Wednesday, April 3, 2013

တင်သိန်းအေး






“ မကြီး ..မကြီး မကြီးအတင်းကိုလေ ဟိုဘက်ခြံက ဒေါ်ကြီးမရယ်လေ လမ်းထိပ်ကဓမ္မာရုံမှာ မုန့်ဟင်းခါးချက်ရင်းနဲ့ အတင်းပြောနေတာ ကြားခဲ့တယ်သိလား ”
ညွန့်ညွန့်စိန် အသံကြောင့် တင်သိန်းအေး ငိုက်မျဉ်းနေရင်းမှ ခေါင်းထောင်သွားသည်။ အမေက ဟိုဘက်ရပ်ကွက်ကအမျိုးနာရေးကိစ္စနဲ့ ခန သွားနေတုန်း တင်သိန်းအေးတစ်ယောက်ဆန်ရွေးရင်း ဆန်ကောထဲမှာပင် စပါးလုံးကောက်ပြီး သားရေတမြှားမြှားနှင့် ငိုက်မြည်းနေလေ ရာ ညွန့်ညွန့်စိန်အသံကြောင့် မျက်လုံးပင်ကျယ်သွားလေသည်။ 

“ ဘာ ..ဘယ်သူ ဒေါ်ကြီးမ ဟုတ်လား ။ နေစမ်းပါဦး ရာရာ စစ သူက ဘာကိစ္စငါ့အတင်းပြောရတာတုန်း ပြောစမ်း သူဘာတွေပြောလဲ ”
ဒေါ်ကြီးမက ဟိုဘက်ခြံက ။ ရေမရှိလို့တင်သိန်းအေးတို့အိမ်မှာရေလာလာခပ်ရသူ။ သားနှင့်သမီးက ထောက်ပံ့သဖြင့် ရပ်ရေးရွာရေး ဆို အမြဲ ဓမ္မာရုံတွင် သာရေးနာရေးအကုန်ကူလုပ်ပေးသူ ။ သတင်းအတင်းအကုန်ရသူ။ ရေလိုရင်တော့ လေသံလေးကချိုလို့ ။ အီးလို မှုတ်ရရင်တော့ ဗဲရီး ဗဲရီးကို ဆွိနေတာဘဲ ။ .သမီးရေ တင်သိန်းအေးလေး . ဒေါ်ကြီးကိုရေတစည်လောက်ပေးပါဦး ဒီနေ့ သောက်ရေလေး လိုနေလို့ .. ဒီနေ့ ဘာဖြစ်လို့နှင့် တစ်နေ့ကို သုံးစည်လောက်ယူသည် ။ တင်သိန်းအေးတို့ကရပ်ကွက်ထဲမှာရေပိုက်များနှင့်ရေရောင်းသည် ။တစ်တိုင်ကီ၂၅၀ကျပ်ယူသော်လည်းအမေကလဲအိမ်နီးချင်းလဲဖြစ်အသက်ရွယ်လည်းကြီးပြီဖြစ်သဖြင့်ရေလှုသည့်သဘောဘဲထား လိုက်ပါသမီး ရယ် ဆိုသည့်အတွက် တင်သိန်းအေး ရေထည့်တိုင်း ပိုက်ဆံမယူ။ သို့သော်လည်းဒေါ်ကြီးမနေ့တိုင်း ချဲထိုးနေတာ မနက်တင် တစ်ထောင် နှစ်ထောင် နှစ်လုံး ထိုးနေတာ မနက်ည . သိသားဘဲ ။ အမေ့ကိုပြန်ပြောတော့အမေက ထားလိုက်ပါအေ .ပြောမနေပါနဲ့တဲ့ ။
တမင်သက်သက် ကပ်စေးနှဲပြီး ရေဖိုးကျတော့မပေးချင်။ တနေ့တစ်နေ့ ချဲတို့ နှစ်လုံးတို့တော့ သုံးလေးထောင်ဖိုးထိုးနေသည် ။ ပိုက်ဆွဲရသည်က မသက်သာ။ ရေရှိသောပိုက်လုံးဆို အားနှင့်အင်နှင့်ဆွဲရသည် ။ အရေးထဲ ရေမြောင်းထဲကျနေလျှင် ရေပုပ်ရေစပ်ထဲ ဆွဲနှုတ်ရသေးသည် ။ ဒေါ်ကြီးမအိမ်မှာထမင်းလာလာစားနေတဲ့ဂျမ်းမ ကလွယ်သည်မဟုတ် ။ ထမင်းကျွေးသည့်မျက်နှာနှင့် လူကိုကိုက်ချင်သလိုလိုဆွဲချင်သလိုလို ကရှိသေးသည် ။ အမေ့ကြောက်လို့သာမပြောငြိမ်နေရသည်။ အဖေကတော့ အမေပြီးလျှင်ပြီးသူမို့ ညည်းအမေသဘောဟုသာပြောသည်။ မောင်လေးကလဲ လူပျိုပေါက်မို့ ရေ ဆွဲသည့်အလုပ်ကိုမလုပ်ချင်.။ တင်သိန်းအေးတစ်ယောက်သာ ဒိုင်ခံလုပ်ရသည်.။
ရေယူသည့်သူများထဲတွင်ဒေါ်ကြီးမအဆိုးဆုံး ။ ရေလဲအလကား.ယူသည်။ နောက်ကျလျှင်လဲ ပွစိပွစိနှင့် မကြားတကြားပြောသည် ။ အူယား လိုက်သည်မှာ မပြောပါနဲ့တော့ ။ တင်သိန်းအေး ပါးစပ် အမေ့ကြောက်လို့သာငြိမ်နေရသည်။ ဒေါ်ကြိးမကို လုံးဝကြည့်မရတော့ ။ အနီရောင် အဆင့် သတ်မှတ်ထားလိုက်သည်။ သွေးကြွေးစားရင်းထဲပါသူ ။
လှုတော့လှုတာပေါ့ ။ နေပူထဲရေပိုက်ဆွဲရသည့်ဒုက္ခ ကိုသူမှမသိတာ ။ ရေပေးလျှင် တင်သိန်းအေးက ညနေမှပေးတော့ သူအိမ်လဲရောက်ရော အခန့်မသင့်လို့မီးပါပျက်သွားရင်ပြီးပါလေရော ။ တခါတလေ ညဆယ်နာရီထိုးသွားတတ်သည်။ အဲကျရင် အမေမသိအောင်တမျိုး သိအောင်တမျိုးပြောသည်။ တခါတလေ .“ မသောင်းတင်ရေ . သမီးလေးကိုပြောပါဦးရေလေးစောစောပေးပါလို့
ညသူလာတဲ့အချိန်ကျတော့ချိုင်းတွက်ရဘာရနဲ့ ဆိုတော့ ထလဲမကြည့်အားတော့ရေတွေကလျှံကျတော့အားနာတယ် မဟုတ်လား ဟင်းးဟင်းး ဟင်းးဟင်းး .”
ဒီအသံကြားရရင် တင်သိန်းအေးတို့အင်မတန်အသဲနာသည်။ သူချိုင်းတွက်နေသည့်အချိန် ရေပေးမိလို့တဲ့တော် ။ အောင်မလေးမှားပါတယ်တော်.။အမေကအိမ်နီးချင်းလဲဖြစ်အသက်ကြီးသူမို့သူ့သာလှိမ့်ခွဆူသည်။“ဟုတ်သားဘဲ ညည်းကလဲ .ကပ်ကိုကပ်တယ် ။ လူကြီးသူမဘဲ စောစောပေးလိုက်ပေါ့ ” ဟု ပြောသည်.။ တင်သိန်းအေးစောဒကတက်ရင် အမေ့လက်က ခေါင်းပေါ်ကိုမကြီးမငယ်နှင့်ခွက်ခနဲရောက်သည်။ ကိုရီးယားကားကလာနေပါသည်ဆိုတာကိုလဲ အတင်းအကြပ်ေ၇တောင်းသည်။ ဒီမှာ မင်းသားနဲ့မင်းသမီးက ကွဲတော့မယ် ။မင်းသားကသေတော့မယ်လူကငိုချင်နေပြီ။ သူ့ရေကို ဂရုမစိုက်နိုင်အား ။ ကြော်ညာလေးလာအောင်များခနလေးစောင့်လိုက်တာနဲ့ အသံပြဲံကြီး နှင့် အော်ပြီ. သမီးလေးရေ တင်သိန်းအေး.. ဟော အိမ်ပေါက်ရောက်တော့ တင်သိန်းအေး ညည်းကလဲအေ . ဒီမှာရေမရှိတော့ပါဘူးဆိုနေ ဆိုပြီးဗီဇကပြပြီ ။ သူများကိုရီးယားကားလေးကြည့်နေတာလဲသူကတမျိုး
အရမ်းအရမ်းကိုအမြင်ကပ်သည် ။ ပိုက်ဆံလဲမယူရဘဲ နှင့် သူပြောသမျှငုံ့ခံရသည်။ ကြုံလျှင်အတင်းကလဲချသေးသည်.။ ဟော ခုလဲ အတင်း ချပြန်ပါပြီတဲ့ ။ မုန်းလိုက်တာ မုန်းလိုက်တာ .ဘာတွေအတင်းချသည်မသိ ။
စကောထဲကျနေသည့်သွားရေများကို လက်နှင့်သုပ်ပြီး ပေသွားသည့်လက်ကို လုံချည်နှင့် ပွတ်လိုက်ပြီး အဆင်သင့်အနေအထားနှင့် မေးလိုက်သည် ။
ညွန့်ညွန့်စိန်ကတော့ဝရန်တာ နားမေးတင်ပြီး တင်သိန်းအေးကိုပြောချင်ဇောနှင့် စတန်းဘိုင်စောင့်နေသည် ။
“ အင်း ..မကြီး ကတဲ့ သွားလဲခေါတယ်တဲ့ .ကိုယ်လုံးကလဲငပြားကြီးတဲ့ အသက်ကိုမှအားမနာ ပဲသိပ်များတာဘဲ တဲ့ .လင်လိုချင်နေတာ လဲ ဖြတ်ဖြတ်လူးနေတာဘဲတဲ့ . မျက်လုံးကလဲမပွင့်တော့ဘူးတဲ့ ပလိုမီနာတွေလိမ်းရင်လဲ ထူပျစ်နေအောင်လိမ်းတယ်တဲ့ . ခြေသလုံးတစ်လုံး တစ်လုံးကလဲ ဆင်ပေါင်လောက်ရှိတယ်တဲ့ တုတ်တုတ်ကြီးတွေတဲ့ အဲဒါကို မကြီးလေဘေးပုံထဲကတိုးထားတဲ့ စကတ်တွေဝတ်ဝတ်ပြီး ဈေးသွားရင် သိပ်ရုပ်ဆိုးတာဘဲတဲ့ ”
“ ဟဲ့ ညွန့်ညွန့်စိန် နင်က သူအတင်းပြောတာကိုပြန်လာပြောတာလား ငါ့ကိုနင်မှိုချိုးမျှစ်ချိုးပြောနေတာလားဟမ်.ဒီကောင်မတော့နာတော့ မယ် ”
“ ဟီးး မကြီးကလဲ သူပြောတာကို သမီးကပြန်ပြောပြနေတာလေ ”
ကဲဆက်ပြောစမ်းပါဦးဘာတွေပြောလဲလို့ ”
“ ပြောသေးတယ်သိလား..ဟိုတလောကရပ်ကွက်ဓမ္မာရုံအလှုမှာဟိုကာလနာကြီး အဲကာလသားခေါင်းကြီးကိုဝင်းထွန်းက မကြီးကိုကြည့်နေတော့မကြီးပဲတွေအရမ်းများပြီးဟင်းအိုးကြီးကိုတစွပ်စွပ်နဲ့မွှေနေတာ.အထဲကငါးသလောက်ပေါင်းတွေငါးမွှေတြွေုဖစ် ကုန်တာတဲ့ .ဘုန်းကြီးကတောင်မေးယူတယ်တဲ့ ငါးဘတ်မွှေက ငါးသလောက်နံ့လေးရတယ်နော်လို့ ပြောတယ်တဲ့.နောက်ပြီး ကြက်သွန်နီလှီးပြီး မျက်ရည်ကျတာကို ကိုဝင်းထွန်းကြီးဘေးကဖြတ်သွားတော့ သစ်သားယောင်းမကြီးနဲ့ ခလုတ်တိုက်မိတဲ့ပုံနဲ့ နာလို့ငိုချင်ယောင်ဆောင်တယ်တဲ့ သိလား ။နောက်ပီးတော့မကြီးရယ် ကိုဝင်းထွန်းကြီးကိုကြ့်ပြီးအိုးကိုမွှေနေတာ မကြီးထမီစတောင်မီးလောင်သွားသေးတယ်တဲ့ ။ ပြီးတော့ လေသခွားချဉ်ထဲကို ဆားထည့်ရမှာကို သကြားတွေထည့်နယ်ပြစ်လိုက်တာ ကျောက်ကျော ကြိုမယ့်သကြားတွေ မရှိတော့တာ ညသန်းခေါင်မှသိလို့ ကျောက်ကျောပွဲတောင်မလုပ်လိုက်ရဘူးတဲ့ သိလား မကြီး .သမီးကပြောချင်လို့လာပြောတာမဟုတ်ဘူးနော်မကြီး မကြီးကိုအဲလိုပြောတာမခံနိုင်လို့ရယ် 
“သြော် သူကငါ့ကိုအဲလိုအတင်းတုတ်တယ်ပေါ့လေ .တွေ့ကြသေးတော့ပေါ့ ဒေါ်ကြီးမရယ် .. ”
တင်သိန်းအေးထိုင်နေရာမှဆတ်ခနဲထပြီးလုံချည်ကိုတိုတိုဝတ်လိုက်သည်။
တင်သိန်းအေးပုံစံကိုကြည့်ပြီးဖွစိန် ညွန့်ညွန့်စိန်လန့်သွားသည်.ဟင်းး.တင်သိန်းအေးကိုဒီလိုလာစမ်းလို့ဘယ်ရမလဲ . ပြောချင်ရင် တည့်တည့်ပြောပါတော့လား ။ခုတော့ ဟင်းးးး ..ကိုဝင်းထွန်းကြီး လာကြည့်နေတာကိုလဲ ဘယ်ချိန်ကတည်းကမြင်လဲမသိ .။ ဘယ်အချိန်က ချောင်းနေသည်မသိ ။ ပြောနေလိုက်တာများ အားရပါးရတော် ။။
အမှန်တော့ ပဲတော့များလိုက်မိတာအမှန်ပါ ။ ကိုဝင်းထွန်းကြီးကလဲ သူ့ကို တကြည့်ကြည့်ဆိုတော့ သူလဲ နည်းနည်း ပဲများသွားတာ အရှိန် လွန်သွားပြီး ငါးသလောက်အိုးကြီးကိုတရပ်စပ်မွှေမိသွားတာပါ .။ ကြက်သွန်လှီးလို့ မျက်ရည်ကကျချင်နေတုန်း သူ့သစ်သားယောင်းမကြီးနဲ့ ဒူးကိုလာထိုးတာကိုးလို့ ။ တော်သေးတယ်စားပွဲခုံခံသွားလို့ ဒူးထိုးမိတာ ။ နောက်မို့ဆို အ၀ထိုးမိမှာ။ ရင်ဝပြောပါတယ် ဟင့် ။ ရောငိုတာမဟုတ်ပေမယ့် မျက်ရည်လွယ်သွားတာတော့မတတ်နိုင်ဘူးလေ ။ ကိုဝင်းထွန်းကြီးက တစ်သျှူးလာပေးတော့ ရှက်ရှက်နဲ့ သခွားသီးတွေကို သကြားတွေနဲ့ဆားနဲ့မှားနယ်ပြစ်လိုက်တာလေ ။ ဒါကိုဘဲပြောစရာကျနေတာဘဲ ။ ဒါပေမယ့်လေ ဘာပဲဖြစ်ဖြစ်ပေါ့ ။အဲလိုတော့ မပြောသင့်ပါဘူး ။ ရေပေးတဲ့မျက်နှာလေးထောက်ပြီးတော့ တော့ မသိချင်ယောင်ဆောင်သင့်တယ်မဟုတ်လား
ဆင်ပေါင်ခြေသလုံးတွေကိုပေါ်အောင်ထမီကိုတိုတိုဝတ်လိုက်သည်။အိမ်ရှေ့ဖိနပ်ချွတ်မှတွေ့တဲ့ဖိနပ်ကောက်စီးပြီး ဓမ္မာရုံဘက်ထွက်လာလိုက်သည်.။ နောက်က ညွန့်ညွန့်စိန်ကစကောကြီးကိုင်ပြီး တရောသော ပါးလိုက်လာလေသည် ။ အမေမရှိတာတော်သေးသည်။ အမေရှိလျှင်တေးထားသမျှရမည်မဟုတ်။ခုတော့ တွေ့ကြသေးတာပေါ့ ဒေါ်ကြီးမရယ် ။ နှစ်ခြောက်ဆယ်သွေးကြွေးကိုခုမှဆပ်ရတော့မယ် ။ ဓမ္မာရုံရှေ့ရောက်တော့ ဒေါ်ကြီးမတို့ အလှုအတွက်ကြက်သွန်ခွာ ငရုတ်သီးထောင်းလုပ်နေကြသည်။
တင်သိန်းအေး ခြေထောက်နှစ်ချောင်းကို ကီအပြည့်သွင်းပြီးခပ်ကားကား ရပ်လိုက်သည်။အောက်ငုံ့ကြည့်လိုက်တော့ဖိနပ်က တောင်တစ်ဖက်မြောက်တစ်ဖက် ။ ရင်ဘတ်ကိုမော့ပြီး ခါးကိုမာန်ပါပါထောက်ပြီး အားအင်အပြည့်နှင့် ဒေါ်ကြီးမကို ကုန်းအော်လိုက်သည်။
“ ဒေါ်ကြီးမ အိုးးးဒေါ်ကြီးမ  ..လာပါဦးတော့ ..”
တင်သိန်းအေးအသံဘယ်လောက်ကျယ်သည်မသိ ။ ချက်ပြုတ်ကူလုပ်နေကြသည့်သူများအကုန်လှည့်ကြည့်သော် တရုတ်ကားထဲမှ သိုင်းမင်းသမီး စတိုင်နှင့် ခုန်ပျံလာတော့မည့်အတိုင်း ရပ်နေသော တင်သိန်းအေးကို လှမ်းမြင်ရလေသည်။
တင်သိန်းအေးအသံခပ်ပြဲပြဲကြောင့် ဒေါ်ကြီးမထိုင်ရာကထလာရင်းလှမ်းမေးလိုက်သည်။
“ ဟဲ့ဘာတုန်း တင်သိန်းအေးရဲ့ ..”
“ လာပါ ဒေါ်ကြီးမရဲ့ ဒီနားကိုလာစမ်းပါ ။”
အားလုံးက တင်သိန်းအေးပုံစံနှင့်လေသံကြောင့် အကုန်လုံးလန့်ဖြန့်ပြီး လုပ်လက်စအလုပ်များကို ရပ်ပြီး စိတ်ဝင်တစားကြည့်နေကြလေ သည် ။ တင်သိန်းအေးးအကြောင်းကို ခုဘဲ ဒေါ်ကြီးမအတင်းတုတ်နေသည်။ သတင်းသမားဖွကြီးညွန့်ညွန့်စိန်က ဆန်ပြာရန်စကော ပြန်ယူမည်ဆိုပြီး အိမ်ခနပြန်သွားလေရာ ခုလောက်ဆို တင်သိန်းအေးကိုသတင်းပို့ပြီးလောက်ပြီဆိုတာ တွေးနေကြသည်။ တင်သိန်းအေး သိလျှင် မိုးမီးတော့လောင်ချေတော့မည် ။
ဒေါ်ကြီးမ တင်သိန်းအေးကိုကြည့်ပြီးတချက်တွန့်သွားသည်။ ကောင်မ ကြည့်ရတာ နပန်းလုံးမယ့်ပုံစံကြီး။ သူ့ရေတွေမတရားနင်းကား ခွယူထားတာ ။ ပိုက်ဆံကလဲပေးတာမဟုတ်။ ကိုရီးယားကြည့်နေတာကို အနှောက်အယှက်ပေးမိတာတွေ ဒင်းသွေးကြွေးဆပ်တော့မယ်ထင်တယ် ။ မကြီးမငယ်နဲ့ ဒေါ်ကြီးမ တို့နပန်းသတ်ရကိန်းမြင်နေသည်။ အရေးထဲရှုးပေါက်ချင်သလိုလို နှင့်ဒူးကသိပ်မခိုင်တော့ ။ အသက်အရွယ်ကလဲကွာသည်။ နပန်းသတ်လျှင် ကိုယ်ကအောက်ကချည်းနေရနိုင်သည်။ ရပ်နေသည့်ပုံစံကလဲ တရုတ်ကားတွေကြည့်ထားလိုက်သည့်မှာ အိတ်စပီးရင့်ရန့်အပြည့် ။ မကြီးမငယ်နှင့် သောက်ကျိုးတော့နည်းလေပြီ ။
တင်သိန်းအေး စတိုင်ကိုကြည့်ပြိး ဓမ္မာရုံကလူများ အကုန်ဝိုင်းကြည့်နေကြသည်။ ထိုစဉ် ရပ်ကွက်ထဲ မီးပျက်နေရာမှပြန်လာရာ ဓမ္မာရုံလူကြီး ဦးအောင်မောင်းတစ်ယောက် တရားခွေထည့်ရန် အခွေထိုးပြီးခလုတ်နှိပ်လိုက်ရာဘယ်ကောင်လက်ကမြင်း ထားမှန်းမသိဘဲ ထည့်ထားသော စီဒီခွေမှတရားသံမထွက်လာဘဲစူးစူးဝါးဝါးဖြင့် “ မကျေနပ်လဲ ဂရုမစိုက်လဲ သွားသွား သွားသေလိုက်”“ ဟူသော ရပ်ပါ  သီချင်းသံကြီးထွက်လာ လေရာ ကြည့်နေကြသူများမှာ တင်သိန်းအေးပုံစံကြီးနှင့်ထိုသီချင်းသံကြီးထွက်လာရာသို့ကြည့်လိုက် နှင့် ပြုံစိစိဖြစ်ကုန်လေသည်။ ဦးအောင်မောင်းလဲ ဓမ္မာရုံရှေ့မှ အဖြစ်အပျက်နှင့်ထွက်လာသောသီချင်းသံကြောင့်အယောင်ယောင်အမှားမှား ပြန်ပိတ်လိုက်ပြီးပြန်ဖွင့်ပြန်လေရာ“ရန်သူငါးပါးထဲမှာအင်မတန်ဆိုးရွားလှတာမညှာတာဘယ်သူ့မှမထောက်တာသူခိုးဓမြထက် ဆိုးတဲ့ရန်သူဟာ .. ”
ဟာ.. ဒုက္ခပါပဲ ရှေ့မှာ ရန်ကဖြစ်တော့မယ် ငါနှယ့်ဘာတွေဖွင့်မိပါလိမ့် ..ဦးအောင်မောင်းတစ်ယောက် မကြီးမငယ်နှင့် ရန်ပွဲထဲပါတော့ မည့်အရိပ်အယောင်များဖြစ်တော့နေလေရာ မတတ်သာအဆုံး ပလပ်ပေါက်ကိုသာဆွဲဖြုတ်လိုက်ရလေသည်။
ဒေါ်ကြီးမ ထိုင်ရာထပြီးတင်သိန်းအေးရှိရာဓမ္မာရုံထိပ်ကိုလာနေစဉ် နောက်မှလိုက်လာသည့် ညွန့်ညွန့်စိန် က မှီလာပြီး မကြီး မကြီး မကြီးအမေနောက်မှာ ပြန်လာနေပြီ ဟု သတင်းပို့လေသည်။
တင်သိန်းအေးနောက်လှည့်ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ ထီးဆောင်းပြီး ဟိုဘက်ရပ်ကွက် နာရေးမှပြန်လာသော အမေ.. သေပြီ သေပြီ..  ။သွားပြီ . ..အရေးအကြောင်းဆို အမေကပြန်လာပြီ ။လာသောင်းကျန်းတာသိလို့ကတော့တံမြက်စီးကျိုးအောင်ဆော်ခံရပေတော့ မည် .။ အမေဆော်လျှင် လူတောထဲပင်ညှာသည်မဟုတ် ။ အရှက်တော့ကွဲတော့မည် ။
 အမေက တင်သိန်းအေး ကိုဓမ္မာရုံရှေ့မှာမြင်တော့ အဝေးကနေလှမ်းအော်မေးရင်းတစစနှင့်နီးလာသည်။ ။ဒေါ်ကြီးမကအနားရောက်တော့ “ ဟဲ့ ဘာတုန်း .တင်သိန်းအေးရဲ့ အလန့်တကြားနဲ့ ..ဟန်ကိုယ့်ဖို့နှင့်မေးလိုက်သည်။ မေးသာမေးရသည် ။တင်သိန်းအေးအနားလဲသိပ်မကပ်ရဲ ..တစ်ခုခုဆိုလျှင်လှည့်ပြေးနိုင်အောင် ခြေသုံးလှမ်းလောက်ကြိုဆုတ်ထားရသေးသည်.။
တင်သိန်းအေး သွားသုံးဆယ်နှစ်ချောင်းပေါ်အောင်ရီပြလိုက်ရင်း . “ ဟီးးး ဒေါ်ကြီး ခုမီးလာနေပြီ ရေယူမလားလို့ လာမေးတာ . ညနေဆို မီးပြတ်မယ့်အလှည့်လေ ဒေါ်ကြီးရေမရှိမှာဆိုးလို့ ဒါကြောင့်သတိရလို့လာမေးတာ .ဟီးးဟီးး ..”
ဒေါ်ကြီးမ တင်သိန်းအေးအမေကိုမမြင်ရှာ ။ဒါကိုကသူကံဆိုသွားသည်။
ဒေါ်ကြီးမ တင်သိန်းအေးပုံစံကြောင့် ကြောင်သွားသည် ။ တင်သိန်းအေးပုံက ခုနကလိုပုံမဟုတ်တော့ ။ အားအင်နှင့်အပြည့်ခွဲထားသောခြေသလုံးဆင်ပေါင် နှစ်ဖက်မှာ ကားရက်ကြီး  ဒူးချင်းစိနေလေသည်။ မျက်နှာလဲ ခုနကနှင့်မတူတော့။ တဟီးဟီးးနှင့် ပြုံးချိုလို့ ။
နည်းနည်းတော့ဖြုံသွားသည်.။ ရင်ထဲလဲထိတ်သွားလေရာ။ . လေပြေလေးနှင့် ပြောလိုက်သည်။ “ အေးအေ .ခု ယူတာဘဲကောင်းပါတယ် . နေကလဲအရမ်းပူနေတော့ ဒေါ်ကြီး ညည်းကိုရေဖိုးပေးပါ့မယ်နော့အားနာပါတယ်အေ နေပူကြဲကြဲကြီးလာထည့်ပေးရတာ ”
“ ဟာ ရပါတယ်ဒေါ်ကြီးရဲ့ ပြသနာမရှိပါဘူး ရပါတယ် ”
“ အိုအေ မဟုတ်ပါဘူး ကိုယ့်တူမလေးဘဲ . နေပူကြီးထဲလာထည့်ပေးရတာ သေရချည့်ရဲ . ယူပါအေ .သုံးစည်နော် သမီး  ရော့ရော့ ပိုတာ ပြန်မအမ်းနဲ့ဦး နောက်ရက် ရေယူတဲ့အခါထည့်တွက်လိုက်ပေါ့  ဟုတ်ပြီလား ”
တင်သိန်းအေးပုံစံကိုဖြုံသွားသော  ဒေါ်ကြီးမခင်မျာ ခါးတွင်လိပ်ထားသော ညနေနှစ်လုံးထိုးမည့် ပိုက်ဆံလေး ထဲမှ တစ်ထောင်တန်တရွက် သည် တင်သိန်းအေးလက်ဝယ်သို့ အော်တိုမက်တစ်ခုန်ပျံရောက်ရှိသွားလေသည်။ တင်သိန်းအေးလှည့်ထွက်လာတော့ ဓမ္မာရုံအ၀မှာ အမေနှင့်ဆုံသည် ။ထမီတိုတို နှင့် ခြေသလုံးဆင်ပေါင်လောက်ရှိသူ တင်သိန်းအေးကိုအမေက ခြေဆုံးခေါင်းဆုံးကြည့်ပြီး
 “ ဟဲ့ ဘာလာလုပ်နေတာတုန်း ..နေပူကြီးထဲ ”
“ ဟိုလေ ဒေါ်ကြီးကို ရေထည့်ဖို့လာပြောတာ .ညနေဆို မီးပြတ်မယ်လေအမေရဲ့ အဲဒါသတိရလို့ လာပြောတာ ။ အဲဒါနဲ့ ခုကစပြီး သူက ရေဖိုး ပေးပါတော့မယ်တဲ့ ။ နေအရမ်းပူလာလို့ အားနာလို့ပါတဲ့ အမေရဲ့ ”
အမေကထီးနဲ့ကွယ်ပြီး ကပ်ပြောသည် ။ “ အားနာစရာအေ ညည်းကလဲ ဘာလို့ယူလာတာတုန်း ”
“ သြော်အမေကလဲ ခက်နေပါပြီ .ကိုယ်ကတောင်းတာမှမဟုတ်တာ သူ့ဟာသူနေရင်းထိုင်ရင်းလာပေးတော့လဲယူလိုက်တာပေါ့အမေရဲ့ ”
အမေလည်းကျေနပ်နေသည့်ပုံနှင့် ဘာမှမပြောတော့ဘဲ “ ကဲ..ကဲ သွား သွား ပြန်နှင့် ငါ. အိမ်ဆိုင်မှာ ကြက်ဥ၀ယ်ပြီးပြန်လိုက်ခဲ့မယ် ”
အမေထွက်သွားတော့ တင်သိန်းအေး အောင်နိုင်သူတို့အပြုံးနှင့် ခြေထောက်ကိုခပ်ကားကားရပ်လိုက်ပြီး တစ်ထောင်တန်ကို ယပ်ခပ်ကာ ဒေါ်ကြီးမတို့ရှိရာ ဓမ္မာရုံဘက်ကိုလှည့်ကြီးရင်း တိုးတိုးလေး ကြုံးဝါးလိုက်လေသည်။
“ ဟင်းး ဟင်းး ဟင်းးဟင်းး တင်သိန်းအေးတဲ့ .. တစ်သိန်းထည်းရှိတယ် နှစ်သိန်းရှိလို့ကတော့ တစ်သိန်းကို ရှော့ပင်ထွက်ပစ်လိုက်မယ် .ဘာမှတ် ”

အားလုံးပြုံးပျော်နိုင်ကြပါစေ

ချစ်ခြင်းအားဖြင့်

မဒမ်ကိုး
၃ ရက် ၄လ ၂၀၁၃
ညနေ ၅း၂၀ မိနစ် (ဗုဒ္ဒဟူးနေ့ )



16 comments:

blackroze said...

တင်သိန်းအေး ပုံစံကို
မျက်စိလုံးထဲသေချာမြင်ယောင်ရင်း
တခွိခွိ ရယ်သွားပါကြောင်း....

Yin Sue said...

တင်သိန်းအေးပုံက ငါ့မကြီးဒိုးကန်လို့ဘဲ မျက်လုံးထဲမြင်နေတယ်ဗျာ...ဟီးဟီး....မကြီးရေးလိုက်ရင် မရီရဘဲကိုမနေနိုင်ဘူး....အရမ်းကောင်းတယ်....

Cameron said...

ဖတ်ရင်းနဲ့ ပါးစပ်ကိုမစိနိုင်ဘူးတကယ် တကယ် တော်တယ် ငါ့သမီးရေးချက်ကတော့...တင်သိန်းအေးဇာတ်ကို ရုပ်ရှင်ရိုက်ရင်တော်တော်မိုက်မှာ

သူကြီးမင်း (တုံးဖလား) said...

တင်သိန်းအေးက အတော်လေး လှသားဘဲ။ ဒိုးကန်ဖွဲ့ဆိုလိုက်တော့ ပို အလှ ပေါ်သွားရော။း)

ဒါနဲ့..
တင်သိန်းအေးကြီးလဲ ကျန်းမာရေးဂရုစိုက်ဦးလို့ ပြောလိုက်ပါဦး။

Candy said...

ရီလိုက်ရတာ တင်သိန်းအေးရယ် :D :D

Iora said...

ဂျာရစ်ကစာရေးသိပ်ကောင်းတာဘဲ။
ဂျာရစ်လုပ်တဲ့မုန့် လင်မယားလေးလည်းစားချင်ပါ့ သူများတွေညွှန်းလို့ ။
တင်သိန်းအေးရေ..ပြန်ပြီနော်။
အိုင်အိုရာ

Unknown said...

ရီလဲမရီရဘူး

Unknown said...
This comment has been removed by the author.
မောင်သီဟ said...

အိန်း တို့တင်သိန်းအေးကြီး စာရေးတော်တာအမှန်ပဲ
ဟာသညဏ်လည်းရှိပါ့
ကောင်း၏ သဘာဝကျ၏



ကြိုက်၏း)

Toe Yee Yee said...

တင်သိန်းအေး ပုံစံကိုမြင်ကြည့်တာနဲ့ အမေ့ကို မြင်လို့ ပြောင်းသွားတဲ့ အခါ အဟား တော်တော်သဘောကျသွားတာပါ

ညိမ်းနိုင် said...

ဒိုးကန်တဲ့...တစ်ကန်ထဲရှိတယ်...နှစ်ကန်ရှိရင် ငါးမွေးစား
မယ် လုပ်ပါအေ....ခိခိခိခိ...။တင်သိန်းအေးအဖွဲ့ကတော့
လန်ထွက်နေအောင် မိုက်ဒလယ်...၊အစအဆုံးတစ်ပြုံးပြုံး
နဲ့ဖတ်သွားတယ်ဟ....။

ဆွေလေးမွန် said...

ရေးထားလိုက်တာ ၀ထ္ထုလေးက ရုပ်လုံးကိုကြွနေတာပဲ

မိုးသက် said...

တင်သိန်းအေးအကြောင်းကို တင်သိန်းအေးမောင်လာဖတ်တွားအိ..ေိေိ

မိုးညချမ်း said...

ဒီမယ် ... မတင်သိန်းအေး ... တခွိခွိနဲ့ အူတက်ရင်း ဘာပြောရမှန်းကို မသိဖြစ်ပြီး လှည့်ပြန်သွားပါသည် ... :P

အမ်တီအန် said...

တင်သိန်းအေးကို အပြင်မှာ ပန်းရောင်ဝမ်းဆက်လေးနဲ့ မြင်ဘူးတယ်။ အဲ့လောက်မဆိုးပါဘူးလားလို့... :)

ညီလင်းနိုင် said...

ဇာတ်ကောင်စရိုက် ပီပြင်လွန်းတယ်။

BRAVO .....

Related Posts Plugin for WordPress, Blogger...