Thursday, January 31, 2013

ဗဟုသုတ ဖြစ်ပါတယ်ဗျာ

ကျွန်တော် ဘလော့တွေ မလည်နိုင်ခဲ့တာ ကြာပီ။စာမရေးနိုင်တာလည်း ကြာပြီ။နှစ်ကူးကာနီးမှာ ကျန်းမာရေးက ထဖောက်လိုက်သေးတယ်။ နေလည်း ကောင်းလာရော ကွန်ပြူတာက အခိုးခံရတယ်။ပါဝါကလွဲရင် ဘယ်ဟာနှိပ်နှိပ် အကုန်ပွင့်တဲ့စက်ကလေး၊ စခရင်ကလွဲရင် ကျန်တဲ့နေရာ အကုန် မီးလင်းတဲ့စက်ကလေးဆိုတော့ ခိုးတဲ့လူလည်း ဒီလောက်ကြာရင်တော့ နောင်တ ရလောက်ပါပြီ.။ အဲ့တော့လည်း ပိုင်ရှင် ကျေနပ်တာတွေ မကျေနပ်တာတွေ ခေါင်းထဲမထည့်ပဲ သူများစက်ကလေး အတင်းကာရော ကုပ်ကပ်သုံးရင်း ဘလော့တစ်ချို့  လည်ဖြစ်တယ်..။တတ်သည့်ပညာ မနေသာဆိုတော့ ဟောစာတမ်းလေးတစ်စောင် အင်ထုပြီး ဘလော့တွေကြားထဲ ချောင်းသံလေး ပေးရသေးတယ်။( ခေတ်ကာလကြီးကလည်း အသံကျယ်ကျယ်နဲ့ ချောင်းဆိုးနိုင်တဲ့သူ လူရာဝင်တဲ့ခေတ်ကိုးဗျ..နော့..)။အခုလည်း ဗဟုသုတဖြစ်စရာလေးတွေ သိရ၊ကြားရပြန်တော့ မနေနိုင်ပြန်ဘူး..။တကယ် ဗဟုသုတ ဖြစ်ရတာပါဗျာ...။

၁။မိန်းမများသည် ပြိတ္တာနှင့်တူ၏..။
တစ်အိမ်တည်းနေတဲ့ သူငယ်ချင်းက အညာအရပ်ကပါ..။သူ့နေရာကို ပြောရမှာလည်း ခပ်လန့်လန့်ပဲ.. ခရိုင်က မြင်းခြံ၊ မြို့နယ်က နွားထိုးကြီး၊ သူနေတဲ့ ရွာကျပြန်တော့ ကြောင်နန်တဲ့... အညာအရပ်သားပီပီ ရွေးကောက်ပွဲဝင်တဲ့ အမတ်လောင်းတွေလို စကားကလည်း ကြွယ်ပ..တစ်နေ့ မူးမူးနဲ့ အိမ်ပြန်လာပြီး ဆိုင်းမဆင့် ဘုံမဆင့် သူပြောတာက

“ ကိုရင်ရေ.. မိန်းမတွေဟာ ပြိတ္တာနဲ့ အတော်တူတာပဲဗျ”
“ဟေ..မင်းဟာက မဟုတ်သေးပါဘူး..မိန်းမတွေထဲမှာ အမေတွေ အမတွေပါတယ်လေကွာ..။ငရဲကြီးမယ်ဟ”
“ဟာ.. နေရာစုံတော့ မဟုတ်ဘူး ကိုရင်ရ.. ကျုပ်ဆိုလိုတဲ့နေရာက နှလုံးသားရေးရာ နေရာကို ဆိုလိုတာ”
“ဒီလိုဆို လုပ်စမ်းပါအုံးဟ..”
“ဒီလိုလေဗျာ.. မိန်းကလေးတွေက နှလုံးသားရေးရာနဲ့ ပါတ်သတ်လာပြီဆိုရင် ကိုယ်ဘယ်လောက်ချစ်နေနေ မပြောထွက်ဘူး.. ပြိတ္တာတွေလိုပဲ ရေငုံ နှုတ်ပိတ် သေတဲ့အထိ ၀ဋ်ခံစားရတာဗျ..အဲ့တာတွေးမိလို့ပါဗျာ...ဒါပဲဗျာ ..ကျုပ် အိပ်ပီ ကိုရင်”တဲ့..

ကိုယ့်မှာသာ ခေါင်းပွတ်ပြီး အူတူတူနဲ့ ကျန်ခဲ့တယ်။ထောက်ပဲ ခံရတော့မှာလိုလို၊ ငြင်းလို့ကလည်း မရ.. တင်စားပုံကြီးကလည်း ပြိတ္တာတဲ့.. ။ အရပ်ဒေသရော တင်စားပုံရော ဗဟုသုတ ဖြစ်ပါတယ်ဗျာ..။

၂။လယ်သမားများ အကြွေးကြေအောင် ထမင်းတစ်နပ်လျှော့စားသင့်တယ်..။
နောက်ထပ် မှတ်သားဖွယ်ဖြစ်တာက ဒီလိုဗျ..။ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ဓနုဖြူ မြို့နယ်မှာ ပြောတာလေးက မှတ်သားဖို့ -ကောင်းလှတယ်။။ လယ်သမားတွေ အကြွေးကြေဖို့အတွက် တစ်နေ့ကို ထမင်းတနပ် လျှော့စားသင့် တယ်”တဲ့။ အဲ့ဒီ စာကြောင်းလေးတစ်ကြောင်းကို ဖတ်ပြီး တော်တော်ကြာအောင် ငြိမ်နေမိတယ်။လယ်လုပ်ပြီး ထမင်းနပ်မှန်အောင် မစားရတဲ့ လူတွေကို တစ်နပ် ထပ်ပြီး လျှော့စားခိုင်းသတဲ့။ဒီစကားဟာ တို့နိုင်ငံက လယ်/ဆည်ဝန်ကြီးက ပြောတာတဲ့..။ ဟုတ်ပါလေစ.။ လယ်/ဆည် ၀န်ကြီးဆိုတာ လယ်သမား -တွေအတွက် အားကိုးထိုက်တဲ့လူ၊ လယ်ယာလုပ်ငန်းများအား စနစ်တကျ ဦးဆောင်ညွှန်ကြားနိုင်သူ၊ စိတ်ပါဝင်စားသူ၊ ကျွမ်းကျင်သူဖြစ်လို့ ဒီနေရာကို အပ်နှင်းခံထားရသူ မဟုတ်ဘူးလား..။ ဒီစကားရဲ့ အတိမ်အနက်၊ အထိအရှကို လယ်သမားမဟုတ်တဲ့လူတွေ ခံစား နားလည်နိုင်မှာ မဟုတ်ပါဘူး။ ထမင်းတစ်နပ် -လျှော့စားလိုက်ရုံနဲ့ တကယ် ဖြစ်မြောက်သွားမှာလား..။ တကယ်သာ အဲ့လိုဖြစ်မယ်ဆိုရင် “ထမင်းကို ဆားနဲ့ စားမဲ့လယ်သမားတွေ တစ်ပုံတစ်ပင်”..။ နိုင်ငံတော်အဆင့် ဦးဆောင်သူတစ်ယောက်အနေနဲ့ ဒီစကားကို သေချာစဉ်းစားချင့်ချိန်ပြီးမှ အကြံပြုခဲ့ သင့်တယ်။သူသာ ဒီလိုမျိုး ပြောခဲ့တာမှန်ရင် ဒီစကား တစ်ခွန်းနဲ့တင် ဦးဆောင်သူရဲ့ ဦးဆောင်နိုင်စွမ်းအရည်အချင်းကို သိနိုင်ပြီး လယ်/ဆည်ဝန်ကြီးနဲ့ လယ်ယာမြေတွေ ဘယ်လောက် ဝေးကွာနေလဲဆိုတာ သိသာလှတယ်။“ငါ့ဘကြီးကွာ.. ၀န်ကြီးကပြောလို့ လိုက်လုပ်တာ သေတဲ့အထိ ထမင်းသုံးနပ် ပြည့်အောင် မစားသွားရဘူး..  အကြွေးလည်း နောက်လူတွေ ဆပ်ရတုန်း..”ဆိုတဲ့ စကားစုတစ်ခု ထွက်ပေါ်လာမဲ့ပုံ....ဒါလည်း မှတ်သားစရာပေပဲ။ဓနုဖြူသားတွေ သဘောကောင်းလွန်းလှတာကိုတော့ လေးစားမိတယ်။ကိုရင့်အမျိုးတွေရှိတဲ့ ရွာမှာသာ အဲ့လိုသွားပြောရင်တော့ ဖိနပ်ပျံတွေ တန်းစီရမှာ..။မသိရင် ထိုင်နေပါ.။ ထမလုပ်ပါနဲ့..။လျှောက်မပြောပါနဲ့..။လယ်/ဆည်ဝန်ကြီးက လယ်သမားတွေကို ထမင်းနပ်မှန်နေသူတွေလို့ ထင်သတဲ့..။ဗဟုသုတ ဖြစ်ပါတယ်ဗျာ..။

၃။ကိုယ့်အသားထိမှ နာတတ်တယ်..။
ရခိုင်ပြည်နယ်မှာ ပြသနာတွေဖြစ်တယ်။ကိုယ့်ဒေသ ကိုယ့်ကျေးရွာ ကိုယ့်မိသားစု မဟုတ်တော့ ဖတ်ကောင်းတဲ့ သည်းထိတ်ရင်ဖို သတင်းတစ်ပုဒ် ထက်ပိုပြီး မခံစားကြဘူး။ကချင်ပြည်နယ်မှာ စစ်တွေဖြစ်နေတယ်။ကလေးငယ်တွေ အနာဂတ်မဲ့နေတယ်။ ကိုယ့်ဒေသ၊ ကိုယ့်ကျေးရွာ ကိုယ့်သားသမီး မဟုတ်တော့ အနေအစား မပျက်ပြန်ဘူး။ လက်ပံတောင်းအရပ်မှာ ပြသနာတွေတက်တယ်။ ကိုယ့်အရပ်မဟုတ်တော့ လဖက်ရည်သောက်ရင်း -ပြောကြတာထက် မပိုပြန်ဘူး။ ချင်းပြည်နယ်မှာ ချင်းလူမျိုးတွေ မရှိတော့ဘူး။မြင်းတွေပဲ ကျန်တော့တယ်။ ကိုယ့်ပြည်နယ် မဟုတ်တော့ ဘာအရေး -တုန်း။ အခု ထမင်းနပ်မမှန်တဲ့လူတွေကို ထမင်းလျှော့စားဖို့ အကြံပြုသတဲ့။လယ်သမား မဟုတ်တဲ့သူတွေက ဟာသပြောတယ်ထင်ပြီး ဘီယာ -သောက်ရင်း တဟားဟားနဲ့ ထရယ်ကြတယ်။ ဒီလူမျိုးကိုမှ နိုင်ငံကြီးသားလို့ မပြောရင် ဘယ်လူမျိုးကို ပြောကြမတုန်း..။နာတတ်အောင် ကျွန်တော်တို့ တစ်ယောက်ချင်းစီတိုင်းကို လိုက်ဆိတ်ရတော့မယ်။ ဗဟုသုတ ဖြစ်ပါတယ်ဗျာ..။

၎။လွှတ်တော်အမတ်လောင်းတွေကို စိစစ်ဖို့လိုပြီ..။
စကားပြောကောင်းတဲ့လူတွေထက် တကယ် အရည်အချင်းရှိတဲ့လူတွေကို နေရာရသင့်ပြီ။စကားပြောကောင်းတဲ့လူတွေက အမတ်လောင်းတွေဖြစ်၊ တစ်ဆင့်တိုး ၀န်ကြီးနေရာတွေရောက်၊ နေရာအနှံ့ ရောက်ကုန်တော့ နေရာအနှံ့  သုံးမရ ဖြစ်ကုန်တယ်။မဲဆွယ်တဲ့အချိန်တုန်းက ၀ှက်ဖဲလေးသုံးပြီး “ပြည်သူ့အတွက်-ပြည်သူ့အတွက်” ဆိုပြီး အသံကောင်း ဟစ်ခဲ့တယ်။သူပြောတဲ့ “ပြည်သူ”ဆိုတာက တိုင်းပြည်တစ်ခုလုံးကို ကိုယ်စားပြုတဲ့ “ပြည်သူ” မဟုတ်ဘူး။ သူ့အမျိုးသမီး ပြည်ဇာတိဖွား “ပြည်မြို့သူ (ပြည်သူ) ” ကို ဆိုလိုတာများလားဆိုတာ စေ့စေ့တွေးတော့ ရေးရေးလေး မြင်သလိုလို..။ အရင်နှစ်တွေတုန်းက လူတိုင်းပြောခဲ့တဲ့ စကားတစ်ခုရှိတယ်။ “ဒို့နိုင်ငံမှာ အပေါဆုံးက စစ်သားတွေ”တဲ့.. အခုတော့ ဒို့နိုင်ငံမှာ အပေါဆုံးက အမတ်လောင်းတွေ”လို့ ပြောင်းပြောရတော့မယ်..။ဗဟုသုတ ဖြစ်ပါတယ်ဗျာ..။

(နိုင်ငံတစ်ခု တိုးတက်အခြေကျဖို့ သမ္မတတစ်ယောက်ထဲရဲ့ အားနဲ့ မရနိုင်ဘူး..။အရာရာကို သမ္မတကိုချည်း ပစ်မှတ်ထား တောင်းဆိုလို့ မမျှတနိုင်ဘူး။ သမ္မတကြီးနားက အခွံတွေကို အရင်ဆုံး အဆန်တွေဖြစ်လာအောင် စိစစ်ဖို့ လိုပြီ..။)

ဆက်ပြောရင်တော့ များတော့မယ်ထင်တယ်..။ကိုရင့်ပိုစ့်တွေ ဖတ်ပြီး သူငယ်ချင်းတွေက " လူ့ဂွစာကြီး " လို့ ကင်ပွန်းတပ်ကြတယ်။လူကိုလည်း ဂွနဲ့ လာပစ်သေးတယ်.. ဂွစာလို့လည်း   ခေါ်ကြသေးတယ်။ပြောစရာတွေက တစ်နေ့တခြား များလာတယ်။ကွန်ပြူတာဝယ်နိုင်ဖို့ ကိုရင်လည်း တစ်ရက်ကို ထမင်းတစ်နပ် လျှော့စားတော့မယ်..။ တကယ်ပါ..ခင်ဗျားတို့တွေနဲ့ ဗဟုသုတကို ဖြစ်ပါတယ်ဗျာ...။


လေးစားစွာဖြင့်
ကိုရင်
31.1.2013
11:05 (GMT)









18 comments:

Latt Latt said...

ထမင်းတစ်နပ် လျော့မစားရပဲ ကွန်ုပြူတာမြန်မြန်ဝယ်နိုင်ပါစေဗျာ

3rdthameetaw said...

ကိုင်း ရူပါ လန်းမလန်း တော့မသိဘူးဗျိုး
ရေးထားတာလေး သဘောကျလို့ 
မန့် သွားပါတယ်
ထိထိ မိမိ အရေးအသားတွေပဲ
အများကြီးတော့ ကျန်သေးတယ်လို့ 
ခံစားမိတယ်
မှန်ကန်ရင် ကွဲသတဲ့ဗျာ သတိတော့ထားပေါ့..

San San Htun said...

ကိုင်း..ကိုင်း..ထမင်းတစ်နပ်လျှော့စားစရာမလိုဘဲ ကွန်ပျူတာ မြန်မြန်ဝယ်နိုင်ပြီး ဗဟုသုတရတာတွေ များများရေးနိုင်ပါစေဗျား..း)

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးးးးး
မိုးနတ်ဆုတောင်းမိနေတာကလဲ ကွန်ပြူတာ
မြန်မြန်ပြန်ဝယ်နိုင်ဖို့ပါပဲရှင် :)))

စံပယ်ချို said...

ကိုရင်ရေ
ထမင်းလေးတော့ပုံမှန်ပဲစားပါ
ပေးလိုက်တဲ့ ဗဟုသုတတွေအတွက်ကျေးဇူးပါလို့

နွေတေးရှင် (မင်းဧရာ) said...

ဗဟုသုတ တွေလည်းဖြစ်ရပါတယ်
လူ့ဂွစာကြီးရား))။

ဗျာ....
အမတ်လောင်းနဲ့ ပါတီတွေအကြောင်းလား ........................................................။

သမတကြီး အသက်ရှည်စေကြောင်း ဆုတောင်းလိုက်ပါတယ်။

ကျုပ်အဆုပ်သိပ်မကောင်းဘူးဗျ
ဖုန်တစ်ထောင်းထောင်းနဲ့ မြန်မာပြည်မှာ လူတွေတန်းစီတာ များတယ်။

အခုလောက်ဆို ကွန်ပျူတာ ခိုးသွားတဲ့သူလည်း ဗဟုသုတ တွေဖြစ်လောက်ရောပေါ့။

ထမင်းနပ်မှန်အောင် မစားရတာ ကြာပါပြီ မောင်မြင့်လှိုင်။

Anonymous said...

:)

ပြုံးသွားခဲ့ပါတယ် ..
ရေးလည်း ရေးတတ်ပရှင်

မိုးညချမ်း said...

ဟပ်ချလောင်း .... နေအမြန်ကောင်းပြီး ကွန်ပျူတာ မြန်မြန်ဝယ်နိုင်ပါစေ မမရေ ...

ညိမ်းနိုင် said...

ကျုပ်တို့နိုင်ငံက ဝံဂျီးမှန်သမျှ ကြပ်ပြည့်တဲ့ဝံ တစ်ယောက်
မှရှိတာမဟုတ်ဘူးရယ်...၊ဒီသောက်ရူးတွေပြောသမျှက
မှတ်လောက်သားလောက် ရယ်ပွဲဖွဲ့လောက်စရာချည်း
ဗျ....၊ထားပါဗျာ...ဒါတွေပြောရင် ဒေါတွေပါတယ်....၊
ကိုရင်က ဂွစာ ဆိုတော့ ဂွနဲ့လာပစ်ဦးမယ်....၊ဘယ်ဂွ
ကြိုက်သတုန်း.....၊၂၄ဂွဆို သိပ်မကြီးပါဘူးနော်...ငိငိငိငိ

သူကြီးမင်း (တုံးဖလား) said...

မိန်းမများသည် ပြိတ္တာနဲ့တူ၏။
ယောက်ျားများသည် ဘီလူးနဲ့ တူ၏။
ပုထုဇဉ်မှန်သမျှ ထိုမှတစ်ပါးသော သူတို့သည်
အရူးနဲ့ တူ၏။

ထင်တာဖြည့်သွားသည်။ အမှန်ဟု မမှတ်စေလို။ မှတ်လိုကလည်း မှတ်နိုင်၏။း)

ဒီလိုစာတွေ ဟိုလို ဟောစာတမ်းတွေ များများရေးစမ်းပါ ဂေါပကကြီးရာ။

မိုးသက် said...

လာဖတ်သွားတယ်ကိုရင်ရေ..
အခုလို မဖတ်ရတာ ကြာတဲ့အစ်ကို့လက်ရာလေးတွေ
ပြန်ဖတ်ရတာ ဖတ်လို့ကောင်းလိုက်တာ.။

ညောင်ညိုရိပ် said...

ကလိကလိများ,တစ်ကြောင်းရေးနှစ်ကြောင်းဂွများ :)
ထမင်းတော့ လျှော့မစားပါနဲ့ဗျာ...သူခိုးနောင်တရရင် ပြန်လာပို့ချင်ပို့မှာပေါ့...နှစ်ခြောက်ဆယ်လောက်တောင် စောင့်ခဲ့ဘူးတာပဲ။ :D

ညီလင်းနိုင် said...

ကျွန်တော် အကြိုက်ဆုံး သရော်စာရေးသူကတော့၊

ဆရာကြီး ဂျက် ( ကွမ်းခြံကုန်း ) ပါပဲ။

အခု.... ကိုရင့်ကိုပါ အကြိုက်စာရင်းထဲ ထည့်ရတော့မယ်။

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ။

kokoseinygn said...

မောင်ရင်
ဝမ်းသာတယ် စာတွေပြန်ေ၇းနေတာ....
ကျန်းမာေ၇းလဲဂရုစိုက်ပေါ့ကွာ

အိပ်မက်ကောင်းကင် said...

မှတ်သားစရာလေးတွေကို မှတ်သားသွားပါတယ်
ပျော်ရွှင်နိုင်ပါစေဗျာ
ခင်တဲ့(အိပ်မက်ကောင်းကင်)

ဆူးသစ် said...

စာရေးတဲ့သူဘောလ်ပင်မရှိသလိုကွန်ပျူတာပျောက်သွားတာကိုတော့ကိုယ်ချင်းစာမိပါတယ်။ ထေ့ထားတာလေးတွေကိုသဘောကျမိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလူတော်ထက်လူရှော်တွေများလာတဲ့သဘောလေးတွေပေါ့ခင်ဗျာ။

အလွမ်းမြို့ said...

ဂျာရစ်လေးရေ

ကိုရင့် ဗဟုသုတဖြစ်စေတဲ့ စကားတွေကတော့
တကယ် ဗဟုသုတ ဖြစ်စေခဲ့ပါတယ်။
ဖတ်ပြီး ပြုံးသွားတယ် ကိုရင်ရေ


ချစ်ခြင်းအားဖြင့်
မကြီးလွမ်း

ဝိ၀ိ said...

လေ့လာဖတ်မှတ်သွားပါတယ်
စာတင်ပြမှုက လွန်စွာထိရှ၍ ရင်ထဲကို တစ်ခါထဲနှစ်ခါမလိုဘဲ ရောက်သွားပါသည်။

Related Posts Plugin for WordPress, Blogger...