Friday, August 26, 2011

အရိပ်



အရိပ်ဆိုတဲ့ အကြောင်းအရာ၊စကားစုလေးရဲ့ အဓိပ္ပါယ်ကို လူအမျိုးမျိုးက စိတ်အမျိုးမျိုးနဲ့ ဖွင့်ဆိုကြတယ်။စာ ရေးသူ၊စာဖတ်သူ အားလုံးသော လူတိုင်းလည်း ဖွင့်ဆိုခဲ့ဘူးကြမှာပါ။နေရာဒေသနဲ့ ဖွင့်ဆိုတဲ့သူရဲ့ အတ္ထုပ္ပတ္တိ၊ သူရဲ့စိတ်အခံပေါ် မူတည်ပြီး အရိပ်ရဲ့အဓိပ္ပါယ်အမျိုးမျိုး ဖြစ်သွားခဲ့ဟန်တူပါတယ်။

မည်သို့ပင် အဓိပ္ပါယ်ဖွင့်ကြသည်ဖြစ်စေ အရိပ်ဟာ အရိပ်ပါပဲ။ကိုယ်လုပ်သမျှ၊ပြောသမျှ၊ သွားသမျှ၊စားသမျှ၊ လာသမျှဟာ ကိုယ့်အရိပ်တွေပါပဲ။ဒါတွေကတော့ နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတဲ့ အရိပ်တွေလို့ ပြောလို့ ရပါ တယ်။နောက်..ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်အရိပ် အကုသိုလ်အရိပ် တွေကြတော့ လုံးဝမြင် တွေ့နိုင်ခြင်း မရှိတဲ့ အရိပ်တွေပေါ့။မြင်နိုင်တဲ့ အရိပ်ရော မမြင်နိုင်တဲ့ အရိပ်ပါ ကိုယ်နဲ့အမြဲ ထပ်ကျပ်မကွာ လိုက်နေကြတယ်။ ကမ္ဘာပေါ်မှာ ရှောင်ပုန်းလို့ မလွတ် နိုင်တဲ့အထဲမှာ အရိပ်က ထိပ်ဆုံးကပေါ့။အရိပ်ဆိုတဲ့ စကားလုံးရဲ့ ထူးခြား ချက်တစ်ခုက နည်းပညာ ဘယ်လောက် ထွန်းကားပါစေ ပြန်ဖျက်ပစ်လို့ မရနိုင်ပါဘူး။အရိပ်ကို အတုဖန် တီးပစ်လို့ မရနိုင်တာပါပဲ။

ကျွန်တော်တို့တွေ ကလေးဘ၀ကနေ ခုချိန်ထိ ဘုရားရိပ်၊သက်ဆိုင်ရာ တရားတော်ရိပ်၊မိဘရိပ်၊ဆရာရိပ် ဆိုတဲ့ အေးချမ်းတဲ့ အရိပ်အမျိုးမျိုးမှာ ခိုလှုံဘူးခဲ့ကြသလိုပဲ လူမှန်းသိတတ်စအရွယ်ကတည်းက ကျွန်တော်တို့ ကိုယ်တိုင် အရိပ်အမျိုးမျိုးကို ဖန်တီးခဲ့ကြပြီးပါပြီ။ကျွန်တော်တို့ ကိုယ်တိုင် အရိပ်အမျိုးမျိုးရဲ့ အနှစ်သာရကို တွေ့ရှိခဲ့ဘူးပြီးပါပြီ။အဲလိုပဲ အရိပ်အမျိုးအမျိုးရဲ့ ခြောက်လှန့်မှုကိုလည်း တစ်ကြိမ်ထက်မနည်း ခံခဲ့ကြဘူး မှာပါ။အဲဒီလိုပဲ သက်ရှိသတ္တ၀ါတိုင်းဟာ ကိုယ့်အရိပ်ကို ကိုယ်ပြန်ခိုလှုံနေကြရတယ်။ကောင်းတာပြုခဲ့တဲ့သူက တော့ ကိုယ်ပြုလုပ်လိုက်တဲ့ အကျိုးကြောင့် ကိုယ့်ရဲ့ အရိပ်ဟာ အေးချမ်းနေပြီး သူ့ရဲ့ အေးချမ်းမှုက ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာကို အေးချမ်းစေပါလိမ့်မယ်။မကောင်းတာ ပြုခဲ့ဘူးရင်တော့ အသက်တစ်ခါရှုလိုက်တိုင်း ကိုယ့် အရိပ်ကို ကိုယ်ပြန်ပြီး ကြောက်လန့်နေရပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင်လည်း အရိပ်ရဲ့ခြောက်လှန့်မှုကို ခံ ခဲ့ဘူးပါတယ်။ကောင်းတဲ့အရိပ်တွေ ထုတ်လုပ်ခဲ့ဘူးသလို တစ်သက်လုံး ကြောက်လန့်နေရမဲ့ အရိပ်တွေ လည်း ဖန်တီးခဲ့ဘူးတယ်။


ကိုယ့်အရိပ်ရဲ့ အစွမ်းသတ္တိတွေဟာ ကိုယ်အတွက်သာ အေးချမ်းမှုတွေ၊ပူလောင်မှု ပေးနိုင်သည်မဟုတ်ပဲ ကိုယ်ကျင် လည်ရာ ဝန်းကျင်ကိုလည်း ဖြန့်ကျက်ရှည်လျားလျက် ယစ်ပတ်နှောင်ဖွဲ့ နေပါတယ်။ တဖြေးဖြေး နှင့် နယ်ပယ်ချဲ့ထွင်ပြီး ပါတ်ဝန်းကျင်က အရာအားလုံးထံ သူ့သြဇာ သူ့အာဏာကို သက်ရောက်စေပါတယ်။ 

အဲဒီတော့ ကျွန်တော်တို့ အရိပ်ကို ဘယ်လိုဖန်တီးမလဲ။ဘယ်လိုအရိပ်အမျိုးကို ဖန်တီးကြမလဲ။

 လူနဲ့အရိပ် သဟဇာတဖြစ်ဖို့ လိုပါတယ်။ကိုယ့်ရဲ့စိတ်ကလေး ကြည်လင်အေးချမ်းနေသမျှ ကိုယ့်အရိပ်ဟာ အေးချမ်းသစ်လွင်နေပါလိမ့်မယ်။အရိပ်ရဲ့ ခြောက်လှန့်မှုက ကင်းဝေးဖို့ ခြောက်လှန်မဲ့ အရိပ်မျိုးကို မဖန်တီး ကြဖို့ လိုပါတယ်။ကျွန်တော်တို့ရဲ့ အရိပ်တွေကို ကိုယ်ကျင့်သီလချည်တိုင်မှာ မြဲအောင်ချည်ထား နိုင်သရွေ့ တော့ အရိပ်ရဲ့ ခြောက်လှန့်မှုက ဝေးနေကြမှာပါ။အဲဒီလို ချည်ထားနိုင်သရွေ့ အရိပ်ကလေးတွေဟာ ပါတ်ဝန်း ကျင်မှာ အနံ့အသက်ကင်းကင်းနဲ့ လင်းထိန်နေ  ကြမှာပါ။

ကျွန်တော်တို့တွေရော ဘယ်လို အရိပ်မျိုးတွေ ဖန်တီးခဲ့ကြပြီးပြီလဲ။ရှေ့ လျှောက်ရော ဘယ်လို အရိပ်မျိုးတွေ ဖနတီးသွားကြမလဲ။

ကျွန်တော်ကတော့ အရိပ်ဆိုတာ နောက်က ကပ်လိုနေယုံမဟုတ်ပဲ လူကိုအကောင်းဆုံး သတိပေးနိုင်တဲ့ သဘာဝတရားကြီးက ချီးမြှင့်ထားတဲ့ alarm တစ်ခုလို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်ဗျာ။

အေးချမ်းကြပါစေ...ကိုယ့်အရိပ်ကို ကိုယ်ပြန်ခိုလှုံနိုင်သူများ ဖြစ်ကြပါစေ..

ကိုရင်သာပျော့
00:10( GMT)

10 comments:

မဒမ်ကိုး said...

အင်းးးးးးးးးးးးးးးးးးးး
ကိုရင်ရေ ..ကျမတော့အေးချမ်းတဲ့အရိပ်မှာခိုလှုံချင်ပြီ

8Yar said...

အရိပ်ဆိုတာ နောက်က ကပ်လိုနေယုံမဟုတ်ပဲ လူကိုအကောင်းဆုံး သတိပေးနိုင်တဲ့ သဘာဝတရားကြီးက ချီးမြှင့်ထားတဲ့ alarm တစ်ခုလို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်ဗျာ။

အရိပ်ရဲ့ ဖွင့်ဆိုချက်လေးက တော်တော်ကောင်းတယ်ဗျာ။ အစ်ကိုရေ တစ်လက်စထဲပြောပါရစေ ကျွန်တော် link ယူသွားမယ်နော်။ :)

SHWE ZIN U said...

အမယ် အမယ် အေးချမ်းတဲ့ အရိပ်ဆိုပါလား ကဲ... ကိုရင် ရေ...

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါ့ ဟုတ်ပါ့။ ကိုယ့်အရိပ် ကိုယ့်ပြန်မချောက်ဖို့ အလမ်းလေးတွေ ပေးထားသင့်တာပေါ့။ စဉ်းစားတွေးတောတာလေး ကောင်းတယ်။

ခင်မင်လျက်

နေ၀သန် said...

ကောင်းတယ်ဗျာ.. ကိုယ့်အရိပ်ကိုတောင် မလုံ မဖြစ်ရအောင် နေတတ်စေမယ့် ပို့စ်လေးပါ... ဟိုစကားလည်းရှိတယ်လေ... ကိုယ်ရေးတဲ့သမိုင်းပြန်ဖျက်မရဘူးတဲ့....း))

ခင်မင်လျက်
နေ၀သန်

(အပေါ်ကဟာကို ခှုမှကြည့်မိတယ်.. ဒါဆို ကျွန်တော်လည်း ရူပါလန်းသွားပြီပေါ့.. ဟားဟား)

စံပယ်ချို said...

မဒမ်ကိုးက အေးချမ်းတဲ့ အရိပ်တဲ့
ပေးလိုက်ပါ ။
မပေးဘူးဆိုရင်တော့ ဗီဇာမပါပဲ
ဓားကိုင်လို့ လာရပါလိမ့်မယ်....

ညိမ်းနိုင် said...

အင်း...ကိုရင်ပြောမှ ကိုယ့်အရိပ်ကိုယ်ပြန်ကြည့်မိတယ်...။
တော်ပါသေးရဲ့....ကိုယ့်ပြန်ခြောက်လှန့်တဲ့အရိပ်မဟုတ်လို့.....:)။အစ်မမဒမ်ကိုးကတော့ အရိပ်ခိုချင်ပြီတဲ့...ကဲ....
ကိုရင်....ဘယ်နှယ်တုန်း.....:D

Anonymous said...

ကိုရင်သာပျော့ရေ....
“သစ်ပင်ရိပ်လှ၊ အေးမြပေတာ၊ ထိုထက်မိဘ၊ မင်းကသာပါ၊ ဆရာ့အရိပ်၊ လွန်သိပ်ချမ်းသာ၊ မြတ်ဘုရား၊ မှတ်သားမယှဉ်သာ”ဆိုတဲ့အတိုင်း အအေးမြဆုံးအရိပ်ကို ခိုလှုံပြီးတော့ အေးချမ်းတဲ့ဘ၀ကို ပိုင်နိုင်ပါစေဟု..

ချယ်ရီမြေ

blackroze said...

စစ်မှန်တဲ့အေးချမ်းတဲ့နားခိုရာ
အရိပ်လေးတစ်ခုကိုရဖို့အတွက်
ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်..

အမမဒမ်ကိုးကတော့
အရိပ်မှာနားခိုချင်ပြီ တဲ့နော်

Han Kyi said...

ကိုရင်သာပျော့ရဲ့ ဒီပို့စ်ကတော့ တကယ့်ကို စဉ်းစားစရာပေးတဲ့ပို့စ်ပါလား...အရိပ်...ကိုယ့်နောက်က အမြဲလိုက်နေမယ့် အရိပ်ပါ...ကိုရင်ပျော့ဆိုလိုတဲ့ အတိတ်ရဲ့အရိပ်အကြောင်းကို ဆက်စဉ်းစားမိပါရဲ့...

Related Posts Plugin for WordPress, Blogger...