Wednesday, December 21, 2011

လူကြုံ သယ်သွားပေးပါ

မဒမ်ရေ...
နေကောင်းရဲ့လား..။ရာသီဥတုက အေးနေပြီဆိုတော့ ကျန်းမာရေးတော့ ဂရုစိုက်ပါ။နှင်းရေထိရင် ရင်ကျပ် တတ်တယ် မဟုတ်လား.။မနက်စောစောတွေ နှင်းတောထဲ လမ်းလျှောက်ချင်တဲ့ စိတ်ကိုတော့ ချုပ်တီးပေါ့ ကွာ။ကျန်းမာရေးက အရေးကြီးတာကိုးကွ..။လောကမှာ ပစ္စည်းဥစ္စာဆုံးရှုံးတာထက် ကျန်းကျန်းမာမာနေရ တဲ့ဘ၀ကို ဆုံးရှုံးတာက ပိုပြီးစိတ်ပျက်ဖို့ကောင်းတယ် မဟုတ်လား..။အဲဒီတော့ သွားသတိ၊စားသတိရှိပါ မဒမ်..

မင်းကိုသာ ပြောရတာပါ.ကျုပ်တောင် ပြီးခဲ့တဲ့ရက်က ရင်ဘတ်တွေအောင့်လို့  ဆေးခန်းသွားပြရသေး တယ်။ သိပ်အထွေအထူးမရှိတာနဲ့ သောက်ဆေးပေးပြီး ပြန်လွှတ်လိုက်တယ်။ဒါကို မင်းကစိတ်ပူတော့ ဖုံးထဲမှာ “တော်ကလည်း ဆေးလေးဘာလေးထိုးတာမဟုတ်ဘူး။နေမကောင်းရင် ဆေးထိုးမှပျောက်တာ မဟုတ်လား” ဆိုပြီး ကျုပ်ကို မာန်မဲသေးတယ် မဟုတ်လား။အေးပေါ့လေ.ရွှေပြည်ကြီးမှာတော့ ဘယ်လိုကြောင့် ဆေးခန်း သွားပြပြ ဆေးထိုးပြီး ပြန်လွှတ်ပေးလိုက်တာများတော့ မင်းစိတ်ပူကောင်း ပူမှာပေါ့။ဒီမှာကတော့ မလိုအပ်ပဲ ဆရာဝန်တွေက ဆေးထိုးအပ် လုံးဝမကိုင်ကြဘူး မဒမ်။သောက်ဆေး ကောင်းကောင်းပဲပေးပြီး ပြန်လွှတ်ကြ တယ်။တော်ယုံရောဂါနဲ့ ဆေးမထိုးရတော့ ဆေးဖိုးလည်းသက်သာ ၀ါးခလည်း နည်းတာပေါ့မဒမ်ရယ်။


ကျန်းမာရေးမကောင်းရင် နေရထိုင်ရတာ မသက်သာလှဘူး။အဲ့ဒါကြောင့် ကိုယ့်ကိုယ်လည်း ဂရုစိုက်ပါ။ကိုယ့် -ရှေ့ မှာ နေမကောင်းတဲ့လူတွေရှိလည်း ကိုယ်ချင်းစာစိတ်နဲ့ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးပါ မဒမ်။ ကျုပ်တို့မြို့ လယ်က “စရိတ်မျှပေး ဆေးရုံကြီး”ဆိုတဲ့ ဧရာမဆိုင်းဘုတ်အောက်က စရိတ်အပြည့်အ၀ မပေးနိုင်လို့ ဆေးရုံမတက်နိုင်တဲ့ အခြေခံလူတန်းစားတွေ လိုမျိုးပေါ့။

ကျန်းမာရေးချည်း စွတ်မှာနေရတာနဲ့ မီးရေးထင်းရေးကိစ္စမေ့တော့မလို့။တစ်လတစ်လ ကျုပ်ပို့ပေးတဲ့ပမာဏ နဲ့ အိမ်စရိတ်လောက်ငရဲ့လား မဒမ်။ဒီကလူတွေက အိမ်ကိုငဲ့ရလို့..အိမ်ကလူတွေက ဒီကို ပြန်ငဲ့ရလို့ အရာ ရာကို မပြောမဆိုပဲနဲ့တော့ မနေပါနဲ့။ပြေးကြည့်မှ ဒီမိသားစုလေးပဲ ရှိတယ်မဟုတ်လား။ကုန်ဈေးနှုန်း ကြီးမြင့် တယ်ဆိုပြီး အရာရာကို မချွေတာပါနဲ့..။ဘုရားရှိခိုင်းတိုင်း ကုန်ဈေးနှုန်းကို ကလဖန်ထိုးနေတဲ့ ထိုင်ခုံပေါ်က ကိုကုလားကိုလည်း မေတ္တာလေး ဘာလေးပို့ပေါ့။“ကျုပ်တို့ရွာလေးမှာ အရင်လို သုံးနာရီတစ်ခါလောက် မီး ပျက်တာတော့ ကြဲသွားတယ်တော်ရေ”လို့ မင်းပြောတဲ့အသံကို ကြားတော့ ရွာကလူတွေအတွက် ၀မ်းသာမိ တယ်..မဒမ်။ဖယောင်းတိုင်ဖိုးအတွက် ကုန်ကျတာတွေကို အခြားဘက်မှာ ဖာထေးလို့ရတာပေါ့။“ရွှေနိုင်ငံ ကြီးမှာ လျှပ်စစ်အင်းအား လောက်ငယုံတင်မကဘူး ပိုလျှံနေတဲ့မီဂါဝပ်(၀်)တွေကိုတောင် နိုင်ငံခြားကို ရောင်း စားနေရပါတယ်”ဆိုတဲ့ ကြေညာစာတမ်းကို မီးစက်ကြီးနှိုးပြီးဖတ်ပြနေတာမြင်တော့ ကျုပ်ဖြင့် တယ်သဘော ကျမိပေါ့ မဒမ်ရယ်။

သြော်..ဒါနဲ့ ဒီလကုန်ရင် ကျုင်းပနေကြ သံဃာတော်တွေစာပြန်ပွဲအတွက် ရန်ပုံငွေရှာတဲ့ ပြဇာတ်ကို ရွာမှာ အစမ်းလေ့ကျင့်ကြတော့ ရွာလယ်ကလမ်းမှာ စံဖဲခေါင်းကို တုတ်နဲ့ရိုက်တဲ့အခန်း မထည့်ရဘူးဆိုတာ ဟုတ် သလား မဒမ်..။စံဖဲကြီး သနားစရာကွာ ရုပ်ကလည်းဆိုး ဇာတ်ထဲလည်းအတော်ပါချင်တဲ့ကောင်ကြီး..ရွာက လူတွေက သနားလို့ ခေါင်းကိုအရိုက်ခံပြီးသေသွားတဲ့အခန်းလေးတစ်ခန်း ထည့်ပေးတာတောင် သူ့ခမျာ မပါ ရဘူး။ရွာလည်မှာ ခေါင်းကို တုတ်နဲ့ရိုက်တယ်ဆိုတဲ့အခန်းဟာ ရပ်ရွာအေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်တယ်ဆိုပြီး ပယ်လိုက်တာဆိုတော့လည်း မှန်ပါတယ် မဒမ်။ပြဇာတ်ထဲမှာ အဲ့ဒီ အခန်းမပါလည်း ကျန် တာနဲ့ ဆက်ကကြပေါ့ကွာ.။သြော်.မင်း ဒီတစ်ခါမြို့ သွားပြီး ပြဇာတ်အတွက် လိုအပ်တာလေးတွေသွားဝယ်ရင် ဟိုသတင်းလေး ဘာထူးသေးလဲ နည်းနည်းနားစွင့်ခဲ့ပါအုံး။မြောက်ဥက္ကလာ ရပ်ကွက်တစ်ခုက အရက်ဆိုင် မှာ လူတစ်ယောက်ကို ဆယ့်ငါးယောက်လောက်က ဓါးနဲ့ဝိုင်းမွှန်းကြတယ်ဆိုတာလေးလေ..ပြဇာတ်ထဲမှာ သာဆိုရင် အဲဒီလူ ကံကာင်းလောက်တယ်ကွာ..ခုတော့...။

ဒါနဲ့မဒမ်ရေ..ကျုပ်ဒီနေ့  youtubeသတင်းမှာ မြောက်ကိုးရီးယားရဲ့ အာဏာရှင်ကြီး ရထားစီးရင်း ခေါက်ကနဲ နှလုံးရောဂါနဲ့ သေဆုံးသွားတယ်ဆိုတဲ့ ကြေညာချက်လေးကို ကြည့်မိတယ် မဒမ်။တစ်ကမ္ဘာလုံးက ကင်ဂျုံအီ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို မကောင်းဆိုးဝါးတစ်ကောင်လို မြင်နေကြပေမဲ့ မြောက်ကိုးရီးယား သတင်းကြေညာသူ အမျိုးသမီးရဲ့ အသံကတော့ တကယ့်နိုင်ငံခေါင်းဆောင်တစ်ဦးကို ဆုံးရှုံးသွားရလို့ အသံတွေတုန်ရီစွာနဲ့ မျက်ရည်မကျအောင် ထိန်းပြီးကြေညာနေတာကို မြင်ရတော့ ကျုပ်ဖြင့်အံ့တွေသြမိတယ်။သတင်းကြေညာသူ အမျိုးသမီးတင်မကဘူး တစ်နိုင်ငံလုံးကပါ ၀မ်းနည်းခြင်းအထိမ်းအမှတ်နဲ့  ငြိမ်သက်ပေးကြတယ်ဆိုတော့ ကျုပ်ဖြင့် ကိုယ့်နားကိုယ်တောင် မယုံချင်ဘူး။“တစ်ကမ္ဘာလုံးက ပစ်မှတ်ထားခံရတာခြင်းအတူတူ ကျုပ်တို့ရွာ သူကြီးကျတော့ ဘာဖြစ်လို့ မြို့ မေတ္တာကိုမရတာလဲ” ဆိုတာကို ကျုပ်တွေးမိနေတာသာသိရင် မဒမ်ကတော့ အိမ်အပေါက်ကို ကပျာကယာပြေးပိတ်ပြီး ကျုပ်ဗိုက်ကိုလိမ်ဆွဲမှာ မြင်ယောင်မိတယ်။သာမာန်အားဖြင့် လူ တစ်ယောက်၊ သက်ရှိသတ္တ၀ါတစ်ယောက်သေဆုံးတာဟာ ၀မ်းနည်းစရာကောင်းပေမဲ့ လူကို လူလိုမသတ် မှတ်တဲ့ အထင်ကရ အာဏာရှင်ကြီးတွေ အစီအရီကျဆုံးတာကိုမြင်ရတော့ ကျုပ်ဝမ်းသာမိတယ် မဒမ်။၂၀၁၁ ခုနှစ်ကြီးကတော့ ကုန်ခါနီးလေ စိတ်လှုပ်ရှားစရာ ကောင်းလေပါပဲလားကွာ။ကျန်နေသေးတဲ့ တပတ်လောက် အကွာအဝေးမှာ ဘယ်က အာဏာရှင်တွေကိုများ သူထပ်ခေါ်သွားလေအုံးမလဲလို့ ကျုပ်တွေးရင် ငရဲတွေများ ကြီးနေမလား ဒမ်ကလေးရဲ့...

ကဲ..စာလည်းရှည်ပြီ ဒမ်ကလေးရေ..။ညဥ့်လည်း နက်ပြီ..မနက်အလုပ်သွားရတော့မှာမို့ ဒီလောက်နဲ့ပဲ ရပ်ေ တာ့မယ်ကွာ။ရာသီဥတု အေးလာပြီဆိုတော့ အမေ့ကိုလည်း ဂရုစိုက်ပေးအုံး။ဒီရာသီကလူကြီးတွေ လေဖြတ် တတ်တယ်..ကောင်းကောင်း ဂရုစိုက်ပေးပါ။မင်းလည်း ကိုးရီးယားကားတွေပဲ အရမ်းကြည့်မနေနဲ့။အဲဒီ ဟာတာတွေက စွဲတယ်ကွ..။ကျန်တဲ့အရာတွေ ဂရုစိုက်ဖို့လည်း လုပ်အုံး...နော့..။

အမေလည်း နေကောင်းပါစေ..
ဒမ်ကလေးလည်း နေကောင်းပါစေ..
အိမ်က နွားအိုကြီးတွေလည်း နေကောင်းကြပါစေကွာ..
ချစ်တဲ့
ကိုရင်
22:15(GMT)

26 comments:

Angelhlaing(May everybody be happy and healthy! said...

အဓိပ္ပါယ်အပြည့်နဲ့ မဒမ်ကိုပေးတဲ့ စာလေးပါလားအကို...

တောက်ပကြယ်စင် said...

မဒမ်ရေ ရော့ ကိုရင့်ဆီက စာလာတယ်။ ဘုန်းဘုန်းကတော့ လမ်းမှာတင် ဖောက်ဖတ်ထားပြီးပြီ။ မှတ်သားစရာလေးတွေ ပါတယ်ကွယ့်...

TZH1985 said...

ကောင်းလိုက်တဲ့စာ... ဖတ်ရတာ ပြည့်စုံသွားတာပဲ...

လမင်းငယ် said...

ကိုရင်ရေ ၀မ်းနည်းလို့ငိုတာမဖြစ်နိုင်ပါဘူး
အသတ်ခံရမှာဆိုတာကြောင့်ထင်ပါ :P

မီးမီးငယ် said...

ကိုရင်ရောငိုမိသေးလား...၊
စက်လှေခါးကိုဖက်ငိုကြတာ..။
အံသြနေတာ။
ကိုရင်လိုပါဘဲ..။
မဆီမဆိုင်သွားသတိရမိပါတယ်။
လူခီးလူဂေါင်းများတသိုက်ကို..။

Thandar Lwin said...

သူတို့ ငိုတာ က ဒိထက်ဆိုးတဲ့သူတက်လာမှာကြောက်လို့ ဖြစ်မယ် ။
မေတ်တာအပြည့်နဲ့ ကိုရင့်စာဖတ်ပြီး ကြည်နူးသွားတယ် ။

သူကြီးမင်း (တုံးဖလား) said...

တိုရင်..
စာတစ်တန် ပေတစ်တန် ရေးရအောင် မဒမ်တစ်ယောက်က စာကော ဖတ်တတ်ရဲ့လား။ စာတတ်မြောက်ရေးလှုပ်ရှားမှုတုန်းက ၀ထကလသ လေးတောင် အနိုင်နိုင် နှလုံးသွင်းခဲ့ရတာ မဟုတ်လား။း)

ဒါနဲ့..
ဟိုဟာလေးလဲ မဒမ်ကို အမှာပါးလိုက်ဦးလေ။
ညံမာ့ညံမာ့ညုတ်ချင် ဆိုတဲ့ အချပ်ကလေးကို ကြည့်ပြိးရင် တစ်ခါထဲ ရီဆိုင်ကယ်ဘင်ထဲ ထည့်လိုက်ဦးလို့။
တော်ကြာ နွားအိုကြီးတွေ အစာကျွေးခွင့်မရဘဲ ဖြစ်နေဦးမယ်လို့။း)

၂၀၁၁မှာ မျက်ခုံးလှုပ်နေကြတဲ့ သူတွေအတွက်လဲ သာပါစေ မာပါစေ ဟောတု ဆိုပြီး ညှစ်တာ ညားညား ပို့ခိုင်းဦး။ ကုသိုလ်ဆိုတာ ရှာတတ်ရင် ယူတတ်ရင် လွယ်လွယ်လေးပါလို့။

ဖူးးးးး
မောသွားပြီ။ အများကြီးရေးလိုက်ရလို့။

မောင်သီဟ said...

ဗိုက်ခေါက်တော့ဆွဲလိမ်ခံရတော့မယ် ဟွင်းဟွင်း
ရွာသူကြီး မေတ္တာမရတာက ရွာသားတွေမေတ္တာမပို့လို့ပေါ့ မောင်ရင်ရယ်း)

ကျန်းမာရေးကိုလည်းဂရုစိုက်ဟ
hati hati

မောင်ဘကြိုင်

စံပယ်ချို said...

ကင်ကို တကမ္ဘာလုံးကမုန်းပေမယ့် သူတို့မမုန်းဘူးလေ
ကင်ကိုယ်တိုင်သလဲ သူတို့ကိုချစ်တာကိုး
မဒမ်အတွက်စိတ်မပူပါနဲ့ ဂျက်ကြည့်ထားပါတယ်ကိုရင်ရေ

ချောကလက်ကျူးပစ်လေး said...
This comment has been removed by the author.
ချောကလက်ကျူးပစ်လေး said...

ငိုကြမှာပေါ့
ကင်ကမြောက်ကိုရီးယားကောင်းစားဖို့လုပ်တာလေ
....များကျတော့.....

ကြည်နူးစရာ
ပေးစာလေးတစ်ပုဒ်ကို
အားပေးသွားတယ်
ဗျာ့...

အမ်တီအန် said...

မဒမ်သို့ မှာတမ်းချင်းလေးပေါ့...။ တမ်းချင်းလေးက သတင်းအစုံအလင်နဲ့မို့ စိတ်ဝင်စားစွာ အားပေးသွားပါကြောင်း။

ကိုတူး said...

ဒမ်ဒမ် ကို ပေးတဲ့စာထဲမှာ ချစ်တယ်ဆိုတာလည်း ပါဝူးးးးး :D

8Yar said...

ဟီး..... အစ်ကိုရင်ရေးထားတာ လန်ထွက်နေတာပဲ။ ဟုတ်တယ် ကိုရီးယားကလူတွေ ငိုနေကြတယ်။ ဘာဖြစ်လို့လဲဆို တော့ ကင် ထက်ပိုဆိုးတဲ့ သူသား အုပ်ချုပ်မှာမို့လို့ လို့ထင်တာပဲ။ :P

Thameesan said...

ကိုရင့်စာကို..
တကယ်ပဲ..
မီးစက်နှိုးပြီး
ဖတ်နေရတယ်ဗျို့
အမှတ်တရပါပဲး))
မဒမ်လည်း.နေကောင်းကျန်းမာပါစေ :P

လွင်ပြင်လှိုင်းငယ် said...

မှားတမ်းလေးက ကောင်းပါ့
စာထဲမှာ ချစ်တယ်မပါပေမဲ့ ဂရုစိုက်မှု့တွေက ချစ်တယ်ဆိုတာပြောဖို့မလိုတဲ့သက်သေပါပဲလေ။

khin said...

ကိုရင်ရေ

ကို၇င.် လိုဘဲပြောချင်လိုက်တာ ကြာပေါ.၊ ဒါပေမဲ.ဘဘဦးဝင်းတင်ပြောသလို အကြောက်တရားတွေနဲ. အုပ်ချုပ်ထားတာခံခဲ.ရတော. ဒီဘက်ရောက်တာတောင် ကြောက်တုန်းဘဲ(ရေး၇င်းတောင် ဘဲသိမ်းတွေထလာပြီ) ကိုရင်ရေ။ မဒမ်လေးကိုလည်းနှုတ်ဆက်လိုက်ပါတယ်နော်။

သဒ္ဓါလှိုင်း said...

လူကြုံသယ်သွားပေးပါဆိုလို့ မမသဒ္ဓါတယောက် မနိုင်မနင်းနဲ့ကို သယ်လာပေးပါတယ် ညီမငယ်မဒမ်ရေ။ ကျန်းမာရေးလည်း ဂရုစိုက်နော်.နော်။
ချစ်တဲ့
မမသဒ္ဓါ

Cameron said...

ကိုရင်ရဲ့မဒမ်ကလေး....ကျန်းမာရေးဂရုစိုက်နော်....သိပ်မကြာခင်မှာ ရောက်လာတော့မယ့် လောကသစ်လူသားလေးကိုမျှော်နေမယ်...။

Candy said...

မမ မဒိုးကန်ရုပ်ကြီးဖြီးနေမှာ မြင်ယောင်သေးတယ် ဟိဟိ :P

...အလင်းစက်များ said...

စံဖဲ တုတ်နဲ့  အရိုက်ခံရတာတော့ မထည့်ရဘူး။ ကိုရင့်ကို တုတ်နဲ့  ရိုက်ခန်းပဲ ထည့်မယ့်။ မဒမ်ရေ။ ဒုတ်ကောင်းကောင်းနဲ့ ဆော်ဗျိုး။ :P

အာဏာရှင်တွေ လည်း ကျဆုံးရတတ်ပါကြောင်း

ညီရဲသစ် said...

လူကြုံသယ်သွားပေးပါဆိုပြီး ဘလော့ပေါ်တင်လိုက်တော့ ဘယ်လို သယ်သွားရတော့မလဲ ကိုရင်ရဲ့ ...

ညိမ်းနိုင် said...

ကဲကဲ လူကြုံသယ်သွားပေးဆိုတော့လည်းသယ်သွားပေး
ရတာပေါ့လေ....မဒမ့်ဆီကိုတော့ဟုတ်ဝူး....၊ဘဘင်္ကြီးတို့
ဆီ....:))))

ချော(အစိမ်းရောင်လွင်ပြင်) said...

မြောက်ကိုးရီးယားတွေ ငိုတဲ့ ပုံကြည့်ပြီး
တို့တွေလည်း အလှည့်ရောက်လာရင် ခုလိုငိုရင်ကောင်းမလားလို့ စဉ်းစားနေမိတယ်
အငို အရင်ကျင့်ထားဦးမှ
တော်ကြာဟိုရှေ့ရောက်ရင် မျက်ရည်မထွက်ဘဲ နေဦးမယ်..
အတော်ငိုနိုင်တဲ့ ကိုးရီးယားတွေနော် တစ်ချို့မှာ လူးလိမ့်နေလိုက်သေးတယ်
ရုပ်ရှင်မင်းသားခေါ်ရိုက်ဖို့တောင် ကောင်းသေးး)

San San Htun said...

တို့ ပြည်ကြီးက တယောက်သူများ ဂန့် သွားရင် အားလုံးက R.I.H လို့  ဝမ်းမြောက်ဝမ်းသာ သြဘာပေးကြမှာ

မိုးဇက် said...

ဟိုက် ......ဖတ်နေရင်းနှင့် မီးပျက်သွားလို့ .....ဖယောင်းတိုင်ထွန်းပီး ပီးအောင်ဆက်ဖက်လိုက်ရတယ် .........

Related Posts Plugin for WordPress, Blogger...