Thursday, August 4, 2011

ဘောလုံးပွဲတစ်ပွဲက ပေးသောအတွေး


သြော်...ဘာလိုလိုနဲ့ ဥရောပ ဘောလုံးဇာတ်ပွဲကြီးတောင် ပြန်စတော့မယ်။ဘောလုံးအသင်းတွေအတွက် နွေ ရာသီအားလပ်ရက်လို့ ဆိုပေမဲ့ ဘောလုံးအားကစားကို မြတ်နိုးတဲ့သူတွေ အတွက်ကျတော့ နွေရာသီအားလပ် ရက်မှာမှ ကြည့်စရာတွေ ပိုလို့တောင် ရက်စိတ်နေပါသေးတယ်။ရာသီကြိုခြေစမ်းပွဲတွေနဲ့ တစ်နွေလုံး ပြည့်နှက်နေတော့ ပရိတ်သတ်တွေအတွက် နားရက်ဆိုတာ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံက ပရိတ်သတ်တွေအတွက်လည်း ထိုနည်းတူစွာပဲ။မိမိတို့ရဲ့ သက်ဆိုင်ရာ ပြည်တွင်းပြည်ပကလပ် အသင်းတွေအပြင် နိုင်ငံလက်ရွေးစင်အသင်းကြီးရဲ့ ၂၀၁၄ကမ္ဘာ့ ဖလား ခြေစစ်ပွဲစဉ်တွေပါ ထပ်ပေါင်းပေး ထားပြန်တယ်။မြန်မာလူမျိုးတစ်ယောက် ဖြစ်တဲ့ ကျွန်တော့်အတွက်လည်း ဒီနှစ်နွေရာသီဟာ အမှတ်တရပေါင်း များစွာရှိခဲ့တဲ့ ဘောလုံးနွေရာသီတစ်ခု ဖြစ်ခဲ့ပါတယ်။အဲဒီထဲက တစ်ခုကို ထုတ်ပြောရမယ် ဆိုရင်တော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သုဝဏ္ဏအမျိုးသားအားကစားကွင်းမှာ ကျင်းပခဲ့တဲ့ မြန်မာ-အိုမန် ကမ္ဘာ့ဖလားခြေစစ်ပွဲလို့ ဆိုရမလိုပါပဲ...။

ဘောလုံးပွဲတစ်ပွဲက အဲလောက်ထိတောင် အမှတ်တရဖြစ်စရာ ရှိပါ့မလားဆိုရင်တော့ အမှတ်တရထက် ပြော စရာလေးတွေ ပိုရှိခဲ့တယ်လို့ ပြန်ဖြေချင်ပါတယ်။သာမန်ထက်မပိုတဲ့ ဘောလုံးပွဲမှာ ပိုထူးခြားခဲ့တာက အိမ်ရှင် မြန်မာပရိတ်သတ်ရဲ့ ဆူပူမှုကြောင့် ဘောလုံးပွဲပျက်သွားခဲ့ပြီး ဘောလုံးစည်းကမ်းအရ ဧည့်သည်အသင်းကို အနိုင်ပေးလိုက်ရတယ်။အဲဒီအထိ ဘာမှ ထူးခြားမှုမရှိသေးပေမဲ့ ပြောစရာ မရှိသေးပေမဲ့ ဘောလုံးပွဲပြီးပြီးချင်း hip ဖြစ်နေတဲ့ စကားတစ်ခွန်းကြောင့် ပြောစရာတွေးစရာတွေ ဖြစ်တည်လာတာပါ။ဘောလုံးပွဲပျက်သွားပြီး မြန်မာလူမျိုးတော်တော်များများကြားမှာ ရေပန်းစားသွားတဲ့ စကားက “မြန်မာလူမျိုးဖြစ်ရတာ ရှက်လိုက်တာ” ဆိုတဲ့ စကားပေါ့..။အားကစားဂျာနယ်တွေရဲ့ စာမျက်နှာပေါ်မှာ၊ အင်တာနက် ၀ဘ်ဆိုဒ်တွေထဲမှာ ပလူပျံခဲ့တဲ့ စကားတစ်ခွန်းပေါ့ဗျာ။


ဘောလုံးပွဲတစ်ပွဲမှာ ပရိတ်သတ်သောင်းကြမ်းလို့ ပွဲပျက်သွားတယ်ဆိုတဲ့ အနေအထားဟာ ဘောလုံးလောက အတွက် သိပ်ပြီးထူးဆန်းလှတဲ့ အနေအထား အဖြစ်အပျက်တစ်ခု မဟုတ်ပါဘူး။ဒီအစဉ်အလာကို မြန်မာနိုင်ငံ က ပထမဆုံးပြုလုပ်ခဲ့တာလည်း မဟုတ်ပါဘူး။ဘောလုံးပွဲကြည့်တဲ့ပရိတ်သတ်တိုင်း အများကြီးကြုံဖူး၊ကြား ဖူးခဲ့ပြီးသားပါ။မြန်မာပရိတ်သတ် ပြုလုပ်ခဲ့တဲ့ အပြုအမူဟာ တကယ် “မြန်မာလူမျိုးတစ်ယောက် ဖြစ်ရတာ ရှက်လိုက်တာလို့”ပြောရလောက်အောင် ထိုက်တန်ရဲ့လား..ဒါဟာတကယ့်ရှက်စရာ အစစ်လားဆိုတာကိုတွေး ရင်း ဒီပိုစ့်ကို ရေးမိတာပါ။

အဲဒိနေ့က ဘောလုံးကွင်းထဲက မြန်မာလူမျိုး ပရိတ်သတ်တွေ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ၊ဘာတွေ သူတို့ခံစား ခဲ့ရသလဲ...သူတို့လောက် ကျွန်တော်တို့ မသိနိုင်ပါဘူး။ဘာ့ကြောင့် အဲလောက်ထိရုပ်ပျက်ဆင်းပျက်ဖြစ် သွားရတာလည်းဆိုတာ ကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ခဲ့တဲ့ ပရိသတ်လောက် မသိနိုင်ကြပါဘူး။ အခုလိုမျိုးကိစ္စကြုံ ခဲ့လို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပေမဲ့ ဒီအဖြစ်အပျက်ကို ဘောလုံးလောက ဘက်က တွေးကြည့်ရင် ဒါဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းတစ်ပုဒ်ထက် မပိုပါဘူး။

အဲဒီကိစ္စလေးတစ်ခုက ခင်ဗျားတို့ ကျွန်တော်တို့ကို ကမ္ဘာ့အလယ်မှာ လုံးဝလူတောမတိုးလောက်အောင် ဖြစ်စေခဲ့သလား၊“မြန်မာလူမျိုးတစ်ယောက်ဖြစ်ရတာ ရှက်စရာကောင်းလိုက်တာ“လို့ ကြွေကြော်ဖို့အထိ ထုတ်ဖော်ညည်းငြူဖို့အထိ ဖြစ်သွားစေသလား မတွေးတတ်အောင် ဖြစ်ရပါတယ်။

ဒါဟာ တကယ်ရှက်စရာကြီးလား..တကယ်ရှက်ဖို့ ကောင်းတဲ့ အရာလား တွေးကြည့်စမ်းပါ။တကယ်ရှက် တတ်တယ် ရှက်ကြမယ်ဆိုရင် ရှက်စရာတွေမှ တစ်ပုံကြီး။ဥပမာအနေနဲ့ ပြောရရင် ကိုးရီးယား ယဉ်ကျေးမှုတွေ မြန်မာပြည်ထဲကို အလုံးအရင်းတင်သွင်းခံရပြီးနောက်မှာ ကိုးရီးယားယဉ်ကျေးမှု လွှမ်းမိုးမှုကို သိသိသာသာကြီး ခံလိုက်ရတယ်။ဟိုပန့်ခ်အဆိုတော်လေး ဆိုသလို ပြောရရင် “မြို့ ထဲသွားတာ ရိမ်းတွေ အများကြီးပဲ”ဆိုသလိုပေါ့။နွေခေါင်ခေါင် ဘတ်စ်ကားကြီးတွေပေါ်မှာ မာဖလာတွေ လည်ပင်းချိတ်ပြီး ချွေးသံ တစ်ချွဲချွဲနဲ့ ကြည့်ရတာ တော်တော့ကို ဆိုးပါတယ်။ကိုးရီးယားမှာ မင်းသားတွေ မာဖလာသုံးကြတယ်ဆိုတာက သူ့နိုင်ငံရဲ့ ရာသီဥတုကိုက မသုံးရင် မရနိုင်တဲ့ အနေအထားမျိုး။မြန်မာ့ သမီးပျိုလေးတွေကိုလည်း ကြည့်လိုက်ပါအုံး။ ကိုးရီးယား မင်းသမီးတွေတောင် အရှုံးပေးရလောက်တဲ့ ၀တ်စားဆင်ယဉ်မှုက ကြောက် ခမန်းလိလိပါ။ အလုံးဆို အလုံးလိုက်၊အထည်ဆို အထည်လိုက် မြင်နေပေါ်နေကြတဲ့ အ၀တ်တွေက မြင်ရသူ ကိုရွှေပုရိသတို့အတွက် ရင်ဖိုစေပါတယ်။ဒါဟာ မြို့ ပေါ်တင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ကျေးလက်တွေအထိ ပျံ့ နှံ့ ကူးစက်ခံနေရပါပြီ။

ဒါတွေကျတော့ ခင်ဗျားတို့ ကျွန်တော်တို့ အတွက် ရှက်စရာမကောင်းပေဘူးလား။သူများပစ္စည်းကို ကိုယ့်ပစ္စည်းပါလို့ လုပ်တာလောက် ရှက်စရာကောင်းတာ ရှိနိုင်ပါအုံးမလား။ကိုယ့်ညီမ၊ကိုယ့်အမ ၀တ်စား ထားတဲ့ အ၀တ်ကြောင့် မောင်နှမချင်း၊သားအဖချင်းတောင် မျက်နှာချင်းဆိုင်ပြီး စကားပြောဖို့ ခက်လာနေတဲ့ အနေအထားတွေက ရှက်စရာမကောင်းသေးဘူးလား။နောက်ဆုံး မြန်မာပြည်နဲ့စိမ်းတဲ့ အသံတစ်ခု..သမီးကို အဖေက မဟုတ်တာပြန်လုပ်တယ်ဆိုတဲ့ အသံတွေ ထွက်လာခဲ့ရင်တော့၊ဒါဟာ သိပ်ပြီး အံ့သြစရာကောင်းတဲ့ အနေအထားမဟုတ်ဘူးဆိုတဲ့ အသံတွေ ထွက်လာကြရင်တော့ ခင်ဗျားတို့ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။

အဲဒါတွေကိုတော့ ဂုဏ်ယူနေကြပြီးတော့ ဘာဖြစ်လို့ သုဝဏ္ဏကွင်းထဲက ကိစ္စကြမှ ရင်ဘတ်စည်တီးပြီး ရှက်လှ ချည့်ရဲ့ လုပ်နေကြတာလည်း နားမလည်မိဘူး။နောက်တစ်ခု ရှိပါသေးတယ်။မြန်မာပြည်ကနေ ထွက်သွား တာနဲ့နိုင်ငံကြီးကို ရောက်သွားလို့ ငါကတော့ နိုင်ငံကြီးသားကွလို့ ကြွေးကြော်နေတဲ့အသံတွေပေါ့။ရေခြားမြေ ခြားမှာ သက်ဆိုင်ရာနေရာဒေသနဲ့ လိုက်ဖက်တဲ့ အပြောအဆို အနေအထိုင်ကို အပြစ်မပြောလိုပေမဲ့ လူကြားထဲမှာ“မင်းဘာလူမျိုးလဲ”လို့ မေးခံရရင် သွားက ကွမ်းဂျိုးတွေမှ အားမနာ၊လယ်ကွင်းထဲက တက်သွား ရလို့ ခြေထောက်က ရွှံ့ ရေတွေ မစင်သေးတာကိုမှ အားမနာ “ငါ မြန်မာပြည်ကလာတာပါ။မြန်မာလူမျိုးပါ”လို့ ထုတ်ပြောရမှာ ရှက်နေကြသတဲ့။လက်ထဲမှာ ကိုင်ထားတဲ့ ဒုက္ခသည်ကဒ်ကိုမှ အားမနာ မြန်မာလူမျိုးပါလို့ ထုတ်ပြောရမှာ ရှက်နေသတဲ့။ကိုယ့်လက်ကို ပြန်နမ်းကြည့်စမ်းပါ။ငပိရည်နဲ့ထမင်းစားခဲ့လို့ ငပိနံ့တောင် မစင်သေးတာကို အနံ့ရကြမှာပါ။ကဲ..အဲဒါတွေထက်ပဲ သုဝဏ္ဏကွင်းထဲကကိစ္စက ပိုရှက်စရာ ကောင်းနိုင်အုံးမ လား။စဉ်းစားသာကြည့်ပေတော့။

သုဝဏ္ဏကွင်းထဲက လူလက်တစ်ဆုပ်စာလောက်ရဲ့ ဒေါသကြောင့်တော့ မြန်မာလူမျိုးဖြစ်ရတာ ရှက်လှချည်ရဲ့ ဆိုပြီး မလုပ်ကြပါနဲ့ဗျာ။စကားပုံလေးရိုင်းရင်တော့ ခွင့်လွှတ်ကြပေတော့။အခုဟာက ဘာနဲ့ အလားသဏ္ဍာန် တူသလဲဆိုတော့ “လင်သေတာမငို၊-ီးပေါ်တာငို”ဆိုတဲ့ စကားပုံလိုပဲ ဖြစ်နေပြီ။

ဘာ့ကြောင့် သူတို့တွေ သုဝဏ္ဏကွင်းထဲမှာ ပေါက်ကွဲခဲ့ကြတာလဲ၊ဘာ့ကြောင့် အခုလို ဖြစ်သွားတာလဲ ဆိုတာကို သေချာမသိပေမဲ့ ရှက်လှချည်ရဲ့လို့ ကြွေးကြော်နေမဲ့အစား “အောင်နိုင်လိုစိတ်ကို ထိန်းမနိုင်ခဲ့ကြ ဘူးလို့”ဖြည့်တွေးပေးလိုက်ရင် ပိုအဆင်မပြေပေဘူးလား။တကယ်တော့ သူတို့တွေ ရိုင်းခဲ့ကြတာ မဟုတ်ပါ ဘူး။သူတို့တွေ နာကြည်းခဲ့ကြတာပါ။သူတို့တွေ အဲလိုဖြစ်ဖို့ ဖန်တီးခဲ့ကြတာ မဟုတ်ပါဘူး။အားမလို အားမရ ဖြစ်ခဲ့ကြတာပါ။သူတို့တွေ သိပ်ကို မျှော်လင့်ချက်ကြီးမားခဲ့ကြတာပါ။

ဒါဟာ အားကစားနဲ့ ပါတ်သတ်ပြီး နိုင်ငံ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုရင်တောင် ဒါဟာ သာမန်ထက် မပိုတဲ့၊အားကစားလောကမှာ ဖြစ်လေဖြစ်ထရှိတဲ့ သာမန်ကိစ္စတစ်ခု ဖြစ်သွားခဲ့တာပါပဲ။ရှက်စရာလို့သတ် မှတ်ရမယ်ဆိုရင်တောင် “ကမ္ဘာ့ အလယ်မှာ မြန်မာဖြစ်ရတာ ရှက်ရလေခြင်း”ဆိုပြီး အရှက်အရွံမရှိ ရင်ဘတ်စည်တီးနေဖို့အထိ မလိုပါဘူးလို့ပဲ ပြောပါရစေ။မရှက်နဲ့လို့ မပြောပါဘူးခင်ဗျား။ဟုတ်ကဲ့ ...ရှက်သင့် တာကိုတော့ ရှက်ပါ သူငယ်ချင်းရေ။

လေးစားစွာဖြင့်
ကိုရင်

5 comments:

မဒမ်ကိုး said...

အဲ..တို့ကိုရင်.....စိတ်လျှော့..စိတ်လျှော့..
း)................

မေသိမ့်သိမ့်ကျော် said...

ဆိုးဝါးတာတွေကတော့အများကြီးပါ။ ပုံမမှန်တဲ့အမှားတွေလို့ပဲပြောရတော့မှာပေါ့။ ကိုယ်တိုင်လည်း တွေ့ဖူးတော့ တိုက်ဆိုင်နေတာတော့အမှန်ပဲ....။


ခင်တဲ့

amk said...

အကိုရေ အမှန်တွေပါပဲ ကျွန်တော့် facebook မှာ share ချင်လို့  ရလားဗျာ? အကြောင်းပြန်ပါအုံးနော် ကျေးဇူးပါခင်ဗျာ

ကိုရင် said...

ရှယ်နိုင်ပါတယ် ဘရိုး..
credit link ပြန်ပေးဖို့တော့ တောင်းဆိုပါရစေ..

amk said...

ဟုတ်ကဲ့ ပါခင်ဗျာ ကျေးဇူးပါ ကိကြီးသာပျော့

Related Posts Plugin for WordPress, Blogger...