Tuesday, July 3, 2012

ပုံရိပ်ယောင်များအကြောင်း

စာဖတ်သူကို မေးပါရစေ။သရဲတစ္ဆှေ ရှိတယ်ဆိုတာကို ယုံကြည်မှုရှိပါသလား။အကယ်၍ သင်ဟာ ယုံကြည်မှုရှိတယ်ဆိုတဲ့ စာရင်းထဲမှာပါဝင်ခဲ့ရင် ဘ၀မှာ သင်ကိုယ်တိုင် ကြုံတွေ့ခဲ့ဘူးပါသလား..။ ဘယ်လိုအနေထားမျိုးနဲ့ ကြုံတွေ့ခဲ့ဘူးပါသလဲ။ ကျွန်တော့်အနေနဲ့ကတော့ သရဲ၊ တစ္ဆေရှိတယ် ဆိုတာကို လက်ခံခဲ့ပေမဲ့ မွေးကတည်းကနေ ၂၀၀၉ ခုနှစ်အထိ သရဲ၊ တစ္ဆေတွေရဲ့ ခြောက်လှန့်ခြင်းကို တစ်ကြိမ်တစ်လေမှ မကြုံဘူးခဲ့လေတာ့ ရှိတယ်ဆိုတာထက်ပဲပိုပြီး တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ဘ၀တစ်လျှောက်လုံး တစ်ကြိမ်တစ်လေမှ မကြုံခဲ့ဘူးပေမဲ့ တကယ် သရဲ၊ တစ္ဆေ (သို့) မကျွတ် မလွတ်တဲ့သတ္တ၀ါနဲ့ ကြုံတွေ့ခဲ့ရတော့လည်း သူနဲ့မှ (၃)နှစ်လောက် တစ်ခန်းထဲအတူတူနေခဲ့ရတဲ့အဖြစ်နဲ့ကို ကြုံခဲ့ရတယ်။ တစ်ခါမှ အဲ့ဒီလို ကြုံခဲ့ ဆုံခဲ့ဘူးတာ မရှိလေတော့ အစမှာ တော်တော့ကို ဒေါသထွက် စိတ်ခြောက်ခြားခဲ့တယ်။ နောက်ပြီး မကြုံဘူးတော့ ဒါဟာ သရဲခြောက်တာလား ဆိုတာကို လက်ခံဖို့တောင် ခက်ခဲပါတယ်။တကယ်တော့ ကျွန်တော်ဟာ သရဲခြောက်ခံခဲ့ရတာမဟုတ်ပဲ နေ့ခင်းကြောင်တောင်ကြီး နေရာလုတာကို ခံခဲ့ရတာလို့ ပြောရင် ပိုမှန်လိမ့်မယ်ထင်တယ်။ စာဖတ်သူ ဆက်ပြီး ရှုကြည့်ပါအုံး..

ကျွန်တော်ကြုံတွေ့ခဲ့ရတာက ဒီလိုပါ။ဒီနိုင်ငံကိုရောက်ပြီး (၇)နှစ်ကျော် ကြာပြီးတဲ့အချိန်မှာ အလုပ်ကြောင့် အိမ်ပြောင်းရွှေ့ ခဲ့ရတယ်။နေရတဲ့နေရာက -တောင်ကြားထဲရောက်နေသလိုပါပဲ။ အရှေ့ ဘက်ခြမ်းမှာလဲ တောင်တွေ ပိတ်ကာထားပြီး အနောက်ဘက်ခြမ်းမှာလည်း တောင်တွေက ပိတ်ထား တယ်။အေးချမ်းပြီး လေကလည်း အတော်လတ်ဆတ်ပါတယ်။ ဒီနိုင်ငံမှာတော့ ဂန်တင်းဟိုက်လန်းပြီးရင် တော်တော့်ကို အေးတဲ့နေရာလို့ ပြောရင် ရပါတယ်။မနက်တိုင်း ဆီးနှင်းတွေကျသလို မြူတွေဆိုင်းပြီးနေတယ်။ (ဒီနေရာကနေ ဂန်တင်းကိုသွားမယ်ဆိုရင် နာရီဝက်သာသာပဲ သွားရပါတယ်။)။ အဲ့ဒီနေရာကို အလုပ်ကြောင့် ပြောင်းရွှေ့ ခဲ့ ရ တယ်။ အိမ်စပြောင်းတဲ့နေ့မှာ မဒမ်လည်း ဒီကိုလာပြီး ကူညီပြောင်းပေးပါတယ်။ အိမ်ပြောင်းတဲ့ကိစ္စနဲ့ပဲ တစ်နေကုန်သွားပြီး ညကျတော့ ကျွန်တော်က ထုံးစံအတိုင်း အလုပ်သွားဖို့ပြင်တဲ့အခါ မဒမ်ကတော့ တစ်နေကုန် ပင်ပန်းထားလို့ အိမ်အသစ်လေးမှာ အိပ်ပြီးနေခဲ့မယ်လုပ်တာနဲ့ စိတ်ချလက်ချ ထားခဲ့ပါတယ်။ အဲ့ဒီမှာ ကျွန်တော်ငှားထားတဲ့အိမ်က ကျွန်တော်နေတဲ့အခန်းမှာ သရဲရှိတယ်ဆိုတာကို ပထမဆုံး အဆိုပြုလာတာက ကျွန်တော့်မိန်းမ ဒိုးကန်ဖြစ်ပါတော့တယ်။

ည(၁၂)နာရီလောက် အချိန်မှာ နှစ်နိုင်ငံကို ကူးချည်သန်းချည်လုပ်နေတဲ့ ကျွန်တော့်မယား ဂန်းစတားဟာ စောင်ကြီးပိုက်လို့ ကျွန်တော့်အလုပ်ထဲကို -ရောက်ချလာပါတော့တယ်။အကျိုးအကြောင်းတောင် မေးလို့မရပါဘူး။ သူပြောတာက တစ်ခုတည်းပဲ..“ဟေ့ကောင်.. မင်းအိမ်မှာ သရဲမိန်းမကြီး ရှိတယ်” ဆိုပြီး တတွတ်တွတ်သာ ပြောနေတော့တာပဲ။ကုလား၊ တရုတ်၊ မလေး၊ အင်ဒိုနီးရှား ဘယ်သူ့မှမကြောက်ပဲ  နှစ်နိုင်ငံကို ကူးနေတဲ့မိန်းမ ဘယ်လိုကြောင့် ကြောက်နေရပါလိမ့်ဆိုပြီး အဲ့ဒီအချိန်မှာ ပြုံးမိပါသေးတယ်။သူစိတ်ငြိမ်သွားမှ ပြောပြတာက “အခန်းထဲမှာ သရဲမိန်းမကြီးရှိကြောင်း၊ သူအိပ်ပျော်သွားတာနဲ့ မွေ့ယာကို လာလှန်ပြီး ခေါင်းအုံးကို လာလာလုတယ်”လို့ ပြောပါတယ်။ အရင်ကလည်း သူက ကျွန်တော့်ကို အဲလိုတွေ လုပ်ကြံပြောနေကြဆိုတော့ ကျွန်တော်ကတော့ နောက်တယ်ပဲ ထင်ခဲ့ပါတယ်။အလုပ်ထဲမှာပဲ သူအိပ်ဖို့ နေစရာစီစဉ်ပေးပြီး အဲ့ဒီညကို ကုန်လွန်ခဲ့ ပါတယ်။ မနက် ၁၀နရီလောက် ကျွန်တော်အလုပ်သိမ်းတော့ မိန်းမက အိမ်ကိုပြန်မလိုက်တော့ပဲ “ ဟော်တယ်မှာ နေမယ်.. အဲ့အိမ်မှာဆို ငါသေ လိမ့်မယ်ဆိုပြီး” ဂျစ်ကန်ကန်လုပ်နေတာနဲ့ သူ့စိတ်ကြိုက်အခန်းတစ်ခန်းကို ကျွန်တော့်သူဌေးရဲ့ ဟော်တယ်ကပဲယူပြီး နေခဲ့ပါတယ်။

အိမ်ပြောင်းပြီး (၃)ရက်မြောက်တဲ့နေ့ သူပြန်တဲ့အခါကျမှ ကျွန်တော်က အိမ်အသစ်ပေါ်ကို စရောက်ပါတယ်။ မနက် အလုပ်သိမ်းပြီး အိမ်ရောက်တဲ့ အခါ ထုံးစံအတိုင်း ဘုရားရှိခိုး ၂၄ပစ္စည်း ကိုးခေါက်ရွတ်ပြီး အိပ်ယာဝင်ပါတယ်။ အိပ်ကာနီးတော့ “သူ ဟော်တယ်မှာ နေချင်တာနဲ့ ငါ့အိမ်ကိုများ သရဲရှိတယ်ဆိုပြီး လုပ်သေးတယ်” ဆိုပြီး ပြုံးမိပါသေးတယ်။ ကျွန်တော် အိပ်ပျော်ပြီး တစ်နာရီလောက်အကြာမှာ စပြီး ပြသနာ တက်ပါတော့တယ်။

ကျွန်တော့်ခေါင်းက ရုတ်တရက်အပေါ်ကို မြောက်မြာက်တက်သွားတယ်။  မွေ့ယာကြီးက ခေါင်းရင်းဘက်က မြောက်တက်လာပြီး ကျွန်တော်ရဲ့ ကိုယ်တပိုင်းက မွေ့ယာအောက်ကို ရောက်ရောက်သွားတယ်။သိသိခြင်းမှာ “ဘာဖြစ်တာလဲ..ငါစောစောက အိပ်နေတာ အပေါ်မှာပါဆိုပြီး” စဉ်းစားမိ ရင်း မိန်းမပြောတာကို သတိရပြီး ကြက်သီးတွေ ထလာတယ်။စိတ်ကြောင့် ဖြစ်တာနေမှာပါလို့တွေးရင်း ပြန်အိပ်တော့လည်း အဲ့လိုပဲ မွေ့ယာကို လာလာလှန်ချတယ်။ သုံးခါလောက် ဖြစ်ပြီးတော့ ကျွန်တော်လည်း အခန်းထဲအိပ်ဖို့ရာမရဲတော့တာနဲ့ အိမ်ရှေ့ က ဧည့်ခန်းမှာ ထွက်အိပ်လိုက်တယ်။ -နောက်နေ့ အလုပ်သိမ်းတော့ အခန်းထဲဝင်ဖို့ တွန့်နေပေမဲ့ “ဒါ ငါ့အခန်းပဲ..ငါဝင်ရမှာပေါ့”ဆိုတဲ့စိတ်နဲ့ အခန်းထဲဝင်ပြီး ဘုရားရှိခိုး အိပ်တယ်။ အဲ့လိုပဲ ကြုံပြန်တယ်။ တစ်ခါ အပြင်ထွက်အိပ်ရပြန်တယ်။ဒီအိမ်က ဒီအခန်းမှာ သရဲ(သို့)အစောင့်ရှိတယ်ဆိုတာ ကျွန်တော် လက်ခံလိုက်ပြီ။

သုံးရက်မြောက်နေ့ကျတော့ “ဒီနေ့ လာရင်တော့ ဒီကောင်သေမယ်” ဆိုပြီး စိတ်ကိုလျှော့ချထားပြီး အိပ်လိုက်တယ်။ သတိကိုလည်း ကပ်ထားတော့ အိပ်ပျော်ကာစမှာပဲ မွေ့ယာကြီး မြောက်တက်လာသလို ခံစားလိုက်ရတာ ကျွန်တော်သိလိုက်တယ်။ မျက်လုံးကိုလည်း ဖွင့်မကြည့်ရဲဘူး..။ မှိတ်မြဲ မှိတ်ထားရင်းနဲ့ မွေ့ယာတကယ်မြောက်တက်လာတာ ဟုတ်လား မဟုတ်လားဆိုတာကို သတိနဲ့ နေရင်း ကိုယ်ကို လူးပြီးအပေါ်ကို ပြန်တိုးလိုက်တော့ -မြောက်နေတာလည်း ရပ်သွားတယ်။ခဏနေတော့ တစ်ခါ ဘေးကနေ မွေ့ယာက လှုပ်လာပြန်ရော.. ကျွန်တော်လည်း ခြေထောက်နဲ့ မွေ့ယာ -မြောက်နေတဲ့ဘက်နဲ့နီးတော့ စိတ်ရှိလက်ရှိပဲ ကန်ထည့်လိုက်တယ်။ တစ်ခုခုကို ကန်လိုက်မိသလိုခံစားလိုက်ရပြီးတပြိုင်နက် ကန်လိုက်တဲ့ဘက်က ကျွန်တော့်အခန်းအပေါက်မှာ ချိတ်ထားတဲ့ အ၀တ်တွေ ပြုတ်ကျလာတယ်။ “ပါးစပ်ကလည်း နောက်တစ်ခါလာရင် ဒီအခန်းကို မီးနဲ့ပါရှို့ ပစ်မယ်” ဆိုပြီး ပါးစပ်ကလည်းပြောပြီး ပြန်အိပ်တယ်။ဒါပေမဲ့ “ငါအိပ်ပျော်နေတုန်း ငါ့အပေါ် လာတက်ထိုင်နေရင် ဒုက္ခလို့” တွေးမိပြီး အိမ်ရှေ့ ကို တစ်ခါ ထွက် အိပ်လိုက်တယ်။ 

ခြောက်ရက်လောက်ထိ အဲ့လိုကြုံလာတော့ စိတ်လည်းပျက်လာပြီ။အိပ်ရေးတွေလည်း ပျက်..အခန်းထဲဝင်ရင် ဘာကို စိတ်တိုရမှန်းမသိ.. -ဒေါသ လည်းထွက် ကိုယ့်အဖြစ်ကိုယ်လည်း ရယ်လည်း ရယ်ချင် ကြောက်ကလည်းကြောက်နဲ့ တစ်ခုခုတော့ လုပ်မှပဲဆိုပြီး ဆုံးဖြတ်လိုက်တယ်။အဲ့ဒီနေ့ ကျွန်တော် အိပ်ကာနီးတော့ ထုံးစံအတိုင်းပဲ ၂၄ပစ္စည်းရွတ်၊ ဘုရားရှိခိုးပြီး အိပ်တယ်။အဲ့လိုပဲ လာမြှောက်တယ်။ကျွန်တော်လည်း စောင်တွေ ခေါင်း အုံးတွေ ခွခေါင်းအုံးတွေနဲ့ အကုန် ခံစားရတဲ့ဘက်ကို ပိတ်ပေါက်ပြီး လုံးဝ အခန်းထဲက ထွက်ပြီး မအိပ်တော့ဘူး။ ညနေကျတော့ အိပ်မရတော့တာနဲ့ ရေတွေ ဘာတွေချိုးပြီး အခန်းထဲက ပြန့်ကျဲနေတဲ့ ခေါင်းအုံတွေ၊ စောင်တွေ ပြန်ကောက်သိမ်းပြီး ဘုရားရှိခိုးတယ်။ အဲ့မှာ တစ်ခု သတိထားမိတာက ငါ ဘုရားရှိခိုးပြီး သူ့ကို မေတ္တာမပို့လို့များလားဆိုတဲ့အတွေးကို တွေးမိပြီး အဲ့အိမ်ရောက်ပြီးမှ ပထမဆုံးမေတ္တာပို့တယ်။ပြီးတော့ အခန်းရဲ့အလယ်မှာ ကျွန်တော် အိမ်ငှားထားတဲ့စာချုပ်ကိုချ.. မီးတွေမှိတ်ပြီး ဖယောင်းတိုင်လေးတစ်တိုင် ထွန်းလိုက်တယ်။ပြီးတော့ ကျွန်တော် သရဲကို စိတ်ကမှန်းပြီး အသံထွက်ကာ စကားပြောပါတယ်။

“အခန်းထဲမှာရှိတဲ့ မိတ်ဆွေရေ.. ဒီအိမ်မှာ မင်းဟာ ငါ့ထက်အရင်ရောက်နေလို့ ဒီအခန်းကို အရင်က မင်းပိုင်ချင်ပိုင်ခဲ့လိမ့်မယ်။အခုတော့ ဒီအိမ် တစ်အိမ်လုံးကို စာချုပ်စာတန်းနဲ့ ငါငှားလိုက်ပြီဖြစ်လို့ ဒီအိမ်ကို ငါပိုင်သလို ဒီအခန်းကိုလည်း ငါပိုင်တယ်။ငါပိုင်သလို ငါ့မိန်းမလည်း ပိုင်တယ်။ မင်းငါ့ကို နှောက်ယှက်တာ (၇)ရက်ပြည့်ပြီ ဆိုတော့ မင်းလည်း ငါ့အကြောင်း သိလောက်ပြီ..။ငါ ဘယ်လိုအကြောင်းနဲ့မှ ဒီအိမ်က ရွှေ့မှာမဟုတ်သလို ငါရွေးပြီးသား ဒီအခန်းထဲကလည်း ငါထွက်ပေးမှာ မဟုတ်ဘူး။အဲ့တော့ မင်းလည်း ဒီအခန်းမှာပဲနေတာဆိုရင် ငါအလုပ်သွားတဲ့ တစ်ညလုံးအချိန်တွေ မှာ မင်းလွတ်လွတ်လပ်လပ်နေနိုင်တယ်။ ဒါပေမဲ့ ငါပြန်လာရင်တော့ ငါ အေးဆေးအိပ်မယ်။မင်းကို ငါမမြင်ရလို့ ခြေထောက်တက်နင်းမိတာတွေ လက်ကို တက်နင်းမိတာတွေ ဖြစ်မယ်ဆိုရင်လည်း မင်းကိုယ်တိုင် ငါနဲ့ လွတ်အောင်နေပါ။ငါ အခုလို လိုက်လျောတာကိုမှ မင်းမကျေနပ်ပဲ ဆက်ပြီး -နှောက်ယှက်နေအုံးမယ်ဆိုရင် ငါ ဒီအိမ်ကနေ မင်းကို မောင်းထုတ်ပစ်မယ်” ဆိုပြီး ကျွန်တော် ခပ်တည်တည်နဲ့ မြန်မာလို၊ အင်္ဂလိပ်လို၊ မလေးလို သုံးခေါက်ပြောပါတယ်။ ပြီးတော့ အခန်းထဲကပဲ အသိဘုန်းကြီးကို ဖုံးခေါ်ပြီး စပီကာဖွင့်ကာ စကားပြောပါတယ်။လက်ရှိကြုံနေရတာတွေရယ် တကယ်လို့ နောက်တပတ်ထိ ဆက်ဖြစ်နေအုံးမယ်ဆိုရင် တပည့်တော်အိမ်မှာ ကမ္မ၀ါဖတ်ပေးပါဘုရားဆိုပြီး ဘုန်းကြီးကို လျှောက်တယ်။ သူ့ကိုလည်း အခုပြောနေတာတွေကို စိတ်နဲ့မှန်းပြီး ကြားစေတယ်။အလုပ်သွားတော့ ကိုယ်လုပ်ခဲ့တာ လုပ်နေတာတွေကိုတွေးပြီး ရယ်မိသေးတယ်။

တကယ်တိုက်ဆိုင်မှုပဲလား..အခြေအနေကို နားလည်သွားလို့ပဲလားမသိဘူး..အဲ့ဒီနေ့ကစပြီး ကျွန်တော်လည်း ကောင်းကောင်းမွန်မွန်ပဲ အိပ်လို့နေလို့ အဆင်ပြေသွားတယ်။ ဒါပေမဲ့ အဲ့ဒီအခန်းမှာ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမကလွဲပြီး တခြားသူငယ်ချင်းတွေလာရင် ကျွန်တော့အခန်းထဲမှာ သူတို့လုံးဝ အိပ်လို့မရကြပဲ အပြင်မှာပဲ ထွက်ပြီး အိပ်ကြတယ်။သူတို့တွေ ပြောတာကတော့ နေ့လည်ဘက်တွေမှာ ရေချိုးခန်းထဲက ဟောက်သံ ကြားတယ်လို့ ဆိုပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီ (၇)ရက်အတွင်း လှိမ့်နေအောင် ခံခဲ့ရတာကလွဲရင် အဲ့ဒီလိုပြောဆိုပြီးနောက်ပိုင်း သုံးနှစ်တာ ကာလတစ်လျှောက် လုံး ဘာသံညာသံမှ မကြားတော့ပါဘူး။တစ်ခါတစ်လေ အခန်းထဲမှာ အရမ်းရှုပ်ပွနေတဲ့အခါမျိုးတွေမှာတော့ အိပ်နေတဲ့အချိန်တွေ မွေ့ရာကို လာလာမြှောက်တယ်။အဲ့လိုအခါတွေတော့ အခန်းကို ရှင်းပေးရတယ်။အဲ့လောက်ကလွဲရင် သုံးနှစ်တာ ကာလတစ်လျှောက်လုံး သူနဲ့ကျွန်တော် တစ်လှည့်စီ အေးအေးချမ်းချမ်း ရှိခဲ့ပါတယ်။နေ့တိုင်းလည်း ဘုရားရှိခိုးရင် မေတ္တာမပြတ်ပို့ခဲ့တယ်။

မဒမ်ပြောတာကတော့ သူ ထမင်း၊ ဟင်းချက်တဲ့အခါတွေမှာ မိန်းမကြီးတစ်ယောက်ကို တွေ့တယ်..တွေ့မိတယ်တဲ့..။သူကတော့ ဒီကိုလာတိုင်း ကျွန်တော်အလုပ်သွားတဲ့ ညဘက်အချိန်တွေကို ဘယ်တော့မှ အခန်းထဲမှာအိပ်ပြီး မနေခဲ့တော့ပဲ အလုပ်ထဲမှာသာ လိုက်အိပ်ပါတော့တယ်။ အခုတော့ ပြီးခဲ့တဲ့ တစ်ပါတ်ကပဲ အေးချမ်းတဲ့ အဲ့ဒီအိမ်လေးကနေ နောက်အိမ်တစ်လုံးကို ကျွန်တော်ပြောင်းခဲ့ပါပြန်ပါပြီ။ ဒါကတော့ ကျွန်တော့် ဘ၀တစ်လျှောက်လုံး တစ်ကြိမ်ပဲကြုံတွေ့ခဲ့ဘူးတဲ့ သရဲ (သို့) တစ္ဆေ (သို့) မကျွတ်မလွတ်သေးတဲ့ သတ္တ၀ါတစ်ကောင်ကောင်လားဆိုတာ အခုထိ -ဝေခွဲရခက်တုန်းပါပဲ။

သင်ရော အခုလို ကြုံတွေ့ခဲ့ဘူးပါသလား မိတ်ဆွေ....။

(သုံးနှစ်တာ နေခဲ့သော flora - ၁၇လွှာ အိမ်နံပါတ် ၂၂ မှ အဖြစ်အပျက်အား အမှတ်တရ သီကုံးပါသည်)။

လေးစားစွာဖြင့်
ကိုရင်
18:41 (GMT)

26 comments:

မီးမီးငယ် said...

ရူပါလန်းတဲ့ဒေါ်မီးမန့် ပါရစေ။
ကြုံဖူးတာပေါ့။
၁၀တန်းတုံးက လသာမှာကျောင်းအိပ်ကျောင်းစား၊
ဘော်ဒါဆောင်မှာနေတုံးက။
သူရဲကြောက်လို့ ဘေးကုတင်တွေနဲ့ ၎-၅လုံးလောက်၊
ပူးပြီးခြင်ထောင်ကိုအတူတူလိပ်ကလစ်နဲ့ ညှပ်ပြီးအိပ်ကြ
တယ်လေ ဒိုးယိုပေါက် ၅ယောက်အတူတူအိပ်သလိုပေါ့။
တညကျတော့ ဆံပင်ဖားလားချပြီးလက်လာဆွဲ၊
ဆေးလာတောင်းတယ်။
သူလက်ဆွဲခဲ့တဲ့ဘယ်ဖက်ခြင်ထောင်ကလစ်ကြားထဲကို၊
ကိုယ့်လက်က အပြင်ဖက်မှာတန်းလန်းကြီးနဲ့ ။
နောက်တခုက ထိုင်းမှာ၊
နခွန်စဝန်မြို့ က စစ်တပ်ဝင်းထဲမှာ။
သူတို့ အခေါ်ဗိုလ်တဲပေါ့။
ကုမ္မဏီကလူတွေအားလုံးတည်းကြတာ။
ကိုယ်တို့ အခန်းကအစွန်ဆုံး၊
ညရောက်တော့ ဘေးအခန်းကလူဝင်လာတယ်။
ဆူညံနေတာဘဲ၊အဝတ်လျှော် ရေချိုးနဲ့ ၊
အားလုံးကြားကြတယ်။
မနက်ကျတော့ ဘာမှမရှိဘူး။
သူမှလာဘူးတဲ့...။
ကြောက်စရာတော့မကောင်းပါဘူး။
တကယ်ရှိတယ်လို့ လဲခုတော့ထင်သွားပြီ။
ဒိုးကန်ကသတ္တိရှိတယ်နော်...။
ကိုယ်ရင်ရေ့ .....

သူကြီးမင်း (တုံးဖလား) said...

အိမ်ပြောင်းခဲ့ပြီဆိုတော့ကိုရင့်မိတ်ဆွေကြီးတစ်ယောက် လွမ်းလို့ ကျန်ခဲ့တော့မှာ သေချာတယ်။ အားရင် သွားသွား တွေ့လိုက်ဦး။း)

နေရာတိုင်းမှာ တစ္ဆေသရဲရှိနိုင်ပါတယ်။
သူတို့အမြင်ကပ်တဲ့အခါမှာ ခြောက်လှန့်တတ်ပါတယ်။
သူတို့ အားကိုးချင်တဲ့အခါမှာလဲ ခြောက်တတ်ပါတယ်။
မေတ္တာပို့ အမျှဝေပေးတာ အကောင်းဆုံးပါဘဲ။

ကိုရင့်အိမ်မှာမှ မဟုတ်ပါဘူး။ နိုင်ငံခြားက အိမ်ဟောင်း(အိမ်ဆောက်ထားတာရာစုနှစ်လောက်ကြာတဲ့အိမ်)တွေဆို တစ္ဆေသရဲ ရှိတတ်ပါတယ်။
ဟော.. ပြောရင်း ဆိုရင်း အခန်းအ၀နားက ခြေသံ ကြားလိုက်သလိုဘဲ။ ည ၁၂ ခွဲ ရှိနေပြီဘဲ။ မွေ့ယာတော့ လာမလုတန်ရာ။း)

ကိုရင် said...

အေးဗျာ..ကျုပ်မယ် သတိရနေတာ :D

mstint said...

နာနာဘဝ ဝိနာဘဝဆိုတာရှိတယ်လို့ ယူဆတယ် ကိုရင်ရေ။ တီတင့် ဘဝသက်တမ်း တစ်လျှောက်တော့ သုံးကြိမ်ကိုယ်တွေ့ ကြုံဘူးတယ် နောက်တစ်ခေါက် ပို့စ်အဖြစ် တင်ပေးမယ်း)
ဒီပို့စ်လေးဖတ်ပြီး မဒိုးအပေါ်ထားတဲ့ ကိုရင့်ရဲ့စိတ်ထား နူးညံ့မှုလေးတွေပေါ်လွင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

ကိုရင် လွမ်းလွမ်းဆွေးဆွေးနဲ့ ရေးသွားတာလေး ဖတ်သွားပါကြောင်းဗျာ။ တန်တော့ အိမ်အသစ်မှာ အေးအေးဆေးဆေးနေရလို့ နေမထိထိုင်မသာ ဖြစ်နေပုံရတယ်။ :p

လွင်ပြင်လှိုင်းငယ် said...

သရဲဆိုတာ တကယ်ရှိတယ်လို့ ယုံကြည်ပါတယ်။ကိုရင့်
ဘော်ဘော်တော့ တစ်ယောက်တည်းပျင်းပြီးကျန်ခဲ့မှာပဲနော်

Angelhlaing(May everybody be happy and healthy! said...

အို..ထူးဆန်းပေစွပဲ အကို...ညီမလေးတော့ သရဲဆိုတာ စာထဲပေထဲနဲ့ ကြားဖူးနားဝပဲ ရှိတာ ခုချိန်ထိ အဲ့လိုမကြုံတွေ့ခဲ့ဖူးဘူး အသံနဲ့တင် ဖျားအောင် ကြောက်တာတော့ အမှန်... အဲ့လို သတ္တိအပြည့်...အကို့တို့များ ကြုံတွေ့ရမယ်ဆို ပြောင်းပြေးရမှာ အမှန်ပဲအကို..:):)

ညိမ်းနိုင် said...

သရဲလား...ယုံတယ်လည်းမဟုတ်၊မယုံဘူးလည်းမဟုတ်
ဘူးဗျ....၊ကြောက်သလားဆိုတော့လည်း ကြောက်တယ်
လည်းမဟုတ်၊မကြောက်ဘူးလည်းမဟုတ်ပဲ...၊ဒီလိုမှန်း
မသိလို့ပါဗျာ...သိရင် လာလည်တုန်းကလိုက်အိပ်ပါ
တယ်.....:P

blackroze said...

ပါးပါးရာ
သူ့ခမျာ တယောက်ထဲကျန်ခဲ့တာ
သနားစရာ၇ယ်..
ပါးပါးမို့လို့ရက်ရက်စက်စက်
ချန်ထားခဲ့တာ
တခါထဲခေါ်လာတာမဟုတ်ဘူး :P

ကြည်ဖြူခင်ခင် said...

မမြင်အပ်တဲ့ ဒီလိုနာနာဘာဝတွေ ရှိတယ်ဆိုတာတော့ ယုံကြည်ပါတယ်.. ငယ်ငယ်တည်းက ခုချိန်ထိတော့ မကြုံဖူးသေးဘူး.. စိတ်နဲ့မှန်းပြီးတော့တော့ အိပ်ရာဝင်တိုင်း အမျှဝေဖြစ်ပါတယ်.. ဒီပိုစ့်လေးကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်.. ကျေးဇူးပါ..မမဒိုးကန်ရေ..

khin said...

မကြုံဘူးတော. ဖတ်ရတာနဲ.တင် ကျားကျားကြောက်လာပြီနော်။

Candy said...

မမဂျာရစ်ပြောတာတော့ ကြားဖူးတယ်.. ခုထပ်ဖတ်သွားတယ်.. သရဲနဲ့စကားစပြောတော့ တွေးနေတာ.. ကိုရင်က ဗမာလိုပြောတာ သူက နားလည်ပါ့မလားလို့.. ပြီးမှ မြန်မာ အင်္ဂလိပ် မလေးလို ပြောတယ်ဆိုမှ ရီချင်သွားတယ် ဟီးဟီး.. ကိုရင့်အကြံပိုင်ချက်ကတော့ အဟတ် xD

ညီလင်းသစ် said...

တစ္ဆေသရဲတို့၊ နာနာဘာဝတို့က လူတွေ တကယ်တမ်း တင်းတင်းကျပ်ကျပ် လုပ်ရင် ကြောက်တယ်လို့တော့ ကြားဖူးတာပဲဗျ၊ မမြင်ရတဲ့ အဲဒီမိတ်ဆွေလည်း နောက်ထပ် အိမ်ငှားအသစ်နဲ့ နယ်မြေလုပွဲကို တစ်က ပြန်စရမှာဆိုတော့ စိတ်မောပြီး ကျန်ခဲ့မှာပဲ...။း)

စံပယ်ချို said...

ကိုရင်ရေ
ကိုယ်တိုင်တော့ တခါမှ မကြုံဖူးသေးဘူးလေ
နောင်တော့မပြောတတ်ဘူးပေါ့ သူငယ်ချင်းတွေ
ဘုန်းကြီးတွေပြောဆိုခဲ့တာတွေကိုတော့ ကြားခဲ့ဖူးတယ်
အဲလိုအဖြစ်လေးတူတူပါပဲ
ရွှေဒိုးကသရဲကြောက်တတ်တယ်သူကို တစ်ယောက်ထဲမထားပါနဲ့ ကိုရင်ဘယ်သွားသွားခေါ်သွားနော်

Latt Latt said...

တယ်သတ္တိကောင်းတဲ့ ကိုရင် ဒိုးကန် ပါလား...

သိင်္ဂါကျော် said...

အင်း.. မေတ္တာနဲ့ နေရင် ဘယ်သူနဲ့ ဖြစ်ဖြစ် အတူနေလို့ ရတာပဲလေ.. သူလည်း သူ့ဟာသူနေ ကိုယ်လည်း ကိုယ့်ဟာကိုယ် နေပေါ့နော်..

နွေတေးရှင် (မင်းဧရာ) said...

ကိုရင်ရေ...
ကျုပ်ကတော့ အခုထိကိုမတွေ့ဖူးသေးဘူးဗျ
သို့ပေမယ်လို့ လက်ခံမိပါတယ်

သည်ပိုစ့်ကိုဖတ်ပြီးကာမှ ငယ်ငယ်က ရဲသားကြီးတစ်ဦးကို သရဲဆိုပြီးလှိမ့်ရိုက်တာသတိရမိသေးတော့တယ်....။

မိစံ said...

ဆရာလေးကျိန်းနေတုန်းခြေထောက်ကိုလာဆွဲတာ
(လို့..မဆိုလိုပါဘူး) :))

ချော(အစိမ်းရောင်လွင်ပြင်) said...

အမလေးဟယ်
တစ်ယောက်တည်း အိပ်ရပါတယ်ဆိုမှ ညသန်းကောင်ကြီး လာဖတ်မိပြန်ပြီ.
ဒုက္ခ... အိပ်လို့မှ ပျော်ပါတော့မလား မသိဘူး..
ကြောက်စရာကြီးအေ..

SHWE ZIN U said...

ကိုရင် ကိုရင် အတော် သတ္တိကောင်းတယ် ဒိုးကန် လေး တော့ သနားပါတယ်

ချစ်တဲ့
အမရွှေစင်

...အလင်းစက်များ said...

သနားပါတယ်.. သရဲမကြီးခင်ဗျာ ရေချိုးခန်းထဲ ၀င်အိပ်ပေးရရှာတယ်။ အတော် အကြင်နာကင်းတဲ့ နှုတ်ခမ်းမွှေး။ သရဲမကြီးနဲ့ ငြားပါစေ တော်....... အဲလေ.... သရဲမကြီး ကျွတ်လွတ်ပါစေဗျာ လို့ ။ ဟဲဟဲ

မိုးခါး said...

ဘာဖြစ်ဖြစ်ကြောက်တယ် .. :D

သိ င်္ဂါ ရ said...

အဲလိုကိစ္စတွေ တကယ် ရှိတယ် ... :)

Han Kyi said...

သရဲတော့ အခြောက်ခံဘူးပါတယ်...ဒါပေမယ့် ကိုရင့်လိုတော့ မဟုတ်ဘူး...အရိပ်အယောင် ပြရုံလောက်တင်...မွေ့ယာပါလာဆွဲတယ်ဆိုတော့ အနှီသရဲက တယ်မခေဘူး...ဗမာသရဲဆိုရင်တော့ ကမ္မ၀ါဖတ် မေတ္တာပို့လို့ ရဦးမယ်...ကုလားသရဲဖြစ်နေရင်တော့ ခွကျကျပဲ...

ကိုတူး said...

သရဲနီ

မိုးသူ(တောင်ကြီး) said...

အာမြန်လေးဂျာ ကြောက်တတ်ပါဒယ်ဆို ကိုရင် တို့ ကလုပ်ချလိုက်ပြန်ပေါ့

အီးးးဟီးးးးးးးး တယောက်ထဲ အိပ်ရဲ ဒေါ့ပူးဂျ ဒွတ်ခွ ပါဘဲ

Related Posts Plugin for WordPress, Blogger...