Wednesday, June 20, 2012

ပုံရိပ်တို့၏ နောက်ဆုံးနေ့ရက်များ (1929-2012 )



၂၀၁၀ ခုနှစ် စက်တင်ဘာလဆန်းပိုင်း .

ရေချိုးနေတာကြာလို့ အိမ်သန့်ရှင်းရေးလုပ်ရင်းက သွားကြည့်လိုက်တော့ ရေစည်ဘေးမှာထိုင်ချလို့ ..အဖိုးမြန်မြန်ချိုးလေဆိုတော့ အသံမထွက်လို့ ပြေးကြည့်မိတော့ ရေစိုပုဆိုးကိုကိုင်လျှက်သား တိုင်ကီကိုကျစ်ကျစ်ပါအောင်လက်တစ်ဖက်ကဆုပ်ထားလို့ ..

ဘာဖြစ်တာလဲဆိုပြီး ပြေးထူတော့ မလှုပ်နိုင်တော့ဘူး ။ အိမ်မှာလဲဘယ်သူမှရှိ.။ အိမ်အသစ်ကိုရောက်ခါစ ။ ပတ်ဝန်းကျင်အသစ်နဲ့ . ကျနော်ကပြန်လာကာစ . အသားကမကျသေး. ဘေးပတ်ဝန်းကျင်ကိုလှမ်းအကူ အညီတောင်;တော့ ဘေးတစ်ဖက်တစ်ချက်အိမ်က အန်တီတွေ ခြံထဲကိုသော့ဖွင့်ဝင်လာပြီး လာကူတယ် ။ 

အဖိုးကိုအိပ်ယာထဲမိန်းမသုံးယောက်ဆွဲတင်တာမနိုင်လို့ မနည်းတင်ပြီး ရေစိုဝတ်တွေလဲချပြစ်ရတယ် ။ ဘေးအိမ်ကအန်တီပြောတာက လေဖြတ်တာတဲ့ ။စကားတွေကဗလုံးဗထွေးနဲ့ ။ ၀ူးဝါးဝူးဝါး ။ သွားရေတွေကျပြီး မျက်ဖြူလန်နေတယ် ။ ကြောက်လိုက်တာ တုန်နေတာဘဲ ။ဘာလုပ်ရမှန်းလဲမသိ။ အဖေနဲ့အမေလဲမရှိ။ အိမ်ရှေ့အိမ်ကဦးလေးကြီးတွေက လာပြီး တတ်နိုင်သလောက်လုပ်ပေးတယ် ။လေဖြန်းတဲ့ဘက်ကိုဆေးအပူတွေလိမ်းပေး အနှိပ်သည် သွားခေါ်ပြီး လုပ်ပေးကြတယ် ။ အမေပြန်လာတော့မှ ဆေးထိုး ပုလင်းကြီးချိတ်ပြီး သုံးရက် ၃ ည ကျနော်တို့ သားအမိ မအိပ်ဘဲအဖိုးကိုစောင့်ကြရတယ် ။ ၅ ရက်မရှိတရှိလေးမှာဘဲအဖိုးထိုင်နိုင်ထနိုင်ပြီ ။   ဆေးကောင်းတွေသုံး တာရယ် မိသားစုတွေဝိုင်းဂရုစိုက်တာရယ်ကြောင့် အဖိုးချက်ခြင်းပြန်နာလံထူလာ ခဲ့တယ် ။ ဒါပေမယ့် စကားပြောတာတော့ဗလုံးဗထွေးရှိနေပြီး ညာဘက်လက်ကလေးကတော့ သိပ်မသန်ချင် သလိုဖြစ်သွားတယ် ။
ဒီလိုနဲ့လေ့ကျင့်ခန်းလုပ်ပေး လမ်းလျှောက်ခိုင်းနဲ့ တော်တော်လေးကို ပြန်သက်သာကောင်းလာခဲ့တယ် ။ ထမင်းဆိုလဲကိုယ့်ဖာသာကိုယ်စားနိုင်လာတယ်။ ထမင်းနဲ့ဟင်းကိုသေချာနယ်ဖပ်ပြီး ဇွန်းလေးတပ်လို့ စားပွဲလေးနဲ့ ချပေးလိုက်ရင် ထိုင်စားနိုင်တဲ့အဆင့်ရောက်သွားတယ်။

၂၀၁၁ ခုနှစ် အေပရယ်နှောင်းပိုင်း

မလွှဲသာလို့ စကာင်္ပူကိုပြန်လာရပေမယ့် တစ်ပတ်တစ်ခါ တခါတလေ နှစ်ခါ ဆက်ဖြစ်တယ် . အေပရယ်နောက်ပိုင်းမှာ အခြေအနေအဲလောက်မဆိုး ရွားပေမယ့် နွေမှာ လေဖြတ်နေ တဲ့သူအဖို့တော်တော်ခံစားလိုက်ရတယ်ထင်ပါရဲ့ ။ အစားအသောက်ပျက်လို့ မကြာခန ဆေးသွင်းရ တာကြားလာရတယ် ။ ၀မ်းလဲမကြာခနသွားတတ်တော့ တခြားအစားအစာလဲမကျွေးရဲဘူး . သွားလဲသိပ်မကောင်းတော့လို့ အမာလဲမ၀ါးနိုင်တော့ ဆေးကိုဘဲအားပြူလာရတယ် .။
နေသာမကောင်းတာ သမီးလုပ်တဲ့သူကို စိတ်ပူတယ် သားမက် ပြန်အလာနောက်ကျရင်စိတ်ပူတယ် . မြေးအဝေးမှာရောက်နေတာကိုလှမ်းစိတ်ပူတယ်။ အမေဈေးသွားလို့ မှောင်လာရင် စိတ်ပူပြီး ပြတင်းပေါက်ကနေ ခြံဝကိုလှမ်းလှမ်းကြည့်နေတတ်တယ်။ အဖေပြန်တာမှောင်တဲ့နေ့တွေဆို စိတ်ပူလို့ မျက်ရည်တွေကျလို့ ။  အိမ်ရှေ့ပူရင်အိမ်နောက်မချမ်းသာဆိုသလိုဘဲ တခါတလေ အဖေနဲအမေ လင်မယားတွေထုံးစံအတိုင်း စိတ်ဆိုးရင် သူစိတ်ညစ်နေတယ်တယ် ။
အမေကတော့အဖိုးကိုသိပ်အားမရဘူးဒီနှစ်ကုန်ပါ့မလားလိုဖုန်းဆက်တိုင်းပြောတယ်.
ကျနော်ဖုန်းဆက်တိုင်းအဖိုးနဲ့ပြောမယ်ဆိုရင် ဖုန်းထဲမှာ အသံမပီမသ မသဲမကွဲနဲ့ ပြန်ဖြေပြီး ၀မ်းနည်းလို့ ငိုနေတတ်တယ် . ကျနော်က အဖိုးဂရုစိုက်နော် .အဖိုးနေကောင်းမှ သမီးရှေ့မှာအလုပ်လုပ်နိုင်မှာ . မိသားစုအတွက်သမီးသွားနေတာနော် .မစားချင်လဲစားရမယ် စားချင်လဲစားရမယ်နော်လို့ ပြောရင် ..အင်းအင်းဆိုတဲ့အသံက မပီမသ ။ ဖုန်းထဲမှာ အဖေရယ် ..ဘာလို့ငိုနေတာတုန်းလို့ လှမ်းပြောနေတဲ့အမေ့အသံကိုအတိုင်းသားကြားနေရတဲ့ကျနော်ကရင်ကွဲနေလေရဲ့ ။ 

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ

တရုတ်နှစ်သစ်ကူးမှာ ဘယ်ရက်ပိတ်မယ်မှန်းသေချာမပြောလို့ လက်မှတ်ဝယ်မရလိုက်တာနဲ့ အိမ်မပြန်လိုက်ရတော့ဖုန်းခနခနဆက်ဖြစ်တယ် ။ အဖိုးကိုသိပ်အားမရဘူး ဒီနှစ်တောင်ကုန်ပါ့မလားလို့ ဖုန်းဆက်တိုင်းအမေပြောနေတော့ စိတ်ကမချမ်းသာဘူး။ မိသားစုလေးလက်ချိုးရေလို့ရတဲ့ဘ၀မှာ အတ္တကြီးသူပီပီ ဘယ်သူ့ကိုမှထွက်မသွားစေချင်နေတာ ။ သူဌေးကိုခွင့်တိုင်တော့ ၃ လလောက်ကြိုပြော ရတယ် ။ ပိတ်ရက်နဲ့ဆက်ပြီးပြန်ပါလို့ဆိုလို့  . အေပရယ်ပြန်ဖို့စီစဉ်ဖြစ်တယ် ။ခွင့်က ၅ ရက်ထဲ။

၂၀၁၂ အေပရယ်

၎ ရက်နေ့ ကျနော်ပြန်ဖြစ်တယ် .စကာင်္ပူကို  ပြန်လာပြီးတနှစ်တိတိပြည့်တဲ့နေ့ပေါ့ ။  ရာသီဥတုပူမှန်းသိပေမယ့် မိသားစုကိုတွေ့ချင်လို့အဖိုးကိုတွေ့ချင်လွန်းလို့ရွေးချယ်စရာမရှိဘူး ။ အဖေလာကြိုနေတယ် ။ လှမ်းကြည့်လိုက်တော့အဖေတော်တော်အိုသွားပါလားလို့ခံစားလိုက်ရပြီး အပေါက်ဝအထွက်မှာ အမေ့ကိုမြင်တော့ဆံပင်တွေတိုပြီး အသားတွေလဲညိုသွားတယ် .လူမမာနဲ့ပင်ပန်းတယ်ထင်ပါရဲ့ ။ ပိန်လဲပိန်သွားတယ် ။ နွေပူပူလေပူပူ မှာ ကျနော် စိတ်တွေအိမ်ကိုအပြေးအလွှား ပြန်နေတယ် ။ 
အိမ်ရောက်တော့ အဘိုးရေလို့ အော်ခေါ်ပြီးတက်သွားတဲ့အချိန်မှာ . အင်အားချိနဲ့နဲ့ နဲ့အိပ်မောကျနေလေရဲ့။ ပစ္စည်းချသံ စကားပြောသံတွေကြားလို့ထင်ပါရဲ့ အိပ်နေရာကနေထထိုင်တယ် ။ မြင်းခေါင်းစွပ်ကျယ်အဖြူလေးနဲ့ ချွေးတွေကိုရွှဲလို့ ။ 

အဘိုးရေ သမီးပြန်လာပြီလို့ အနားသွားထိုင်နှုတ်ဆက်တော့  ပြုံးပြုံးနဲ  ခေါင်းညိမ့်တယ် ။ သမီးမုန့်တွေပါလာတယ်သိလား ။ .အဖိုးစားဖို့နော် ဆိုတော့ အင်းအင်းတဲ့ ။ 
၅ ရက်မှာ အပြင်ထွက်ပြေးလွှားရတာတမျိုးနဲ့ မိသားစုကိုမနည်းအချိန်ပေးရတယ် ။ ဒါတောင်အလိုက်ကန်းဆိုးမသိတဲ့ဆွေမျိုးတချို့နဲ့ သူငယ်ချင်းတချို့ကသူတို့ဆီလာမတွေ့လို့ စိတ်ကွက်ကြသေးတယ်။ ရှေ့သုံးရက်မှာအဖေရယ် အမေရယ်နဲ့ဘုရားတက် .ချိန်ပေးပြီး နှစ်ရက်လောက်က အပြေးအလွှားဈေးဝယ်ရသေးတယ် ။ ပူလွန်းတော့ ကျနော်ကိုယ်တိုင်တောင် မောပြီးနုန်းနေတာ ။ 
ရွှေတိဂုံပို့ပေးမယ်ဆိုပြီး အရမ်းပူတာနဲ့ ကျနော်မပို့ခဲ့လိုက်ရဘူးလေ။ 

အသက်ကြီးတဲ့လူကြီးဆိုရင်တော့ပြောမနေနဲ့တော့ ။ ရန်ကုန်နွေရယ်အငြိုးကြီးလွန်းတယ်။ 
ကျန်တဲ့နှစ်ရက်ကို အဖိုးကိုအချိန်ပေး ပြီးရေမိုးချိုးပေး ဘာလေးများစားချင်မလဲလို့ ဟိုစမ်းစမ်းဒီစမ်းစမ်းကျွေးကြည့်တော့လဲ တည့်တာကျတော့ဝါးမရ . စပျစ်သီးစားပြီးတောင်ဝမ်းသွားနေတတ်လို့ စိတ်ထင်တိုင်းလဲမကျွေးရဲ ။ . မုန့်ဟင်းခါးတော့စားရှာတယ် ။ ခေါက်ဆွဲကြော်ကျွေးချင်တာလဲကျွေးမရ။ အဲဒါဘဲ . မစားနိုင်ခါမှ ဘာမှလုပ်မရတော့ဘူးဆိုတာ ။ ဒါတောင်အဖိုးကမာတယ်ပြောရမယ် . ဇရာကိုတဖြေးဖြေးမြင်ရတာ စိတ်ထဲမကောင်းဘူး . .

၁၀ ရက်နေ့ ကျနော်ပြန်တော့ မပြန်ခင် မိသားစုနဲ့ဓာတ်ပုံရိုက် ဖြစ်တယ် . အဖိုးနဲ့ဓာတ်ပုံရိုက်မယ်ဆိုတော့ အဖိုးအိပ်နေရာကထလာတယ် ။ မျက်နှာမှာမပျော်ရွှင်တဲ့အရိပ်တွေ ..
ဓာတ်ပုံရိုက်တော့ ကျနော်ကရီအောင်စတယ် . ပြုံးလို့ ..
ကျနော် ကန်တော့တော့ ငိုတယ် . ပြုံးရင်းခေါင်းတညိတ်ညိတ်နဲ့ငိုတယ်  ။

ကျနော်လဲငိုတယ် ..။ သူလဲတစုံတခုကိုခံစားမိနေလိမ့်မယ်ထင်တယ် ။ ကျနော်ဆုတောင်းမိပါတယ် ။ အဖိုးကိုဒီတစ်ခါကန်တော့တာ နောက်ဆုံးမဟုတ်ပါစေနဲ့လို့ ။ အသံတိတ်ရှိုက်ရင်းမျက်ရည်ကျနေပေမယ့် .ဘယ်လိုမှထိန်းမရလို့ ကျနော့်ရှိုက်သံကအသံကျယ်ထွက်လာတယ်. ။ အမေလဲကြည့်ရင်းနဲ့ငိုတယ် .ညီမ၀မ်းကွဲလေးကတော့ကလေးချီပြီး အဝေးကိုထွက်သွားတယ် ။. 
အဖေကဘဲစပြီး ကျနော်တို့ ရဲ့ဝမ်းနည်းကြေကွဲခြင်းကို ပြန်ဖို့နှိုးဆော်ရင်းအစဖြတ်လိုက်တယ် ။

ကျနော်ကျောခိုင်းလိုက်တယ် . အဖိုးငိုသံကပိုကျယ်လာတယ်လို့ခံစားရတယ် ..။ အိမ်ပေါ်ကအဆင်းမှာ အဖိုးရဲ့ငိုသံကိုကျနော်ပီပီပြင်ပြင်ကြားလိုက်ရတယ် ။ ကျနော်လှည့်မကြည့်ပါရစေနဲ့တော့ ..။

၂၀၁၂ မေလ .

မေလတစ်လလုံး ကျနော် ၂ ရက်ခြား သုံးရက်ခြား ဒါမှမဟုတ် ၅ ရက်လောက်နေရင်တခါ ဖုန်းခေါ်ဖြစ်တယ် ။ ဖုန်းခေါ်တိုင်း အမေရဲ့ဖြေသံကတော့ အင်းးး ဒီလိုပါပဲ .အခြေအနေကတော့ လို့ဖြေတယ် ။  မေလကုန်ပိုင်းရောက်တော့ အဖိုးကဘာကျွေးကျွေးမစားတော့ဘူး ။ သူ့ကိုယ်သူသေချင်တယ်ပဲပြောနေတယ်လို့ အမေက စိတ်မကောင်းစိတ်ဆိုးတဲ့အသံနဲ့ ပြောလာလို့ အမေ့ကို ဖြောင်းဖြရသေးတယ် ။ သူလဲအဖေတစ်ယောက်ပဲကျန်တော့တာလေ။..အဲလိုပြောတော့စိတ်မကောင်းဖြစ်မယ်ဆိုတာနားလည်ပါတယ် ။ မိဘဘယ်လောက်အသက်ကြီးကြီးအားကိုးရာလို့သဘောထားတာကိုးး။
ချော့ကျွေးနော် . သမီးဖုန်းဆက်တယ် .  အဖိုးနေကောင်းအောင်နေမှအလုပ်ဖြောင့်ဖြောင့်လုပ်နိုင်မှာလို့ပြောပေးနော်အမေဆိုတော့ . အမေက ပြောပေးတယ် ။ ငိုနေသတဲ့ ။ ဖုန်းထဲမှာ ကျနော်နေမကောင်းဘူးလို့ဖြေမိလို့ .ဒီကလေးမလေးကလဲ ကျန်းမာရေးကောင်းတာလဲမဟုတ်ဘူး .ဘာလုပ်ဖို့အဝေးမှာနေနေတာလဲ ပြန်လာသင့်ပြီလို့ အဖိုးက လှမ်းပြောနေတယ်လို့ အမေကပြောတယ် ။ ကျနော်လား သိပ်ပြန်လာချင်တာပေါ့အဖိုးရယ် ...........။

၂၀၁၂ ဇွန်လဆန်းပိုင်း

ဖုန်းဆက်တာတွေစိတ်လာတယ် . အမေနေကောင်းရဲ့လားအဖေနေကောင်းရဲ့လား .အဖိုးနေကောင်းရဲ့လား ဖုန်းဆက်တိုင်းအရင်ဆုံးမေးတဲ့မေးခွန်းရဲ့နောက်မှ အမေ့ရဲ့ဖြေသံက သိပ်အားမရလှဘူး ။ အဖိုးက အစားကိုမ၀င်တော့ဘူး ဆုတ်လာပြီလို့ ပြောတယ် ။ အမေတို့လဲ အကောင်းဆုံးဖြစ်အောင်လုပ်နေတယ်တဲ့ ။
နောက်တစ်ရက် ..အဖိုးလန်းလန်းဆန်းဆန်းဘဲတဲ့ . နေကောင်းတယ်တဲ့ . အမေ့ရဲ့ဖြေသံ

ဇွန်လ ၁၃ ရက်နေ့ည

ကျနော်ဖုန်းခေါ်တော့ အမေ့ဖြေသံကြီးကလေးလေးနဲ့ ..ကောင်းပါတယ်အေ ..လူတွေလဲအရမ်းပင်ပန်းနေလို့ နည်းနည်းနေမကောင်းဖြစ်နေတာပါလို့ဖြေတယ် အသံကသိပ်ရွှင်ရွှင်လန်းလန်းမရှိဘူး ။ ကျနော်တစက်ကလေးမှမရိပ်မိဘူး။ ပင်ပန်းလို့ ကိုယ်လက်မအီမသာဖြစ်လို့ အသံမကောင်းတယ်ပဲမှတ်နေတာ.။ အဖိုးက ဆီးဝမ်းသွားဖို့ ခံထားတဲ့ ဂွမ်းထုတ်တွေကိုဖယ်ပြစ် . အကျီတွေချွတ်ပစ်တယ် ..ပြီးတော့သူအနားမှာလာနေပါ ..လာနေပါလို့ ခေါ်နေတယ်တဲ့ ။ 
အမေကတော့ဆရာဝန်ကြီးကပြောတယ် လေဖြတ်သွားတဲ့ သက်ကြီးရွယ်အိုတွေဟာ ကလေးတွေလိုဖြစ်သွားတတ်တယ်လို့ ပြောတယ်လို့ ကျနော့်ကိုပြောတော့စိတ်မသက်မသာရှိလိုက်တာ ။
ဝမ်းနည်းသွားတာ ။
ဒါနဲ့ကျနော်လဲ အမေရယ် ..စိတ်ရှည်ပါနော် . သေချာလုပ်ပေးပါနော် အနားမှနေပေးလိုက်ပါအမေရယ်ဆိုတော့ အမေက နေပါတယ်သမီးရယ် အမေတို့လဲအကောင်းဆုံးလုပ်ပေးနေတာပါတဲ့ ။

၂၀၁၂ ဇွန်လ၁၈ ရက် 

အဖေ့မွေးနေ့ မို့လို့ ဖုန်းခေါ်ဖို့ ကျနော်ပြင်လိုက်တယ် ။ မနေ့က အဖေများနေ့လေ . အဖေ့မွေးနေ့ကတရက်နောက်ကျနေတာနဲ့ ကျနော်လဲ မွေးနေ့ကျမှဆက်တော့မယ် .ဆန်းဒေးဆို ဖုန်းလိုင်းမကောင်းတတ်ဖူးလို့ တွေးပြီး မဆက်ဖြစ်လိုက်ဘူး။
မန်းဒေးညကျတော့ ဟိုဘက်ခန်းကကောင်မလေးတစ်ယောက် ကိုဖုန်းကတ်လှမ်းမှာလိုက်တာ သူပြန်လာတာ ည၁၀ နာရီကျော်ကျော်လောက်ဆိုတော့ ကျနော်လဲ ၁၀ ခွဲလောက်ဖုန်းခေါ်ဖြစ်သွားတယ် ။ 
ဖုန်းကတော်တော်လေးခေါ်ပြီးမှဝင်တော့ ဟလိုအမေ.လား ဆိုတော့ အင်းးးးပြောတဲ့ ..
အမေအသံကလုံးဝမရွှင်လန်းဘူး . ကျနော့်ကိုဘာဖြစ်လို့ဖုန်းခေါ်တာလဲတဲ့ . ကျနော်လဲအံသြသွားတယ် . ဟင် .ဒီနေ့အဖေ့မွေးနေ့လေ . အဖေ့ကိုဟက်ပီးဘတ်ဒေးလုပ်မလို့ခေါ်တာဆိုတော့ အင်းးအင်းတဲ့ ..ဒါနဲ့တဆက်ထဲ အဖိုးရောနေကောင်းလားအမေရောနေကောင်းလားလို့ ကျနော်အလောတကြီးမေးလိုက်တော့ ..စိတ်အေးအေးထားသမီး..အဖိုးဆုံးသွားပြီတဲ့ ..ဒီနေ့သဂြိုလ်တယ်တဲ့ ........။
ကျနော်မယုံနိုင်ဘူး ။ အမေ သေချာပြောစမ်းပါ ..ဘာလဲအဖိုးဆုံးတာတကယ်လားအဟုတ်လားလို့ ကျနော်မေးတော့ ဟုတ်တယ်အဖိုးဆုံးပြီတဲ့ ၁၆ ရက်နေ့ စနေမနက်ကဆုံးတာတဲ့ .။ဒီနေ့အသုဘချတယ်တဲ့ ။ ဘာလို့ကျနော့်ကိုဖုန်းမဆက်တာလဲအမေရယ်လို့ ပြောရင်း ကျနော်မျက်ရည်တွေအလိုလိုစီးကျလာတ.ယ်. ဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘူး ။ အမေကိုဘာလို့ဖုန်းမခေါ်တာလဲ အိမ်မှာတခုခုဆိုဖုန်းခေါ်ပါလို့ပြောထားတယ်မဟုတ်လားဆိုတော့ မေ့သွားလို့တဲ့ ။ ကျနော်သိပါတယ်. ကျနော်သိတာနဲ့ ချက်ခြင်းပြန်ချလာမယ်ဆိုတာ ကျနော့်စိတ်ကိုသိနေတဲ့အမေက ဒီကိစ္စကြီးကို ဖုံးထားပြီး အားလုံးအေးဆေးမှ ပြောဖို့သူတို့ကြံပါလိမ့်မယ်။ . ကျနော်ပြန်လာမယ်ဆိုတော့ အမေက မလာခဲ့နဲ့တော့ တဲ့ ။ ကျနော်မယုံနိုင်ဘူးသိလား ။မနက်ငါးနာရီလောက်မှာဘဲ အသက်ရှုကြပ်ရာကနေတဖြည်းဖြည်း ငြိမ်သွားတယ်တဲ့ ..။
ကျနော့်မျက်လုံးထဲမှာ ကျနော့်ကိုစောင့်သွားတဲ့အဘွား..အဘိုးရဲ့မိန်းမ .လွန်ခဲ့တဲ့ တစ်ဆယ့်သုံးနှစ်တာကာလကို ပြန်မြင်နေမိတယ် ။ 

၁၉၉၉ ဇွန်လ 
အိပ်သွားတာ.. အသက်ရှုရပ်သွားတာ .. အသက်ရှုနေရင်းကိုရပ်သွားတာ .. ကျနော်ရောက်လာပြီဆိုတာကိုသိပြီးကြားပြီးမှာ အသက်ရှုတာရပ်သွားတာ။ မယုံနိုင်လို့ အဘွားခြေရင်းမှာ တနေကုန်ထိုင်နေမိတာ. ပိတ်ဖြူအုပ်ထားတဲ့အဘွားရဲ့ ခြေရင်းမှာ ပြန်များအသက်ရှုလာမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ကျနော် ထိုင်စောင့်နေမိတာ. ကျနော်မျက်ရည်လဲမကျဘူး.တွေတွေကြီးရပ်နေတာ
အမေကပြောတယ် . လွှတ်ပေးလိုက်ပါတော့တဲ့ . . တောင့်တင်းနေတဲ့အဘွားရဲ့ခြေစုံကိုကျနော်ကိုင်ပြီး တွေတွေကြီးရပ်နေမိတာ။ ပုရွက်ဆိတ်လေးတွေတက်လာတော့ ကျနော်သပ်ချပေးရင်း အသက်ရှုဖို့မေ့နေခဲ့တာ။
ရေဝေးကကားနဲ့လာသယ်တော့.တားတဲ့သူကကျနော် ... 
သုံးရက်မရောက်ခင်အထိ အဖေနဲ့အမေ့ကို သွားကြည့်ပေးကြပါဦး . မတော်တဆ အိပ်ပျော်သွားတာမျိုးဆိုရင်ဘယ်လိုလုပ်မလဲအမေရယ်လို့ ခနခနပြောနေမိတာ။
မီးသြ၈ိုလ်စက်ထဲထည့်ခါနီးရေအိုးကိုခွမ်းခနဲခွဲလိုက်တော့မှ ကျနော်မျက်ရည်တွေကျလာတာ. မြေးတွေအားလုံးငိုနေကြပေမယ့် ကျနော် ရှိုက်ဖို့မေ့နေတယ်. အသက်ရှုဖို့မေ့နေတယ် ။ ကျနော့်မိသားစုဝင်တစ်ယောက်ကို ကျနော်တို့ မီးစက်ကြီးထဲထည့်ရတော့မယ်ဆိုတဲ့ဝမ်းနည်းမှု့ ..........
ခြောက်လတိတိ အဘွားအိပ်ခဲ့တဲ့ ကုတင်ပေါ်မှာ အိပ်ရင်းတွေးတိုင်းဝမ်းနည်းခဲ့ရတဲ့ဘ၀..
ခုအဲဒီခံစားချက်ကြီးကို ဆယ်သုံးနှစ်အကြာမှာ ပြန်ရခဲ့တယ် ..
မယုံနိုင်ဘူး .လက်မခံနိုင်ဘူးလို့ တတွင်တွင်ပြောနေပေမယ့် ...
ကျနော်ဖုန်းဆက်တဲ့နေ့က သဂြိုလ်တဲ့နေ့ ................
သေချာရဲ့လားအမေရယ်လို့ထပ်ခါတလဲလဲမေးတဲ့မေးခွန်းအောက်မှာ အမေ့ရဲ့အဖြေက သေချာတာပေါ့သမီးရယ်တဲ့ အဘွားတုန်းကလိုပါပဲတဲ့ ..
အရမ်းခံစားသွားရသလားအမေလို့ မေးတော့ ..ညင်ညင်သာသာပါပဲတဲ့..
ကျနော်လက်မခံ ချင်ပေမယ့် လက်ခံလိုက်ရပါပြီ. 
သုံးဦးထဲသော မိသားစုဝင်ထဲက တစ်ဦး ဒီခရီးရှည်ကြီးကို လျှောက်သွားပါပြီ.
လက်မခံချင်ပေမယ့် လက်ခံခဲ့ရပါပြီ. 
ဝမ်းနည်းပူဆွေးနေပေမယ့် .ခုစာရေးနေတဲ့အချိန်ဟာ လောကကြီးထဲကချစ်ခင်သူတစ်ယောက်ထွက်ခွာသွားခဲ့တာ ၅ ရက်မြောက်သွားခဲ့ပါပြီ..
ကျနော့်မျက်လုံးထဲမှာ ......လွန်ခဲ့တဲ့နှစ်များစွာဆီက ပုံရိပ်တွေ.........
ကျနော့်ကို ရိုက်တာနာမှာဆိုးလို့ လက်ခံပြီး အသံထွက်ရိုက်ခဲ့တာတွေ ..
ကျနော်စားချင်သမျှ ချက်ကျွေးခဲ့တာတွေ..
အဖွားကပွစိပွစိပြောရင် နောက်ကွယ်ကနေ ကျနော့်ကိုလက်ညိုးကိုနားနားမှာထောက်ပြီးခါပြပြီး ရီပြတာတွေ .
အမေပွစိပွစိ ပြောတိုင်း နောက်ကနေ မြေးကိုလုပ်ပြခဲ့တာတွေ...
သမီးလုပ်တဲ့သူစိုက်တဲ့ အပင်လေးတွေကို ဓားမတစ်ချောင်းနဲ့ ၀ါးခြမ်းတွေခွဲလို့လိုက်ကာပေးခဲ့တဲ့အရိပ်တွေ.. .
စိတ်ဆိုးတိုင်း ပဲခူးကိုပြန်ပြန်သွားပြီး သိပ်မကြာခင်မှာ ပြန်ပြန်လာတတ်တဲ့ပုံရိပ်တွေ..
သမက်ဗူးပင်နဲ့ သူ့ဗူးပင်နဲ့ကို အတူရေလောင်းပေးပြီး ဘယ်သူ့အပင်ပိုကြီးလဲလို့ ပြောခဲ့တဲ့ပုံရိပ်တွေ..
ပုဇွန်ထုပ်ကြီးတွေမျှားလို့ရလာတိုင်း မြေးကို စားစေချင်လွန်းလို့ ကျွေးခဲ့တာတွေ...........
အရွယ်လွန်အိုမင်းတာတောင်မှ မိသာစုကို စိတ်မချ ကာကွယ်ပေးချင်တဲ့ မာန်မလျော့တဲ့ပုံရိပ်တွေ...
မနက်မိုးလင်းတိုင် ဘုရားရှိခိုးတဲ့ အသံတွေပုံရိပ်တွေ .
ဘာလေးရရ လှုချင်တန်းချင်တဲ့ စိတ်နဲ့ ကို၇င်လေးတွေ ကိုလှုဒါန်းခဲ့တဲ့ပုံရိပ်တွေ  ..
မုန့်လင်မယားလေးဝယ်လာပေးရင် ရေနွေးကြမ်းလေးနဲ့ စားတတ်တဲ့ပုံရိပ်တွေ .
ဒံပေါက်တို့ခေါက်ဆွဲကြော်တို့ဆို သိပ်ကြိုက်ပြီး ငါ့မြေးကြော်ကြွေးတဲ့ခေါက်ဆွဲကြော်မှကောင်းတာ ငါ့မြေးချက်တဲ့မုန့်ဟင်းခါးမှပိုကောင်းတာလို့တရှိုက်မက်မက်ပြောခဲ့တဲ့ပုံရိပ်တွေ..
ရေချိုးတာကြာရင် ညနေဖက်ခေါင်းလျှော်မိရင် ဒီကလေးမလေးကတော့လေ သွေးလေမညီဘူး အဲလိုမလုပ်နဲ့ မြန်မြန်လုပ်လို့ စိုးရိမ်တကြီးစိတ်ပူနေတတ်တဲ့ပုံရိပ်တွေ ..

ဘာမှမတတ်သာလို့ သူများလုပ်ပေးသမျှခံယူရတဲ့ဘ၀မှာ ကြိတ်မှိတ်နေခဲ့တဲ့ပုံရိပ်တွေ..
ကျနော့်မျက်လုံးထဲက မျက်ရည်တွေကြားမှာ ဝေေ၀၀ါးဝါးပြန်မြင်နေရတဲ့ပုံရိပ်တွေ.................။
ကြိုတွေးထားပေမယ့် မဖြေနိုင်ဘူးအဘိုးရယ် ..ကျနော့်နားထဲမှာရေအိုးခွဲလိုက်တဲ့ အသံကြီးကိုအလိုလိုကြားနေတယ် ..အိုးစားကွဲပြီဆိုတဲ့အဓိပ္ပါယ်နဲ့ခွဲတယ်တဲ့ ..သမီးမလိုချင်ဘူး သမီးအဲဒါကိုလက်မခံနိုင်ဘူး.
အားလုံးဟာတနေ့ဒီလမ်းကိုသွားရမယ်ဆိုတာသိပေမယ့် သမီး မဖြေနိုင်အောင်ဝမ်းနည်းနေပါတယ်။
တစ်သျှူးရောင်းတဲ့အဘိုးအိုအိုကြီးတွေကိုမြင်ရင်အဘိုးကိုသတိရလွန်းလို့ကျနော်ပိုက်ဆံလှုတိုင်း အဖိုးကျန်းမာပါစေဆိုပြိးဆုတောင်းခဲ့သမျှ ဆုတောင်းမပြည့်ဘူးထင်ပါရဲ့အဖိုးရယ်..


သွားလေဦးတော့ အဖိုးရယ် .ကောင်းရာမွန်ရာဘုံဘ၀ကိုရောက်ရှိပါစေလို့ သမီးဘုရားရှိခိုးတိုင်းကောင်းမှု့လုပ်ပြီးတိုင်းဆုတောင်းအမျှဝေ နေပါ့မယ် ..
 ဘယ်သံသရာတစ်ကွေ့မှာ ပြန်ဆုံနိုင်ကြမယ်မှန်းမသိတော့ပါဘူး . ဒီဘ၀မှာအဘိုးတို့အဘွားတို့ မြေးဖြစ်ခဲ့ရတာကို သမီးအမြဲကျေနပ်နေပါတယ်အဘိုးနဲ့အဘွားရယ်.
အဘိုးနဲ့အဘွား ကောင်းရာဘုံဘ၀ကိုရောက်ရှိကြပါစေ။


မဒမ်ကိုး
၂၀ ရက် ၆ လ ၂၀၁၂ ခုနှစ်
ဗုဒ္ဒဟူးနေ့ 


33 comments:

ပျိုးယုဝသုန် said...

ဖတ်ရင်းမျက်ရည်ကျမိတယ် ဂျာရစ်ရယ် .. ဖိုးဖိုး ကိုလည်း အရမ်းသတိရတာပဲ

မိုးခါး said...

ငိုမိတော့မယ်း( လူတိုင်း လူတိုင်း နောက်ဆုံး ဒီလမ်းသွားရမယ်မှန်း သိပေမယ့်လည်း .....................................
း(

မိစံ said...

ဘ၀သံသရာ....

မေမြို့မိုး said...

ရင်ထဲကို ထိရှမိတယ်.။ကျွန်တော်တို့အားလုံးမေ့လျော့
နေကြတဲ့ သခါင်္ရတရားပါ.။ မဒိုးရဲ့ အဘိုးကောင်းရာသုဂတိလားပါစေဗျာ..။

AH said...

ကောင်းရာ သုဂတိ ဘုံဘ၀သို့ ရောက်ရှိပါစေ ခင်ဗျာ...

နွေတေးရှင် (မင်းဧရာ) said...

တရားနဲ့ ဖြေကြတာပေါ့ ဂျာရစ် ရယ်..
တို့တွေလည်း တစ်နေ့တော့ သည်လမ်းကိုမြန်းကြရဦးမှာဘဲ...။

အဲသည်လိုအချိန်ကို မရောက်ခင် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ ဘ၀ ဆိုတာကို တန်ဖိုးရှိရှိဖြတ်သန်းကြတာပေါ့။

Angelhlaing(May everybody be happy and healthy! said...

ထပ်တူ ခံစားမိပါတယ် မမရယ်...:(:(

ညိမ်းနိုင် said...

စိတ်ထဲမကောင်းဘူး ဒိုးကန်ရယ်....၊ဒီလိုပါပဲလေ...။
ရှင်ကွဲ မကွဲ၊သေကွဲ ကွဲကြရ...

တောက်ပကြယ်စင် said...

ဒိုးကန် တကယ်ခံစားနေရမယ်ဆိုတာ ဘုန်းဘုန်း သိပါတယ်။ ဘာတတ်နိုင်မှာလည်းလေ။ တရားနဲ့သာ ဖြေဖို့ပဲ ရှိတော့တာပေါ့။

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

စိတ်မကောင်းပါဘူး...အစ်မရေ
ဒါပေမယ့်ဘယ်သူမှတားလို့မရတဲ့ခရီးဆိုတော့လည်း
ဘယ်တတ်နိုင်ပါ့မလဲ...အစ်မဖိုးဖိုးကောင်းရာမွန်ရာရောက်ပါစေ...

မီးမီးငယ် said...

ကိုယ့်ရဲ့ အချစ်ဆုံးလူတွေ၊
ခွဲသွားကြချိန်မှာတအားခံစားရတယ်။
တကယ်ကိုယ်ချင်းစာပါတယ်။
သဘာဝ တရားပါလို့ ဘဲပြောပြော၊
ကိုယ်ရင်နာကြေကွဲရတာ၊
အဝေးကနေမှန်းပြီး တမ်းတနေရတာ၊
တကယ်ဘဲ ၀မ်းနဲစရာကောင်းတယ်။
ဒန်အိုးလေးရဲ့ အဖိုး ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းမေတ္တာပို့ ပေးလိုက်တယ်။

မိုးသူ(တောင်ကြီး) said...

အမှတ်တရဆောင်းပါးလေးဖတ်မိပြီး

စိတ်မကောင်းခြင်းတွေနဲ့ 

ကွန်မန့် ရေးသွားပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

Nyi Linn Thit said...

ဖတ်ရတာ ရင်ထဲမှာ တကယ့်ကို ဆို့နင့်ရတဲ့ ပို့စ်ပါပဲ..၊ ညီမ ရေးထားတာ အသေးစိတ်ပြီး အမှတ်တရတွေ အပြည့်နဲ့ဆိုတော့ တထိုင်တည်းမှာ အဖိုးနဲ့ မြေးအကြားက သံယောဇဉ်ကို ကောင်းကောင်း တွေ့လိုက်ရတယ်၊ မိသားစုဝင်တွေအပေါ် စိတ်ပူတတ်ပြီး တွယ်တာလွန်းတဲ့ အဖိုး ကောင်းရာမွန်ရာ ဘုံဘဝမှာ ငြိမ်းချမ်းပါစေလို့ ဝမ်းနည်းစွာနဲ့ ဆုတောင်းပေး ပါတယ် ညီမရယ်...။

ကြယ်ပြာ said...

ကြယ်ပြာ့မှာ အဘိုးတစ်ယောက်ကျန်သေးတယ်။ အမေ့ အဖေပေါ့။ ဒါပေမယ့် အဘိုးကို ဒီလိုမျိုးမခင်တွယ်ဖူးဘူး။
ဒိုးကန်ရေးတဲ့စာလေးက ရင်ကို ထိရှစေတယ်။ ဖတ်ရင်း မျက်ရည်တွေဝဲတက်လာတယ်။ အလုပ်မှာဆိုတော့ ငိုလို့လဲမရဘူး။ ဒိုးကန် အဘိုး ကောင်းရာမွန်ရာရောက်ပါစေလို့ ဆုတောင်းပေးပါတယ်။

SHWE ZIN U said...

ဖတ်ရင်း နဲ့ စိတ်မကောင်းဖြစ်မိတယ် ညီမ ရယ် အမ ကလည်း အဖိုး ကို သိပ်ချစ်တာ

ချစ်အမကြီး
ရွှေစင်ဦး

အလွမ်းမြို့ said...

ညီမလေးရေ။
အချိန်တန်တော့လည်း အားလုံးက ဒီတစ်လမ်းထဲကို သွားကြရမှာဘဲ။ သူ့နေ့ရောက်လာခဲ့ရင်ပေါ့။ ခုချိန်မှာသာ
မလွမ်းတို့က ကိုယ်လမ်းကိုယ်လျှောက်နေကြတာပါ။
ဒီလိုနောက်ဆုံးရက်တွေကိုလည်း အေးချမ်းစွာနဲ့ဘဲ ဖြတ်သန်းသွားတာ ဂျာရစ်လေး ကျေနပ်ပေးပါ။ စိတ်မကောင်းစရာတွေကိုဖယ်ပြီး သူတို့လေးတွေ ဝေဒနာဆိုးတွေနဲ့ မခံစားရဘူးလို့ တွေးပြီး ကျေနပ်လိုက်ပါ။
((သင်္ခါရ..)))


ချစ်တဲ့
မကြီးလွမ်း

မိုးငွေ့........ said...

ညီမအဖိုးနဲ့အမဆရာသဂြိုဟ်တဲ့နေ့ကတစ်ရက်တည်းပဲ...။ ဆရာ့ကိုလိုက်ပို့ရင်း အဖိုးကိုသတိရလိုက်သေးတယ်...။ စိတ်မကောင်းဘူး ဂျာရစ်ရယ် အဖိုးကောင်းမွန်ရာဘုံဘ၀ကိုရောက်ပါစေလို့ ဆုတောင်းပေးပါတယ်...။ အမမှာလဲလေဖြတ်ထားတဲ့အဖိုးရှိတယ် ခုဆိုငါးနှစ်ရှိပြီ အိပ်ယာထဲမယ်...။

khin said...

ညီမလေးအဖိုးကောင်းရာဘုံဘ၀ကို ရောက်ပါစေလို.
ဆုတောင်းလိုက်ပါတယ်။

8Yar said...

ဖတ်ရင်း မျက်ရည်ဝဲလာလို့၊ Post ဆုံးအောင် မနည်းကြီးအားတင်းပြီး ဖတ်လိုက်ရတယ် အစ်မဒိုးရေ။ ရင်ထဲ တကယ်မကောင်းဘူးဗျာ။ ဆို့တက်လာလို့ စိတ်တင်းလိုက်တိုင်း ဗိုက်ခွဲကြောင်းကနာနာလာလို့ စိတ်မနည်းပြန်လျှော့ထားရတယ်။ အစ်မဒိုးနဲ့ တထပ်ထဲ ခံစားရတယ်ဗျာ။ အဘိုးတစ်ယောက် ကောင်းရာသုကတိ ရောက်ပါစေ.........

စံပယ်ချို said...

ရွှေဒိုးရေဖတ်နေရင်း ရင်ထဲထိနေပါရောလားကွယ်
မိသားစုရဲ့ သံယောဇဉ်တွေကိုရက်စွဲလေးတွေတိတိကျကျ
မှတ်ထားပြီးရေးတတ်လိုက်တာ
ရွှေဒိုးရဲ့အဖိုးက ကောင်းကင်ဘုံကနေ မိသားစုကိုကြည့်နေမှာပါ

ကြည်ဖြူခင်ခင် said...

ဖတ်ရင်းစိတ်မကောင်း တော်တော်လေး ဖြစ်မိသွားတယ်.. :'(

ဖြိုးဇာနည် said...

ကျွန်တော်လဲကြောက်နေတယ်
အဖေဖက်ကတော့ အဖိုးရောအဘွားရောရှိကြတော့ဘူး
သူတို့တွေဆုံးတုန်းက ကျွန်တော်အတော်ငယ်သေးတယ်
ဘာမှမသိသေးတော့ဘာမှမခံစားရဘူး။ အခုတော့
သိတတ်နေပြီ အမေဖက်ကအဖိုးနဲ့အဘွားကို သိပ်ချစ်
တာ သူတို့လက်ပေါ်မှာကြီးလာတော့ပိုဆိုးတယ်
ဒါကြောင့် ဒါမျိုးတွေမဖတ်ရဲဘူး တွေးပြီးအသက်ရူ
ကျပ်လာလို့။ အသက် ၇၅ နှစ်ဆိုတာ နီးပြီမဟုတ်လားဗျာ။ ဂျာရစ် လိုမျိုးခံနိုင်ရည်ရှိပါ့မလား
မသိဘူး :(

Latt Latt said...

စိတ်မကောင်းပါဘူး။ မဒိုးကန်ရဲ့အဖိုး ကောင်းရာမွန်ရာရောက်ပါစေ။ နောင် သံသရာမှာလဲ ပြန်ဆုံတွေ့နိုင်ပါစေ။

အပါ said...

ဖတ်ရင်းနဲ့ ဝမ်းနည်းမိတယ်။ မဒိုးရဲ့အဖိုး ကောင်းရာမွန်ရာရောက်ပါစေ။

mstint said...

သုံးဆယ့်တစ်ရွာ သတ္တဝါတို့
ခန္ဓာငါးခို ရှိတိုင်းကိုယ်လည်း
အိုတရွေ့ရွေ့ နောက်ဆုံးနေ့၌
စုတိမမြဲ ပြိုကွဲအားလုံး
နောက်ဘိတ်ဆုံး၏ တဲ့ မဒိုးရေ။
ရှောင်လွှဲလို့မရတဲ့ခွဲခွာခြင်းမို့ တရားနဲ့ဖြေနိုင်ပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

အိမ်မက်စေရာ said...

မမမဒမ်ကိုးရေ.. အိမ်မက်ခုမှ ရောက်တယ်..နာရေးလို့မြင်လိုက်ကထဲက အရမ်းလန့်သွားတာ ဖတ်ရင်းနဲ့ မျက်ရည်တွေ မထိန်းနိုင်ဘူးရယ် အိမ်မက်ဖွားဖွားဆုံးတဲ့ ပုံစံ အတိုင်းပဲ ရင်ထဲမှာဆို့လိုက်တာ..ဝမ်းနည်းလို့မဆုံးဘူး ..ဘိုးဘိုးကောင်းရာသုဂတိလားပါစေ..

အိမ်မက်စေရာ

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မလည်း အဖိုးဆုံးတာတော့ မမီလိုက်ဘူး
အဖွားဆုံးတော့ အဲလိုခံစားရတယ်
အဖွားက အစ်မတို့ မောင်နှမတွေကို အရမ်းချစ်တာ.
ငယ်တုန်းကလည်း သူ့အိမ်မှာကျောင်းတက်ပြီးကြီးခဲ့တာ။
ညီမရဲ့ ခံစားချက်ကို ကိုယ်ချင်းစာပါတယ်။ အစားထိုးမရနိုင်တဲံ့ ဆုံးရှုံးမှုတွေပါ။
ညီမအဖိုး ကောင်းရာမွန်ရာ ရောက်မှာပါ။

Han Kyi said...

အလုပ်တွေများနေလို့ အခုမှရောက်ဖြစ်တာ အရင်တောင်းပန်ရတော့မှာပဲ ဂျာရစ်ရေ...စာတွေဖတ်ရင်း ရင်ထဲမှာ ခပ်ဆို့ဆို့ဖြစ်လာတာ ၀န်ခံပါရဲ့...တရားနဲ့ဖြေပါလို့ တရားချရရင်လည်း မတရားရာကျမှာ သေချာပါတယ်လေ...ကိုယ်ချစ်တဲ့လူတစ်ယောက် ခွဲခွာသွားတာကို ဆရာတို့လို သာမန်လူသားအနေနဲ့ ဘယ်လိုလုပ်ပြီး တရားနဲ့ဖြေနိုင်ဦးမှာလဲ...

အကောင်းဆုံးကတော့ ကိုယ့်ရဲ့ ပြန်မရနိုင်တော့တဲ့ အဘိုးအတွက် ကိုယ့်ရဲ့ကျန်တဲ့ရှင်သန်မှုကို ပိုပြီးအဓိပ္ပာယ်ရှိအောင် ကြိုးစားရုန်းကန်ပြီး မျိုးဆက်အမွေကို ထိန်းသိမ်းရုံပဲမဟုတ်လား...

စာဖတ်ပြီး ဂျာရစ်အတော်ဝမ်းနည်းနေတာ ခံစားလို့ရပါရဲ့...ကျန်းမာရေး ဂရုစိုက်ဖို့ မှာပါရစေဦး...

မြသွေးနီ said...

အဖိုးအဖွားတွေ ဆုံးပါးရင် မြေးတွေ သည်းအူပြတ်မတတ် ခံစားရတယ်။ သားအချစ် မြေးအနှစ်လို့ ဒါကြောင့်ဆိုတာ။ ကိုယ်တွေ့မို့ စာနာနားလည်ပေးနိုင်ပါတယ် ညီမရေ..။
ညီမပို့စ်လေးဖတ်ပြီး အဘွားကို အရမ်းသတိရသွားမိတယ်။ ညီမဖိုးဖိုး ကောင်းမွန်ရာဘုံဘ၀သို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..။

ဆူးသစ် said...

ကျွန်တော့်အဘိုးလည်း ဆုံးသွားတာမကြာသေးတော့ကိုယ်ချင်းစာမိပါတယ်ဗျာ။ ကျွန်တော့်အဘိုးကျတော့ ကင်ဆာလို့သိထားတော့ သူမဆုံးခင်မှာကို ကျွန်တော်သူ့အတွက်ရည်ရွယ်ပြီးငွေလှူနိုင်ဖို့လုပ်ပေးခဲ့ဖူးတယ်။ ကျွန်တော်ငယ်ငယ်က သိပ်မသိတတ်ခဲ့ဘူး။ တကယ်တော့ အဘိုးအဘွားတွေကကျွန်တော်တို့မြေးတွေကို သိပ်ချစ်ရှာပါတယ်။ စာကိုဖတ်နေရင်းနဲ့တကယ်ကို ၀မ်းနည်းသလိုခံစားရပါတယ်။ ဒီလိုပါပဲဗျာ။ လူ့ဘ၀ဆိုတာ။ ကိုယ်တိုင်တောင်အစိုးမရဘူးလို့ဖြေပါဗျာ။

ကိုကိုမောင်(ပန်းရနံ့) said...

အဘိုးကော အဘွားကော ကောင်းရာ သုဂတိ ရောက်ကြမှာပါ။ လိုရမယ်ရ ကုသိုလ်လုပ်ပြီးတိုင်းတော့ အမျှဝေပေးဖို့ မမေ့ပါနဲ့။
သူ့ချစ်မြစ်မလေးကိုလဲ တမလွန်ကနေ စောင့်ရှောက်နေပါလိမ့်မယ်။

မွန်းကြပ်မှုမှ မြန်မြန်ကင်းလွတ်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။

san htun said...

RIP...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ရင်ဆို့တယ် ညီမလေး အမေနဲ့အဖေဘက်က အဖိုးနှစ်ယောက်ဆုံးပါးချိန်ကိုသွားသတိရကိုယ်ချင်းစာမိတယ်

ကောင်းရာဘုံဘဝရောက်ပါစေဗျာ


မောင်ဘကြိုင်

Related Posts Plugin for WordPress, Blogger...