Thursday, February 28, 2013

အလန်းဇယား ၃၅




ကျွန်မနာမည်လား တင်သိန်းအေးလို့ခေါ်တယ် ။ နာမည်ကြီးကဘယ်လိုကြီးလဲလို့မပြောနဲ့နော် ။ အမေနာမည်က တင်တင်အေး  အဖေနာမည်က ဦးသိန်းအေး။ ဦးသိန်းအေးနဲ့ ဒေါ်တင်တင်အေးနဲ့ ညားကြတော့ ကျွန်မဘ၀က တင်သိန်းအေးဖြစ်လာရော ။ မောင်နှမမွေးချင်းလား ။ အိုး ရှိတာပေါ့ ။ သုံးယောက်။ အထက်အောက် အကိုနဲ့ မောင်ကြားမှာ ကျွန်မက အလတ်လေ။ အလတ်ဆိုတဲ့ အတိုင်းမျာ.းလတ်နေလားမသိပါဘူး။ ဟိုနားလပ်ဒီနားလပ်နဲ့ လပ်လိုက်တာ ။ ခုထိကို လပ်နေဆဲ ။ လစ်လပ်နေတာပြောပါတယ်။ 



လစ်လပ်နေတယ်ဆိုလို့တမျိုးတော့မထင်နဲ့ဦးနော် ။ အချစ်နှလုံးသားရေးရာပြောတာပါ ။

ရုပ်မချောလို့ လစ်လပ်နေတာလား ။ ဟင် ..အဲလိုမဟုတ်ဘူးနော် ။အထင်တော့မသေးလိုက်ကြပါနဲ့ ။ အညာသူအမေနဲ့ အောက်သားအဖေ တို့ မွေးထားတာ ညိုပြာညက် ရွက်ကြမ်းရေကြိုထဲတော့ ပါပါတယ်။ ရီလိုက်ရင်ရှေ့သွားနှစ်ချောင်းလေး ခေါလာတာကလွဲရင် ပါးစပ်ပိတ်ထား ရင်တ်ာတ်ာ အဆင်ပြေတယ်လို့ လူအများကပြောကြတယ် ။ကိုယ်လုံးကတော့ ငါးဘတ်ကိုယ်လုံးလို့ပြောကြတယ် ။ စိတ်တော့မရှိနဲ့နော်ကျွန်မကလည်းငါးရံ့မကြိုက်တတ်ဘူးမျက်လုံးကတော့ဘယ်ဘက်ကိုအမွေရတယ်မသိပါဘူး။ ခုခေတ်ကောင်မလေးတွေလို ဖေ့စ်ဘွတ်စတိုင်နဲ့ပြောရရင် ကိုရီးယားမျက်လုံးဝိုင်းဝိုင်းလေးပေါ့ရှင်။ 

အို .မပြုးပါဘူး ..။ ပြုးတယ်လို့ဘယ်ခေါ်မလဲကိုရီးယားစတိုင်ပါဆိုနေ။ မျက်ခုံးမွှေးကတော့အမေမွေးကတည်းကဇင်ယော်လားဇက်ရက်လားတော့မသိဘူးပါး လွန်းလို့ဒီဇင်ဘာကိုအဖော်ပြုလာတာဒီအသက်ရောက်တဲ့အထိဆိုပါတော့။ဒီအသက်ဆိုလို့အသက်ဘယ်လောက်လဲလို့မမေးနဲ့နော် ။ဟင်းးဟင်းးသိတယ်မလား မိန်းခလေးတို့မည်သည် အသက် သုံးဆယ်ကျော်တာနဲ့ အသက်ကိုမေ့ ချင်ယောင်ဆောင်သွားကြရောတဲ့ ..ခိခိ .. ။ သဘောပြောပြတာပါ။ 


ပညာအရည်အချင်းလား ဆယ်တန်းကို သုံးခါဖြေပြီး အဝေးသင်နဲ့ဘွဲ့ရတယ်။ ဘာဘွဲ့လဲဟုတ်လား။ မမေးနဲ့လေ။ ၀ိဇာဘဲ ဖြစ်ဖြစ် သိပံဘဲဖြစ်ဖြစ် အိမ်ဦးခန်းမှာဓာတ်ပုံချိတ်ရပြီးတာဘဲဟာ ။ အနည်းဆုံးတော့မင်္ဂလာဆောင်မှာ မတင်သိန်းအေး ဘာညာသာရကာဆိုပြီး ထည့် လို့ရတယ်မဟုတ်လား။ မြန်မာ့ပြင်ညာရေးဘာညာဆိုပြီးသူများတွေအော်သလိုလဲမအော်တတ်ပါဘူး။ ကျွန်မစိတ်ကူးထဲမတော့ မင်္ဂလာဆောင် ရင်သာ သတို့သားဘက်က ကောင်မလေးက ဘွဲရပညာတတ်လေးပါလို့ အပြောခံရ ဖိတ်စာထဲ နောက်ကအမှီးတန်းလေးပါရင် ဂုဏ်မငယ်ဘူးလို့တွေးတာပေါ့နော်။ 


နောက်ပြီးကျွန်မက ဘွဲ့ရပြီးကွန်ပြုတာလေးလဲ တတ်ထားတော့ ကုမဏီတစ်ခုမှာ ၀င်ဝင်ချင်းစာရေးမအလုပ်ရတယ်လေ။ ခုတော့ ငါးနှစ်လောက်ကြာတော့စူပါဗိုက်ဆာ အဆင့်တောင်ရောက်နေပေါ့။ လစာက တစ်သိန်းနားကပ်လုလုရပါတယ်။ အကိုလဲ အလုပ်နဲ့ မောင်လေးကလဲအလုပ်နဲ့ဆိုတော့ အငြိမ်းစားဝန်ထမ်း မိဘတွေအနေနဲ့ ပြေလည်တဲ့အဆင့်မှာရှိပါတယ်။  ကျွန်မလစာက အိမ်ကိုအပ်ရပေမယ့် ရွှေလေးစုလုပ်လိုက် ပေါ်တာလေးဝယ်ဝတ်လိုက်တော့ခေတ်နဲ့အမှီနေနိုင်ပြီးသားပါ။ အို..မကြွားဘူးနော် မကြွားပါဘူး။

တကယ်ဆို ပိုလျှံတယ်ဆိုတဲ့အဆင့်မှာတောင်ရှိပါတယ် ။ 


ခုပြောချင်တာဘာလဲသိလား။ အချစ်ရေးလေ အချစ်ရေးပေါ့ ။တိုးတိုးတိတ်တိတ်ရင်ဖွင့်ရမှာဘဲ။ ကျွန်မမှာလိပ်ခဲတည်းလည်းကြီးနဲ့ ။ အလုံးကြီးအကြပ်ကြီးဖြစ်နေလိုက်တာ။ စားလဲ ဒီစိတ်သွားလဲဒီစိတ်။ ဘာ …လင်တရူးမဟုတ်လား။ အဲလိုမပြောပါနဲ့ ။ ရွယ်တူသူငယ်ချင်းတွေ အလျှိုလျှို အိမ်ထောင်တွေကျ သားသမီးတွေရ အကြိုက်မွေး ကလေးခါးတစ်ခွင်ချီတဲ့သူကချီ ။ အဆင်ပြေလို့ သဘောင်္သားမယားဖြစ်တဲ့သူက ကားလေးတ၀ီဝီနဲ့ ကလေးတွေတင်ပြီးသွားလာနေကြတာ. ကျွန်မလဲ အားကျတာပေါ့နော်။ ရည်စားလား။ ထားခဲ့ဖူးတယ် .။ရှားရှားပါးပါးဘွဲ့ရခါနီးတုန်းကပေါ့။ 
အကို့သူငယ်ချင်းလေ။ သူနာမည်ကိုမင်းမောင်ဝင်းတဲ့ .။  အကိုတို့အလုပ်ကပဲ ။ အသားမဲလို့ ကိုမဲမှောင်ဝင်းလို့ခေါ်ကြတယ်လေ။ သူကကျွန်မကဘယ်လိုကြောင့်ရယ်မသိဘူးမြင်မြင်ချင်းချစ်တယ်တဲ့ ။ အသားမဲပေမယ့် ဖြူစင်တဲ့စိတ်လေးတော့ရှိလို့အရမ်းကလဲရည်းစားထားချင်တော့အဖြေပေးလိုက်တယ်။ ရည်းစားဖြစ်တာစာအဆက်အသွယ်နဲ့သာဖြစ်ကြတာ။
 
လူချင်းကအကို့ကိုကြောက်လို့ချိန်းမတွေ့ရသေးဘူး။ ရည်းစားဖြစ်ပြီး နှစ်ပတ်လောက်ကြာတော့ ကိုမဲမှောင်ဝင်း အဲလေ သူက မအောင့်နိုင်တော့ဘူး ရည်းစားဘာဝ ချိန်းတွေ့ချင်တယ်လုပ်လာရော။ အဲလိုနဲ့ တရက်သဘောတူပြီး အင်းယားကန်မှာချိန်းလိုက်တယ်။ သူ့ဆီမသွားခင် အလုပ်အတူတူလုပ်တဲ့ သူငယ်ချင်း အိမ်မှာ ဆွမ်းကျွေးသွားပြီးမှ သူနဲ့ ချိန်းထားတာကိုသွားဖို့စီစဉ်ရတာပေါ့။ အလှုအိမ်က ထမင်းကစားကောင်းလိုက်တာဆိုတာ ။ ငါးသလောက် ချဉ်ပေါင်ဟင်း ငပိရည်တို့စရာ ဓညင်းသီး ၀က်သားဆီပျံ အကုန်ပါလေတော့ ကျွန်မအကြိုက်တွေချည်းဘဲ ။ အားရပါးရလက်နဲ့နယ်ပြီးစားလာခဲ့တာ ရှက်ရှက်နဲ့ သုံးပန်းကန်ကုန်ပါလေရော ။ စားသောက်ပြီးနာရီကြည့်လိုက်တော့ သူနဲ့ချိန်ထားတဲ့အချိန်အရမ်းကပ်နေတာနဲ့ အလှုရှင်သူငယ်ချင်းကိုနှုတ်ဆက်ပြီးမြန်မြန်လေး ထွက်လာခဲ့လိုက်တယ်။ ချိန်းထားတဲ့ နေရာရောက်တော့ သူကစောင့်နေပြီ ။

ရှက်တော့ရှက်တာပေါ့နော် ။ ရည်းစားဦးကလဲဖြစ်ပြန်။ ခုမှလဲချိန်းတွေ့ရတာဆိုတော့ သူလဲမတိုး ကိုယ်လဲမတိုးနဲ့ ထိုင်နေတာကြာလာတော့ သူကကျွန်မကိုစကားစပြောရင်း လက်ကလေးကိုကိုင်လိုက်တယ်. ဘယ်ပြောကောင်းမလဲ ရင်တွေခုန်လိုက်တာဆိုတာ တဒိုင်းဒိုင်းဘဲ။  လက်ကလေးကိုင်ရင်း သူကအနားတိုးလာတယ် ။ စိတ်ထဲမယ်ရင်ခုန်တာကတမျိုး စားလာတာလဲများတော့ ဗိုက်ထဲမယ်မအီမသာနဲ့ .တမျိုးကဖြစ်လာရော။ ဗြုန်းဆို သူကလည်းကိုင်ထားတဲ့ ကျွန်မညာလက်ကိုကောက်နမ်းလိုက်ပါလေရော။ နမ်း ပြီးလဲပြီးရော။ ဟင်..တင်သိန်းအေး လက်ကြီးကလည်းနံလိုက်တာ ငပိရည်နံ့လိုလို ငါးသလောက်ပေါင်းနံ့လိုလိုကြီးတဲ့ ။ ကျွန်မလဲတော်တော်ရှက်သွားတာပေါ့။ရှက်ရှက်နဲ့ရီမိလိုက်တာသွားကြားမှာကပ်နေတဲ့ငရုတ်သီးဖတ်ကို သူကမြင်ဖြစ်အောင်မြင်လိုက်သေး တယ်။

တင်သိန်းအေး ရှေ့သွားနှစ်ချောင်းကြားမှာငရုတ်သီးဖတ်ကြီးတဲ့။ဟယ်…ကျွန်မလဲဟုတ်လားဆိုပြီးရှက်ရှက်နဲ့ရီလိုက်တာ ခုနကငပိရည် ငါးသလောက်ပေါင်းနဲ့အပီဆွဲလာခဲ့တဲ့ဗိုက်က ရိုးတိုးရိပ်တိပ်နဲ့ ခုံနဲ့ဖိထားရတဲ့အထဲ ဘယ်ခုံကြိုခုံကြားကလေကထွက်သွားတယ်မသိဘူး ။ သူ့မျက်နှာကြီးကရှုံ့မဲ့ပြီး နှားခေါင်းကိုပိတ်ပြီး အနံ့ကြီးကလဲပုပ်အဲ့အဲ့ကြီးနော်တဲ့ ။ အမယ်လေး ဘယ်ပြောကောင်းမလဲ တင်သိန်းအေးတို့ရှက်လိုက်တာ မျက်နှာကိုဘယ်နားထားရမှန်းမသိအောင်ကိုဖြစ်ပြီး ထကိုထွက်ပြေးလာရတော့တာ။ အဲကတည်းက ကျွန်မလဲရှက်လွန်းလို့ လုံးဝကိုသူ့ကိုအတွေ့ မခံတော့တာ။ သူလဲဘာဖြစ်တယ်မသိပါဘူး။

ကျွန်မနဲ့တော်တော်အဆက်အသွယ်ကြဲသွားပြီး နောက်အလုပ်ပြောင်းသွားတော့တာပါပဲ။ အဲကတည်းက ကျွန်မခုထိ အစားမသရမ်းတော့ပါဘူး။ မှတ်ကိုသွားတာပါ။

ဒီလိုနဲ့ ပေါ့လေ . သူများတစ်ကာတွေဖိတ်စာတွေလာပေးရင် တင်သိန်းအေးတို့ မျက်နှာငယ်လိုက်ရပုံများ။ ရင်ထဲမှာလဲခံစားရပါတယ်။  အကိုတွေမောင်တွေကလဲ ညီမလုပ်သူကို မယူစေချင်ဘူးမထင်ကြပါနဲ့ ။ ယူစေချင်တာကိုမှ ကျွန်မတင်သိန်းအေးဘ၀က ဘယ်လိုကြောင့်ရယ်မသိ ကပ်လွဲလွဲနေပုံများ။ အိမ်ကိုလာတောင်းတဲ့သူကတောင် မတင်သိန်းအေးက သွားလေးထွက်နေတာကလွဲရင် ကျန်တာမဆိုးပါဘူးတဲ့ ။ ကျွန်မဒေါသထွက်ထွက်နဲ့ ညိုသကျည်းကိုပိတ်ကန်ပြစ်လိုက်တာ မှတ်လောက်သားလောက်ဖြစ်သွားပြီးအိမ်ကိုထပ် ကိုမလာတော့ဘူး။ စဉ်းစားကြည့်ကြပါဦး ။ ဒီသွားနှစ်ချောင်းထွက်နေတာအပြစ်လား။

အိမ်ရှေ့မျက်စောင်းထိုးကပြောင်းလာတဲ့ ညီအစ်ကိုသုံးယောက် ဆိုလဲ လူကိုစောင်းလားမြောင်းလား ။ အပျိုကြီးတကယ်လုပ်မှာလားတဲ့ ။ သီချင်းလိုလိုဘာလိုလိုနဲ့ ။ မသိရင်ခက်မယ် ။ ဘယ်သူကတော့ လုပ်ချင်မလဲ။ မနက်ရုံးအသွားဆို ရေလောင်းသလိုလို ဘာလိုလိုနဲ့ ခြံရှေ့ထွက် ကြည့်တဲ့ အကိုအကြီးဆုံးကိုလဲ မြင်တာဘဲ။ မသိချင်ယောင်ဆောင်နေတာပါနော် ။ ကျွန်မနေ့တိုင်းအလုပ်သွားတိုင်း ညနေအလုပ်ပြန်တိုင်း ခြံရှေ့ကပန်းပင်တွေရေထွက်လောင်းရတာအမောဘဲ။ တစ်ပတ်ကျော်လောက်ကြာတော့ ကျွန်မကိုစရီပြတယ်။ အစတော့အိုးတိုးအန်းတန်းမလို့မရီပြမိဘူး။ ဒုတိယရက်မှာသူရီပြတော့ ကျွန်မလဲလူမှု့ရေးအရပြန်ရီပြလိုက်တယ်လေ။

အဲထဲက ခြံရှေ့ကိုရေထွက်လောင်းတာမတွေ့တော့ဘူး။ ဘာဖြစ်လို့လဲ တော့မသိဘူး။ တခါတလေ ကျွန်မနဲ့လမ်းမဆုံရင်တောင်မသိသလိုကြီးမျက် နှာလွဲလွဲသွားတာ။ နေပေါ့ ကျွန်မလဲ နောက်တော့မသိချင်ယောင်ဘဲဆောင်နေလိုက်တော့တယ်။

နှစ်တွေလတွေရက်တွေကုန်မြန်ချက်များမပြောချင်ဘူး။ ကုန်လွယ်လိုက်တာများ။ သူတို့ကုန်လွယ်တာအရေးမကြီးပေမယ့် သူငယ်ချင်းတွေဆုံ ရင် ဟယ် .တင်သိန်းအေး . ခုထိ ဒီတိုင်းနေတော့မလို့လားလို့ အမေးခံရရင် ရင်ဘတ်ကိုဖိနပ်နဲ့ပေါက်တာထက်တောင်နာတယ်။ ရယ်ဗီလွန် လော်ရီရယ် ၀ယ်လိမ်းဆိုလိမ်းတာဘဲ ။ ကိုယ့်ကိုယ်ကိုလဲ မှန်ရှေ့အားပေးရတာအမောဘဲ။

တင်သိန်းအေးတို့ရုပ်ပြင်လေမထွက်လေဆိုတာမျိုးတော့ လုံးလုံးမှအဖြစ်မခံနိုင်အပြောမခံနိုင်ဘူး။ ဒီတစ်နှစ်ဝါကျွတ်ပြန်ပြီနော် ဆိုပြီးမထိ ခလုတ်ပြောတတ်တဲ့ မန်နေဂျာကိုလဲသိပ်ကြည့်မရချင်တော့ဘူး။ တခါတလေလူထြူုပီလားဟေ့ဆို တင်သိန်းအေးရေ နေပါဦးညည်းအသက် ကဘယ်လောက် ဆိုပြီး မေ့သလိုလို ခလုတ်တိုက်သလိုလိုနဲ့ လာလာဖွတာ သိသားပဲ။

လူအယောက်နှစ်ဆယ်လောက်ရှိတဲ့ရုံးမှာ ကျွန်မတစ်ယောက်ထဲ အပျိုကြီးတော့ဘယ်ဟုတ်မလဲ ။ အငယ်တွေတော့ရှိတာပေါ့။ ဒါပေမယ့် ဖိတ်စာတစ်စောင်လာပြီဆို . အငယ်တွေက အစ မမတင်သိန်းအေး နော် .နောက်ကားတွေကျော်တက်ကုန်ပြီနော်လို့အစခံရရင်  ရင်ထဲမှာ သိပ်ခံရခက်တာ ရှင်တို့သိကြရဲ့လား.။

ကံကောင်းတယ်ပြောရမလားကံဆိုးတယ်ပြောရမလားမသိဘူး ။ ရုံးချုပ်ကနေ စာရေးလေးတစ်ယောက်အသစ်ပြောင်းလာတယ်။ တင်မောင် သိန်းတဲ့ ။ ခပ်အေးအေးလေးပါပဲ ။ အသက်ကတော့ ၃၀ လောက်ရှိပြီပေါ့။ ရှေ့နာမည်ချင်းတူလို့ရုံးကလူတွေကတခါတခါ တင်နှစ်တင်တော့ တွေ့ကြပြီပေါ့လို့စရင်သူကအားနာတဲ့မျက်လုံးတွေနဲ့ကျွန်မကိုလှမ်းလှးမ်ကြည့်နေတာကျွန်မသိသားဘဲ။

နောက်ပြီးလူတွေကွယ်တော့မှ မမတင်သိန်းအေးကိုအားနာပါတယ် .သူတို့ကလဲသိပ်စတာဘဲဗျာတဲ့ ။ လာလာပြောတယ်။

သူကကျွန်မတို့နဲ့ထမင်းလာစားရင် ကျွန်မကဟင်းတွေဘာတွေထည့်ပေးပြန်ရင်လဲ မမတင်သိန်းအေးတို့အကြင်နာတွေ ပိုနေတာ လို့  အစခံရပြန်ရော ။ ဘတ်စ်ကားစီးရင်လဲ သူနဲ့ကျွန်မကခရီးတစ်ကြောထဲဖြစ်လေတော့ တူတူသွားဖြစ်သွားတယ်ပေါ့နော် ။ ကျွန်မရင်ခုန်သလိုလို စိတ်တော့လှုပ်ရှားသလိုလိုပါပဲ။ သူကလဲ အပြန်ဆိုမသိမသာနဲ့စောင့်တယ်လေ။ ကျွန်မကလဲ ရုံးအဆင်းဆို အရင်ကလို အဖွဲ့နဲ့မသွား ဖြစ်တော့ဘဲ သူနဲ့ပဲသီးခြားပြန်တတ်လာတယ်။ ဒါကိုမနာလိုတဲ့သူတွေများရှိသေးတယ်။ သိတာပေါ့မြင်တာပေါ့။

တရက်လေ သူကမေးလာတယ်.မမတင်သိန်းအေးက သုံးဆယ့်ငါးရှိပြီဆိုတဲ့ ။ အောင်မလေးဗုဒ္ဒေါနဲ့မှ ဘုရားသခင် ဘယ်လိုသိသွားပါလိမ့်။ . မဖြေပြန်ရင်လဲမကောင်းတော့ အင်းလို့ဖြေမိတော့ . ၃၅ ကျော်ရင်သိပ်မကောင်းတော့ဘူးနော်တဲ့ ။ဟမ် .ဘာမကောင်းတာလဲဆိုတော့ ၃၅ ဆိုတာ ကျရွယ်ရောက်ပြီတဲ့ ။ တသားလောက်မွေးပြီးရင်ကျပြီတဲ့ ။အောင်မလေး အောင်မလေးးလေး အရပ်ကတို့ရယ်ကြားလို့မှကောင်းသေးရဲ့လား။  တင်သိန်းအေးတို့နွားမကြီးစင်စစ်ကိုဖြစ်လို့ ။ ဘယ်သူပြောလဲလို့မေးလိုက်တော့ ဟိုလေ. သူများတွေပြောတာကြား ဖူးတာပါတဲ့ ။ အဲလို ၃၅ နှစ်တွေအိမ်ထောင်ကျပြီဆို တစ်နှစ်အတွင်းကို ချုံးချူံးကျသွားတယ်တဲ့ ။တသားလောက်များ ကျပြီဆို လုံးဝကိုကျသွားတော့တာအရမ်းသိသာတယ်တဲ့။နောက်ပြီးနဂို ထဲက ပြင်ပြင်ဆင်ဆင်မရှိတဲ့ ခေတ်သိပ်မဆန်တဲ့သူတွေဆို ပိုဆိုးတယ်တဲ့  ။ တချို့မမတွေဆိုအရမ်းလန်းတာလေ။ ဟိုဘက်ရုံးကမဥမ္မာတို့လိုပေါ့။

ဘာ …ဥမ္မာ.စုတ်ချွန်းချွန်းနဲ့ပြင်ထားလိုက်တာ မသာမျက်နှာကြီးလိုနေ့တိုင် ဖွေးဆွတ်နေအောင်လူးနေတာ ဒါကျတော့လန်းတယ်တဲ့ ။ သေနာကောင်။ စိတ်ထဲကနေအပီကိုကြိမ်ဆဲပစ်လိုက်တယ်။ ကိုယ်ကြပ်တွေဝတ် ကိုရီးယားကားထဲကလိုအတုခိုးပြီးလိုက်ဝတ်တာများ။ ဒါကိုလန်းသတဲ့ ။ . အဲလိုဆို ခံသာတယ်တဲ့ ။ရက်စက်ပါ့တော်. သူများအပြောနဲ့တင်လာပြောရလား . အဲဒီနေ့နေ့ က ကျွန်မလေသူ့ကိုနှုတ်လဲမဆက်ဘူး။ဘတ်စ်ကားပေါ်ကဆင်းပြီးတန်းကိုပြန်လာခဲ့လိုက်တယ်။ကျွန်မလေဒေါသတွေထွက်လိုက်တာမှ တညလုံးအိပ်မရဘူးရှင့်သိရဲ့လား။နောက်ဆုံးပြောလိုက်တဲ့စကားကလေမမတင်သိန်းအေးကသွားကလေးပဲဖျက်နေတာပါတဲ့။ရင်ထုမနာ ဆုံးဘဲ  ။ ကျွန်မကို ကျွန်မကိုလေ သူအဲဒီလိုပြောသွားတယ် ။

ခံရခက်လိုက်တာ.. ခံရခက်လိုက်တာတင်သိန်းအေးရယ် ..စေတနာတွေရေစီးကမ်းပျို လိုက်ခဲ့သမျှ ခဲလေသမျှသဲရေကျ ပဲရေပွ တော့အြ့ဖစ် မခံနိုင်ဘူး။

တွေ့ကြသေးတာပေါ့.. တင်မောင်သိန်းရယ်.. တင်သိန်းအေးအကြောင်းသိရမှာပေါ့။ တင်သိန်းအေးကိုများတစ်သားကျတာသွားတော့မယ့် နွားမကြီးစတိုင် ပြောသွားလိုက်တာများ။

ဗြူတီစလွန်းကိုသွားလိုက်တယ်. ကိုရီးယားစတိုင်ဆံပင်ကောက်ပေးလို့ပြောလိုက်တယ်။ဆံပင်ကိုလဲ ကာလာတင်ပစ်လိုက်တယ်။ ဆိုင်ကလူတွေပြောတာတော့အမရုပ်တော်တော်ပြောင်းသွားတယ်တဲ့။ဘယ်လိုပြောင်းလဲလို့ ဆိုတော့ ရုပ်ပြေသွားတယ်တဲ့။

မသာမတွေ.နဂိုကတော်တော်ဆိုးနေသလိုဘဲဒင်းတို့ပြောမှဘဲ။တော်သေးတယ်ကြက်မကြီးနဲ့တူတယ်လို့မပြောတာတောင်
 ကျေးဇူးတင်ရဦးမယ်။အပြန်ကျတော့ယုဇနပလာဇာဝင်ပြီးခုကောင်မလေးတွေဝတ်တဲ့စတော့ကင်အရှည်နဲ့တွဲဝတ်တဲ့
ဂါဝန်တစ်ထည်လဲဝယ်လိုက်တယ်။မိတ်ကပ်အရည်လဲဝယ်လိုက်တယ်။နေကာမျက်မှန်တလက်ဝယ်လိုက်တယ်။
ကောင်မလေးတွေတပ်တဲ့ဖဲပြားကြီးကြီးတစ်ခု ပါဝယ်လာခဲ့သေးတယ်။  မနက်ဖန် ကုမဏီဒင်နာ မှာတွ့ကြသေးတာပေါ့ တင်မောင်သိန်းရယ်။ ကျွန်မရင်ထဲမှာတော့မခံချင်စိတ်တွေတဖွား ဖွားပေါ်နေတယ်ဆိုတာ ဒင်းတို့သိမှသိပါလေစ။

ဒင်နာညရောက်တော့ ကျွန်မလူစုံတဲ့အချိန်ကိုချိန်ကိုက်ဝင်ဖို့ဆုံးဖြတ်လိုက်တယ်။ ငှားလာတဲ့တက္ကဆီကလဲ ဆိုဖာကစပလိန်ကျိုးနေတော့ ကားနဲ့ကိုယ်ပါရောပြီးဖင်တရွတ်တိုက်ဆွဲပြေးနေ ရသလိုဘဲ ယက်ကန်ယက်ကန်ထိုင်ရတယ်။ အမလေး ခါးတွေကိုညောင်းလို့။ ပြတင်းပေါက် တင်ဖို့ကျတော့မှန်လှည့်တဲ့လက်ကိုင်ကမရှိဘူးပြုတ်နေလို့လေကတ၀ှီးဝှီးနဲ့။ဒါတောင်ကျွန်မနေတဲ့နေရာကနေ ၃၀၀၀ပေးငှားလာရတဲ့ကားနော်။လိမ်းလာသမျှမိတ်ကပ်တော့ကုန်ပါပြီ။ ကောက်လာတဲ့ကိုရီးယားဆံပင်ပုံစံလဲပျက်ပါပြီ။
လေကတိုက်ဆံပင်တွေကပါးလာကပ်.နှုတ်ခမ်းနီတွေနဲ့ဆံပင်တွေနဲ့ကကပ်။ဆံပင်ကိုဆွဲတော့  နှုတ်ခမ်းနီတွေများပါးကို ကပ်ပါသွားတယ်ထင်တာ။ ဟောဟော ရောက်ပါပြီ။ အမ်သရီးဖုစင်တာကို။။ ၀ှီးးးးးမောလိုက်တာ ကားစီးလာရတယ်မထင်ဘဲ ကိုယ်ကိုယ်တိုင်ကားနဲ့လိုက်ပြေးလာရသလားအောင့်မေ့ရတယ်။ ခါးတွေကလည်းညောင်း ပဲ။ အ၀မှာ တင်မောင်သိန်းကိုလဲတွေ့ပ။

ရုံးကကောင်မလေးတွေကိုလဲတွေ့တယ်လေ။ သူတို့လောက်ကတော့ကျွန်မလဲမရှုံးပါဘူး။ 

ကားထဲကနေမနည်းကုန်းရုန်းထပြီဲး ကျွန်မအပြင်ထွက်တော့ ဗြိတဲ့။ ၀တ်လာတဲ့စတော့ကင်ကဗြိတဲ့ . ဘယ်နားကပြဲလဲကြည့်တော့မတွေ့ပါဘူး.တင်ပါးဖုံးရုံလေးဝတ်ထားတဲ့ဂါဝန်ဆိုတော့လဲဆွဲဆန့်ချရသေးတယ်။ စီးလာတဲ့ဒေါက်ဖိနပ်ကိုလဲအားနာရတော့နည်းနည်းညှာညှာတာတာကလျှောက်ရသေးတယ်။ လမ်းမှာတုန်းကတပ်လာတဲ့ နေကာမျက်မှန်အမဲကြီးကိုကျမနဖူးပေါ်ဟန်ပါပါတင်ထားတာပေါ့။သိတယ်မလား တင်သိန်းအေးပဲဟာ။ အဲလောက်မညံ့ပါဘူးလေ။

ကားပေါ်ကဆင်းကတည်းကရုံးကလူတွေများတအံ့တသြနဲ့ကြည့်နေလိုက်ကြတာ။တင်မောင်သိန်းဆိုတာလဲ မျက်လုံးကြီးကို ကျွတ်ကျမတတ်ဘဲ ။ မျက်လုံးတွေကပြုံးတုံ့တုံ့အရိပ်တွေသန်းလို့။ ဟင်းးးဘာခုမှ လာပြုံးပြချင်နေတာလဲ ။ ဥမ္မာမှလှတယ်ဆို ။ ခုတော့တင်သိန်းအေးလှတာတွေမြင်ပြီမလား။

နွယ်နီတို့ဖြိုးဖြိုးတို့ကကျွန်မကိုလှမ်းပြီးမမတင်သိန်းအေးအရမ်းပြောင်းလဲသွားတယ်မိုက်တယ်ကွာတို့အပျိုကြီးဒီလိုကျတော့လဲ. မိုက်သား.တဲ့။ မိုက်ရမယ်လေ မိုက်ရမှာပေါ့. ဘယ်သူမှတ်လို့တင်သိန်းအေးပဲဟာကို။

ဟင်းးဟင်းးဟင်းး .......... …….
.အိုက်တင်လေးနဲ့ဘဲရီပေးလိုက်ပါတယ်။လက်နှစ်ဖက်ကိုနောက်လေးယှက်ပြီးစတိုင်လေးနဲ့လျှောက်ပေးလိုက်တယ်။ ပြီးတော့အိမ်မှာ ဇက်စောင်းမတတ်ကျင့်လာတဲ့ စတိုင်အတိုင်းခေါင်းလေးစောင်းပြီး အလန်းဇယား ၃၅ လေ လို့ တင်မောင်သိန်း မကြားကြားအောင်ကျွန်မအော်ပြောခဲ့လိုက်သေ်းတယ်။ အဲညကဒင်နာမှာ ကျွန်မကိုရုံးကအဖွဲ့တွေက အလန်းဇယား ၃၅ ဆိုပြီးပြောနေကြတာ. .ကျွန်မကတော့ စတိုင်လေး နဲ့ဘဲရီပေးလိုက်ပါတယ်။တင်မောင်သိန်းဆိုတဲ့ကောင်ကျွန်မကို တသားကျရင်သားသတ်ရုံပို့ရ မယ့် နွားမကြီးသာသာပြောသွားတာာခုတော့မြင်ပြီမဟုတ်လား ။ မပျက်စီးသေးတဲ ၃၅ ပါ။။ အလန်းဇယား ၃၅ ပါ။။

………………………………………….

……………………………………….

…………………………………………

အဲုဒီနေ့ကသူတို့မသိလိုက်တဲ့တချက်ကတော့လေ ကျွန်မကားပေါ်ကအဆင်းမှာစပလိန်ကျိုးနေတဲ့ကားစုတ်ကားပျက်ရဲ့လက်ချက်နဲ့ စတော့ကင်ဟာ တင်ပါးမှာပြဲသွားခဲ့ တယ်ဆိုတာပါပဲ။ ဒါ့ကြောင့်ကျွန်မလက်ကလေးနှစ်ဖက်ကို နောက်ကိုယှက်ပြီးစတိုင်နဲ့လျှောက်ခဲ့တာပေါ့

ဒါပေမယ့်လေ သေချာတာတော့ အဲဒီညက ကျွန်မကိုအားလုံးကလန်းနေသေးတဲ့အလန်းဇယား ၃၅ လို့မြင်သွားကြတာကိုတော့ရင် ထဲတွေးတွေးပြီးကျေနပ်နေလိုက်တာများလေ အိပ်လို့တောင် မပျော်ခဲ့ ဘူးရှင်တို့သိရဲ့လား.....





ချစ်ခြင်းအားဖြင့်

မဒမ်ကိုး

၅း၃၀ မိနစ်

၂၈ရက် ၂ လ ၂၀၁၃ ခုနှစ် ( ကြာသာပတေးနေ့ )

32 comments:

Cameron said...

ဂျာရစ်ရယ် နာ့မှာအူကိုလှိမ့်နေတာပဲ ရီရတာ ရီရတာအေ မောတောင်မောတယ် ဖတ်ရတာ..

blackroze said...

မားမားရေ ရယ်ရထှာ.. :)

နွေတေးရှင် (မင်းဧရာ) said...

ဟင်....
ဂျာရစ်......
ဒီမှာဗိုက်စာနေရတဲ့အထဲ ရယ်လိုက်ရတာ
အူတွေကို နာလို့။
များများရေးစမ်းပါ အဲဒါမျိုးတွေ။

Han Kyi said...

မှန်ရှေ့သွားပြီး တင်သိန်းအေး လမ်းလျှောက်နည်း ကျင့်ဦးမှပဲး)

အလုပ်ပိနေလို့ စိတ်မောနေတဲ့ကြားမှာ ပြုံးခွင့် ရယ်ခွင့် ရသွားလို့ ကျေးဇူးတင်ပါတယ် ဂျာရစ်ရေ...

sosegado said...

တစ်ချို့က ၄၀ ထိလန်းတယ် D:

ဆောင်းနှင်းရွက် said...

:D :D
နားစေး၊ ခေါင်းကိုက် ပြီး နေမကောင်းဖြစ်နေတာ တစ်ဝက်လောက် ပျောက်သွားတယ် .. >> :))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မိုးညချမ်း said...

ဖတ်ရင်း တခွိခွိကို နေတာပဲ ... ရေးလည်းရေးတတ်ပ ချစ်မရယ် ... တင်သိန်းအေးလို ၃၅ ထိ မရောက်အောင်တော့ သတိထားမှပဲ ... ဟီး ဟီး ... ဒါနဲ့ စကားမစပ် ကျားထောက်ချောက်လေး ဇာတ်သိမ်းအုံးနော် မမ ... :P

မိုးသက် said...

အလန်းဇယားပဲ ...
အပေါ်က ပြောတဲ့ ကျားထောင်ချောက် :/

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ငါ့နှယ်အေ. ဖတ်ဖတ်ပြီ: တခွိခွိနဲ့ မနည်: ဘရိတ်အုပ်ရတယ်

သူကြီးမင်း (တုံးဖလား) said...

ဒါနဲ့ အဲဒီ တင်သိန်းအေး တစ်ယောက် အခု အပျိုကြီး ၀ဋ်ဒုက္ခကနေ ကျွတ်တမ်းဝင်သွားပြီလား။ ။

San San Htun said...

ဟား..ဟား..အလန်းဇယားလေးက တကယ်ရယ်ရတယ်..း)

ချစ်စံအိမ် said...

မဒမ်ပိုစ့်တွေဖတ်ရတာ အမြဲပြုံးရတယ်.. လမင်းလည်း မသိန်းအေးလို့ မဖြစ်အောင်သတိထားရမယ်..:P

လရိပ်အိမ် said...

ရေးထားတာလေး အရမ်းကြိုက်တယ် မ ရေ။
စိတ်ရှုပ်နေတာလေးတွေတောင် လန်းသွားပြီ။

မိုးနတ်ကြယ်စင် said...

အမဒမ်ရေ...လန်းလှချည့်
ဖတ်ပြီး တခွိခွိကိုရယ်နေရတော့တာပဲနော်..
ဟုတ်တယ် မ ရေ...အဲ့လိုလေးတွေ များများရေးပါ
သိလားးးးးးးးးးးးးးးး ဒီပို့စ်လေးအတွက်
ကျေးဇူးကုဋေကုဋာပါ ချစ်မရေ...အာဘွားးးးးးးးးး
ချစ်တဲ့...မိုးနတ်

မောင်သီဟ said...

ရယ်လိုက်ရတာ ဒယ်အိုးရာာာ

ငြိမ်းစိုးဦး said...

ဟာသနဲ့ ကလူကျီစယ်တတ်သူဟာ ပျော်ရွှင်စရာကို
ဆောင်ကျဉ်းပေးနိုင်သူဖြစ်လို့ ၀မ်းသာအားရဖြစ်ရပါတယ် ...

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်သေးတယ် စတော်ကင်မဝတ်လို့
မဟုတ်ရင် အနောက်က ပြဲနေရင် တင်အေးသိန်းစတိုင်နဲ့ လျှောက်နေရဦးမယ်
ရည်းစားနဲ့ တွေ့မယ်ဆိုရင်လဲ ငပိရည် ငါးသလောက်မစားတော့ပါဘူးအေ
တော်ကြာ တင်အေးသိန်းလို ကျန်ရစ် ဖြစ်နေရပါဦးမယ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

တော်သေးတယ် စတော်ကင်မဝတ်လို့
မဟုတ်ရင် အနောက်က ပြဲနေရင် တင်သိန်းအေးစတိုင်နဲ့ လျှောက်နေရဦးမယ်
ရည်းစားနဲ့ တွေ့မယ်ဆိုရင်လဲ ငပိရည် ငါးသလောက်မစားတော့ပါဘူးအေ
တော်ကြာ တင်သိန်းအေးလို ကျန်ရစ် ဖြစ်နေရပါဦးမယ်း)

မိုးဇက် said...

အဟီး

နွေလ said...

ရီလိုက်ရတာ ဖက်ဖက်မော
ရင်ဘတ်နောက်က ကျောလို့ ဆိုရမလား
အူတွေတောင် နာတယ် တီဒမ်ကိုးရေ
ရေလည် ဟာသမြောက်တယ်
နာမည်ကလည်း ပေးတတ်လိုက်ပုံများ
အပျိုကြီး နာမ်နဲ့ ကိုက်ညီပါပေတယ်
တီဒမ်ရဲ့ အရေးအသားမြောက်မှုကြောင့်လေ
သားတော့ တီတင်သိန်းအေးကို ချစ်မိသွားပြီဗျာ ဟိဟိ

Thu said...

အနော့်ပတ်ဝန်းကျင်မှာတော့အလန်းဇယား၄၀တွေတော်တော်ပေါတယ်..
ဟိဟိ

Unknown said...

အ၇မ်းရီရပါတယ် နောက်ထပ်ရေးပါဦး :)

အိမ်မက်စေရာ said...

ဒါလေး ဖတ်မယ် ဖတ်မယ်နဲ့ ခုမှပဲ လာဖတ်ဖြစ်တယ် မမရေ..။ ဟိ မမ စာရေးရင် အဲ့လို မျက်လုံးထဲ ပေါ်အောင်ကို ရေးတက်တာ..ထမင်းကို လက်နဲ့စားပြီး ရည်းစားနဲ့ ချိန်းတွေ့ တာ ကြုံဖူးတယ်..ဒုက္ခမရောက်ခဲ့လို့ တော်သေး။ အော် ပြီးတော့ သွား ရယ်လိုက်ရင် ရှေ့သွားလေး ထွက်ထွက်လာတာတော့ အိမ်မက်နဲ့ များတူသလား..ဘူမှ မသိပေမယ့် အိမ်မက်လဲ ရှေ့သွားနဲနဲ ခေါတယ် ဓါတ်ပုံရိုက် ရင် မသိသာအောင် ရယ်ရတာပေါ့နော် ဟိ။ အင်း ၃၅ လောက်ဆိုရင်တော့ အိမ်မက်လဲ တင်သိန်းအေးလိုများ ဖြစ်မလား မသိ။

Unknown said...

ဒိုးကန်လေး
ရေးတတ်လိုက်အလန်းဇယား၃၅ကိုဖတ်ပြီး
ရယ်မောပျော်ရွှင်သွားပါတယ်။
အထက်မှာတဂျီးမင်းကမေးထားတယ်တင်သိန်းအေး
တစ်ယောက်အပျိုကြီးဘ၀ကကျွတ်တန်းဝင်သွားပြီလားတဲ.
မကျွတ်သေးရင်ဒိုးကန်ကိုအကူအညီတောင်းမလို.ထင်တယ်....ဟဟ(စတာနော်)
ခင်တဲ.အန်တီလေးမေခင်

အလင်းသစ် said...

ထမင်းစားရင်းဖတ်တာ... ထမင်းပါသည်းသွားတယ်... ဟီးဟီး... မျက်မှန်ကြီး နဖူးပေါ်တင်ထားတဲ့ ဂျာရစ်ကြီး ပြေးမြင်တော့တာပဲ... ဟုတ်တော့ဟုတ်သား .... ငါ့အမကလည်း ရှေ့သွားတွေ တယ်ဖွံ့ထွားသကိုး... ဟီးဟီး

Angelhlaing(May everybody be happy and healthy! said...

မထင်ထားဘူး ...မမ တစ်ကယ်ရေးတက်တယ် ..:) အဲ့လိုမျိုး ရေးတက်ချင်လိုက်တာ ..အားကျတယ်မမရေ..:P

အမ်တီအန် said...

ဒိုးကန်က ဟာသ ဇ၀န်ဥာဏ်ရှိတယ်..
ဖတ်ပြီးရယ်မိတာ ခေါင်းတောင် အတော်ပေါ့သွားတယ်..

Dream said...

အဟား. အလန်းဇယားကို ဖတ်ပြီး ရယ်ရဒယ်..
း)))

အားဝါးးးးးးးးးးးးးးးးးးးစ်
အလန်းဇယားနဲ့ မဟားဒယားနမ်းသွားတယ်...
ခစ်ခစ်

မက်မက်

Yin Sue said...

ဟီးဟီး....နာ့အမ အလန်းဇယား ၃၀ ကျော်တွေကို ဒီပို့စ်လေး ပေးဖတ်ဦးမှပါဘဲ....မကြီးဒိုးကန် သူက ကိုရင်ရှိတယ်ဆိုပြီး ပျိုရီးတွေကို နိုင်ကျင့်တယ်ပေါ့လေ....ငိငိငိ...မကြီးရဲ့ရေးချက်ရေးချက်တွေက ပက်ပက်စက်စက် ရီရယ်တယ်.. သိပ်မိုက်တယ် မကြီးဒိုးကန်ရေ....

Unknown said...

ဟဲအလန်းဇယား၁၅လေရေးပါအုံး

Unknown said...

ကောင်းပါတယ်မရယ

Unknown said...

ရူပါလန်းလို့မန့်လိုက်ပြီ :p

Related Posts Plugin for WordPress, Blogger...