Wednesday, February 29, 2012

ပြန်လာခွင့်ပြုပါ...အဖေ



အဖေ ....
သမီး ရိုသေစွာစာရေးလိုက်ပါတယ်။ အဖေ နေမှကောင်းရဲ့လား။သမီး အရမ်းသတိရနေပါတယ်။ သမီးလည်း နေကောင်းပါတယ်အဖေ။ ရာသီဥတု ကရော အေးတလှည့် ပူတလှည့်ဖြစ်နေပြီလား။မိသားစုတွေရော နေကောင်းကြတယ်မလား။ဖုန်းဆက်ချင်ပေမယ့် တအိမ်လုံး၊တစ်တိုက်လုံး ကြားအောင်အော်နေရတဲ့ မြန်မာ့ ဆက်သွယ်ရေးကွန်နက်ရှင်ကြောင့် သမီးပြောချင်တာတွေကို စာနဲ့ပဲ ရေးပြောလိုက်ပါရစေ ..


သမီးပို့တဲ့ပိုက်ဆံနဲ့ တစ်မိသားစုလုံး လောက်မှလောက်ငရဲ့လား အဖေရေ။ သမီးအမြဲတမ်းတွေးပူမိပါတယ်။ သမီးပို့တဲ့ပိုက်ဆံက မဖြစ်စလောက်လေး ဆိုပေမဲ့ တက်လာတဲ့ကုန်ဈေးနှုန်းအပေါ်မှာတော့ အလျင်မီပါစေ လို့ပဲဆုတောင်းနေရပါတယ်။သမီးလည်း ဒီမှာမပျော်ပါဘူးအဖေ။ “မပျော်ဘဲဘာလို့ ထွက်သွားလဲ”လို့ အဖေ မေးမယ်မဟုတ်လား။သမီးမှာအဖြေ အဆင်သင့် ရှိပါတယ်အဖေ။ 

အဖေ့ကို အပြစ်မတင်ရက်ပါဘူး။အဖေဦးဆောင်မှု ညံ့ဖျင်းတယ်လို့လည်း မဆိုရက်ပါဘူးအဖေရယ်။ အဖေဟာလည်း သွေးသားနဲ့ ဖွဲ့စည်းထားတဲ့ လူတစ်ယောက်မဟုတ်လား။အဲဒီအတွက်အဖေလည်း အမှားဘယ်ကင်းနိုင်ပါ့မလဲ။ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်တက်.. နေရာတိုင်းမှာ အဆင့်ဆင့် ဂုတ်သွေးစုတ်လို့ အခြေခံလူတန်းစားလက် ထဲရောက်တော့ မတန်တဆဈေးမြင့်နေချိန်မှာ သမီးတို့အိမ်ရဲ့  သမာအာဇိဝ အစိုးရ၀န်ထမ်းလစာလေး ဟာ တစ်အိမ်လုံးကို မလောက်ငခဲ့ဘူးမဟုတ်လား အဖေ။ပိုက်ဆံပုံအောမှ တတ်တဲ့ညာရေးကြောင့် သမီးကိုပညာတတ်ကြီးဖြစ်စေချင်တဲ့ အဖေ့ေ -ကျးဇူးနဲ့ ပညာတတ်တယောက် ဖြစ်ခွင့်ရခဲ့တာ သမီးကံကောင်းတာပါ။အထက်တန်းနဲ့အလယ်တန်းပညာရေးမှာ သင်နေတဲ့ မောင်လေး နဲ့ညီမလေး ကတော့ ကန်တော့ပွဲတိုင်းမထည့်နိုင်လို့၊အလှုငွေတိုင်း မပါနိုင်လို့ သူတို့အကြိုက် မလိုက်နိုင်လို့ ဆရာမတွေရဲ့ ငြိုငြင်မှုကို သိမ်ငယ်စွာ ခဏခဏ ခံခဲ့ရ တယ်လေ..။

အမေနေမကောင်းလို့ ဆေးရုံသွားတာမှာ မတန်တဆဈေးယူကြတဲ့ ပုဂ္ဂလိကဆေးခန်းကြီးတွေကိုမသွားနိုင်လို့ ပြည်သူ့ဆေးရုံသွားတော့ အဆင့်ဆင့် ဖြတ်ကျော်ပေးရတဲ့စနစ်တွေကို ရင်မဆိုင်ချင်ဘဲရင်ဆိုင်ခဲ့ရပြန်တယ်။ဘွဲ့ရပြီးတော့ ဘွဲ့လက်မှတ်လေးကိုင်ပြီး အလုပ်လိုက်ရှာတော့လည်း ကွန်ပြူ -တာ တတ်ရဲ့လား.၊ဘယ် ဘာသာစကားတတ်လဲနဲ့ တခြားအရည်အချင်းတွေ လိုအပ်ချက်ကြောင့် ရှိစုမဲ့စုလေးနဲ့ သင်တန်းတွေ ထပ်တတ်ခဲ့ရပြန် တယ်။ကျောင်းက သင်ပေးလိုက်တာတွေက တကယ့်လက်တွေ့ဘ၀မှာ အသုံးမ၀င်ဘူးလို့ အင်တာဗျူးတဲ့မန်နေဂျာတစ်ယောက်ကတောင် မျက်နှာထားချီပြီး ပြောလိုက်သေးတယ်။သင်တန်းတွေအားလုံးပြီးလို့ အလုပ်လျှောက်တော့ ဘယ်အလုပ်ကတော့ လစာကောင်းတယ်၊ ဘယ်သူ့ကို ကပ်မှရတယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေကြောင့် သမီးမှာ လျောက်လွှာစာရွက်ကိုင်ပြီး ငုတ်တုတ်မှိုင်ခဲ့ရတယ်။ကံကောင်းထောက်မစွာနဲ့ ရလိုက်တဲ့ အလုပ်လေး ကျပြန်တော့လည်း အသွားအပြန် ကားခက တရိပ်ရိပ်တက်လာတဲ့ ဓာတ်ဆီဖိုးကိုတောင် မကျော်နိုင်တော့ပဲ လစာရဲ့တစ်ဝက်လောက်က လမ်းစရိတ်နဲ့ ကုန်သွားပြန်တယ်။

ညမှောင်မှောင်မှာ မဲမှောင်မှောင်လမ်းတွေ ချိုင့်ခလုတ်တွေကို ရင်တထိတ်ထိတ်နဲ့ဖြတ်ပြန်ရင်း ဘယ်အချိန် ဘယ်သူက လာနှောက်ယှက်လိုက်မလဲ ဆိုတဲ့ ကြောက်စိတ်တွေကလည်း လွှမ်းလို့အဖေရယ်။ တရားဥပဒေစိုးမိုးရေးဆိုတာကလည်း မီးလင်းနေတဲ့ လက်ဖက်ရည်ဆိုင်မှာပဲ ရှိကြတယ် မဟုတ်လား။ အဲဒီတော့ အဖေနဲ့မောင်လေးတလှည့်စီ သမီးကို လမ်းထိပ်ထိ လာကြိုတာကိုဘဲ အားနာနာနဲ့ စောင့်ရပြန်တာဘဲပေါ့။အဖေက “ဘွဲ့ရပဲ..အစိုးရအလုပ်လျှောက်ပါလား”ဆိုတော့ မျက်နှာမရှိတဲ့ သာမန်လူသမီးတို့အဖို့ အရာရှိစာမေးပွဲမပြောနဲ့ သာမန်ရုံးစာရေးအလုပ်တောင် ဘယ် ကတော်ကြီးနား ကပ်ရမယ် မသိခဲ့ဘူးလေ အဖေရယ်။အထင်ကရ ရုံးပြင်ကနားဆိုတာ သာမန်လူသမီးတို့အဖို့ ဘယ်လောက်အရည်အချင်းရှိရှိ မျှော်တော်ယောင်ပါပဲ အဖေရယ်။ရွှေပြည်တော် မျှော်လေတိုင်းဝေးသလို အထင်ကရကုမဏီကြီးတွေမှာ ရိုးသားစွာအရည်အချင်းနဲ့ အလုပ်ကို လိုက်လျှောက်ပေမယ့် အရည်အချင်းကိုမကြည့်ပဲ ရုပ်ရည်နဲ့ပတ်သတ်မှုတွေကြောင့်ပဲပထမအဆင့်မှာတင် အပယ်ခံဖြစ်ခဲ့ရတယ်လေ။

ဒီလို ဒုက္ခသုက္ခတွေ ကြုံနေရလို့ ၀မ်းရေးကရပ်နေလို့လား။နေ့တိုင်း ထမင်းဝိုင်းမှာ ဒါလေးချက်တာတောင် ဘယ်လောက်ကုန်တာဆိုတဲ့ အမေ့ရဲ့ ညည်းတွားသံကို စားမယ်လုပ်တဲ့လက် တွန့်တောင်သွားတယ် အဖေ။ မဆီမဆိုင် ကန်စွန်းရွက်သည်၊ချဉ်ပေါင်သည်ကတောင် ဒေါ်လာဈေးတက်လို့ လိုက်တက်ရပါတယ်ဆိုတဲ့ စကားကတော့ အင်မတန်နားခါးလှပါတယ်။“သမီးတို့ကျောင်းမှာ အတန်းပိုင်ဆရာမက မနက်ဖြန်သူ့မွေးနေ့လို့ ပြောတယ်။ ဘာလက်ဆောင် ၀ယ်ပေးရမလဲ အမေ”လို့ မေးလာတဲ့ ညီမလေးရဲ့ အသံ။“အမေ..ဆရာမကသားကို ညနေ သူ့အိမ်မှာ ကျုရှင်လာတက်ခိုင်းတယ်။ မတက်ရင် လပတ်စာမေးပွဲကို သူတာဝန်မယူဘူးတဲ့။စာမေးပွဲကျရင်လည်း တာဝန်မယူဘူးလို့ ပြောတယ်အမေ။တစ်ယောက်ကို တစ်လ သုံးသောင်း တဲ့”လို့ မေးလာတဲ့မောင်လေးရဲ့အသံ။ အဲနောက်ကွယ်မှာ သက်ပြင်းကိုတိုးတိတ်စွာချပြီး အခန်းထဲကိုဝင်သွားတဲ့အမေ့ကို သမီး မကြည့်ရက်တော့ဘူး။

နေမကောင်းတဲ့အဖေ့ကို“အဖေ ဆေးခန်းသွားပြလိုက်ပါလား”ဆိုတော့ “နေပါစေသမီးရယ်၊ ဆေးခန်းအသေးလေးသွားတာတောင် တစ်ခါသွား၁၅၀၀လောက်ကုန်နေတာလို့ ပြောပြီး လမ်းထိပ်ကွမ်းယာဆိုင်တွေက တတ်ယောင်ဝါးလိုင်စင်မဲ့စပ်ဆေးတွေကို အသက်အန္တရာယ် မကြောက် အဖေ ၀ယ်သောက်ခဲ့တယ်။ခေတ်ရဲ့ပေါ်ပင်အောက်မှာ ၀တ်ချင်စားချင်လာတဲ့ အထက်တန်းကျောင်းသူ ညီမလေးကိုလည်း လိုချင်တာ မရလို့ လမ်းမှားလိုက်မှာစိတ်ပူလို့ အမေမသိအောင် တမျိုးသိအောင်တမျိုး ဆုံးမရသေးတယ်။တနာရီဘယ်လောက်၊တရက်ဘယ်လောက်နဲ့ တည်းခိုခန်းတွေ မှိုလိုပေါက်လာပြီး ခဏလေးလိုက်အိပ်ယုံနဲ့ လိုချင်တာလေးဝယ်ပေး စားချင်တာလေးဝယ်ကျွေးနဲ့ အတည်မတွဲတဲ့ ဘဲကြီးတွေကို အထင်ကြီးပြီးဘ၀ပျက်သွားတဲ့ မိန်းခလေးတွေလဲတစ်ပုံကြီးပဲ မဟုတ်လားအဖေရယ်။မထူးဇတ်ခင်းလို့ စုံလုံးကန်းနေတာတွေ လိုချင်တက်မက် မှုတွေကိုမလျော့ချနိုင်လို့ စိတ်အလို လိုက်နေသူတွေကလဲ အများသားမဟုတ်လား။

ပင်စင်ယူတဲ့အခါ အစိုးရလခစားအောက်ဆိုဒ်မရှိတဲ့ အဖေ့မှာ ပင်စင်လေးနဲ့ နေစရာအိမ်တောင် ၀ယ်စရာမရှိလို့ အဘိုးအဘွားတွေ ကြိုးစားခဲ့တဲ့ မြို့ အစွန်က ခြံကွက်လေးမှာဘဲ သမီးတို့ သွပ်မိုးထရံကာ အိမ်လေးတစ်လုံး ဆောက်နေခဲ့ကြရတယ်။ဒါဟာ ရိုးသားတဲ့ အစိုးရ၀န်ထမ်းတစ်ယောက်ရဲ့ နိဂုံးလားအဖေ။အဖေကတော့ ပင်စင်စားဘ၀မို့ ဘာမှမမျှော်လင့်တော့ဘဲ ချဉ်ပေါင်ပင်လေး အသီးအနှံလေးတွေ ပိုတဲ့မြေကွက်လပ်လေးမှာ စိတ်ပြေ လက်ပျောက် စိုက်နေပေမယ့် သမီးက မိသားစုထဲမှာအကြီးဆုံး ဘွဲ့ရဖြစ်လေတော့ သမီးရတဲ့ လစာလေးနဲ့မလောက်ငတာကို တနေ့တစ်နေ့ ရင်ထဲ မချိခဲ့ဘူး အဖေရယ် ။

ဒီလို ခါးသီးမှုတွေကြောင့် သမီးဒီကျွန်းနိုင်ငံကို ထွက်လာခဲ့ရတယ်အဖေ။ခြံကွက်ကလေးကို အတိုးနှုန်း ကြီးကြီးနဲ့ပေါင်၊ ဆွေမျိုးမကင်းတဲ့ သူတွေဆီက မညှာမတာရက်ရက်စက်စက် အလွတ်တိုးတွေကိုယူပြီး သမီး စွန့်စားခဲ့ရတာပါ။ ဂုတ်သွေးစုတ်တဲ့ အေးဂျင့်တွေရဲ့ မတရားယူမှုကိုလည်း သိသိနဲ့ပေးခဲ့ရတယ်လေ။အလုပ်လေးရတော့ အလုပ်မှာ မခိုမကပ်လုပ်ခဲ့တယ်။သမီးထမင်းစားချိန်တောင် အပြည့်အ၀ တစ်နာရီမရဘဲ အလုပ်လုပ်ခဲ့ ရတယ်။ရေတောင်သူများနိုင်ငံက မှာသောက်ပြီး ဘာမှမထွက်တဲ့ တိုင်းပြည်တစ်ခု၊ကုန်ပစ္စည်းတွေကို သူများနိုင်ငံတွေကမှာပြီး ကုန်သည်ပြန်လုပ် စားနေတဲ့ တရုတ်နိုင်ငံအသေးစား၊ လူလည်နိုင်ငံကနေသမီးတို့လူမျိုးတွေ ဂုတ်သွေးစုတ်ခံနေရတာအများကြီးဘဲအဖေရယ် ။

မှန်နေလျက်နဲ့လည်း ဘာမှပြန်မပြောနိုင်။မတရားလုပ်နေမှန်းသိသိနဲ့လည်း သည်းခံနေရတဲ့ဘ၀နဲ့ ခန္တီပါရမီတောင် ကျင့်တတ်လာတယ် အဖေရယ်။ဘောစ့်က “နင်တို့နိုင်ငံကလူတွေက ဒီမှာ အစုံလာလုပ်ကြတယ်နော်၊ နင်တို့ နိုင်ငံက ဆင်းရဲတယ်”လို့ပြောရင် ခံရသိပ်ခက်တာဘဲ အဖေရယ်။ပြန်ချေပပေမယ့်လည်း အတင်းကာရော ငြင်းခုန်ပြောဖို့ကျတော့လည်း ရထားတဲ့အလုပ်လေးပြုတ်မှာက ကြောက်ရသေတယ်မလား .. ငုံ့ခံပေါ့။

သံရုံးဆိုတာကလည်း သံတွေနဲ့လုပ်တဲ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့ ရုံးတွေလိုဘဲ လေသံတွေကအစ မာကျောနေကြတာဘဲ အဖေရယ်။ ပွဲစားတွေကျရင်တော့ ရွှန်းရွှန်းတွေကိုဝေလို့။ ဒီလို အဖိနှိပ်ခံဘ၀နဲ့ သမီးတို့ မြန်မာလူမျိုးတွေ  ဒီနိုင်ငံမှာတင်မဟုတ်ဘူး နိုင်ငံအနှံ့မှာ အလုပ်လုပ်နေကြရတာပါ အဖေ။သတင်းနဲ့နည်းပညာတွေ တိုးတက်လို့၊ အင်တာနက်ကွန်ယက်တွေ မြန်လို့၊ ဆက်သွယ်ရေးတွေ ကောင်းလို့ အချိန်နဲ့တပြေးညီ ကမ္ဘာအရပ်ရပ်က သတင်းတွေကိုသိခွင့်ရလို့ ဗဟုသုတ အသိအမြင်တွေရပေမယ့် ကိုယ့်မြေကိုယ့်ရေ ကိုယ့်ခြံမြေကိုလွမ်းတာပေါ့ အဖေရယ်...။

ဒီက ဖုန်းကွန်နက်ရှင်တွေ ဘယ်လောက်ကောင်းကောင်း အာပြဲအောင်အော်မှရတဲ့ အိမ်က ၇၃ဖုန်းလေးကိုပဲ လွမ်းတယ်အဖေ။၅သိန်းတန်ကို ဈေးချိုလှပြီဆိုပြီး အလုအယက်မ၀ယ်နိုင်ခင်တုန်းက လမ်းထိပ်က ပြည်သူပိုင်ဖုန်းမှာ ဖုန်းမမတွေ ဘဲတွေနဲ့ အီစီကလီလုပ်သမျှ ပေါက်ကရတွေပြောနေသမျှကို သူတို့ဖုန်းချတဲ့အထိ မကြားချင်မှအဆုံး တ၀ကြီးထိုင်နားထောင်ပြီးမှ ဆက်ခဲ့ရတဲ့ဘ၀ကိုလည်း လွမ်းတာပေါ့ အဖေရယ်။ဆယ်ခါသွား ဆယ်ခါးလုံးလိုင်းမအားလို့ ဖုန်းတစ်ခါထွက်ဆက်ရင် နာရီဝက်လောက် အချိန်ပေးခဲ့ရတာလည်း သိပ်သတိရတာဘဲ အဖေရယ်။

ချောမွေ့နေတဲ့ ကွန်ကရစ်လမ်းတွေ ရွှံမရှိတဲ့ ကတ္တရာလမ်းချောတွေမှာ လျှောက်နေရပေမယ့် ချိုင့်ခွက်ဗလပွနဲ့ ရပ်ကွက်လမ်းတွေ ခင်းပြီးလို့ သိပ်မကြာသေးပေမယ့် ချိုင့်ခွက်ဝင်ကုန်တဲ့ သမီးတို့မြေက ကတ္တရာလမ်းတွေကို အမြဲသတိရနေမိတယ်အဖေရယ်။သန့်ရှင်းတဲ့ အစားအစာတွေကို နေ့တိုင်းစားနေ ရပေမယ့် ယင်တစ်လောင်းလောင်းနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ သမီးတို့ရဲ့ လမ်းဘေး အစာလေးတွေကိုလည်း သတိရမှရဘဲ။မိုးရွာပြီးတာနဲ့ ရေတစက်မှ မကျန်ခဲ့တဲ့လမ်းတွေကိုမြင်တိုင်း သမီးတို့မြို့ က မိုးရွာပြီးရင် နေ့ဝက်လောက် ရေတွေလျှံပြီး အမှိုက်အပြည့်နဲ့ပိတ်နေတဲ့ မြောင်းရေတွေကို သတိရမိတယ်။ အဲအနံ့လေးတွေကိုလဲ ပြန်ရှုချင်မိပါရဲ့။

ကြွက်ခြင်ယင် နှိမ်နင်းရေးကို အသည်းအသန်လုပ်လို့ မမြင်ရသလောက်ရှားပါးနေတဲ့ ဒီနိုင်ငံမှာနေပေမယ့် ယင်တွေတအုန်းအုန်းအမှိုက်ပုံတွေ၊ ခြင်တွေတဝေါဝေါလာတဲ့ ခြုံပုတ်တွေ ရေအိုင်တွေနဲ့ ကြွက်တွေသွားလာနေတဲ့ မြောင်းပေါ်မှဖွင့်ထားတဲ့ စားသောက်ဆိုင်တွေရှိတဲ့ သမီးတို့နိုင်ငံကို အချိန်ပြည့် သတိရနေမိတာ လွန်လားအဖေရယ်။အဖေကိုတခုတော့ သတိထားဖို့ပြောချင်သေးတယ်။အိမ်မှာ လုပ်နိုင်ကိုင်နိုင် ဦးဆောင်နိုင်တဲ့၊ ထက်မြက်တဲ့ လူငယ်ကအဝေးမှာဆိုတော့ အိမ်မှာကျန်ခဲ့တဲ့ လူအိုတွေနဲ့ လူမမယ်ကလေးတွေကို မလေးမခန့်နဲ့ အိမ်မြောက်ဖက်က ဒေါ်တရုတ်မက ခြံစည်းရိုး ခိုးခိုးနေတယ်လို့ သမီးကြားနေရတယ် အဖေ။အိမ်နောက်ဖက်က ပုလင်းခွံရောင်းတဲ့ကုလားကရော ဘာထူးလို့တုန်း။သူတို့ ဂိုထောင်ကြီးကိုချဲ့ ရင်း စည်းရိုးလေးကို ယိုင်အောင်လုပ်လုပ်လာတာ။ခြံထဲမှာကလည်း အဖေ့ အမေတွေ စိုက်ခဲ့၊ပျိုးခဲ့တဲ့ သီးပင်စားပင်ကြီးတွေ၊ အဖေစိုက်ပျိုးပေါင်းသင်ထားတဲ့ အသီးအနှံတွေကို သူတို့တွေ အလစ်လာလာခိုးနေတာ သမီးမသိဘူးမှတ်နေလား။သူတို့ပေးကျွေးတဲ့ ဟင်းတခွက်ကို မမက်မောပါနဲ့ အဖေရယ်။သူတို့က အဖေ့ကိုသနားလိုက်တာ၊သနားလိုက်တာနဲ့ အဖေ့မြေတွေခိုး အဖေ့ သီးပင်စားပင်တွေကို ခိုးနေတာ ။

အဖေ သူတို့ဆီက ပိုက်ဆံချေးပြီး ပြန်မဆပ်သေးတာကို အတိုးတွေ တက်တက်နေတယ်ဆို။သမီးပို့သလောက်နဲ့ ရသလောက် အကုန်ဆပ်လိုက်ပါ အဖေရယ်။ခြံထွက်သီးနှံတွေက ရတဲ့ဝင်ငွေလေးလည်း ရှိသေးတာဘဲမလား။နောက်ပြီး အဖေရယ် အိမ်ရှေ့နဲ့အိမ်ဘေးကို ခြံဖွင့်ပြီး သူများတွေကို ဆိုင်ငှားလိုက်ပါ အဖေ။သမီးတို့အိမ်က အကွက်အကွင်း စီးပွားရေး အရမ်းကောင်းနေတာလေ။ အဖေဒါကိုဘာလို့ ခေါင်းမာပြီး ခြံကို အလုံဘဲပိတ်ထား ချင်နေတာလဲ။သူ့ဟာသူ ဆိုင်လာဖွင့်ကြတာနဲ့ ညီမလေးပါသွားမယ်ဆိုတာတော့ သမီးလက်မခံဘူး။ အဖေဆုံးမရမယ်။စည်းကမ်းတော့ ထုတ်ရ မယ်လေ။ခြံမှာသူများတွေ ဆိုင်လာဖွင့်ကြလို့ ဆိုပြီး လူကြားမှာစိုးလို့ မကောင်းပြောခံရမှာစိုးလို့ဆိုပြီး လုပ်လို့မရဘူးပေါ့။စည်းနဲ့ကမ်းနဲ့ ထိန်းမှလည်း သူ ၀တ်တာစားတာ နေတာထိုင်တာ အမြင်တင့်တယ်မှာပေါ့ အဖေရယ်။အိမ်မှာမွေးထားတဲ့ ကြက်တွေလဲ ခနခနခွပ်ကြလို့ သေသေကုန်တာကို ဘေးက ကောက်ကောက်ပြီး ချက်မစားစေနဲ့ဦး အဖေ။အဲဒါလေးကို သတိထားပေးပါဦးနော်။သူတို့က သေကုန်ကြရင် စားဖို့ပဲ အလစ်ချောင်းနေ ကြတာလေ။

အဖေရယ် သမီးခုနေတဲ့ နိုင်ငံပေါက်စကလေးက အချိန်ပြည့် မူတွေပြောင်းနေတာ၊ သူတို့နိုင်ငံသား ဦးစားပေးရမယ်။နိုင်ငံခြားသားအလုပ်သမားတွေ လျှော့မယ်နဲ့ ခနခနကြေညာပြီဆိုရင် သမီးတို့မှာ ပုံမှန် လုပ်တာထက်ကို ပိုကြိုးစားပြီး ကြိုးကြိုးနွံနွံလုပ်ကြရတယ်အဖေ။ “ဟုတ်ကဲ့” တစ်ခွန်းကလွဲပြီး အပိုမပြောဘဲ သည်းခံခြင်းနဲ့ပဲ မျိုသိပ်ရတယ်။အိမ်ပိုင်ဖို့ အကြွေးနဲ့ တရစ်ချင်းဝယ်မှရတဲ့လူတွေ၊ မြေပိုင်ယာပိုင်နဲ့တောင် မနေနိုင်တဲ့လူတွေက သမီးတို့ကို အမြဲခြေရာတိုင်းတယ် အဖေရယ်။“ဒီလောက်လစာပဲ လစာပေးမယ် ၊ဘယ်အချိန်အထိ လုပ်ရမယ်”ဆိုလည်း ဘာမှဆင်ခြေဆင်လက် ပေးနိုင်တာမဟုတ်ဘူးလေ။

သမီး ညည်းပြတာ မဟုတ်ပါဘူးအဖေ။သမီးဟာ လူငယ်တစ်ယောက်ပါ။သမီးမှာ ခွန်အား ညဏ်အား ရှိပါတယ်။ကျန်းမာ သန်စွမ်းပါတယ်။လုပ်နိုင် ပါတယ်။ဒါပေမယ့်အဖေရယ် ကိုယ့်မြေကိုယ့်ရေမှာနေပြီး မိသားစုအတူ လက်ဆုံစားရမယ့်ထမင်းဝိုင်းကို အမြဲမျှော်လင့်မိတာပါ။အဖေ ကျန်းမာနေ ပါသေးတယ်။ အဖေမှာ ခွန်အားတွေရှိနေပါသေးတယ်။အဖေပဲ သမီးတို့အိမ်ကို ဦးဆောင်ခဲ့တာပါ။ ဒါကြောင့် အဖေမလုပ်နိုင်တော့ရင်တောင် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ အကြံညဏ်တွေပေးပါအဖေ။ ကိုယ့်မြေကိုယ့်ရေမှာ စီးပွားရေးလုပ်နိုင်အောင် သမီးကို ပြန်ကြည့်ပေးပါ အဖေ။သူများနိုင်ငံမှာ မျက်နှာငယ်ငယ် အနှိမ်ခံဘ၀နဲ့ မျက်နှာချိုမသွေးချင်တော့ဘူး အဖေရယ်။

ဒါကြောင့် သမီးကိုပြန်လာခွင့်ပြုပါအဖေ။ပြန်လာနိုင်အောင် အခွင့်အရေးတွေပေးပါ။သမီး ပြန်လှည့်ကြည့်ရတဲ့ မိသားစုထမင်းဝိုင်းကို လက်မတွန့်ပဲ ၀င်စားနိုင်အောင် ခွန်အားတွေပေးပါဦး အဖေရယ်။ “ငါ့သားသမီးတွေကို မထိနဲ့၊ မီးပွင့်သွားမယ်”ဆိုတဲ့ အားအင်တွေမာနတွေ ပြပေးပါဦးအဖေ။တန်ဖိုးရှိတဲ့ ခြံမြေကို ဦးနှောက်ရှိရှိ အကျိုးရှိရှိ ထိထိမိမိအသုံးချနိုင်ရင် သမီးတို့တစ်တွေ သူများနိုင်ငံမှာ ဂုတ်သွေးစုတ်ခံပြီး မနေရတော့ဘူး။အနှိမ်ခံဘ၀နဲ့ မနေရတော့ဘူးအဖေ။သမီးတို့မိသားစုတွေ ပျော်ပျော်ပါးပါး ပြန်ဆုံပါရစေတော့။ကိုယ်နိုင်ငံ ကိုယ်ရေမြေကို ခေါင်းမော့ပြီး ပြန်လာချင် လှပါပြီ။အဖေက အင်တာနက်မသုံးတတ်တော့ ဒီစာကိုဘယ်လောက်ကြာမှ ရောက်သလဲဆိုတာ ဒီတစ်ခါ သမီးဖုန်းဆက်ရင် ကြားအောင် -လို့ အော်ပေးပါဦးနော် အဖေ။

ဒါပါပဲ အဖေရယ်..
လွမ်းနေတဲ့သမီး မဒိုးကန်
၂:၃၁၊ အင်္ဂါနေ့


37 comments:

မိုးဇက် said...

ဝှီး ........... ရင်မောရတယ်....... ဟုတ်တယ်....... အဲ့အတိုင်းပဲ ......

မေမြို့မိုး said...

ဟင်း..............................
(သက်ပြင်းအကြီးကြီးချသံ....)

မီးမီးငယ် said...

အော်...သမီးရယ်..။
ဒို့ တွေရဲ့ ပြုခဲ့ဖူးတဲ့ကုသိုလ်ကံအကျိုးဆက်ပေါ့ကွယ်..။
လို့ ပြောရင်လည်းပျော့ညံတယ်လို့ များ...။
ပြောကြမလားဘဲ...။

အောင်အောင် said...

ခံစားသွားတယ်ဗျာ

ချစ်စံအိမ် said...

စကားလုံးတိုင်းထိတယ်မမရေ
အဟုတ်ပဲနော်

မြတ်ကြည် said...

အစ်မလည်း စိတ်ဖိစီးမှုတွေနဲ့ပါလား။ အားတင်းထားနော်။

Aung Htut said...

ဒီမှာ မဒမ်... ဒါမျိုးကတော့ တူဒယ်.... ရေရေလည်လည်ခံစားရတယ်... ဒီလို ကိစ္စတွေနဲ့ ပါတ်သတ်ရင်... မျှော်လင့်ချက်ကတော့ တစ်ပွေ့ကြီးနဲ့.. တစ်နေ့နေ့ကို... မျှော်နေတာ....

ဆောင်းနှင်းရွက် said...

ခုချိန် စတွက် တို့၊ စိတ်ပင်ပန်းတာတို့ကို
ရောင်းစားလို့ ရရင် တော်တော် သူဌေး ဖြစ်နေလောက်ပြီနော် ..း))
စဉ်းစားမိတာ ပြောပါတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်းတဲ့ အရေးအသားတွေပဲ ညီမရေ

Crystal said...

အရမ်းကောင်းပါလား။ အိမ်ကို ဒါလေး ပြရအုံးမယ် :)
ရူပါလန်းချင်လို့ လာလာမန့်ရတယ်လေ :P

သက်တန့်ချို said...

တဂ်ပို့စ်လေးဖြေပေးပါဦး မဒိုးကန်ရေး))

http://www.thettantcho.com/2012/02/blog-post_29.html

ခင်မင်စွာဖြင့်

မဒယ်ကိုး သူငယ်ချင်း

သက်တန့်ကိုး

Z@! said...

ဖတ်ရင်း ဖတ်ရင်းနဲ့ မောမောလာတယ်။
အကုန်လုံးကလဲ မှန်နေတယ်။
အမဒိုးကန် နေနေတဲ့ ကျွန်းနိုင်ငံလေးက သူ့နိုင်ငံသား ဦးစားပေးရမယ်ဆိုတဲ့ မူကိုပြောင်းနေပေမယ့် ဒီမှာကတော့ နိုင်ငံခြားသားဆိုရင် အဖေခေါ်ချင်နေတဲ့ သူတွေ တစ်ပုံကြီး။ အစိုးရဌာနက လူကြီးတွေလဲ ပါရဲ့. အဲ့ဒါကလဲ စိတ်ပျက်စရာ တစ်ခုပါအမရေ..

ခင်တဲ့
စိုင်းစိုင်း

နေ၀သန် said...

မောတယ်ကွယ်... ရင်.. ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အားလုံး အဆင်ပြေပါစေဗျာ..

ခင်မင်လျက်
နေ၀သန်

ပန်းချီ said...

မဒမ်..အဖေ့ကိုပြောလိုက်ပါဦး။ အဲဒိဒေါ်တရုတ်မ နဲ့ ပုလင်းခွံရောင်းတဲ့ကုလားကို လုံးဝမျက်နှာသာမပေးပါနဲ့လို့ အကြွေးရှိတာလည်း ရှိတာပေါ့။ နိုင်ငံရေးတွေပါကုန်ပြီ လစ်မှး))

အဖေ နဲ့ ရွာကို မဒမ့်လိုပဲ လွမ်းနေတဲ့ ဒင် :D

မိုးငွေ့...... said...

မီးမှာ ဒိုးဒိုးလိုအဖေခေါ်စရာမရှိတော့ဘူး ဟင့် ဟင့်...။

မြသွေးနီ said...

ပြည်ပရောက် သမီးက အဖေဆီကို ရေးတဲ့ စာဆိုပေမယ့်... သားသမီးတိုင်းအတွက် ဒီထက်အများကြီး ဖြန့်ကျက်တွေးမိသွားတယ်...။

khin said...

ညလေးမဒမ်ရေ

ဘာလို.အမှန်တွေေ၇းနေတာလဲ၊ အချိန်နဲ.အမျှ အမေနဲ.ရွာကိုလွမ်းနေတာနော်...ငိုချင်လာပြီ....

မမကျား

ဖြိုးဇာနည် said...

စာရေးတာလေးကို အရမ်းသဘောကျမိပါတယ်

ဆက်သွယ်ရေး ကွန်ကြောင့် ညစ်ရတာပေါ့လေ

ပျော်ရွှင်ပါစေ

jasmine(တောင်ကြီး) said...

ရွှေဒိုးရေ
လွမ်းနေတဲ့ သမီးရေးတာတွေမှန်လွန်းနေတယ်

သမီးစံ said...

ဒီစာကို..
အစ်မဒိုးကန်ဖေဖေလည်းမြင်ပါစေ။
ညီမတို့ဖေဖေ..ဦးပြောင်ကြီးလည်းမြင်ပါစေ။း))

SHWE ZIN U said...

ညီမ ဒိုးကန် ရေ

စာလေးကမိုက်လိုက်တာ ဖတ်ပြီးတော့ ဘာပြောရမှန်းတောင်မသိတော့ဘူး

မောင်(စွယ်စုံကျမ်း) said...

မျှော်ရှာပြီထင်ပါလေရဲ့...ပြန်လာမယ့် ရက်ကို ရက်ကို .......အိမ်ပြန်ချင်ပြီ...မန်နေဂျာကဟောက် စူပါဗိုက်ဆာက ငေါက်...အဆင်ကမပြေ ဆံပင်ကရှည်
ပိုက်ဆံမရံမရှိပါဘူးဆို..ဖိနပ်သည်းကြိုးကပြတ်...

သဒ္ဓါလှိုင်း said...

ပြန်လာဖို့ အားအင်အပြည့်နဲ့ ကြိုနေမယ့် ညီမငယ်လေးရဲ့အဖေကို မှန်းဆမိပါတယ်။ ခက်ခဲပင်ပန်းတဲ့ အချိန်တခုကို ဖြတ်ကျော်ပြီးရင် နွေးထွေးတဲ့ ရင်ခွင်မှာ ခိုနားနိုင်မှာပါ ညီမငယ်လေးရေ.။ မိသားစုအမြန်ဆုံး ပြန်ဆုံခွင့်ရမှာပါ။
ချစ်တဲ့
မမသဒ္ဓါ

blackroze said...

ွှအမ

အိမ်ပြန်ချိန်အမြန်ဆုံးရောက်ပါစေနော်..

ပစ်ပစ်

Angelhlaing(May everybody be happy and healthy! said...

ထပ်တူမို့ ဘာပြောရမှန်း မသိအောင်ပါပဲ..မမရေ..:(

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကျုပ်လည်းဖတ်ရင်းနဲ့ နှလုံးသွေးတွေတဒုတ်ဒုတ်ခုန်ရတယ် ဒယ်အိုးရယ်
မြန်မာမှန်ရင် အပူသည်တွေချည်းပါလားလို့ဆိုရမလိုဖြစ်နေတယ်
ဟူးးး

Myat Pan Nwe (မြတ်ပန်းနွယ်) said...

သေသေချာချာ ဖတ်သွားခဲ့တယ် အစ်မရေ..

လေးစားစွာဖြင့်
မြတ်

8Yar said...

ဟုတ်တယ်ဗျာ။ သား သမီးတွေဘက်ကလည်း စဉ်းစားပေးစေချင်တယ်။ ကြာလေရင်မောလေပဲဗျာ။

mstint said...

သားသမီးတွေရဲ့ ညည်းသံလေးတွေဟာ
မိဘတွေအတွက် အစစအရာရာ ပြေလည်စေဘို့
ဆုတောင်းပေးနိုင်ရုံပဲရှိပေမယ့်
သားသမီးတွေရဲ့ တောင်းဆိုမှုလေးတွေမှန်သမျှ
နွေးထွေးစွာလက်ကမ်းလို့ကြိုဆိုနေတာ မိဘတွေပါ
မဒိုးရေ။ ရင်ထဲမှာအတော်ပေါ့သွားပြီလားဟင်?
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲသစ် said...

အပြန်လမ်းကို မြင်နေ သိနေ တွေ့ နေရက်နဲ့ မပြန်နိုင်သေးတာကလဲ ဝဋ်ကြွေးတစ်ခုပါဘဲ... ဒါပေမယ့် တစ်နေ့ ဝဋ်ကြွေးတွေ ကြေလို့ အိမ်ပြန်ချိန်ဆိုတာက ရောက်လာဦးမှာပါလေ...

san htun said...

ဘဝအမောတွေကို ဖတ်ရင်း ဝင်မောသွားတယ် ဒိုးကန်ရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီတစ်ခါ ဒေါ်တရုတ်မကို တွေ့ရင် ချောင်းရိုက်ပစ်မယ်
ပုလင်းရောင်းတဲ့ ကုလားကြီးကိုလည်း အုတ်ခဲကျိုးနဲ့ ပေါက်ပစ်မယ်အေ...
တို့အိမ်က ရှိတာလေးတွေ လာလာမျှော်နေတဲ့ ဒင်းတို့ကို မှတ်လောက်သာလောက်အောင် ဆုံးမရမယ်..
အဲ.. ဒါပေမဲ့ သူ့အကြွေးအရင်ဆပ်နိုင်အောင်လုပ်ရဦးမယ်. .
အဖေ့ကိုပြောပေးပါ... အကြွေးတွေ ကြေအောင် အရင်ဆပ်ကြပါစို့လို့.

ကြယ်ပြာ said...

ဒိုးကန်လေးရေ .... ပထမဖတ်တော့ အိမ့်အရေးမှတ်နေတာ ... ဖတ်ရင်းနဲ့မှ ဒီထက်ကျယ်မှန်းသိလာတယ်။ ကြယ်ပြာမှာလဲ ဒိုးကန်နဲ့ထပ်တူ ဒီလိုဖီလင်မျိုးရှိတယ်။ ဒီစာကို တကယ်သဘောကျတယ်။ ရွှေပြည်တော်ရယ် မျှော်လေးတိုင်းဝေးဆိုတဲ့ သီချင်းကို မဆိုချင်တော့ဘူးကွယ်။ ပိုကောင်းတဲ့နေရာလေးတစ်ခုဖြစ်ဖို့ တို့တွေလဲ ၀ိုင်းကြ ၀န်းကြရဦးမယ်။

အလွမ်းမြို့လေး said...

ဒိုးကန်ရေ..


အရေးအသား တကယ်ကောင်းတယ်။ လာအားပေး သွားတယ်။ ဆက်လက် အားပေးနေဦးမယ် ညလေး။
ပျော်ရွှင်ပါစေ။ ဘဝ တူတွေမို့ မညည်းငြူ ချင်တော့ပါဝူး ကွယ်။


ချစ်တဲ့
မမအလွမ်း

kokoseinygn said...

လိမ္မာလိုက်တဲ့သမီး
တော်လိုက်တာကွယ်။

ကူးကူးလှိုင် said...

မချောပြောသလိုပဲနော် အဖေရေ...အကြွေးတွေကျေအောင်အရင်ကြိုးစားဆပ်ကြတာပေါ့နော်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဖတ်ပြီးသားပမယ့် ပြန်ဖတ်တော့ ပြန်မောတယ် ဒိုးကန်

Related Posts Plugin for WordPress, Blogger...