Saturday, April 14, 2012

အထီးကျန် ကမ္ဘာဂြိုဟ်သားတစ်ယောက်ရဲ့ ပြည်တော်ပြန် ခရီး

စာရေးချင်ပေမယ်ရေးဖို့ အကြောင်းအရာတွေ ရှိနေပေမယ့် ခုလောလောဆယ် မရေးနိုင်သေးဘူး။   စိတ်မကောင်းစရာတွေ ရင်ထဲမှာအပြည့်နဲ့ မွန်းကြပ်နေလို့ အလုပ်ထဲမှာဘဲ အာရုံစိုက်ထားမိတယ် ။ ဘယ်ဘလော့ကိုမှ သေချာမရောက်ဖူးဖြစ်နေတာတော့ မောင်နှမတွေအားလုံးခွင့်လွှတ်ပေးစေချင်ပါတယ်။ ငါးရက်တာပြည်တော်ပြန်ခရီးက ပုံတွေကို တင်ပေးချင်တယ် ။ ပရောဖက်ရှင်နယ်ကင်မရာ မန်း မဟုတ်လို့ ရိုက်တတ်သလို ရိုက်လာခဲ့တယ် ။ ဒီတစ်ခါတော့ ပုံတွေကိုသာ အားပေးသွားကြပါဦး။




ရောက်ရောက်ခြင်းညမှာ ရွှေတိဂုံပေါ်ကိုတက်ခဲ့တယ် အချိန်မရမှန်းသိလို့ တန်းသွားဖြစ်လိုက်တယ်. မွန်းကျပ်လာသမျှ တဒင်္ဂဖြေလျော့သွားတယ် ..အေးချမ်းလိုက်တာ ..ဘာနဲ့မှနှိုင်းယှဉ်လို့မရဘူး






ဘယ်အချိန်သွားသွားရင်ထဲကိုအေးမြသွားတာပဲ ....ဒါဟာ ကျနော်တို့နိုင်ငံရဲ့ Land Mark .. ကျနော်တို့ရဲ့ရတနာ .. ကျနော်တို့ရဲ့အရိပ် ....ကျနော်တို့ရဲ့ဘာသာ.. အသက်သေသည်အထိကာကွယ်သွားရမယ့် နိုင်ငံရတနာ ........













အနှစ်သုံးဆယ်နီးပါး အဖေနဲ့အတူ တခါမှရွှေတိဂုံမတက်ခဲ့ရဖူးဘူး .ဒီတစ်ခါ တော့ အဖေရယ် အမေရယ် စုံညီစွာနဲ့ ကျနော် ရောက်ခဲ့တဲ့အချိန်မှာ အဖေက အသက် ၆၃ နှစ်ရှိပြီ. အဖေရယ် အမေရယ် ဇရာအရွယ်ကိုရောက်နေခဲ့ပြီ.. ကိုယ်ကိုယ်တိုင်သားသမီးဝတ္တရားဘယ်လောက်ကျေပြီလဲလို့ ပြန်ဆန်းစစ်မိတာ အကြိမ်ကြိမ် အခါခါ ...........
အင်မတန်မှ စိတ်ချမ်းမြေ့ဖွယ် ကောင်းလှတဲ့ကျက်သရေရှိတဲ့  မြင်ကွင်းကို ကြုံခဲ့လို့ ရိုက်ခဲ့လိုက်တယ်. ကိုယ့်ရဲ့သားသမီးတွေကို ဘာသာရေးမှာ ရိုသေကိုင်းရှိုင်းယုံကြည်သက်ဝင် အောင် မိဘတွေမှာ တာဝန်အရှိဆုံးဘဲ . အတုမြင်အတတ်သင်ပြီး နိုင်ငံခြားယဉ်ကျေးမှု့တွေကိုအတုခိုးတာလွန်လွန်းနေတဲ့ ခေတ်မှာ ကလေးငယ်လေးတွေကို မိဘတွေက ဘာသာရေး အဆုံးအမအောက်မှ တည်ရှိခိုင်းနေသင့်တယ် .


ပတ္တမြားမျက်ရှင်ကို အနီးကပ်ဖူးခွင့်ရချင်လွန်းလို့ နောင်ဘ၀ကျရင် နိဗာန်မရောက်သေးသမျှ ယောကျာင်္းလေးဘဲဖြစ်ရပါလို ၏ လို့ဆုတောင်းမိတာ အကြိမ်ကြိမ်ပါ ။
ရန်ကုန်ရောက်ရင် ဘာစားမလဲလို့ ကြိမ်းဝါးခဲ့သမျှ အဲဒီတစ်ညလေးဘဲ မိသားစု အပြင်ဆိုင်မှာစားဖြစ်သွားတယ် ။ ဆရာဝန်က လုံးဝရှောင်ပါလို့ ပြောထားတဲ့ကြားက မိသားစု စုံတုန်းစားချင်လွန်းလို့ပါလို့ ခွင့်တောင်းပြီးစားခဲ့တဲ့ ၀က်ခေါက်ကင် (ရွှေနဂါးစားသောက်ဆိုင်း))
အမေက အသက်၆၀ အထိ စားချင်တာမစားဘဲ စားသင့်တာကိုဘဲဦးစားပေးပြီးစားလွန်းလို့ အချိုမှုန့်မပါတဲ့ သူ့ထမင်းပေါင်းပန်ကန်းထဲက အရွက်တွေကို ကစ်ခဲ့တယ်း)
ဒါကတော့ သေရင်သေပါစေ အသေခံမယ့် ဂျာရစ်ရဲ့ခေါက်ဆွဲကြော် (ချိုချိုပေါ့ပေါ့လေးနော် မောင်လေး ..အသားလဲများများ အသီးအရွက်လဲမနည်းစေနဲ့ အရသာလဲကောင်းပလေ့စေနော် )  အဖေနဲ့အမေ့ပန်းကန်ထဲကလိုက်နှိုက်စားပြီး ခေါက်ဆွဲကြော်လဲလာရော မစားနိုင်တော့လို့ တ၀က်ပဲစားပြီး ကျန်တာထုပ်မယ်ဆိုတော့ အဖေက ဟဲ့ ကြွက်စားသလိုစားထားတာတွေ ထုပ်မလာနဲ့တဲ့ :P ))


စားပြီး နောက်တစ်ဆိုင်ပြောင်းပြီး အအေးသောက်တယ် (ဘယ်ဆိုင်ပါလိမ့် ဆိုင်နာမည်တောင်မေ့သွားပြီ ) အဖေက ရေခဲမုန့် အမေက စတော်ဘယ်ရီမစ်ရှိတ် ဂျာရစ်ကိုတော့ အမေက အဆီတွေစားတာများနေပြီ အသီးဖျော်ရည်ဘဲသောက်ဆိုလို့ မှာပြီး သူများခွက်ထဲကဟာတွေဘဲ ညာတာပါတေးနဲ့ နှိုက်တုတ်ခဲ့တယ် . (သောက်နေတုန်း ခြင်ကိုက်ထှာဗျား)) အဲအချိန်မှာ အဖေက ခြေထောက်ညောင်းလို့ ခုန်ပေါ်ကိုခြေထောက်တင်လိုက်တာ ဖြတ်ခနဲမြင်တော့ ဖုန်းကိုထုတ်ပြီးရိုက်လိုက်တာ အမေက ဘာပြောတယ်မှတ်လဲ ... ရှင် . ရှင့်သမီးရှေ့မှာ ငြိမ်ငြိမ်နေ ..အီးတောင်ကျယ်ကျယ်မပေါက်နဲ့ . အင်တာနက်ပေါ်ရောက်သွားမယ်တဲ့  ( ဘလာဂေါ်လက် ခပ်သွက်သွက် .. ဒမ်ဒမ်ခွာနီး ))
ရောက်ပြီးနောက်တစ်နေ့ဘဲ အဖိုးကို SSC မှာ ပြရင်း ဂျာရစ်က Proffesser ဒေါ်ခင်စန်းတင်နဲ့ Ultra Sound ပြန်ရိုက်ရတယ် .အူအသည်း နှလုံး သားအိမ် အကုန်စစ်ရတယ် . ( အသည်းအခြေအနေ ကတော့ကောင်းတယ်လို့ တော့ပြောတာဘဲ ခွဲစိတ်ထားတာတွေလဲ အိုကေတယ်တဲ့ ) သားအိမ်မှာ တော့ အသားလုံးရှိနေတယ်တဲ့လေ . ) စကားမစပ်  အရင်က ပရော်ဖက်ဆာကြီးပြောသမျှကို လိုက်ရေးပေးရတဲ့ MO ဆရာဝန်မလေးက မရှိတော့ဘူး ခုအသစ်ရောက်နေတဲ့ ဆရာဝန်လေးကမိုက်တယ် ခပ်ချောချော .ဒါနဲ့ လက်သွက်ခဲ့တယ် .ဟဲဟဲး))))
ကမ္ဘာအေးဘုရားလမ်းက မြကျွန်းသာနားမှာ ဆောက်လက်စသင်္ကြန်မဏပ် တခု ကိုရိုက်ခဲ့တယ်.အဲဒီစင်မြင့်ကြီးတွေပေါ်မှာ လမ်းဖြတ်လျှောက်သွားတဲ့ မိန်းခလေး လို လုံလုံခြုံခြုံနဲ့ အရှက်တရားရှိစွာ ၀တ်စားကြမှာ မဟုတ်လောက်ဖူးထင်တယ် ..အရက်ဘီယာတွေမူးအောင်သောက်ပြီး ဒစ္စကိုကလို့ ရိုးရာပျက်သင်္ကြန်တခုကိုမကြာခင်မှာ ကြုံရတော့မယ် ။
သင်္ကြန်ကို မပျော်တတ်ပေမယ် ငုတွေပွင့်နေရင် စိတ်ထဲမှာပျော်တယ် ငုဝါပန်းရဲ့အရောင်ကိုသိပ်သဘောကျတယ်. . အနှစ် ၂၀ လုံးသင်္ကြန်ရေ မကစားခဲ့ပေမယ့် အဲအချိန်ရောက်လာရင် အဲဒီပန်းတွေပွင်တာ အင်မတန်မှ ရိုမန်တစ်ပဲ ......ချူပ်လိုက်ရတဲ့ငုဝါရောင် .. သိမ်းရင်းသိမ်းရင်းနဲ့ဘဲ ၀ ၀ လာလိုက်တာ မတော်တော့ဘူး. ၀ိတ်လဲမချနိုင်ဘူး ရှိစေတော့ ။ ပန်းပဲငမ်းတာ အကုန်သက်သာပါတယ် :P
ငုပင်တွေကြားက ကြီးမားလှတဲ့ သင်္ကြန်ဖျော်ဖြေရေးစင်ကြီးတစ်ခုကိုတွေ့တော့ အတွေးတခုဝင်လာတယ် ။ တစ်ယောက်ကိုဘယ်လောက်ပေးရမလဲ.သင်္ကြန်ကျရင်ရော ဘယ်လောက်တောင် ဟီရိသြတ္တပမဲ့အောင် ၀တ်ကြစားကြကဲလိုက်ကြမလဲ .................


တစ်ယောက်ကို သိန်းနဲ့ချီပေးရမယ့် ဒီလိုနေရာမျိုးမှာ ရေကစားတဲ့သူတွေရှိနေသလို နေရာအနှံမှာ အဲဒီငွေပမာဏနဲ့ အသက်ဆက်နေရတဲ့သူတွေရှိတယ်


သူကတော့ငုရဲ့အလှ ကိုလဲမခံစားနိုင်... အင်းယားရေဘယ်လောက်အေးအေး ဒီစင်ကြီးတွေမှာ ကစားမယ့်သူတွေကိုစိတ်မ၀င်စားဘဲ ၀မ်းရေးအတွက် ပူလောင်နေတဲ့ နေ့အပူရှိန်အောက်မှာ စပါးတွဲတွေ ထမ်းလို့ရယ်. မိသားစုအတွက် တနပ်စာ ထောင်ဂဏန်းလေးကို မနည်းရှာဖွေနေရတယ် .
နေရာအနှံမှာငုပန်းတွေ. သင်္ကြန်ကျရင် ဒီနေရာမှာ နားနေရင်း မူးကြရူးကြ ရန်ဖြစ်ကြတော့မယ် . အင်းယားဟာ လူတွေကြောင့် အမြဲသွေးစွန်းတာ နာမည်ကြီးနေတာ. သူသာစကားပြောတတ်ရင် လူတွေကို နာနာကျည်းကျည်း တစ်တစ်ခွခွ တွေများ ပြောထွက်လာမလားဘဲ ...........
ကမ္ဘာအေးဘုရားလမ်းနဲ့တက္ကသိုလ်ရိပ်သာလမ်းထောင့်မှာလဲ ပန်းတွေဝေလို့
ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က GRAND MEE YA HTAR HOTEL ရှေ့က ငုပန်းတွေ.. မတည်းနိုင်ပါဘူး .. ရပ်ရုံလေးတောင် လူမနည်းရှောင်ပြီး ရိုက်ခဲ့ရတာပါ :P


နိုင်ငံခြားဘာသာတက္ကသိုလ်ကြီးကို လွမ်းလွမ်းလို့ တိတ်တိတ်ကလေးသွားချောင်းခဲ့တယ် ..ချစ်သူခင်သူတွေ မရှိကြတော့ပေမယ့် သူကတော့ တစ်ယောက်ထဲ ကျန်ရှိနေဆဲဘဲ ...............
ကျောင်းကြီးတစ်ခုလုံးငုတွေဝေလို့..
ငုပန်းတွေဝေနေပေမယ့် ကျောင်းတော်ကြီးကတော့ တိတ်ဆိတ်ငြိမ်သက်လို့ရယ် ( တချိန်ကသူငယ်ချင်းတွေကို သတိရမိတယ် )ကျောင်းချိန်ပြီးတာနဲ့ မာစတာတန်းကို တန်းပြေးရတယ် .. သူငယ်ချင်းတွေ အော်လိုက်ဟစ်လိုက် လမ်းလျှောက်လိုက်နဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ်ထိပ်က မုန့်ဟင်းခါးရေကျဲလေးကစ်လိုက် .. ခုတော့သေသူကသေ ဝေးသူကဝေး. နဲ့ အားလုံးတကွဲစီ..............


ဗိုလ်ချုပ်ဈေးထဲ့ အမေ့မိတ်ဆွေရဲ့ဆိုင်ကိုရောက်တော့ ဟိုရွေးသည်ရွေး ဟိုကြည့်သည်ကြည့် နဲ့ အကုန်လိုချင်တာဘဲး) အကုန်ဝယ်ရလောက်အောင်လဲ မချမ်းသာဘူး.....................ဓမြတိုက်ရလောက်အောင်လဲ ခန္ဒာကိုယ်က၀တော့ လွတ်လွတ်ကျွတ်ကျွတ်လဲ ပြေးနိုင်မယ်မထင်ဘူး ..ဈေးထိပ်တင်မိနိုင်တယ် :P


ဒါကြီးပါလိုချင်ပေမယ့် ပိုက်ဆံမလောက်တော့ လို့ နှမြောတသသုံးကြိမ်ရွတ်ဆိုပြီး ထားခဲ့ရတော့ ဆိုင်ရှင်အမက ချန်ထားပေးမယ် လာယူတဲ့ (ပိုက်ဆံကမရှိတော့ဘူး .သူအကြွေးနဲ့ညားမှာကိုမသိရှာဘူး )))) အိပ်မက်ထဲမှာ တ၀ဲဝဲလည်လည် သူ့ကိုဘဲအိပ်မက်မက်နေတယ်း))
တချိန်ကျရင်ရတနာကုန်သည်ဘဲလုပ်ချင်တယ် ပါးစပ်ဖျားလေးနဲ့ဘဲ ရင်းရတာ သိပ်သဘောကျတယ် အသိအမတစ်ယောက်ဆို မာစတာပြီးတာချင်းအတူတူ သူက ကျောက်မျက်ရတနာကျွမ်းကျင်သူဖြစ်နေပြီ ( ကိုယ်ကသာ ဘာမှမတတ်သေး သူး)))) ပိုက်ဆံမရှိသေးတာလဲ ပါတာပေါ့လေး))
ထိုင်စားဖို့ကြံစည်နေတော့လဲမအောင်မြင်တော့ ခုထိ ထစားနေရတယ်း)) ( ဒါကကိုယ့်ချင်းကိုယ့်ချင်း တိုးတိုးတိတ်တိတ်ပြောပြတာပါ..
မနက်စောစော မုန့်ဟင်းခါးထသွားစားတော့ ပဲပြုတ်သည်လေးက တောင်းထဲမှာ ပန်းတွေထည့်သယ်လာတယ် တခက်လောက်ပေးပါဆိုတော့ ပေးလိုက် တာအများကြီးဘဲ ..ဘယ်လောက်ပဲ တခြားနိုင်ငံမှာ ပိတောက်တွေတွေ့ရပါစေ .. ကိုယ့်နိုင်ငံကပိတောက်မှ ကိုယ့်နိုင်ငံကပိတောက် ..အဲလောက်ထိအစွဲကြီးတယ်း))
နင့်ကလေးလား ငါ့ကလေးလားလို့ တောင်မေးယူရတဲ့အထိ ကိုယ့်မျက်နှာနဲ့ချွတ်စွတ်တူတဲ့ တူလေး (တနှစ်နဲ့တစ်လ ) မနှစ်က ပြန်တော့ ညီမ၀မ်းကွဲလေး ကကိုယ်ဝန်ကြီးနဲ့ ဒီနှစ်လဲ ပြန်ရော ဒီအရွယ်ရောက်နေပြီ ....အချိန်တွေကဘယ်လောက်ကုန်မြန်လဲအဲဒါသာကြည့်တော့ .. နာမည်ကိုတောင်ညီမလုပ်သူက ဂျာရစ်နာမည်ပါအောင်ပေးထားတယ် .. (အဒေါ်တူ တူလေးဆိုတော့ ကြီးလာရင် ဘယ်လောက်သောင်းကျန်းမလဲမသိး)) လိုချင်တာမရရင် မချီထားရင် အသေအော်ငိုတာ လူပေါ်ကချမရလို့ ညီမမှာဘာမှလဲလုပ်မရ ခိုင်းမရနဲ့ ..အဲလောက်တောင်ဖြစ်တာ  မျက်လုံးပြူးလဲ မရ ပြဲလဲမရ နဲ့ အမေလစ်တာနဲ့တင်ပါးကို  ၂ ချက်လောက် ဆော်လိုက်မှ အာခေါင်ခြစ်အော်ပြီး တိတ်သွားတာ  အဲလို ..အဲလိုး)))))


နေမကောင်းဖြစ်နေတဲ့ ဂျာရစ်ရဲ့အဖိုးပါ . ထူပြီး ဓာတ်ပုံရိုက်ခဲ့တယ် ။ ပြန်မယ့်နေ့ကပေါ့ ။ သူလဲငို ကိုယ်လဲငိုဘဲ ။ ရောက်တော့ ရေချိုးပေး ဆေးတိုက် မုန့်ကျွေးပေမယ့် စားချင်တာမစားနိုင် ကျွေးချင်တာ စားမရတော့တဲ့ဘ၀။ သူကိုယ်သူလဲအားမရတော့လို့ ညည်းတွားနေတော့ ဇရာကို မြင်မိလာတယ် ..တနေ့ကျရင် ကိုယ်လဲ ဒီလို ဘ၀ ရောက်လာမှာ . ကိုယ်တောင် အဲလောက် အသက် ၈၄ နှစ်အထိ အသက်ရှည်နိုင်ပါ့မလား ............... အစဉ်အတိုင်းသွားရင် တော့ တမျိုးဖြစ်ပေမယ့် အမှည့်တ၀င်းဝင်း အကင်းတပြိုက်ပြိုက် ဆိုရင်ရော ............................
လာတဲ့နေ့က ငုပန်းတွေတောက်လျှောက်တွေ့ခဲ့ရတယ်. ပြန်မယ့်နေ့မှာ တလမ်းလုံးပိတောက်တွေပွင့်နေတာတွေ့လိုက်ရတော့ ကိုယ့်ကိုနှုတ်ဆက်နေသလားတောင်ထင်ရတယ် .
လမ်းတစ်လျှောက်မြင်သမျှပိတောက်ကိုရိုက်လာခဲ့တယ် . အဲဒါ လူတွေရဲ့ နိစ္စဓူဝ ဘ၀နဲ့ ပိတောက်ပန်းရဲ့အလှဘဲ .......


မိုးမျှော်တိုက်တာ အဆောက်အဦးတွေကြားမှာ ရှင်သန်နေရတဲ့ စက်ရုပ်လူသားတစ်ယောက်ရဲ့ရင်မှာ ဒီလို မြင်ကွင်းက သိပ်ဘ၀ဆန်လှပလွန်းနေတယ်လို့ တွေးမိတယ် .


မြင်မြင်သမျှပိတောက်ပန်းတွေကို ရိုက်တာမမှီလို့ အော်နေရတယ် . သုံးပုံရိုက်မှ တစ်ပုံလောက်ကောင်းတယ် .လေယာဉ်ကွင်းနားမှာပါ .. အပင်လိုက်သာချွတ်ပြီး ပန်းအိုးထိုးလိုက်ချင်တယ် ..
နှုတ်ဆက်ပါတယ် အဖေနဲ့အမေ ..နှုတ်ဆက်ပါတယ် အဖိုးရေ .. နှုတ်ဆက်ပါတယ် တူလေးရေ ..နှုတ်ဆက်ပါတယ် ခွေးကလေးရေ .. အထီးကျန်လူသားတစ်ယောက် ၀မ်းနည်းခြင်းတွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ သူယောင်မယ်မြို့ကြီးကို ပြန်သွားခဲ့ပါပြီ.......မျှော်လင့်ချက်တွေတစ်ပွေ့တစ်ပိုက်ကြီးနဲ့ မြန်မာပြည်ကြီးတိုးတက်လာတဲ့တနေ့ကျရင် ကျနော်တို့မိသားစုတွေခုလိုဝေးနေကြရမှာမဟုတ်ဘူး ..ဆိုတဲ့ ခံစားချက်တွေနဲ့ ..
နှုတ်ဆက်ပါတယ် ရန်ကုန်ရေ.....................။





မဒိုးကန်
၁၁၄. ၄.၂၀၁၂ (သင်္ကြန်အကျနေ့ )

22 comments:

ညိမ်းနိုင် said...

ဘဝကဂလိုပဲဒိုးကန်ရဲ့.....တရာနဲ့ဖြေ....နော်၊
တရာနဲ့မလောက်ရင် ၁၂၀နဲ့ဖြေ...:)))

mstint said...
This comment has been removed by a blog administrator.
မိုးသက် said...
This comment has been removed by a blog administrator.
ချော(အစိမ်းရောင်လွင်ပြင်) said...

ညီမ မဒိုးကန်ရေ
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..
ညီမရဲ့ ဆန္ဒတွေအားလုးပြည့်ဝပါစေလို့ ဆုတောင်းပေးသွားတယ်နော်

Crystal said...

ဂျာရစ်လေး ၇ိုက်လာတဲ့ ပုံတွေကြည့်ပြီး အလွမ်းတွေပဲ ပြေသလိုလို ပိုလာသလိုလို ဖြစ်သွားတယ်....။

အစ်မဆီ ဘယ်တော့ လာလည်မှာတုန်း...။
ညလေးကို လိုက်ပို့မလို့ မျှော်နေတာနော် :)

ချစ်စံအိမ် said...

ဘ၀တူတွေမို့ ခံစားမိပါတယ် မမရေ
နှစ်သစ်မှာပျော်ရွှင်ကျန်းမာပါစေ..

စံပယ်ချို said...

မိသားစုတွေနဲ့ အမြဲပျော်ရွှင်ပါစေလို့
ပိုစ့်လေးဖတ်ပြီး အိမ်ကိုလွမ်းမိတယ်

Anonymous said...

အော် ဘွဘွ..ဒီလိုပါပဲ ဒိုမရယ်...စိတ်မညစ်ပါနဲ့ ..ကိုရင်ရှိတယ်တဲ့...ခိခိ

blackroze said...

မားမားရေ
တနေ့တော့လည်း အိမ်ပြန်ချိန်ဆိုတာ
ရှိလာမှာပေါ့ မားမားရယ်..
အားတင်းထားပါ..
pigpig လည်းအဲဒီနေ့လေးကိုစောင့်ပြီး
အသက်ရှင်နေတာ

အလွမ်းမြို့ said...

ညလေးရေ မကြီးရောက်ခဲ့တယ်။ ဘာဘဲပြောပြောလေ မကြီးလွမ်းတို့နဲ့ ယှဉ်ရင်ညီမလေး ကုသိုလ်ပိုထူးပါသေး တယ်။မကြီးတို့ဆို မိဘတွေသက်ရှိထင်ရှား ရှိနေသေး တာတောင်ခုလို ပြန်လည်တွေ့ဘို့ တွေးပြီးကြံဆမိတိုင်း ပိုပိုလွင့်သွားခဲ့ရတဲ့ ဘဝပါ။ အထူးမှာချင်တာကတော့ ကျန်းမာရေး ဂရုစိုက်ပါ။ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


ချစ်တဲ့
မကြီးလွမ်း

ညီလင်းသစ် said...

မဒိုးကန် ရေးတဲ့ ဒမြတိုက်ရင် ဈေးထိပ်တင် ပြန်မိသွား နိုင်တယ် ဆိုတာဖတ်ပြီး ရယ်နေမိတယ်၊ အော်ငိုနေတဲ့ ကလေးကို တိတ်အောင်လုပ်နည်းကိုလည်း မှတ်သွားရတယ်၊း) ဘလော့ဂါနဲ့ တွေ့တော့ နေမကောင်းတဲ့ အဖိုးလည်း အေးအေးမနေရဘူးနော်၊ ထူပြီးတော့တောင် ဓါတ်ပုံရိုက်ခဲ့သေးတာ..၊း) ညီမရဲ့ အရေးအသားတွေမှာ ဇဝနဥာဏ် အတို့အထိတွေနဲ့မို့ ဖတ်ရတာ ရွှင်မြူးပါတယ်..။

Candy said...

ဓာတ်ပုံလေးတွေ ကြည့်ပြီး မြန်မာပြည်ကို လွမ်းလိုက်တာ.. ကျန်းမာရေးဂရုစိုက်နော် မမ

ကြည်ဖြူခင်ခင် said...

အာ.. ရူပါလန်းလို့.. မန်တွားတာ ဟုတ်ဝူးနော်.. (း

San San Htun said...

မြန်မာပြည်လွမ်းသွားပြီ ဒိုးကန်ရေ..လျှော့ပင်းသွားရင် အဲဒီလို ရောဂါတိုးတယ်..ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ

မီးမီးငယ် said...

ဒန်အိုးလေးက...
ဆရာဝန်နဲ့ အမြဲထိတွေ့ နေရတယ်လား..။
သနားပါတယ်။
ကျမ်းမာရေးဂရုစိုက်နော်..။
ပျော်ပျော်နေတတ်တာ ပိုကျမ်းမာတာပေါ့။
ချစ်တဲ့
တီမီး..

AH said...

ဖတ်ရင်းနဲ့ ရီဝေေ၀.. တောင်ဖြစ်သွားတယ်... လူဆိုတာကလည်း တော်တော်ခက်တာပဲနော် မဒမ်... စမွေးကထည်းက အဖေ၊ အမေ နှစ်ယောက်ကို သံယောဇဉ်မတွယ်မဖြစ်တွယ်ရတာ၊ တစ်နေ့ကျတော့ သူတို့နှစ်ယောက်လည်း ကို့ကို ခွဲသွားဦးမယ်... ဟော နောက် အရွယ်ရောက်လာတော့ ကြင်ယာဖက်ကို သံယောဇဉ်တွယ်ရပြန်ရော၊ သူလဲ တစ်နေ့ကျ ခွဲသွားရဦးမယ်၊ တကယ်လို့ သား၊သမီးရှိလာပြန်ရင်လဲ ထပ်ပြီးတော့ သံယောဇဉ်တွယ်ရဦးမယ်၊ သူတို့ကိုလဲ တစ်နေ့ကျ ခွဲသွားရဦးမယ်။ အိမ်က ခွေး၊ကြောင်က အစ အမျိုးတွေ အကုန်လုံးကိုလဲ သံယောဇဉ်တွယ်... နောက်ခွဲ... ဆုံ၊ကြုံ၊ ခွဲ.. လိုချင်တာတွေရဖို့ အလုပ်တွေလုပ်၊ ဇရာ က တိုးတိုးလာ... ဒါပေမယ့် ဒါတွေကို ဖယ်နိုင်ဖို့ အဆင်သင့်က မဖြစ်ပြန်၊ တရားကတော့ ရဖွယ်ရာ မရှိ၊ ဒါတွေကို စွဲလမ်းနေတာက ပိုနေတာကိုး... တစ်နေ့ သေရမှန်းသိပေမယ့်.. မသေခင်လေး လိုချင်တာလေးတွေ၊ ဖြစ်ချင်တာလေးတွေက များများနေတော့... ဓားသွားထက်က ပျားရည်စက်ကလေးကိုပဲ တရှို့က်မက်မက်.... ဒုက္ခကို တပ်မက်နေတော့လဲ ရူးကြဦးစို့ရယ်....

Han Kyi said...

အလို ဒီဂြိုလ်သားရွတ်တဲ့ ဘုရားစာက တစ်မျိုးကြီးပါလား...ဘယ့်နှာ နှမြောတသ ဘဂ၀တောရယ်လို့...

ကိုယ်နဲ့တူတဲ့ကလေးကို ကောင်းကောင်းမစောင့်ရှောက်ပဲ လူအလစ်မှာ ကျင်းပစ်ခဲ့တာကတော့ မတရားပါကြောင်း...း)

နွေတေးရှင် (မင်းဧရာ) said...

မဒမ်းကိုး........
ရွာကို ပြန်သွားတာပေါ့နော်။
အားကျတယ်ဗျာ နာတို့လည်းပြန်ချင်တယ်။

ဘွဆိုတာကတော့ ဂလိုဘဲနေမှာပါ တိုငြိမ်းနိုင်ပြောသလိုဖြေနော်းးးp

နီက ယောင်္ကျားလေးဖြစ်ချင်တာနဲ့ ဒို့ တိုရင်ကို မိန်းကလေးဖြစ်ခိုင်းတာကကောင်းဘူးလေ။

လောလောဆယ်တော့ ကွန်ပျူတာက ကိုရင့်ဆီကို သွားချင်နေလားမသိဘူး သုံးရတာ သိပ်အဆင်ပြေဘူးကွယ်။

နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ။

ညီရဲသစ် said...

မြန်မာပြည်ကြီး တိုးတက်တက် မတိုးတက်တက် တို့ ကတော့ ဒီနှစ်ကုန်ရင် အပြီးပြန်ပြီဗျာ... လောလောဆယ်တော့ မြန်မာပြည် အလွမ်းပြေ ဓာတ်ပုံလေးတွေ ကြည့်သွားပါတယ်...

Iora said...

လက်သံပြောင်သောဂျာရစ်..
ဘ၀အမောတွေကိုသောသောလေးရေးသွားတာ
ပြောင်မြောက်လှပါပေတယ်။
အိုင်အိုရာ

kokoseinygn said...

စာတွေအတိုးနဲ့ဖတ်ရင်း
စိတ်တွေမကောင်းလို့
ဂျာရစ်လေး အားလုံးအဆင်ပြေ
ကျန်းမာဖို့သာ ဆုတောင်းလိုက်တယ်။

Unknown said...

ကျနော်လည်း အထီးကျန်နေတဲ့  ပြည်ပရောက်လူငယ်လေးတစ်ယောက်ပါ
ဒီပို့စ်လေးကိုဖတ်ပီးစိတ်မကောင်းအရမ်းဖြစ်မိတယ်ဗျာ
ကျနော့် အတွက်ကော မမ အတွက်ကောပေါ့ 
ထာဝရပျော်ရွင်နိုင်ပါစေဗျာ

Related Posts Plugin for WordPress, Blogger...