Tuesday, August 23, 2011

အသစ်



အသစ်လို့ ဆိုလိုက်တာနဲ့ အားလုံးစိတ်မှာ မျက်စိထဲမှာ အသစ်လို့ ထင်ကြပါလိမ့်မယ်။တကယ်တော့ ကျွန်တော် ပြောမဲ့ အသစ်က အဲဒီ အသစ်ထက် နည်းနည်း ပိုသစ်တဲ့ အသစ်ပါ။

“ကိုရင်..အသစ်မလာတာ ကြာပြီနော်”..တဲ့။မဒမ်က သုံးလေးရက်ဆက်တိုက် အဆိုပြုလာတော့ ကျွန်တော် အိပ်ယာက ထရပြီ။အင်္ကျီအသစ် ဘောင်းဘီအသစ်ဝတ်ပြီး ကျွန်တော် အသစ်ရှိနိုင်မဲ့နေရာကို ထွက်လာခဲ့တ ယ်။အသစ်ဘယ်မှာ ရှိနိုင်မလဲ..လမ်းထိပ်က ကွမ်းယာဆိုင်မှာလား၊လ္ဘက်ရည်ဆိုင်မှာများ အသစ်ရှိနေမလား။ ဒါမှ မဟုတ် ကားဂိတ်မှာများလား..ဘုရားစောင်းတန်း ရောက်နေမလား စဉ်းစားရင်း တွေးရင်း အသစ်ကို ရှာမိတယ်။ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့ အိမ် သွားကြည့်မိတော့လည်း အသစ်ကို မတွေ့ခဲ့ရဘူး။ နောက်ဆုံး ရှိနိုင်မလားဆိုပြီး ခေါင်းရင်းက မှတ်စုစာအုပ်လေးကြားမှာပါ ရှာမိ တယ်။နေရာတွေသာ စုံသွား ရော ကျွန်တော် အသစ်ကို မတွေ့မိဘူး။

မတွေ့လည်း နေတော့ကွာဆိုပြီး နောက်ပြန်လှည့်မယ်ကြံတော့ ခရီးက အတော်ရောက်နှင့်နေပြီ။မထူးတော့ ဘူးဆိုပြီး ကုတင်အောက်ကနေ ကုတင်ပေါ်ပြန်တက် ခေါင်းအုံးအသစ်ကို အုံးပြီး စာအုပ်အသစ်ကို လှန် တယ်။“အရပ်တိုပြီး အရိပ်ရှည်သူများ အကြောင်း”တဲ့။စာအုပ်သာ ထက်ဝက်ကျိုးသွားရော အသစ်တွေ့ဖို့ နေနေသာသာ ဘယ်သူက အရပ်တိုပြီး ဘယ်အရာက အရိပ်ရှည်တာလဲဆိုတာနဲ့တင် တော်တော်ခေါင်းရှုပ် သွားတယ်။စာအုပ်ရဲ့ မျက်နှာဖုံးမှာတော့ “သင်တွေးရင် တွေးသလောက် အရိပ်ရှည်လာလိမ့်မယ်” တဲ့။သူက အရိပ်ရှည်မဲ့စာအုပ်..ကျွန်တော်က အသစ်လိုချင်တာဆိုတော့ စာအုပ်ကို အိပ်ယာဘေး ဘုတ်ကနဲချ။ပြီး တော့ စောင်ကို ဒူးဆစ်နားအထိ ဆွဲတင်ရင်း အသစ်အကြောင်းကို ထပ်တွေးမိတယ်။

“ငါ့စိတ်တွေ မွန်းကျပ်နေလို့များလား”ဆိုပြီး သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်တယ်..ပြီးတော့ သီတဂူဆရာ တော်ကြီးရဲ့ မြတ်ဘုရားရွှေတိဂုံကို ဖွင့်ပြီး တရားထဲမှာ စိတ်နှစ်ပြီး အသစ်ကို ရှာမိပြန်တယ်။ ဆရာတော် ကြီးရဲ့ အသံက ကြည်ပြီးအေးနေသလောက် စိတ်တွေက ဟိုရောက်ဒီရောက်။ရွှေတိဂုံဘုရားရောက် သွားလိုက်၊လိုင်းကားပေါ် တိုးကျိတ်စီးလိုက်၊“အတွဲများ မကဲရ”ဆိုတဲ့ဆိုးဘုတ်အောက် အပီကဲနေတဲ့ အတွဲတွေ ချောင်းကြည့်လိုက်နဲ့ တရားထဲလည်း စိတ်တွေက တ၀ဲလည်လည်၊တရားနဲ့ လူနဲ့ ဝေးနေတာ တော့ မဖြစ်နိုင်ပါဘူး..နားကျပ်နဲ့ကို တပ်ပြီး နားထောင်နေတာပဲ..တရားနဲ့ နှလုံးသား ဝေးနေတာဖြစ်မယ်။ ဒီအတိုင်းဆို တရားထဲမှာလည်း ငါအသစ်ရှာလို့ မရပြန်ဘူးပေါ့။တရားနာပြီး ငရဲယူသလို ဖြစ်နေတာ့ ဆရာ တော်ကြီးကို စိတ်ထဲက ဦးခိုက်ပြီး တရားထဲက ရုန်းထွက်မိပြန်တယ်။နားကျပ်ကိုဖြုတ်ရင်း စောင်ကို ခါးလောက်အထိ ဆွဲတင်မိတယ်။

ကမ္ဘာကို ဂြိုလ်သိမ်တစ်ခု ၀င်တိုက်ရင် အထိခိုက် အပျက်စီးဆုံးနိုင်ငံတွေက ဗြိတိန်နဲ့အမေရိကန် ဖြစ်လာနိုင် တယ်တဲ့။မနေ့က ဖတ်မိတဲ့ သတင်းတပုဒ်ပါ။တကယ်ပဲ ၀င်တိုက်တော့မှာလား မသိနိုင်ပေမဲ့ ထိခိုက်ပျက်စီးမဲ့ နိုင်ငံစာရင်းထဲမှာ ကိုယ်နေတဲ့ နိုင်ငံလေး ကပ်ပြီး ကျန်ခဲ့တာကိုပဲ အသာကျိတ်ပြုံးမိတယ်။အိန္ဒယနိုင်ငံ တောင် ပျက်စီးဆုံးရှုးမဲ့အထဲ ပါနေတယ်လို့ ပြောထားတော့ ကုလားပြည်က မီးခဏခဏပျက်တဲ့ တောရွာလေးမှာ နေတဲ့ အကိုတော်ကိုတောင် လက်တို့အုံးမှလို့ စာရင်းမှတ်ထားလိုက်တယ်။၂၀၁၂ ရုပ်ရှင် ကြည့်ပြီးကတည်းက ၂၀၁၁ ကုန်ခါ နီးလာလေလေ လူက အိပ်ရတာတောင် “ဘယ်အချိန် ၀ုန်းကနဲကြား လိုက်မလဲဟဲ့”ဆိုပြီး သွေးက ပျက်ချင်ချင်။ဒါတွေထဲ ဆက်ပြီး စီးမျောသွားရင် အသစ်နဲ့တွေ့နိုင်မလားဆိုပြီး စိတ်တွေကို ကိုယ်ပိုင်ဂြိုလ်တုနဲ့ လွှတ်တင်လိုက်တယ်။အပေါ်ဘက် အမြင့်ဆုံးဂြိုလ်ကနေ အဝေးဆုံ မြောက်ဝင်ရိုးစွန်းအထိ တွေးကြည့်ပေမဲ့ အသစ်ကတော့ ပျောက်ချက်သား ငြိမ်ချက်သားပဲ..။စောင်ကို ရင်ဘတ် အောက်နားထိ ဆွဲတင်ရင်း “ဘယ်မှာလဲ အသစ်”လို့ ကိုယ့်ကိုယ်ကိုယ် ခပ်တည်တည်မေးတော့ “မတွေ့ သေးဘူးဆိုပြီး” ခပ်တည်တည် ကိုယ်ကပဲ ပြန်ဖြေတယ်။

“ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်၊စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်ရမည်။ ပညာသည် လူ၏ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ ယုံသာမဟုတ်၊လူ၏ စိတ်နေစိတ်ထား အယူအဆများကို လည်း တိုးတက်စေရမည်။ရာဇ၀င်ကို သိယုံသာမဟုတ်၊ရာဇ၀င်ကို ဖန်တီးနိုင်ရမယ်”လို့ဗိုလ်ချုပ်အောင်ဆန်း က ဆိုခဲ့တာ ကြားဖူးတယ်။ဒါဆို ပညာတွေထဲမှာရော အသစ်ရနိုင်မလား..။ငါက ပညာဆိုပြီး ခေါင်းစဉ်တပ်ရင်တော့ ဂုရုတွေ ရယ်ကြတော့မယ်ထင်တယ်။အသစ်ကို မတွေ့နိုင်တဲ့အပြင် အရှက်ပါဗြန်း ဗြန်းကွဲနိုင်တဲ့ကိစ္စ..ဒါပေမဲ့ “ငါ့လို လူဘိန်းတွေပဲ ရာဇ၀င်ကိုဖန်တီးနေကြတာပဲ”ဆိုပြီး ဆက်တွေးမယ်ကြံ တော့ အသိစိတ်ရော မသိစိတ်ရောက ခွင့်မပြုဘူး။အသစ်ကို မတွေ့ရင် နေပါစေ..အဲဒီလမ်းတော့ မသွားလိုဘူးတဲ့..ဟိုကြည့်ဒီကြည့်နဲ့ စောင်ကို ရင်ဘတ်အပေါ်တည့်တည့်ထိ ဆွဲတင်လိုက်တယ်။

နီးစပ်ရာ လက်တစ်ဖက်က တီဗွီရမုလေးကို ကိုင်ပြီး မနေ့ကကတည်း မထုတ်ရသေးတဲ့ အခွေကို ပြန်ကြည့် တယ်။တီဗွီထဲမှာ အသစ်ကိုတွေ့လို တွေ့ညားပေါ့။အသက်အတော်ကြီးနေတဲ့ မင်းသားနဲ့ မင်းသမီးက ကျောင်းလွယ်အိတ်ကြီးတွေ လွယ်ပြီး အင်းယားကန်ဘောင်ထဲက ထွကလာတယ်။မြန်မာဇာတ်ကားတွေ လည်း အင်းယားကန်နဲ့ မိန်းထဲကနေ ရုန်းမထွက်နိုင်ကြသေးပါလား..မင်းသားအုပ်စုက ဒီဘက်လမ်းက လာတယ်။မင်းသမီးနဲ့ သူငယ်ချင်းသုံးယောက်က ဟိုဘက်လမ်းက လာတယ်..လမ်းထောင့်ချိုးကျတော့ ၀င်တိုက်မိတယ်။မင်းသမီးလက်ထဲက စာအုပ်ဖိုင်လေး လွတ်ကျတယ်။ပြန်ကောက်ပေးတယ်။“ပြီးတော့ သူငယ်ချင်းတွေ ဖြစ်သွားပြီ၊တစ်ခုခုသွာစားကြမယ်”ဆိုပြီး အုပ်စုလိုက် လစ်သွားကြတယ်။သူတို့နဲ့အတူ လိုက်ပြီး အင်းယားကန်ဘောင်မှာ အသစ်ကို တွေ့လိုတွေ့ငြား ရှာမိတယ်။ရှာလို့ ကောင်းနေဆဲမှာပဲ“အမေ့..လက်မဲကြီး..လက်မဲကြီး..ကလေး မင်းကို ငါသတ်ရလိမ့်မယ်”ဆိုလို့ ယောင်ပီး ရမုကို နှိပ်လိုက်မိတော့ ပိတ်သွားပါလေရောလား..လက်မဲကြီးနဲ့ ကလေးလည်း ဘယ်လို ဆက်ဖြစ်သွားလဲ မသိတော့သလို အသစ်လည်း အင်းယားကန်ဘောင်မှာ ရှိနေခဲ့လား..ကျန်နေခဲ့လား မသေချာတော့..။ဟိုကြည့်ဒီကြည့်နဲ့ပဲ စောင်ကို ရင်ဘတ်အထက်နားထိ ဆွဲတင်တယ်။

သူများ ဇနီးမောင်နှံကြား ရန်တိုက်ပေးတတ်တဲ့ blogger(ကို)ညိန်းနိုင်နဲ့ အိမ်ရှေ့ က ဒရိုင်ဘာ(ကို)ညိမ်းနိုင် ဘာကွာလဲစဉ်းစားပြီး အသစ်ကို ခြေရာခံမိပြန်တယ်။တစ်ယောက်က ဂွေကို ကိုင်ပြီး လှည့်တဲ့သူ၊လူများရင် ဟွန်းတီးတဲ့သူ၊ဂွင်တွေ့ရင်လည်း ရိုက်တတ်တယ်လို့ ပြောသံကြားပေမဲ့ blogger(ကို)ညိမ်းနိုင်ကတော့ ဂွင်တွေ့တိုင်း ရိုက်ဟန် မတူလောက်ပါဘူးဆိုပြီး ကိုယ့်ဘာသာကိုယ် ပြုံးရင်း ကိုယ့်လူကို အမှတ်ပိုပေးလိုက် တယ်။“ဟုတ်ပမလား”လို့ ပြန်မေးချင်စိတ် ပေါက်လာပေမဲ့ ပေါ်လာမှာစိုးလို့ ထပ်မမေးတော့ဘူး။အသစ်ကို မတွေ့နိုင်ပါလား..။စောင်ကို လည်ပင်းလောက်အထိ ဆွဲတင်မိတယ်။လူကလည်း တစ်စောင်းအနေအထား ကွေးကွေးလေး နေရာယူလိုက်တယ်။

“တရားရှာ ကိုယ်မှာတွေ့”တဲ့...အသစ်ကိုလည်း ငါ့ကိုယ်ထဲမှာ ပြန်ရှာမယ်ဆိုပြီး စောင်ကို ခေါင်းပါလုံအောင် ခြုံလိုက်တယ်။ကိုယ့်ရင်ဘတ်ကို ကိုယ်ဆွဲဖွင့်မိတော့ အပုပ်နံ့က ထောင်းကနဲ..အကုသိုလ်တွေ အထပ်လိုက် မြင်ရတယ်။ဟူး..စိတ်ပျက်စရာပဲ..မျက်ရည်တွေ၊နားကျည်းမုန်းတီးမှုတွေ၊ခွင့်လွှတ်မှုတွေ၊နားလည်မှုတွေ တစ်ခုမှ ကောင်းတာဆိုလို့ မတွေ့မိဘူး။အသစ်ကတော့ ဝေလာဝေးပေါ့။နှလုံးအိမ်ကို ခပ်ဖွဖွဆုပ်ကိုင်ကြည့် တော့ မဲညစ်ညစ် နှလုံးသွေးတွေထဲမှာ မဒမ်ရဲ့မျက်ရည်စတစ်ချို့ ကို တွေ့လိုက်ရတယ်။ထပ်မရှာရဲတော့ဘူး။ ဘာ့ကြောင့်မှန်း မသိပေမဲ့ ထပ်မရှာရဲတော့ဘူး။
အသစ်က ငါနဲ့ ခပ်ဝေးဝေးမှာ ရောက်နေပြီလား..ဒါမှမဟုတ် ငါကအသစ်ရဲ့ ခပ်ဝေးဝေးကို ရောက်နေတာ လား...ငါရှာနေတဲ့ အသစ်ကရော ဘာလဲ...ဘယ်လို အသစ်မျိုးလဲ..ဘယ်အချိန်ပြန်ကြည့်ကြည့် သစ်နေတာ မျိုးလား..ဘယ်နေရာမှာထားထား သစ်နေတာမျိုးလား..လူအသစ်လား..စိတ်အသစ်လား..ဘယ်လို အသစ်လဲ..နောက်ဆုံး သတိထားမိတော့ ငါကိုယ်တိုင်က စိတ်အဟောင်းကြီနဲ့ အသစ်ကို ထွက်ရှာနေမိ တာကိုး..ဒါဆို ငါ့စိတ်ကို window တင်ဖို့ လိုအပ်တာပေါ့..။စောင်ကို ခပ်တင်းတင်းထက်ခြုံတယ်..ရှိသမျှ အကြောတွေ ကို လျှော့ချလိုက်တယ်။မျက်စိနှစ်လုံးကတော့ အသင့်အနေအထား..။
မျက်စိနှစ်လုံး ပိတ်ပြီးနောက် ဘာတွေ ဆက်ဖြစ်မယ်ထင်လဲ မိတ်ဆွေ။
ကျွန်တော် ပြောခဲ့သားပဲ..ကျွန်တော် ပြောမဲ့ အသစ်က နည်းနည်း ပိုသစ်ပါတယ်လို့..

ကိုရင်သာပျော့
23.8.2011(20:00 GMT)

9 comments:

8Yar said...

ha ha ha ha ha အစ်ကို့ အသစ်က အိပ်ယာနဲ့တော်တော်နီးစပ်တာပဲ။ အိပ်ယာနဲ့နီးတယ်ဆိုတော့ ကျွန်တော်နဲ့ မဝေးဘူးပေါ့နော်။ အားပေးသွားပါတယ် ခင်ဗျာ။

မဒမ်ကိုး said...

ကိုရင့်အတွက် အသစ်ဖြစ်အောင်
ဆာဂျရီလုပ်ရမလားလို့စဉ်းစားနေတာ
ဒီဇိုင်းပါအသစ်ပြောင်းလိုက်မယ်လေ နော်..
..................
နောက်ဆုံးတော့တို့ကိုရင်က
အိပ်ယာပေါ်မှာသစ်သွားတာပဲ ..
မျက်လုံးတောင်ဖွင့်နိုင်ရဲ့လားမသိး)

မိုးငွေ့...... said...

မဒမ်ရဲ့ ကိုရင်ကလည်းစာရေးတာကိုး... လာအားပေးသွားပါတယ်... တခြားတော့အသစ်ရှာချင်ရှာပါလို့...း)

မောင်ဘုန်း said...

အော် ..အသစ် ..အသစ် ..တိုက်ဆိုင်တယ်ပဲပြောရမလား ..ပဲ ...သတိတောင်ရလာပြီ .... ကိုရင်ရေးတဲ့ အသစ်နဲ့  ကျနော် အသစ် နဲ့ နည်းနည်းတော့ လွဲနေတယ် ....
ဘာပဲပြောပြော အသစ် ကို သတိရအောင် လုပ်ပေးတဲ့ အတွက် ကျေးဇူးပါ ....

ညိမ်းနိုင် said...

ကိုရင်ရယ်...သူများဂွင်ရိုက်ဖို့နေနေသာသာ ကိုယ့်ချည်း
ဂွင်လာလာရိုက်သွားလို့ မနဲလွတ်အာင်ရှောင်နေရတာ...:)
ကိုရင်ရှာနေတဲ့အသစ်ကို ကျွန်တော်သိပါတယ်...၊ဂလောက်
တော့ ပါးပါတယ်....ဗျ...လာသွားစို့....သွားနေကြမာဆတ်
ကို....၊အဲ့မှာအသစိကလေးတွေရောက်နေသတဲ့...၊အဲ...
အစ်မမဒိုးကန်တော့သိစေနဲ့နော်...တော်ကြာ သနပ်ခါးတုံး
ပျံတွေ ကျွန်တော့်ဘက်ပါရောက်လာဦးမယ်....:D

jasmine(တောင်ကြီး) said...

အသစ်ဆိုလို့ ဘာလေးလဲတွေးနေမိတာ
အချိန်ကုန်လို့ပြေးဖတ်လိုက်တာ
ပြီးရော...အော်သူ့ရဲ့အသစ်က ဒါကိုး
ချမ်းမြေ့ပါစေရှင်.....
(၂ယောက်စလုံး)

blackroze said...

း)
နောက်ဆုံးတော့အသစ်လေးကို
အိမ်မက်ထဲမှာတွေ့တယ်ပေါ့
ကွန်ပြူတာကိုwindow အသစ်တင်လို့ရသလို
လူကိုလည်း window အသစ်တင်သလို
တင်လို့ရရင်ကောင်းမယ်နော်..

Han Kyi said...

ကောင်းလိုက်တဲ့ အသစ်ရှာဖွေနည်း...တစ်ရေးနိုးသော် အကြံပေါ်ပါလိမ့်မယ် ကိုရင်...ပေါ်တဲ့အကြံ ပြန်အိပ်ရန် ဆိုရင်လည်း ကောင်းလှောင့်တေးပေါ့...

ရူပါလန်းသော ဘလော့ဂါများ မန့်ကြတဲ့ နေရာမှာ...ရူပါက ချူချာတာမို့ ဘူဇွာဂိုက်ဖမ်းထားရတဲ့ ဆရာဦးဟန်ကြည် မန့်သွားတာကိုတော့ စိတ်မရှိတန်ကောင်းပါဘူးလေ...

ကိုကိုမောင်(ပန်းရနံ့) said...

အသစ်စက်စက်မှ ချစ်လျက်ကယ် နေချင်ကြတယ်.. သူသူ ငါ ငါ ဟောင်းပြန်ရင်လဲ ပစ်ပယ်... (ရွှေမန်းတင်မောင်)။း))

အသစ်စက်စက်ဝတ်ရင် ယားတတ်တယ်တဲ့နော။ ဒါကြောင့် လူတွေ များသောအားဖြင့် လျှော်ဖွတ်ပြီးမှ ၀တ်ကြလေတကား။း))

ခင်မင်လျက်

Related Posts Plugin for WordPress, Blogger...