Monday, November 28, 2011

တစ်ကြောင်းရေး နှစ်ကြောင်းခြစ်

ဒီကနေ့ အလုပ်ထဲမှာ အတူတူအလုပ် လုပ်တဲ့ သူငယ်ချင်းတစ်ယောက်က “သေဆုံးခြင်းကို မင်း ဘယ်လို အဓိပ္ပါယ်ဖွင့်မလဲ” ဆိုပြီး ဘာ့ကြောင့်မှန်းမသိ ဆိုင်းမဆင့် ဘုံမဆင့် ခပ်တည်တည် မေးလာတယ်။

“ငါ သေချာတော့ မသိဘူး..။ငါဖတ်ဘူးတဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ သေဆုံးခြင်းဆိုတာ ဘာမှန်းမသိတဲ့ -နေရာတစ်ခုကနေ ဘာမှန်းမသိတဲ့ နောက်နေရာတစ်ခုကို ရွှေ့တာ..အင်္ဂလိပ်လိုဆိုရင်တော့ From unknown to another unknown ဆိုပြီး ငါဖတ်ခဲ့ဘူးတယ်.. ဘာဖြစ်လို့လဲ မင်းသေတော့မလို့လား..ဟေ့ကောင်”ဆိုတော့ သူငယ်ချင်းက “ဟာ..ဒီကောင်ကတော့ လုပ်တော့မယ်.. ခုတစ်လော ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ၊ သူများသတ်လို့ -သေတာတွေ နည်းနည်း ဟော့ဖြစ်နေလို့ပါကွာ..ညက သတင်းထဲမှာလည်း ငါကြိုက်ခဲ့ဘူးတဲ့ ဂယ်ရီစပိဒ်ဆိုတဲ့ ဝေလ်းလက်ရွေးစင် ဘောလုံးသမားကြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့သတင်း ပါလာ တယ်၊ အဲဒါကြောင့် မင်းကို မေးကြည့်တာ”..တဲ့။

“အင်း..လာခြင်းမကောင်းခဲ့လို့ ပြန်ခြင်းမကောင်းတဲ့သဘောပဲပါ့ကွာ၊နောက်တစ်ခုက မင်းတို့ငါတို့ ပြန်လည် ပြင်ဆင်လို့မရတဲ့ ငါတို့ရဲ့ ရှင်သန်ခြင်း ဖိုင်တွဲကြီးထဲက ဇာတ်သိမ်းခန်း တစ်ခုပေါ့ကွာ”လို့ဆိုတော့ သူက ပြုံးတယ်..။

“ဟဟဟ..မင်းတောင် တော်တော်တိုးတက်လာပြီပဲ..ဟုတ်တယ်ကွ..၊ပြင်ဆင်ခွင့်မရှိတဲ့အရာကို ပြင်ဆင်နေ ကြလို့ ငါတို့တွေ တစ်နေ့တခြား မွန်းကျပ်လာကြတာဖြစ်မယ်..” တဲ့..သူက ဆက်ပြောသေးတယ်..။

“မင်းစဉ်းစားကြည့်လေ..ငါတို့တွေ အသက်ရှင်ရဖို့ ရုန်းကန်ရတာ တစ်နေ့ထက်တစ်နေ့ ပိုပြီးလွယ်ကူ လာတယ်လို့ မင်းထင်လား.. စိတ်ပျက်စရာ လောကကြီးကွာ..တစ်နေ့ ပိုပြီးလျင်မြန်လာတာနဲ့ တစ်နေ့ ပိုပြီး နှေးကွးဖို့ နီးလာတယ်။တစ်နေ့ ပိုနုပျိုလာတာနဲ့ တစ်နေ့ ပိုပြီးအိုလာတာပဲလေ..ဘယ်နေရာမှာ အသက် ရှင်ရှင် အတူတူပါပဲကွာ” ဆိုပြီး ဆေးလိပ်တစ်လိပ်ကို အားရပါးရ ရှိုက်တယ်။

“.ဆက်ပါအုံး..မင်း ဒိုင်ယာလော့တွေ..”

“ဒါ ဒိုင်ယာလော့ မဟုတ်ဘူးကွ..မင်းတို့ ငါတို့ နေ့တိုင်း သွားရင်းလာရင်း ကြုံနေရတာတွေပဲ...တစ်ခုခု အဆင်ပြေနေရင် တစ်ခုခုကတော့ ဆုတ်ယုတ်လာတာပဲလေ..အခု မင်းတို့ ငါတို့ နိုင်ငံခြားရောက်နေတဲ့ သူတွေနဲ့ ငါတို့ ရွှေပြည်ကြီးက လူတွေ ဆိုပါစို့..

သူတို့တွေ ထမင်းမငတ်ပေမဲ့ ဟင်းငတ်နေကြတယ်။သူတို့တွေအတွက် စာသင်ကျောင်း မငတ်ပေမဲ့ ပညာငတ်နေကြတယ်၊သူတို့တွေ လေ မငတ်ပေမဲ့ အောက်စီဂျင် ငတ်နေကြ တယ်။မင်းတို့ ငါတို့ကရော ဘာထူးလဲ..ဒီမှာ ရုန်းကန်နေကြတာ ဘယ်လောက်တောင် ကြာနေပြီလဲ.ဒါပေမဲ့ ငါတို့တွေလည်း အခုထိ လူသားဆန်တဲ့ အပြုအမူတွေ ငတ်နေကြတာပဲလေ..အဲဒီလို လိုတာမရ ရတာမလို အကြောင်းအမျိုးမျိုးေ ကြာင့် မင်းတို့ငါတို့ရဲ့ ရှင်သန်ခွင့်တွေ ဈေးကြီးလာတာနဲ့ တပြိုင်တည်းမှာ သေဆုံးခွင့်တန်ဖိုးတွေ တစ်နေ့ တစ်ခြား လျော့ကျလာတယ်ကွ..။အဲဒါကြောင့် ရှင်သန်ဖို့ထက် သေဆုံးဖို့ကို လူတွေ ရွေးချယ် လာကြတာ ဖြစ်မယ်..ငါကတော့ အဲလိုပဲတွေးမိတယ်..”ဆိုပြီး တရှည်းတဝေးကြီး ပြောပြီး သူ့အလုပ်ရှိရာကို ပြန်သွားတယ်။

“ရှင်သန်ခွင့်တွေ ဈေးကြီးလာတာနဲ့အမျှ သေဆုံးခွင့်တွေ ဈေးသက်သာလာတယ်တဲ့လား..ဟူးးးး ”..

အဲဒီအတွေးက အခု စာကြည့်စားပွဲထိုင်ပြီး အသိတွေရဲ့ ဘလော့တွေ လိုက်ဖတ်တဲ့အထိ ခေါင်းထဲက မထွက် ဘူး။တကယ်လို့ ငါ့ရဲ့ ရှင်သန်ခွင့်က သိပ်ကို တန်ဖိုးကြီးနေပြီဆိုရင်ရော...ငါဘာလုပ်မိမလဲ..တန်ဖိုးလျော့ ကျလာတဲ့ သေဆုံးခွင့်ကိုများ ငါ သက်တောင့်သက်သာနဲ့ ရွေးနေမလားပဲ”ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့ခဏတော့ “ငါ..အဲလိုလူ မဟုတ်ပါဘူး.” ဆိုတာထက် “မဟုတ်လောက်ပါဘူး”ဆိုတဲ့ ခပ်ရဲ့ရဲ့ အဖြေပဲ ရလိုက်တယ်..။ဘာ့ကြောင့်များပါလိမ့်....။

 လူတွေကတော့ သေဆုံးနေကြတာပါပဲ..။မဆီမဆိုင် စမ်းချောင်းလေးက ထအော်တယ်..
“Men may come and men may go, but i go on 4ever”တဲ့..။


ဘယ်လိုပဲဖြစ်ဖြစ် တချိန်ချိန်တော့ ငါတို့တွေ အားလုံးရဲ့ ရှင်သန်ခွင့်တန်ဖိုးတွေ လျော့ကျလာနိုင်ကောင်းပါရဲ့.. ဘယ်အချိန်မှန်းမသိတဲ့ တစ်ချိန်ချိန်ပေါ့....

လေးစားစွာဖြင့်
ကိုရင်
02:54(GMT)

18 comments:

မအိမ်သူ said...

အမှန်တော့လည်း ရှင်သန်ခြင်းကော သေဆုံးခြင်းကော ကိုယ်တွေပိုင်တာမှမဟုတ်ပဲလေ... ရှင်နေသေးတဲ့ လက်ရှိအချိန်လေးကို အကောင်းဆုံးဖြစ်အောင် လုပ်နေကြရတာပါပဲ... ပို့စ်လေးကောင်းတယ်ကိုရင်.. အတွေးတွေရသွားလို့ ဆက်တွေးလိုက်အုံးမယ်နော့..း)

ကိုကိုမောင်(ပန်းရနံ့) said...

ဆိုရိုးစကားတစ်ခု ကြားဖူးတယ်။ "ပြုံးနေတုန်း ခွဲရတာဘဲ ကောင်းပါတယ်"တဲ့။

အများတကာရဲ့ အပြုံးတွေကို ကြည်ကြည်သာသာရနေတုန်း သေဆုံးသွားရတော့ ပိုပြီး တန်ဖိုးတက်သွားတာပေါ့။
ဥပမာ။ ဗိုလ်ချုပ်ကိုကြည့်။ သူသာ အသက်မသေဘဲ ဆက်လက်အုပ်ချုပ်နေခဲ့မယ်ဆိုရင် အခုလောက် နာမည်ကောင်း ရချင်မှ ရမှာ။
ဒါဟာလဲ သေဆုံးခြင်း အနုပညာတစ်ခုပါဘဲ။

ကိုရင်... သိပ်ပြီး စဉ်းစားတွေးခေါ်မနေနဲ့။ တော်ကြာ ဆံပင်တွေ ကျဲတဲတဲဖြစ်လာလို့ မဒိုးပျိုက အဘိုးအိုဆိုပြီး လာကျီစယ်နေမှ ဒွတ်ခ။း))

ခင်မင်လျှက်
တဂျင်းမီးးးး

AH said...

တစ်ချို့ကျတော့လည်း လူသေပေမယ့်လည်း နာမည်က ကျန်ရစ်၊ တစ်ချို့လည်း လူမသေခင်ကထည်းက နာမည်က သေနေပြီးနေပြီ။ မည်သို့ပင်ဖြစ်စေ တစ်ခုခု တိုးတက်လာတော့လည်း တစ်ခုခုကတော့ ဆုတ်ယုတ်လာတာပေါ့ ကိုရင်ရေ.....

ခင်မင်စွာဖြင့်
AH

sosegado said...

သေဖို့မွေးလာကြတာပါပဲ၊
စမ်းချောင်းလေးလည်း အမြဲမဟုတ်ပါဘူး၊

မိုးငွေ့...... said...

တန်ဖိုးရှိတဲ့ပို့စ်လေးပဲ ကိုရင်...။

လွင်ပြင်လှိုင်းငယ် said...

အရမ်းကောင်းပါတယ်
တစ်နေ့တော့ ဒီလမ်းကို အားလုံးသွားကြရမှာပ့ပဲလေ

8Yar said...

ကောင်းတယ်ဗျာ တင်ပြပုံလေးရော အကြောင်းအရာလေးပါ။ သေခြင်းဟာ ရှင်ခြင်းနဲ့တွဲနေတာဆိုတော့ သေပြီးရင်ပြန်ရှင် ရအုံးမှာပေါ့ အစ်ကိုရင်ရယ်။

jasmine(တောင်ကြီး) said...

ကိုရင်တော်တော်မြင့်လာတယ်ဘယ်နဲ့
ဆင်ပေါ်တက်ရေးတာလား..ကွိကွိ
လူကတော့သေရမှာပါပဲနော်
နာမည်လေးတော့ချန်ထားချင်တယ်
ချစ်ချစ်ခင်ခင် jasmine

kokoseinygn said...

“Men may come and men may go, but i go on 4ever”တဲ့..။
ကျနော်လဲ ဒီကဗျာကိုအကြိုက်ဆုံးပါဗျာ....
ဒီနေ့စာပိုဒ်လေးက တကယ်ကောင်းတယ်...
ကိုရင်နဲ့ ညီမ ကျန်းမာပျော်ရွှင်ကြပါစေ။

Han Kyi said...

စိတ်လျှော့စမ်းပါ ကိုရင်ရယ်...အတွေးလျှော့ အလုပ်ပိုလုပ်လိုက်...ထိုင်တွေးနေရင်တော့ စိတ်ညစ်တာပဲ အဖတ်တင်မယ်...အချိန်တန်တော့လည်း နွားပိန်ကန်ပါလိမ့်မယ်...နေဖို့အချိန်ရှိသေးရင်လည်း ကောင်းကောင်းနေပြီး သေဖို့အချိန်ကျရင်လည်း နောက်ဆံမငင်ဘဲ သေကြတာပေါ့...ဘ၀ရဲ့ တန်ဖိုးက မြင့်ချင်သလောက်မြင့်ပါစေလေ...သေခြင်းကိုတော့ လွယ်လွယ်နဲ့ မရွေးဘူးဗျို့...အသက်ရှင်သန်နေထိုင်ခြင်းသည် လောကဓံကို ရင်ဆိုင်နေခြင်းဖြစ်သည်ဟု လက်ခံယုံကြည်ပါဆိုတဲ့ မောင်လှမျိုး(ချင်းချောင်းခြံ) ရဲ့ အဆိုအမိန့်ကို သဘောကျလွန်းလို့...

ညီရဲသစ် said...

အင်း... လျော့ကျလာနိုင်ကောင်းပါရဲ့ ကိုရင်ရယ်...
ကိုရင့်အယူအဆလေး သဘောကျတယ်ဗျာ...
ဒါပေမယ့် အဓိပ္ပါယ်မဲ့ သေဆုံးခြင်းကတော့ ဈေးပေါလွန်းပါတယ်ဗျာ...
တကယ်နှမြောဖို့ ကောင်းတယ်...

...အလင်းစက်များ said...

ရှင်သန်ခွင့်တွေ ဈေးကြီးလာတာနဲ့အမျှ သေဆုံးခွင့်တွေ ဈေးသက်သာလာတယ်တဲ့လား. ခုတစ်လော နည်းနည်း ဒီဝင် ချင်နေလို့  တွေးမိတာလေး တွေ ရှိနေတယ်။ ဒါမျိုးလေးတွေပေါ့ ကိုရင်ရေ။

ညိမ်းနိုင် said...

တွေးစရာရသွားတယ်....၊အတွေးတွေကို ပို့စ်အဖြစ်ချရေး
ကြည့်လိုက်ဦးမယ်ဗျာ....

မောင်(စွယ်စုံကျမ်း) said...

ကိုရင်တော့ ဆရာချက်ဆီက ကူးလာတာနေမှာယယလိုက်မမှီဘူးဗျာ..သားတို့ က ကလေးပဲဟားးးမိုး၇ွာရင်မိုးရေချိုးမယ်...မေမလာရင် နို့ စိုမယ်..ဖေဖေလာရင် ထန်းသီးခွဲစားမယ်...တိန်..(အညာသား ဆိုတော့ ကျုပ်တို့ ဘက်ကထန်းပင်ပဲပေါလို့ )

အလင်းသစ် said...

ရွှေယောက်ဖရေ.. ကျောတောင်ချမ်းသွားသဗျ။။
ရှင်သန်ခွင့်တွေ ဈေးကြီးလာတယ်ဆိုတာလည်း ကိုယ့်ရဲ့ လိုဘတွေ အတောမသတ်နိုင်ခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ထင်တာပါပဲ။။
ဘာပဲပြောပြော.. ဒီတလော ကိုယ့်ကိုကိုယ် သတ်သေတာတွေ တအားကြားကြားနေရတာ စိတ်မသက်သာဘူးဗျာ။။။
ဘယ်လောက် ဒုက္ခတွေများများ သေတော့ မသေချင်သေးဘူးဗျာ။။ ကိုယ့်အလှည့်ဆိုတာ မကြုံလာသေးသရွေ့ထိပေါ့။။။

san htun said...

"Men may come and men may go, but i go on 4ever” ဆယ်တန်းတုန်းက အင်္ဂလိပ်စာချိန်မှာ စာရွတ်ရတိုင်း အဲဒီအပိုဒ်ရောက်ရင် ဆိုရတာ အလိုက်လေးကောင်းလို့  အသံပြဲနဲ့  ကြုံးအော်ကြတာ မှတ်မိသေးတယ်..အသက်ရှင်နေတုန်းမှာ အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်နေကြတာပါပဲ..ဘယ်အချိန်သေမှာ ဘယ်သူသိတာ မှတ်လို့ ..

မြသွေးနီ said...

ရှင်တော်မြတ်ဘုရားတောင် ဒီလမ်းကို ရှောင်လွှဲလို့ မရခဲ့ဘူး။ ရခဲလှတဲ့ လူ့ဘ၀ကို ရပ်တည်ရှင်သန်နေချိန်လေးမှာတော့ တုန်းတိုက်တိုက်ကျားကိုက်ကိုက် ရင်ဆိုင်ပစ်လိုက်ချင်တာပါပဲ။ ဘ၀ရဲ့ စိန်ခေါ်မှုတွေက ဘ၀ကို ယုံကြည်ချက်နဲ့အတူ ပြန်အရောင်တောက်ပစေတယ်..လို့ ဖတ်ဘူးတာပဲ။

သမီးစံ said...

သြော်..
အနိစ္စ၊ဒုက္ခ၊အနတ္တ..
သတ္တ၀ါတွေ.ကျန်းမာချမ်းသာကြပါစေ။

...........:P

Related Posts Plugin for WordPress, Blogger...