုခဏချပြီး ကန်သင်းရိုးဘောင်ပေါ်က သခွပ်ပင်ရိပ်အောက်မှာ လက်တပြပြနှင့် အော်နေသော ကြာရိုးဆီသို့ လျှောက်လာ၏။ အနားရောက်တော့ ကြာရိုးက လက်ထဲကအထုပ်လေးကို ဖအေလက်ထဲထိုးထည့်ရင်း ၀မ်းသာ အဲလဲပြောသည်။
“အဘ...သား အဘစားဖို့ယူလာတာ သိလား...၊ ဒံပေါက်တဲ့ သိပ်စားလို့ ကောင်းတာဘဲ။ အိုက်စကလင်လည်း ယူလာတယ် .”
ပြောပြောဆိုဆိုနှင့် ထုပ်လိုက်သောအခါ ရေခဲမုန့်အရည်ပျော်ပျော်များကိုကြည့်ပြီး ကြာရိုးမျက်နှာကြီးရှုံ့  သွားကာငိုတော့မတတ်  စိတ်ပျက်သွားလေ သည်။ 
“ဟင်...သားယူလာတုန်းက အတုံးလေးပါ .ဘယ်လိုလုပ်ပြီး ခုလိုအရည်တွေဖြစ်ကုန်တာလဲမသိဘူး .အဘကောင်းကောင်းမစားရတော့ဘူး .” ဟု စိတ်မကောင်းစွာဆိုသည်။ 
ကိုစိန်မောင် သားစေတနာကိုအသိအမှတ်ပြုရင်း ကြာရိုးခေါင်းကိုလက်ဖြင့်တချက်ပွတ်လိုက်သည်။
“အေးပေါ့ ငါ့သားရဲ့...အိုက်စကလင်ဆိုတာ ပူတာနဲ့ အရည်ပျော်သွားတာပေါ့ကွ။ ရပါတယ်ကွာ အဘစားပါ့မယ်။”
သခွပ်ပင်ရိပ်အောက်မှာ သားအဖနှစ်ယောက် ထိုင်ရင်း ကြာရိုးယူလာသည့် ဒံပေါက်ထုပ်ကလေးကို သားဖြစ်သူစိတ်ကျေနပ်အောင် ကိုစိန်မောင် စားပေး လိုက်သည်။ ကြာရိုးမျက်နှာက ပြုံးရွှင်လို့ ...............။
အပြန်လမ်းတစ်လျှောက် ခွေးနီတို့အိမ်ပြေးပြီး အလှုမှာစားခဲ့ရသည် တွေ့ခဲ့ရသည်မျာကို  မြိန်ရည်ယှက်ရည် ပြန်ပြောပြလို့။ မလိုက်ရသည့် ခွေးနီမှာ ကြာရိုးပြောသမျှ ပါးစပ်အဟောင်းသားနှင့် နားထောင်လို့ ။
......................................................
ညအိပ်ယာဝင်တော့ ကြာရိုးမလှမေကိုလာဖက်ပြီး စကားစလာသည်။
“အမေ. အမေ . မနက်က ဘကြီးတို့အလှုမှာစားလို့ကောင်းလားဟင်..”
မလှမေ က စောင်ကိုတဖက်ခြုံပေးလိုက်ရင်း “ကောင်းတာပေါ့ သားရဲ့” . ဟုပြန်ဖြေလိုက်သည်။
“ပေါက်စတို့ဝတ်ထားတာတွေသိပ်လှတာပဲနော်အမေ..သားကိုအဲလို ပြင်ပေးပါ့လားဟင်”
ကြာရိုးစကားပြောနေရင်းပက်လက်လှန်ရင်းစောင်ကိုခြုံလိုက်သည်။ မလှမေ သားကိုလှမ်းကြည့်လိုက်တော့ ကြာရိုးမျက်နှာလေးက မီးခွက်အောက်မှာ ကြည်လင်ဝင်းပနေသည်။မလှမေ သက်ပြင်းတချက်ချလိုက်ရင်း သားလုပ်သူကို လှမ်းဖက်ရင်းပြန်ဖြေသည်။
“သားကိုဒီတိုင်းပြင်ပေးလို့ဘယ်ရမလဲ သားရဲ့..သားကို ရှင်ပြုပေးမှ သားကအဲလိုဝတ်ရမှာလေ..”
မလှမေဖက်ကိုကိုယ်တခြမ်းစောင်းလှည့်လာရင်း ကြာရိုးဆိုသည်။ 
“ဒါဆို သားကို ရှင်ပြူပေးပါလားဟင်”
“အင်းး ပြုပေးမှာပေါ့သားရယ် ...”
မလှမေအဖြေအောက်မှာ ကြာရိုး ခေါင်းကထောင်လာသည်။
“ဘယ်တော့လဲ အမေ ..”
“အင်း...ဒီနှစ်နွေပေါ့သားရယ်.....”
ကြာရိုးစကားအောက်မှာ မလှမေအဖြေက သိပ်အားမရှိ။ အမှန်တော့ မလှမေတို့ ကြာရိုးလေးကို ရှင်ပြုပေးချင်နေသည်မှာကြာပြီ။ ရှင်ပြုပေးဖို့လည်း ပိုက်ဆံစုခဲ့သည်.။ ကံမကောင်းချင်တော့ စပါးရိတ်ခါနီး မိုးကဖျက်လိုက်သေးသည်။ စပါးကအထွက်နည်းရတဲ့အထဲ ကိုစိန်မောင့်အမေလည်း နာမကျန်း ဖြစ်လိုက်သေးသမို့ မြို့ဆေးရုံတက်ကုသည့်စရိတ်က တော်တော်ထောင်းသွားသည်။သို့နှင့် ကြာရိုးလေးကိုရှင်ပြုပေးဖို့ ဝေးသွားသည်။သည်ကနေ့ ကြာရိုးတစ်ယောက်ပေါက်စတို့ ရှင်ပြူကိုမြင်ပြီးကတည်းက  အားကျနေမှန်းမလှမေရိပ်မိသည်။ အိပ်ခါနီး စကားဆိုလာတော့ မလှမေ ဖြေစရာမရှိ။ ကြာရိုးကတော့မလှမေရဲ့ ”ပြုပေးမှာပေါ့...သားရယ်” ဆိုသည့် အဖြေအောက်တွင် စောင်ကိုခြုံကာ အိပ်မောကျနေလေပြီ။
.....................................................................
နောက်တစ်နေ့ ကိုစိန်မောင်လယ်ထဲက ပြန်လာတော့ မလှမေက မနေ့ကအလှုကပြန်အလာ ကြာရိုးပူဆာသည့်အကြောင်းကို ပြောပြလိုက်သည်။ ကိုစိန်မောင် အိမ်ရှေ့တလင်းမှာဆော့နတဲ့ကြာရိုးကို တချက်ကြည့်လိုက်ရင်း “အင်း. ဒီနှစ်ဆောင်းတော့ ဖြစ်အောင်လုပ်ကြတာပေါ့ကွာ..အမှန်တော့ ကလေးလဲရှင်ပြုသင့်နေပြီဘဲ ။ ပိုက်ဆံစုကြတာပေါ့..”
ကြာရိုးဆော့နေရင်းက အိမ်ပေါ်တက်လာသည်။ တစွန်းတစ ကြားသွားဟန်တူသည်။ ကိုစိန်မောင်နားကပ်လာထိုင်ပြီး
 “အဘ...မနေ့ကလေ ပေါက်စတို့ အလှုမှာဝတ်ထားတာ တအားလှတာဘဲသိလား..အမေကပြောတယ် သားရှင်ပြုရင် အဲလိုဝတ်ရမှာတဲ့..၊ ဟုတ်လားအဘ ...”
“အေးပေါ့ကွ.”
“ဒါဆိုသားကိုရှင်ပြုပေးနော် အဘ..”
“ပြုပေးရမှာပေါ့ငါ့သားရယ်. စိတ်ချပါကွ..”
“အဘ.ဒါဆို သားရှင်ပြုရင် ပေါက်စတို့လို ဒံပေါက်တို့ အိုက်စကလင်တို့ ကျွေးမှာလားဟင်.. ဟိုဇာတ်ဝိုင်းရောထည့်မှာလား..”
ကိုစိန်မောင် အဖြေရတော့ခက်ပြီ။
“အဲဒါတွေက သူဌေးမှလုပ်နိုင်တာလေ ငါ့သားရဲ့...ဘကြီးတို့က ချမ်းသာတယ်မလား ။လယ်တွေရော နွားတွေရော အများကြီးဘဲဟာ. ဒါကြောင့် သူတို့က အဲလိုကျွေး အဲလိုလှုနိုင်တာပေါ့။ အဘတို့က အဲလောက်ကြီးဘယ်တတ်နိုင်မတုန်းသားရဲ့..” 
ကိုစိန်မောင့်အဖြေအောက်တွင် ကြာရိုး တချက်တွေသွားသည်။ မျက်မှောင်ကုတ်သောအကြည့်နှင့် အိမ်ရှေ့  ကိုလှမ်းကြည့်ရင်း . ကိုစိန်မောင်ကို လှမ်းပြောသည်။
“ဟုတ်သားဘဲနော်..သားတို့ကပိုက်ဆံမှမရှိတာ.. သားကိုအဲလိုလုပ်ပေးရင် အဘတို့ပိုက်ဆံတွေ အများကြီးကုန်မှာဘဲ”

ကိုစိန်မောင် တစ်ယောက်ကြာရိုးပြောနေသည်များကိုနားထောင်ရင်းရေနွေးကြမ်းတခွက်ငှဲ့လိုက်သည်။ ရေနွေးကဖြူကျဲကျဲ...
မလှမေကိုလှမ်းအော်ရသည်.။
“မိန်းမရေ လက်ဖက်ခြောက် နည်းနည်းယူခဲ့ပါဟေ့”
ထိုစဉ် မလှမေ မီးဖိုခန်းမှထွက်လာရင်း .
“သားရေ .ကြာရိုးရေ. အမေ့ကို လက်ဖက်ခြောက်လေး ပြေးဝယ်ပေးဦး တစ်ကျပ်တန်တစ်ထုပ်လောက်ဆို ရပြီနော်”..

ကြာရိုးထိုင်ရာမှငေါက်ကနဲထပြီး အမေဖြစ်သူလက်ထဲမှ ပိုက်ဆံကိုယူ အိမ်အောက်သို့ပြေးဆင်းရင်း စီးတော်မြင်းနှင့် ပြေးလေသည်။အဘွားမြတို့ ဆိုင်ရှေ့ရာက်တော့ လူနှစ်ယောက်သုံးယောက်လောက်ဈေးဝယ်နေသဖြင့် ဆိုင်ဘေးကကွပ်ပျစ်တွင် တက်ထိုင်ရင်း အဘွားမြကိုလှမ်းစကားပြောလိုက်သည်။
“အမေကြီး ..အမေကြီး..”
ဈေးရောင်းရင်းတဖက် အဘွားမြလှမ်းထူးရင်း လှည့်ကြည့်သည်။
“ဟဲ့ဘာတုန်း ကြာရိုးရဲ့..”
“အဘကလေ သားကိုရှင်ပြူပေးမယ်တဲ့..၊ဒီနှစ်နွေကျရင်တဲ့ သိလား အမေကြီး..”
“ကောင်းတာပေါ့  ကြာရိုးရယ်..ဘယ်သူပြောလဲနင့်အဖေလား..”
တဖက်ကိုဈေးရောင်းရင်း လှမ်းပြောလိုက်သည်။
“အင်း ဟုတ်တယ်...အဘက ခုနလေးတင်ပြောလိုက်တာ..၊ သား ရှင်ပြုရင်လေ ပေါက်စတို့လို ဒံပေါက်ကျွေးချင်တာ အမေကြီးရဲ့..” 
ကြာရိုးစကားကြောင့် အဘွားမြမျက်မှောင်ကုတ်ရင်း တချက်လှမ်းကြည့်လိုက်သည်။ ဒီကလေးထူးတော့ ထူးဆန်းနေပြီ။မလှမေ မွေးတုန်းက သူကိုယ်တိုင် ဒီကလေးကိုမွေးပေးခဲ့ရတာ။ ဒီကလေးမွေးပြီးနောက်မှ လယ်လေးကိုင်းလေး ဖြစ်ထွန်းလာတာ သူအသိ။
ကြာရိုးလေးက မိဘကိုမခိုက်။ အကျိုးပေးတဲ့ကလေးလို့ မလှမေပြောတိုင်း သူလက်ခံသည်။ ကြာရိုးက တော်တန်ယုံပူဆာတတ်သည့်ကလေးလည်း မဟုတ်။ ရှင်လေးဘာလေးပြုရတော့လည်း ကောင်းတာပေါ့ဟု တွေးမိလိုက်ရင်း ကြာရိုးကိုလှမ်မေးသည်။

“ကဲ ဘာယူမှာလဲ ကြာရိုး..”
“လက်ဖက်ခြောက် တစ်ကျပ်ဖိုးတဲ့..”
တွဲထားသည့်အထုပ်လေး ဖြုတ်ပြီးလှမ်းပေးလိုက်တော့ ကြာရိုးလှမ်းယူပြီး စွေ့ကနဲကွပ်ပျစ်ပေါ်က ခုန်ဆင်းလိုက်သည်။ ပြီးတော့ လှမ်းပြောသည်။
“သားရှင်ပြုရင် အမေကြီးလာနော်..အိုက်စကလင်လည်း ကျွေးမယ်..”
ပြောပြောဆိုဆို ပါးစပ်ကလည်း တစ်ကလုတ် တစ်ကလုတ်အော်ရင်း စီးတော်မြင်းနှင်လေသည်။
အဘွားမြနောက်မှလှမ်းအော်သံကိုလည်း သူကြားဖြစ်အောင်ကြားလိုက်သေးသည်
“အေးဟေး...လာမယ်ဟေး..နင့်အဖေကိုရွာထိပ်က သခွပ်ပင်အောက်က ရွှေသိုက်ကိုသာ ရအောင်တူးခိုင်း.. အဲဒါဆို ကျွေးချင်တာကျွေးလို့ရပြီ...”

.................................................

“ခွေးနီ...”
“ဘာလဲ..”
ဆော့နေရင်းက ရုတ်တရက်ခေါ်လိုက်တော့ ခွေးနီလှည့်ကြည့်သည်။
“ရွာထိပ်က သခွပ်ပင်အောက်မှာ ရွှေသိုက်ရှိတယ်ဆိုတာဟုတ်လား”
ခွေးနီက လက်ထဲမှဖုတ်တွေကိုဘောင်းဘီနှင့် သုတ်ရင်းခေါင်းတချက်ခါသည်။
“ဟင့်အင်း ငါမသိဘူးလေ..။ ဒါပေမယ့် ငါ့အဘွားတခါပြောတာ ကြားဖူးတယ်သိလား..ဟိုးအရင်တုန်းက ဥစ္စာစောင့်တွေ အဲဒီအပင်ကြီးမှာ ရွှေတွေ လာမြုပ်ထားတာလို့ ပြောဖူးတယ် ။ ဘကြီးတို့ အလှုလုပ်နိုင်တာလေ အဲကဥစ္စာစောင့်တွေက ရွှေတွေပေးလို့ လုပ်နိုင်တာတဲ့သိလား..”
“ဟုတ်လား..”
“အေးဟုတ်တယ်..။ငါ့အဘွားပြောတာဘဲ”
“ငါ့အဘက ငါ့ကိုဒီနှစ်စပါးပေါ်ရင်ရှင်ပြူပေးမယ်တဲ့ကွ သိလား...၊ငါရှင်ပြုရင် ပေါက်စတို့ ကျွးသလိုကျွေးချင်တာ..။ အဘပြောတော့ ဘကြီးတို့လို -ကျွေးဖို့ဆိုတာ တော်တော်ချမ်းသာမှတဲ့ သိလား..။ ပိုက်ဆံတွေလည်း အများကြီးကုန်မှာတဲ့..။.ငါကအဘတို့ကို အဲလိုလည်း မကုန်စေချင်ပါဘူး. အဘလယ်လုပ်တာ ပင်ပန်းတယ်ကွ ...”
ကြာရိုးပြောသမျှ ခွေးနီက လူကြီးစတိုင်နှင့် ခေါင်းတငြိမ့်ငြိမ့်လုပ်သည်။ ပြီးတော့စကားတခွန်းဆိုသည်.။

“ဒါဆို မင်းဟိုရွာထိပ်က သခွပ်ပင်ကြီးမှာ သွားဆုတောင်လေ..ရွှေတွေငွေတွေပေးပါလို့..။ဒါဆိုမင်းရှင်ပြူလို့ ရမှာပေါ့”
“အေး...ဟုတ်တယ်နော်..လာ....ဒါဆို ငါတို့နှစ်ယောက်သွားမယ်.။ငါကိုသခွပ်ပင်က ဥစ္စာစောင့်တွေ ရွှေတွေပေးရင် မင်းလည်းငါနဲ့အတူတူ ရှင်ပြူလို့ရတာပေါ့ ...”
.
ကြာရိုးနှင့်ခွေးနီ စီးတော်မြင်းကိုယ်စီနှင့် ရွာထိပ်ကသခွပ်ပင်ကြီးရှိရာသို့ အတူချီတက်ကြလေသည်။
နွေနေပူပူမှာ လေပူတို့ကတချက်တချက်ဝှေ့၏။
သခွပ်ပင်ရောက်တော့ ကြာရိုးက စဦးဆောင်ပြီးသခွပ်ပင်ကို လက်အုပ်ချီဆုတောင်းသည်။
ခွေးနီခင်မျာ ဆရာကြာရိုး ရှေ့ကလုပ်သမျှ နောက်ကနေလိုက်ပြီး ယောင်တောင်တောင်နှင့် လက်အုပ်ချီပြီး ပဆစ်တုတ်ထိုင်လေသည်။ ကြာရိုးက လက်အုပ်ချီရင်း ...
“ ခွေးနီ ငါဆိုသလိုလိုက်ဆိုနော်..”
“အင်း...”
“ဥစ္စာစောင့်ကြီးများ သားတို့ကို ရွှေလေးငွေလေးများ မစကြပါ..၊ သားတို့ ရှင်ပြုချင်လို့ပါခင်ဗျာ..”

ဆရာကြာရိုးရှေ့ကဆိုသမျှ ခွေးနီနောက်က ဖင်ထောင်အောင် ကုန်းအော်သည်။ကြာရိုးက သခွပ်ပင်ကြီး ထိုင်ရှိခိုးတော့ ခွေးနီလည်း နောက်က လိုက်ရှိခိုးသည်။ရှိခိုးရာမှပြန်အထ ခွေးနီမျက်လုံးများက အပင်ထက်တနေရာကို ရောက်သွားသည်။ ပါးစပ်ကလည်း အော်ရင်းကြာရိုးကို လက်ညိုးထိုးပြသည်။

“ကြာရိုးရေ ..ဟိုမှာ သစ်ခေါင်းပေါက်တခုကွ....”

ကြာရိုးနှင့် ခွေးနီ ပြိုင်တူကြည့်လိုက်မိတော့ ကလေးခေါင်းတစ်လုံးဝင်သာသာ အပေါက်ကျယ်တခု သခွပ်ပင်ခါးလည်လောက်မှာ တွေ့သည်။ခွေးနီက တချက်ကြည့်ပြီး ဆိုသည် ။

“ငါ့အဘွားပြောတာ ကြားဖူးတာလေ . ဥစ္စာစောင့်တွေက အဲလိုသစ်ခေါင်းထဲမှာ ရွှေတွေငွေတွေမြုပ်ထားတတ်တယ်တဲ့ သိလား ကြာရိုး...”

“ဒါဆို တက်ကြည့်ရအောင်လေ. မင်းငါ့ကိုခါးကုန်းပေး. ငါတက်ကြည့်မယ်”
မဆိုင်းမတွပင် ကြာရိုးဆိုရင်း ခွေးနီကျောပေါ်တက်သည်။ ခွေးနီက မြေကြီးပေါ်တွင်လေးဖက်ထောက်ပေးပြီး ကြာရိုးသစ်ပင်ပေါ်မရမက ကုတ်တက်သည်။

“မှီလားကြာရိုး မြန်မြန်လုပ်ဟာ ငါကျောနာလာပြီ..”

မမှီမကမ်းနှင့် ကြာရိုး သစ်ခေါင်းကိုခေါင်း ပြူကြည့်လို့ရသွားသည်။
“ခွေးနီရေ ငါလက်နှိုက်ကြည့်လိုက်မယ်..။အထဲမှာ လက်လက် လက်လက်နဲ့ ဘာလဲမသိဘူး .အနီရောင်လေးတွေကွ..”

ကြာရိုး လက်တဖက်ကိုသစ်ခေါင်းထဲထည့်ပြီး သူမြင်လိုက်သောအရာကိုစမ်းကာ ဆုပ်ကိုင်လိုက်သောအခါ ..
“အားးး...ကိုက်တယ်..”
ကြာရိုးအော်သံနှင့်အတူ နောက်လန်ပြီးပြုတ်ကျလာသည်။ ခွေးနီပါ မြေပြင်ပေါ်ကို ထိုင်ရက်သားကျသည်။ ကြာရိုးလဲနေရင်းလက်ကိုကိုင်ရင်း ....
“အား ငါ့ကိုဘာကိုက်လိုက်လဲမသိဘူး နာလိုက်တာ နာလိုက်တာ .”
ခွေးနီတချက်ကြည့်ရင်း ပြောလိုက်သည်။
“ကြာရိုး မင်းကို ဥစ္စာစောင့် ကိုက်လိုက်တာလားမသိဘူး .လက်မှာလဲအပေါက်ရာကြီးနဲ့..”
ကြာရိုးကတော့ နာလွန်းလို့ မျက်နှာကြီးရှုံ့မဲ့နေသည်။ လက်တစ်လျှောက်တဖျဉ်းဖျဉ်းနှင့် ခံရဆိုးနေသည်။
ကလေးနှစ်ယောက်နေပူပူအောက်တွင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ။ခွေးနီတစ်ယောက် ရွာဖက်သို့ ခြေကုန်သုတ်ပြေးလေသည်။ ပါးစပ်ကလည်း တွင်တွင်အော်ရင်းပြေးသည်။

“အဘွားရေ.... အရီးလေးမလှမေရေ....အဘွားရေ ..လာကြပါဦး.... ကြာရိုးကို ဥစ္စာစောင့်ကိုက်လိုက်လို့ လာကြပါဦး....”

......................

နေပူပူအောက်မှာ ဖိနပ်မပါဘဲ ခွေးနီအားကုန်ပြေးရင်အော်ရင်း ရွာထဲသို့ ရောက်လာသည်.။
ထိုစဉ် ကျောင်းဆရာလေး ကိုအောင်မောင်း စက်ဘီးဖြင့် တော်လဲကြီးရွာဘက်ကနေ ကန်သင်းကုန်းရွာဖက်သို့ လာရာ နေပူကြဲကြဲ ခွေးနီအော်ဟစ် -ပြေးလွှားသွားတာကို မြင်လိုက်သည်။ စက်ဘီးစီးလာရင်း သခွပ်ပင်ဘေးမှာ လဲကျရင်းနာလို့ ငိုနေသောကြာရိုးကို  လှမ်းမြင်သဖြင့် စက်ဘီးပေါ်မှ ကမန်းကတန်းဆင်းပြီးကြည့်လိုက်ရာ .

“ဟင် .ကြာရိုးတော့ မြွေကိုက်ခံထားရပြီ ..”

မျက်နှာမှာလည်း ချွေးသီးချွေးပေါက်များ ကျနေသည်။ ကြာရိုးမြွေဆိပ်တက်နေပုံရသည်။ ကိုအောင်မောင်း သူ့ပုဆိုးအနားကို ဆုတ်ဖြဲပြီး ကြာရိုးမြွေကိုက်သည့် လက်တံတောင်ဆစ်မှ ပတ်ချည်လိုက်သည်။ ကြာရိုးကြောက်လန့်တကြားငိုရင်း “မူးတယ်မူးတယ်”ဟု ဆိုသည်။ရှေးဦးသူနာပြု သင်တန်းကို မြို့မှာ တက်ထားခဲ့ဘူးသော ကိုအောင်မောင်းနှင့် ကြာရိုးတွေ့တာ ကံအလွန်ကောင်းသွားသည် ။ 
“ကြာရိုးတောင့်ထားနော်... ”ဟုပြောပြီး စက်ဘီးနောက် ကယ်ရီယာခုံမှ ဗူးကိုဖြူတ်ခါ ဘလိတ်ဓားကို မီးခြစ်ဖြင့်ကမန်းကတန်းရှို့ ပြီး ကြာရိုးမြွေ ကိုက်ခံရသည့်လက်ကို အရက်ပျံလောင်းကာ ခွဲချလိုက်သည်။နောက် ပုလင်းသေးလေးကို မီးပူပေးပြီး မြွေကိုက်သည့်နေရာမှ မြွေဆိပ်များကို ရှေးဦး သူနာပြူနည်းဖြင့် စုပ်ထုတ်သည်.။ 

မြွေဆိပ်များ ပုလင်းထဲသို့  မဲမဲညစ်ညစ်ဖြင့်စီးဝင်လာသည်။ 
 “သား....နာလား..”ဟုမေးသော် ကြာရိုးသတ္တိက ကောင်းသည်။ တချက်လေးဘဲ တွန့်သွားပြီး ခေါင်းခါသည်။ မူးတယ်ဟု တိုးတိုးလေးပြောသည်။ -တော်လဲကြီးရွာတွင် ဆေးပေးခန်းရှိသည်။ စက်ဘီးဖြင့်သွားလျှင်  တအောင့်သာသာ သွားရမည်။ ဒီကလေးကို ကြာကြာထား၍ မဖြစ်။ ကိုအောင်မောင်း ကြာရိုးကို စက်ဘီးရှေ့ဘားတန်းပေါ် ပွေ့တင်ပြီး တော်လဲကြီးရွာဆေးပေးခန်းသို့ အားကုန်နင်းရလေတော့ သည်။ 
.................................................

ခွေးနီးရွာအ၀င်တစ်လျှောက်အော် ဟစ်လာသောအသံကြောင့် လူကြီးများထွက်ကြည့်ကြသည်။
ဆိုင်ကဲလားအောက်မှ ခေါင်းထွက်ပြီး ဘွားလေး မြ က .......

“ဟဲ့ ခွေးနီဘာဖြစ်သလဲ...ဒီကလေး အလန့်တကြားနဲ့.......................” ဟု ကြိမ်းကြိမ်းမောင်းမောင်း လှမ်းအော်သည်။
“အမေကြီး ကြာရိုးကို ရွာထိပ် သခွပ်ပင်က ဥစ္စာစောင့် ကိုက်လိုက်လို့”
“ဘာ .ဥစ္စာစောင့် ကိုက်လို့ဟုတ်လား...”
“ဟုတ်တယ် အမေကြီး . ကြာရိုးလက်မှာအပေါက်နှစ်ပေါက်နဲ့ သခွပ်ပင်ထဲကနေကိုက်ထည့်လိုက်တာ .”
ခွေးနီအဖြေကိုအဘွားမြ စဉ်းစားရင်းတွေသွားသည်။ဥစ္စာစောင့်တော့ မဖြစ်နိုင်။ ဒီကလေးပိုးထိဖို့သာများသည်။ အဘွားမြ  ဆိုင်ထဲကနေအပြင်ကို ထွက်လိုက်ပြီး 
 “ဟဲ့ သန်းအေးတို့ လုံးတင်တို့ရေ ရွာထိပ်က သခွပ်ပင်ကိုပြေးကြစမ်း ကြာရိုးပိုးထိတယ်ထင်တယ်။ ခွေးနီ အရီးလှမေတို့ အိမ်ကိုပြေးပြီးပြောခဲ့ ကြားလား ...”
“ဟုတ်ကဲ့အမေကြီး ..”

ခွေးနီခေါင်းတစ်ချက်ညိတ်ပြီးဆက်ပြေးသည်။
...........
ခွေးနီအော်ဟစ်ပြေးလွှားသံကြောင့် မလှမေလဲ ကြားပြီ . လုံချည်ကမန်းကတန်းပြင်ဝတ်ပြီး ဖိနပ်တောင်မပါနိုင် ။ ရွာထိပ်ကိုသုတ်ခြေတင်ပြေးရသည်။
အဘွားမြအသိပေးမှု့နှင့် ရွာက လူကြီးတချို့ .လဲလိုက်လာသည်။ ကိုစိန်မောင်လဲ လယ်ထဲမှ ကြားပြီး ရွာထိပ်ကိုအမောတကောရောက်လာသည်။
လူတွေရောက်လာတော့ ကြာရိုးမရှိတော့ ။ ခွေးနီက လက်ညိုးတစ်ထိုးထိုးဖြင့် ပြောပြနေသည်။

“သားပြေးလာတော့ ကြာရိုးဒီမှာလဲနေတာ . သားလဲ အပြေးလာပြောတာဘဲ . ဥစ္စာစောင့်တွေစားသွားတာလားမသိဘူး အီးးဟီးးဟီးး......................”

ကြောက်ကြောက်နှင့် ပြောရင်း ငိုသည်။ နှပ်များကတွဲလောင်းကျလျှက် ဖိနပ်လဲမပါ ။
ဒီကလေးနှစ်ယောက် ဒီနေရာမှာရှာရှာဖွေဖွေ လာဆော့သည်ဟုလူကြီးများပြောဆို ရင်း သစ်ခေါင်းထဲသို့ ဓာတ်မီးထိုးကြည့်ရာ မြွေတစ်ကောင်ခွေနေသည်.။ လူကြီးလက်ကောက်ဝတ်သာသာမြွေတစ်ကောင်ကို ဖမ်းမိပြီး အပြင်သို့ထုတ်လာမှ လူကြီးများဟင်းချနိုင်သည်။
ကြာရိုးဘယ်ရောက်သည်မသိ ။ ကိုစိန်မောင်လဲမျက်စိမျက်နှာပျက်နေပြီ။ မလှမေခင်မျာလဲ သူ့သားတော်မောင် ကြာရိုးကိုစိတ်ပူစွာဖြင့်ချုံးပွဲချငိုသည်။

“အရီးရယ် လုပ်ပါဦး .ကြာရိုးဘယ်ရောက်သွားတာလဲ . မတော်လျှောက်ပြေးရင်း မြွေဆိပ်တက်ကုန်မှဖြင့် ဒုက္ခတော် .လုပ်ပါဦးရှာကြပါဦး..”

ယောကျာ်းလေးငါးခြောက်ယောက် လယ်ကွင်းတစ်လျှောက် လိုက်အော်ခေါ်ရင်းရှာကြသည်။ 
မလှမေတို့ မိန်းမတွေလဲ ဟိုဟိုသည်သည်ပတ်ရှာကြသည်။ ခွေးနီကတော့ မြွေအသေနားမနေ၀ံ့လို့ သူ့အဖေလက်ကိုဆွဲရင်း ငိုလိုက်နှပ်ချေးတွေထွက်လိုက်နှင့်လိုက်ရှာသည်။

“ကြာရိုးရေ ကြာရိုးရေ ....”

ကန်သင်းကုန်းရွာတခုလုံး အုန်းအုန်းထအောင်ရှာကြသည်။ လယ်ကွင်းတစ်လျှောက် အော်ဟစ်ခေါ်ကြသော်လည်းမတွေ့ ။
..........................
မလှမေ ရှာနေရင်းမှ ရုတ်တရက် ထိုင်ချလိုက်ပြီးချူံးပွဲချငိုတော့ သည်။ ..

“အီးးဟီးးဟီးးး အရီးရေ .. ကိုစိန်မောင်ရေ ..ကျုပ်သားလေး သေပြီထင်တယ် ..လုပ်ကြပါဦးးး ......”
ကိုစိန်မောင်ခင်မျာလည်း မလှမေကိုဖြောင်းဖျရသည်။ သူလည်းရင်တွေပူနေပြီ။
“တိတ်ပါ .မလှမေရယ် .ရှာနေတာပဲ တွေ့မှာပါ . ကလေးကဝေးဝေးလံလံမသွားနိုင်လောက်ပါဘူး ။
ပိုးထိထားတာ အချိန်မှိတော့ ရှာရမယ်..”
.................................

ဘယ်သူမှ ကြာရိုးကိုရှာမတွေ့ ။ အကုန်ရွာဖက်သို့ပြန်လည့်လာစဉ် . တော်လဲကြီးရွာမှ လူတစ်ယောက် စက်ဘီးကိုမစီးတတ်စီးတတ်နှင့် ဒယီးဒယိုင်ဖြင့် ကန်သင်းကုန်းရွာဖက်သို့ စီးလာနေသည်ကို ကိုစိန်မောင်မြင်လိုက်ရသည်။

“ဟေးး စိန်မောင်ရေ စိန်မောင်ရေ ..”

သူတို့ကြည့်လိုက်တော့ ကျေးရွာ ဥက္ကဌဦးထွန်းလှ .ဘ.ယ်လိုဖြစ်ပြီး ဒယီးဒယိုင်နှင့်စက်ဘီးစီးလာသလဲံဟု အကုန်ဝိုင်းကြည့်နေကြသည်။
ဦးထွန်းလှခင်မျာ ကိုစိန်မောင်တို့နားရောက်တော့ . စက်ဘီး မရပ်တတ်သဖြင့် ၀ုန်းခနဲခုန်ဆင်းရလေသည်။ စကားတောင်ကောင်းကောင်းမပြောနိုင်ရှာ ။ မောနေရှာသည်။ 

“မင်းသား ကြာရိုးကွာ ပိုးထိလို့ ငါတို့ရွာက ဆေးပေးခန်းရောက်လာတယ် ။ ဆရာလေး ကိုအောင်မောင်းမြင်လို့ ကံသီသွားတာ . ကြာရိုးကို ကိုအောင်မောင်းစက်ဘီးနဲ့တင်ခေါ်လာတာ။ဆေးခန်းရောက်တဲ့အထိ ပဲ။ ကံကောင်းတယ်လို့ဆိုရမယ် ။ ကိုအောင်မောင်း ကရှေးဦးသူနာပြုတက်ထားတော့ သူ့ကိုအရင်ဆုံးမြွေဆိပ်ထုတ်ပြီးမှခေါ်လာလိုက်တော့ ကလေးကအခြေအနေမဆိုးသွားတာလို့ ဆရာမ ကပြောတယ်။ခုသေချာအောင် လှည်းကြုံနဲ့ တိုက်နယ်ဆေးရုံခေါ်သွားတယ် ။ ဘာမှမစိုးရိမ်နဲ့တော့ ။ မင်းတို့ကိုအဲဒါလာအကြောင်းကြားတာ။
ဆရာလေးကိုအောင်မောင်းကတော့ ကြာရိုးကိုဆေးရုံခေါ်သွားတာ လိုက်သွားပေးတယ် ။အခြေအနေအလုံးစုံပြောပြလို့ရအောင်ပေါ့။မင်းတို့လဲလိုက်ချင်ရင် တိုက်နယ်ဆေး ရုံသာ တန်းလိုက်သွားကြဟေ့ ။..ကဲကဲ.ငါလဲ ပြန်လိုက်ဦးမယ် ......အလုပ်လေးရှိသေးလို့ ..”
ပြောပြောဆိုဆို ဦးထွန်းလှ တစ်ယောက် စက်ဘီးကိုဒယီးဒယိုင်ဖြင့် သူ့ရွာဖက်သို့ပြန်စီးသွားလေသည်။

တိုက်နယ်ဆေးရုံနှင့် ကိုစိန်မောင်တို့ရွာမှာ နွားလှည်းဖြင့် တစ်နာရီမရှိတရှိသာမောင်းရသဖြင့်  လှည်းပြင်ပြီး ကိုစိန်မောင် တို့ချက်ခြင်းလိုက်သွားလိုက်ကြသည်။

တိုက်နယ်ဆေးရုံရောက်တော့ မေးမေးစမ်းစမ်းဖြင့် ကြာရိုးအခန်းကိုရောက်လေသော် . ကြာရိုးမှာ ကုတင်ပေါ်တွင်လှဲနေပြီး ဆေးသွင်းထားသဖြင့် မှိန်းနေသည်။ ဘေးနားတွင် ကျောင်းဆရာလေး ကိုအောင်မောင်းကိုလဲ ထိုင်လျက်သားတွေ့၏။
မလှမေက မျက်ရည်လေးစမ်းစမ်း ဖြင့် သားလက်ချောင်းလေးများကိုကိုင်ကြည့်ရင်း အသံတိတ်ငို၏။
ကိုစိန်မောင်ကမလှမေကို . အားပေးရင်း ကိုအောင်မောင်းနှင့်စကားပြောသည်။
ကိုအောင်မောင်းက သူတွေ့သည်မှအစ ဆေးရုံရောက်သည်အဆုံး  ဖြစ်ကြောင်းရယ် ကုန်စင် ရှင်းပြလေသည်။
ဆရာဝန်လာကြည့်သွားကြောင်း ဘာမှစိုးရိမ်စရာမလိုကြောင်း မနက်ဖန်လောက်ဆိုလျှင် အခြေအ နေကြည့်ပြီး ဆေးရုံမှပြန်ဆင်းလို့ရနိုင်ကြောင်း ပြောပြသည်။
 ကိုစိန်မောင်တို့လဲ ပါလာသည့် မြွေအသေကို ဆရာဝန်ထံ အပ်နှံရင်း ဆရာဝန်ပြောသမျှကို ခေါင်းတညိတ်ညိတ်နှင့် နားထောင်ရလေသည်။
ဆရာဝန်က... ကိုအောင်မောင်းကလေးကိုမြင်သွားသည်မှာ ကလေး၏ ကံဖြစ်ကြောင်း . ကလေးခန္ဒာကိုယ်မှ မြွေဆိပ်များကိုအရေးပေါ်ရှေးဦးသူနာပြူနည်းဖြင့် ကယ်ဆယ်နိုင်ခဲ့သော ကိုအောင်မောင်းကို အင်မတန် ချီးကျူးပါကြောင်း .မြွေဆိပ်ဖြေဆေးထိုးထားပြီးဖြစ်၍ ကလေးမှာမစိုးရိမ်ရတော့ ပေမယ့် ကျောက်ကပ်ပျက်ဆီးမှု့ရှိမရှိ စောင့်ကြည့်ချင်သေး၍ မနက်ဖန် ညနေလောက်မှဆင်းရမည်ဖြစ်ကြောင်း ပြောသည်။
တခုကံကောင်းသွားသည်မှာ မြွေကိုအသေရလိုက်ခြင်းက မြွေအမျိုးအစားကိုခွဲ၍ ရသွားကြောင်းနှင့် အကယ်၍များ မြွေဟောက်ဆိုပါလျှင် ရှေးဦးသူနာပြုနည်းလဲမမှီဆိုပါလျှင် ကလေးငယ်၏ ကျောက်ကပ်လဲပျက်ဆီးသွားနိုင်ပြီး အသက်ဆုံးရှုံးနိုင်ကြောင်းကိုရှင်းပြလေသည်။

ကိုစိန်မောင်တို့ ကိုအောင်မောင်းကိုထိုင်ရှိခိုးမတတ်ကျေးဇူးတင်ကြောင်း ကိုအောင်မောင်းသာမကယ်လျှင် ကြာရိုးအသက်သည်မတွေးဝံ့တော့ကြောင်း လက်အုပ်တချီချီနှင့်ပြောလေရာ ကိုအောင်မောင်းပင် အနေခက်ရလေသည်။
စီစဉ်စရာရှိသည်များစီစဉ်ပြီး ကိုအောင်မောင်း.မလှမေနှင့်ရွာကလူများကို ပြန်လွှတ်ပြီး ကိုစိန်မောင်ဆေးရုံအစောင့်အဖြစ်ကျန်ခဲ့လေသည်။
နောက်နေ့မှ ရွာကလှည်းအကြိုလွှတ်ရန်မှာလိုက်ပြီး အားလုံးကိုပြန်လွှတ်လိုက်သည်။
..သားကိုစိတ်မချစွာနှင့် မလှမေခင်မျာ နောက်ဆံတငင်ငင်နှင့် ပြန်ရရှာလေသည်။ 
...............................................................................

ရွာတွင်မတော့ ခွေးနီပြောသလို ကလေးတွေကြား တွင် ကြာရိုးဥစ္စာစောင့်ကိုက်ခံရသည်ဟု နာမည်ကြီးတော့သည်။ လူကြီးများကတော့ ကလေးများကို တင်းတင်းကြပ်ကြပ်တားမြစ်သည်.။
ခွေးနီကိုလူကြီးတွေမေးမြန်းတော့မှ ဥစ္စာစောင့်ဆီကရွှေသွားတောင်းကြမှန်း ဖြစ်ရိုးကုန်စင်ပေါ်တော့လေသည်။
နောက်တနေ့ညနေတွင် ကိုစိန်မောင်တို့ ဆေးရုံကပြန်လာသည်။  ကြာရိုး လှည်းနောက်တွင် ငြိမ်ငြိမ်ကလေးပါလာလေသည်.။
သခွပ်ပင်အောက်ရောက်တော့ ရဲရဲတောင်မကြည့်ဝံ့။
အိမ်ရှေ့ရောက်တော့ ခွေးနီလဲရောက်နေသည်။ကလေးတသိုက်လဲ ကြာရိုးကိုလာကြည့်သည်။ ဥစ္စာစောင့်သည်မြွေယောင်ဆောင်ပြီး ကြာရိုးကိုကိုက်လိုက်သည်ဟုဆိုရာ ဘယ်သို့ဘယ်ပုံဖြစ်သည်ကိုသူတို့ ကြည့်ချင်သိချင်လှသည်။
ကလေးများကလဲတရုံးရုံး လူကြီးများကလဲ ကြာရိုးနေကောင်းလားဟုလာကြည့်ကြသည်။ အဘွုားမြလဲ ဆေးလိပ်တိုကြီးဖွာရင်းရောက်ချလာသည်။
အိမ်ပေါ်ရောက်တော့ မလှမေက သားကိုပြေးဖက်ပြီး ပွေ့ထားသည်.။

“အမေ့သားလေး ကြာရိုးလေး ကံကြီးပေလို့တော် . .”
ကြာရိုးကမလှမေရင်ခွင်တွင်ငြိမ်နေသည်။
“သားဘာလို့ သခွပ်ပင်ကြီးနားသွားဆော့တာလဲ..”ဟု မလှမေးကမေးလိုက်သည်။
“သား သွားဆော့တာမဟုတ်ပါဘူးအမေရယ် ရွှေသွားတောင်းတာပါ..”
“ဟင်..ဘာလို့ ..သားကရွှေသွားတောင်းတယ်ဟုတ်လား ..ဘာလုပ်ဖို့ရွှေသွားတောင်းတာလဲ .ပြောပါဦးအမေ့ကို..”

“အမေကြီးကပြောတယ်လေ အဲသခွပ်ပင်မှာ ဥစ္စာစောင့်ရှိတယ် ။ဘကြီးတိုအလှုလုပ်တာ အဲအပင်ကဥစ္စာစောင့်ကရွှေတွေပေးတာဆို ..၊ သားကိုရှင်ပြုရင်အမေတို့အဘတို့ပိုက်ဆံတွေအများကြီးကုန်မှာလေ ။ အဘပင်ပန်းမှာပေါ့ . . သားရှင်ပြုရင်လေ .ခွေးနီတို့ကိုသားက ဒံပေါက်တွေကျွေးချင်တာ . အများကြီးကျွေးချင်တာ ။ အဘနဲ့ အမေပင်ပန်းတာသားမကြည့်ရက်ပါဘူး ။ အဲဒါကြောင့် ဥစ္စာစောင့်တွေဆီကနေ သားရှင်ပြုဖို့ရွှေသွားတောင်းပေးတာလေ...”

ကြာရိုးအဖြေကိုကြားသော် အားလုံးစိတ်မကောင်းဖြစ်ကြရ၏။ အဘွားမြကအရွှန်းဖောက်၏။

““အင်း... ရွှေတော့မရလိုက်ဘူး မြွေယောင်ဆောင်ပြီး ကိုက်လွှတ်လိုက်ပြီမလား ခုတော့ ..
နောက်တစ်ခါသွားဦးမလား အဲဒီကို..”
ကြာရိုးက မလှမေ ရင်ခွင်ထဲထိုင်နေရင်း ခေါင်းကိုသွက်သွက်ခါလိုက်ရင်း ပြောလိုက်သည်။
“နောက်တစ်ခါ သားမသွားတော့ပါဘူး ။ သားဘုရားရှိခိုးပြီးဘဲ ဆုတောင်းပါတော့မယ် ။ဥစ္စာစောင့်လည်း အဘတို့ရိုက်သတ်လို့သေဘီလို့ ခွေးနီကပြောတယ်...”

ခွေးနီက အူလည်လည်ဖြင့် ကြာရိုးကိုလှမ်းကြည့်သည်။
ကြာရိုးစကားအကြား အားလုံးဝိုင်းရီကြတော့သည်။
ကိုစိန်မောင်ကတော့ ကွပ်ပျစ်ပေါ်တွင်ထိုင်ရင်း သားတော်မောင်ကို တပြုံးပြုံးနှင့်ကြည့်နေလေသည်။ မလှမေကတော့ အသိတတ်အလိမ္မာတုံးကလေး သားချစ်မောင်ကြာရိုးကို တရှုံ့ရှုံ့ ဖြင့်နမ်းလေတော့သည်။
..................................................

ပြာသိုလဆန်း ခုနှစ်ရက် ..

အေးစိမ့်စိမ့်ဆောင်းရာသီတမနက်ခင်း..
မနက်စောစော. ကန်သင်းကုန်းရွာမှ ဆိုင်းသံသဲ့သဲ့စကြားရသည်။ကိုစိန်မောင်မလှမေတို့၏ တစ်ဦးတည်းသောရင်နှစ်သည်းချာ သားရတနာမောင်ကြာရိုး ကို ရှင်ပြူပွဲ ဖြစ်သည်။
တော်လဲကြီးရွာမှာလူများ ကန်သင်းကုန်းရွာမှလူများ အလှုမဏပ်တည်ရှိရာ ကိုစိန်မောင်မလှမေတို့ နေအိမ်သို့ သွားနေကြသည်။
ဘကြီးဦးဘမောင်တို့အလှုလောက်မကြီးကြယ်မခမ်းနားသော်လည်း ကိုစိန်မောင်တို့ ဒီနှစ်စပါးအောင်သည်ဖြစ်ရာ . ကြာရိုးလေးဖြစ်ချင်သလို ဆိုင်းဝိုင်းလေးလဲ ငှားနိုင်၏။ ဒံပေါက်မကျွေးနိုင်သော်လည်း ထမင်းဟင်းများမြိုင်မြိုင်ဆိုင်ဆိုင်ကျွေးနိုင်၏။ အလှု့ဒါယကာ ကိုစိန်မောင်နှင့် အလှု့အမ မလှမေတို့ခင်မျာ မောင်ရင်လောင်းကလေး ကြာရိုးကို တစိမ့်စိမ့်နှင့်ကြည့်မ၀နိုင်ရှု့မ၀နိုင်ဖြင့် တပြုံးပြုံးတပျော်ပျော်ရှိလေသည်။
မောင်ရင်လောင်းစင်ထက်တွင် ပါးကွက်လေးအဖွေးသားနှင့် ကြာရိုးသည်မိန့်မိန့်ကြီးထိုင်လျက်ရှိလေရာ  ကြာရိုး၏ ဘေးတွေင် တပည့်ကျော်ကြီးခွေးနီသည်လည်းကောင်း ရွာထဲမှ ကြာရိုး၏ အပေါင်းအဖော်  ကလေးငယ် နှစ်ယောက်တို့အားလည်းကောင်း ပါဝင်ရှင်ပြုကြလေရာ ပါးကွက်လေးများ ဖြင့် ထိုင်လျက်သားတွေ့မြင်ကြရလေသည်။အဘွားမြသည်လဲ မဏပ်အလယ်တွင်ဆေးလိပ်တိုကြီးဖွာလျက် မောင်ရင်လောင်းများကို တပြုံးပြုံးဖြင့်ကြည့်နေရှာလေသည်။ 

ဗျောသံများဖြင့် မြိုင်ဆိုင်နေသည့် မဏပ်အလယ်တွင် မောင်ရင်လောင်းကြာရိုးမှာ ပြုံးရွှင်သောမျက်နှာကြီးဖြင့် ခန့်ခန့်ကြီးထိုင်နေလျက်ရှိပြီး သူ၏လက်တွင်မတော့ ဥစ္စစောင့် မှမြွေ ဘ၀ပြောင်းကာကိုက်သွားသော ဒဏ်ရာနှစ်ခုကိုအထင်းသား မြင်ရလေတော့သည်။ 

ရွှင်လန်းချမ်းမြေ့ကြပါစေ

မဒမ်ကိုး
၎နာရီ ၂၅ မိနစ်
၂၃ ရက် ၇ လ ၂၀၁၂ ခုနှစ်
တနလာင်္နေ့  

15 comments:

Angelhlaing(May everybody be happy and healthy! said...

တော်ပါသေးရဲ့ ကြာရိုးလေး ဘာမှမဖြစ်လို့... ရင်တထိတ်ထိတ်နဲ့ ဖတ်ရတာ... တစ်ကယ်ကောင်းတယ်မမရေ....

AH said...

ကောင်းလိုက်တဲ့ ၀တ္တုတိုလေးဗျာ.... ရသလည်းပါတယ်၊ သုတလည်းပါတယ်၊ ဖတ်ရင်း ဖတ်ရင်းနဲ့ ဆရာကြီး ဦးဖိုးကျားရဲ့ မိတဆိုး ရှင်ပြုကိုတောင် သွားသတိရမိသေးတယ်။ အရမ်းကောင်းတယ်.. အရမ်းကောင်းတယ်...

Unknown said...

A ma..
Really good..
100% like..

Unknown said...

A ma..
Really good..
100% like..

မေမြို့မိုး said...

စိတ်ကိုမောသွားတာပဲ..။ ဇာတ်လမ်းကလည်း တက်လိုက်ကျလိုက်နဲ့ ကိုရီးယားကားကျနေတာပဲ.။
ပိုင်သဗျာ.။

အလင်းသစ် said...

တစ်ကလုပ် တစ်ကလုပ်ကနေ စလိုက်တာ ရှင်ပြုပွဲကျမှပဲ သက်ပြင်းချနိုင်တော့တယ်... ဟီးးး

246810121416182022 said...

လွှတ်ကောင်းတယ်ဗျာ့
ရုပ်ရှင်ရိုက်ဖို့လာဝယ်ရင်ရောင်းမှာလာ့း

246810121416182022 said...

လွှတ်ကောင်းတယ်ဗျာ့
ရုပ်ရှင်ရိုက်ဖို့လာဝယ်ရင်ရောင်းမှာလာ့း

Leo said...

ရင်မောနေတာ ဟက်ပီးအန်းဒီးလေးမို့ တော်ပါသေးရဲ့။ အမြဲလာလည်ပါတယ် အစ်မရေ။ စာအရေးအသားကောင်းတယ်ဗျ။
(လီယို)

လုလု said...

အရမ်းအရမ်းကိုပဲ အရေးအသားကောင်းပါတယ့့် 
မျက်လုံးထဲတောင် ပုံပေါ်လို့ 
အရမ်းတော်တဲ့ ညီမလေး ဒိုးကန့့် 

စံပယ်ချို said...

ကြာရိုးရယ် ဘယ်အချိန်တင်မှန်းတောင်မသိလိုက်ဘူး
ကွန်မက်ရေးတာဖတ်ပြီးရွှေဒိုးကိုပြန်ရေးမယ်ဆိုပြီးလိုက်လာမှ
တွေ့တော့တယ်
မိဘကိုသိတတ်တဲ့ကြာရိုးကံကောင်းခြင်းတွေရတာပါပဲ
ဝမ်းနဲရမလား ၀မ်းသာရမလားနဲ့ နောက်ဆုံးမှ
စိတ်အေးရတော့တယ် ရေးတတ်လိုက်တာ
(အဲတာတို့ရွှေဒိုးပေါ့)

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဝတ္တုတိုလေးကို ဖတ်သွားပါတယ်။ ဇာတ်လမ်းလေးကို နှစ်သက် သဘောကျမိတယ်။ ကြာရိုလေး ဆော့ကစားတဲ့ ပုံကို သရုပ်ဖော်ထားတာ၊ နှပ်ကို လက်နဲ့သုတ်လိုက်တဲ့ဟန်၊ ပုဆိုးလေး လျောသွားလို့ ပြန်တင်တာလေးတွေကို ကွင်းကွင်းကွက်ကွက်လေး မြင်ယောင်သွားတယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

...အလင်းစက်များ said...

တော်သေးတာပေါ့အေ.. မြွေဆိပ်ဖြေဆေးရှိပေလို့ ။ ဟူး။

နွေတေးရှင် (မင်းဧရာ) said...

သိပ်တော်တယ်ဒယ်အိုးး) ။

ရွာကိုသတိရသွားတယ်
အဲသည်လိုဘဲ ရွာကကလေးတွေ ဖိနပ်မပါ ဘာမပါနဲ့ ။

သုတ ရသ နှစ်ခုစလုံးကို ပြသွားနိုင်တယ်။

san htun said...

ရွာဓလေ့ရော၊ ဝထ္ထုလေးရော ချစ်ဖို့ ကောင်းတယ်...

Related Posts Plugin for WordPress, Blogger...