Monday, September 10, 2012

ကျားထောင်ချောက် အပိုင်း (၂ )



(၁) အမုန်းတရားတို့စလေပြီ.........

သို့နှင့် မြမြခင်တစ်ယောက်ဆေးရုံပေါ် တွင်အရေးပေါ်ခွဲစိတ်ခဲ့ရတော့သည်..သမီးလေး မွေးသည်. ။..
  မြမြခင်တစ်ယောက် သတိလည်လာချိန်တွင်မတော့ ကိုစိန်ထွန်းကိုလဲအနားအကပ်မခံ ။ အကြောင်းပြချက် လဲမပေး။ဝင်းဝင်းကိုလဲမမြင်လိုလှပါဟူဆိုသဖြင့် ကြီးလှတစ်ယောက်သာ အနားတွင်စောင့်ရှောက်ရလေ တော့သည်။
ကိုစိန်ထွန်းလာလျှင်လဲခပ်စိမ်းစိမ်းကြည့်ကာမျက်နှာလွဲသွားတတ်သကဲ့သို့ကလေးကိုလဲ ကြည့်ယုံသာအကြည့်ခံလေသည်။ကိုစိန်ထွန်းမှာအကြောင်းရင်းကိုမေးမရချေ..။မတွေ့ချင်လို့ဟု သာတခွန်းထဲဖြင့် သူနာပြုဆရာမကိုမောင်းထုတ်စေသည်...။
ဆေးရုံမှ ဆင်းပြီးနောက်တွင်လည်း ကိုစိန်ထွန်းကိုသူစိမ်းပြင်ပြင်သာ ဆက်ဆံနေသဖြင့် ကိုစိန်ထွန်း အံသြနေသည်။ ကြီးလှကိုခြိမ်းခြောက်မေးမြန်းသော်လည်း ကြီးလှမှာလက်အုပ်ချီကာ .ဘူးခံကာ မသိကြောင်းငြင်းရရှာပြီး ကလေးမွေးချိန်သွေးသားအပြောင်းအလဲမို့ စိတ်အပြောင်းအလဲဖြစ်နိုင်ကြောင်း ဖာထေးပြောဆိုရရှာလေသည်။ ..

ထိုအချိန်တွင် ကိုစိန်ထွန်းမှာ ပွဲရုံကိစ္စနှင့်အရေးပေါ်ကောက်ခါငင်ခါ ခရီးထွက်သွားရသည်.။ ၀င်းဝင်းကိုလည်း လုံးဝအိမ်အပေါ်အတက်မချံ။ ။နှင်ချလို့လဲမရနှင့်သွေးနု သားနုနှင့် မြမြခင် တစ်ယောက် တွေးမိတိုင်းတရှုံ့ ရှုံ့နှင့်သာငိုကြွေးနေသဖြင့်ကြီးလှခမျာလည်းချော့ကာမော့ကအစားကျွေး ရရှာသည်။
မိခင် စိတ်ထိခိုက်သဖြင့်နို့မထွက်ရတကား သမီးလေးမှာနို့ဗူးသာ စို့ရသည်.။
မြမြခင် မှာကိုစိန်ထွန်းကိုစိတ်နာသော်လည်းသမီးလေးကိုငဲရသည်မို့ ဘာမှပြသနာမလုပ်ချင်သေး။
နောက်တစ်ခုမှာ ကြီးလှက အကြောင်းစုံရှင်းပြသဖြင့် မြမြခင်သိခဲ့ရသည်။ကြီးလှကိုမြမြခင်ကွယ် ရာ တွင်ခြိမ်းခြောက်ကာ အိမ်မှ ထွက်ခွာခိုင်းကြောင်း မထွက်သွားလျှင်သော် လည်းကောင်း  မြမြခင်သိသွားလျှင်သော်လည်း အသ က်နှင့်ကိုယ်အိုးစားကွဲမည်ဟု့  ခြိမ်းခြောက် ထားကြောင်း သို့နှင့်ကြီးလှခင်မျာ မြမြခင်ကိုခွင့်တောင်းရတာဖြစ်ကြောင်း ငိုယိုကာပြောပြရှာလေသည်. ။
ခုလဲ ကိုစိန်ထွန်းတို့ကိစ္စကိုမသိချင်ယောင်ခနဆောင်ပေးပါ မဆောင်ပေးလျှင် ကြီးလှကို သတ်ပါလိမ့်မည် ..ပညာရှိအမျက်အပြင်မထွက်ပါနှင့် စောင့်ကြည့်ပါ.ပွဲရုံများ ကိုပြန်ဦးစီးပါ ဟု မြမြခင်ကိုတောင်းပန်သဖြင့်  မြမြခင်ခင်မျာ ဒေါသအမျက်တို့ကိုချုပ်တီးကာ အောင့်အီးနေရရှာသည်.။
မိသားစုရှေ့နေကြီးမှလဲ မြမြခင်ကိုလာရောက်သတင်းပေးသည်.။ကိုစိန်ထွန်းတစ်ယောက်  မြ၀တီလမ်းကြောင်းတွင်
မှောင်ခို ပစ္စည်းများကို မြမြခင်မိဘပိုင်ပွဲရုံကားများဖြင့်လုပ်ကိုင်နေသည်တဲ့။
နေနှင့်ဦးပေါ့ ကိုစိန်ထွန်းရယ် ဟုသာ သူမ ရင်ထဲမျိုသိပ်ထားလိုက်သည်။

.....................................................................

သို့နှင့် မီးတွင်းမှထွက်သောအချိန်တွင်မတော့ ..မြမြခင်တစ်ယောက်  ပွဲရုံကိုပြနှ်ုဦးစီးရန်ပြင်ဆင်ရတော့သည်ေ ရှ့နေကြိးနှင့်တိုင်ပင်ကာ မြမြခင်ပြန်ဦးစီးမှ ဖြစ်မည်ဟု ကိုစိန်ထွန်းကို ပြောရသည်။ကလေးကို ကြီးလှနှင့်ထားခဲ့ရန်လဲအမိန့်ထုတ်ရသည်.။
ဝင်းဝင်းကိုလဲမလိုအပ်တော့ ဟု ကိုစိန်ထွန်း မရှိခိုက်တွင် ပြန်ခိုင်းလိုက်ရာ မပြန်ဘဲ ကိုစိန်ထွန်းနား သို့ပြန်ကြားလေတော့သည်။ကိုစိန်ထွန်း ပြန်လာတော့ ပေါက်ကွဲသည်.  မကျေနပ် ..သို့သော်လည်း သည်ပိုင်ဆိုင်မှု့များသည် မြမြခင်၏တရားဝင် ပိုင်ဆိုင်မှု့များဖြစ်သည့်အတွက် အတင်းအကြပ်မပြောသာ..။
ဘာတွေကြံစည်နေသည်မသိ.လင်မယားတွေတဂျိန်းဂျိန်းရန်ဖြစ်ကြသည်။ တောက်တခေါက်ခေါက်နှင့်ကိုစိန်ထွန်း ယမ်းပုံမီးကျဒေါသထွက်နေပြီး ၀င်းဝင်း ကိုဘာကြောင့်ပြန်ခိုင်းသလဲဟု မြမြခင်ကိုမေးသော်လည်း တိကျသောအဖြေကမလာ ။ နူးညံ့သောမြမြခင်မျက်နှာတွင် တင်းမာမှု့များကလွဲပြီးဘာမှရှာမရတော့ ။ ကိုစိန်ထွန်းကအောက်ထပ်အခန်းတွင် အိပ်လေရာ လင်မယားနှစ်ယောက်မှာ သူစိမ်းပြင်ပြင် သာဖြစ်နေကြလေတော့သည် ။
ကိုစိန်ထွန်းကလဲ အချိန်ပြည့်အရက်များသောက်ကာ မြမြခင်အားကြိမ်းမောင်းပြောဆိုနေယုံမှအပ သူဘာမှမတတ်နိုင်သေးချေ။ ၀င်းဝင်းကိုလဲ နယ်ခနပြန်ခိုင်းမည်ဟုဆိုကာ အိမ်ရွှေ့ထားလိုက်သည် ။တပည့်တပန်းများကိုလဲ မြမြခင် ပြန်ဦးစီးလျှင် ကလန်ကဆန်လုပ်ရင် အမိန့်ပေးထားလေရာ ငမိုက်သား တပည့်တပန်းများက ကိုစိန်ထွန်းစကားကိုမြေ၀ယ်မ ကျနားထောင်ကြလေ သဖြင့်  ပြန်ဦးစီးရသော မြမြခင်အတွက် အခက်အခဲများစွာတွေ့လာလေရသည်။
မိဘလက်ထက်ကလူယုံများလဲ မရှိတော့ ။ကိုစိန်ထွန်းလက်ချက်ဖြင့် အလုပ်ဖြုတ်ခံကြရသဖြင့် လူသစ်များဖြင့်သာ လည်ပတ်နေရလေရာ သူမများစွာ ခက်ခဲရလေသည်။သို့သဖြင့် လူဟောင်းများကို ရှာဖွေရန် ရှေ့နေကြီးအားတာဝန်ပေးရတော့သည်။
သမီးကလေးမှာလဲ မိခင်နို့အစား  နို့ဗူးနှင့်နှစ်ပါးသွားရုံမျှမက ကြီးလှလက်ပေါ်တွင်သာနေရရှာပြီး မြမြခင် အိမ်ပြန်လာပါမှ အမေမျက်နှာ မြင်ရသဖြင့် လားမသိ အင်မတန်ချူချာရှာသည်။ ကိုစိန်ထွန်းမှာမူ သူ့သွေးသားကိုတော့ ချစ်ပုံရသည်။ မြမြခင်နှင့်မျက်နှာခြင်းမဆိုင်သော်လည်း မြမြခင်အလစ်တွင် သမီးကိုလာလာကြည့်ရှု့လေရှိသည်။
..............
မြမြခင် တစ်ယောက် စီစဉ်စရာရှိတာများကိုရှေ့နေကြီးနှင့်စီစဉ်သည်။ မိမိခင်အတွက် ရသင့်သည့် အမွေများကို သေချာခွဲဝေပေးထားပြီး သူမ ပိုင်ဆိုင်သမျှကို သမီးလေးနာမည်နှင့်ထားလိုက်သည်။ အကယ်၍ သူမသေဆုံးသွားခဲ့လျှင် သူမရပိုင်ခွင့်များ ကို တစ်ဦးတည်းသော ညီမမိမိခင်နာမည်နှင့် ဆက်ခံစေရန် စီစဉ်လေသည်။

(၂ ) ကြမ္မာငင်လေသလော

ကံဆိုးသောနေ့တရက်သို့ရောက်ချေပြီ ။ မြမြခင် ပွဲရုံ သို့အသွားတွင် ကိုစိန်ထွန်းအပေါ်ထပ် သို့တက်လာသည်။ သမီးဖျားနေသည်ဟု ကြီးလှကပြောသဖြင့် ကလေးကိုလာ ကြည့်ရင်း ဆော့မြူလျှက်ရှိနေရင်းမှ မျက်လုံးများက မြမြခင်မှန်တင်ခုံပေါ်မှဖိုင်တွဲတခုကို သွားမြင်တော့သည်။ ကောက်ကြည့်လိုက်တော့ .အမွေဆိုင်ရာ စာရွက်စာတမ်းမိတ္တူများ ................မြမြခင်တစ်ယောက်အလုပ်များသဖြင့် သိမ်းဆည်းရန်မေ့ခဲ့လေပုံရ၏ ။ ၊ကိုစိန်ထွန်း၏လောဘတို့သည် ဒေါသသို့ပြောင်းလေပြီ ။ စားပွဲပေါ်တွင် ဟန်မပျက်ပြန်တင်ထားလိုက်ရင်း ကိုစိန်ထွန်း ချက်ခြင်းပင်ပြန်ထွက်သွားလေသည်။

ညနေဖက် မြမြခင်ပြန်လာတော့ သမီးကကိုယ်တော်တော်ပူနေသည် ။ မိသားစုဆရာဝန်ကိုပင့်လိုက်ရာ အဖျားက ၁၀၃ ရှိနေသည်ဟုဆိုသည်။ ကလေးမှာ အသားလဲဝါနေကြောင်းဆေးရုံတင်လျှင် ပိုသင့်တော်ကြောင်းပြောလေရာ မြမြခင်တစ်ယောက်အရူးမီးဝိုင်းခေါင်းတောက်ရရှာလေတော့သည်။ ခရီးထွက်ရမည့်ကိစ္စများပေါ်နေသဖြင့် ယာယီရပ်ဆိုင်းပြီး သမီးကိုဆေးရုံတင်ရန်ပြင်ကြရလေသည် ။ ဆေးရုံရောက်တော့ကလေးအခြေအနေမှာ သိပ်မကောင်းလှဟု ဆရာဝန်ကြီးကဆို သည်။ မြမြခင်တစ်ယောက် မပဒါ မီးဝိုင်းလေပြီ ။

ကလေးကိုဆေးရုံတင်သည့်အကြောင်း ကိုစိန်ထွန်း ကြားတော့ မြမြခင်အပေါ်ဒေါသအကုန်စုတော့သည်.။ မကိုမခင်သော်လည်းဥကိုခင်သောကိုစိန်ထွန်းတစ်ယောက် ဆေးရုံသို့ကမူးရှုးထိုးလိုက်လာ၏။  ။မြမြခင်အား မြင်သော် မပြောမဆိုနှင့် ပါးရိုက်ချပစ်လိုက်သည်။ ကလေးကိုဂရုမစိုက်ရကောင်းလားဟု ဒေါသတကြီးပြောဆိုသည်။ ယောကျာင်္းအားနှင့်အရိုက်ခံရသော မြမြခင်တစ်ယောက် အရှိန်နှင့်လည်ထွက်သွားပြီး ပါးစောင်မှပင်သွေးများပင် စီးကျလာသည်။ လူတောထဲတွင်အရိုက်ခံရခြင်းလဲဖြစ်ရာမြမြခင်တစ်ယောက် ရှက်လွန်းသဖြင့် ဆေးရုံမှ ကမူးရှုးထိုး ထွက်ပြေးသွားလေသည်။ 

ကြီးလှခင်မျာပင်ထိုမြင်ကွင်းများကြောင့် ခြေမကိုင်မိလက်မကိုင်မိ ဘာလုပ်ရမှန်းမသိ မျက်နှာငယ်လေးဖြင့် မင်သက်မိကာ ရပ်ကြည့်နေမိသည်။ကိုစိန်ထွန်းလဲဒေါသတကြီးဖြင့် ဆရာဝန်လာသည်ကိုတောင် မစောင့်ဘဲ ချက်ခြင်း ပြန်ထွက်သွားသည်။ မြမြခင်လဲမရှိတော့ ။ ဒရိုင်ဘာကိုဘမောင် ကို မြမြခင်နောက်ကိုလိုက်ခိုင်းစေပြီး ကြီးလှတစ်ယောက်ဆေးရုံစောင့်ရတော့သည် ။ တစ်ယောက်ထည်းကလေးကိုစောင့်ရင်း ငိုက်တလှည့် ထိုင်တလှည့်ဖြင့်နေရာ ညဉ့်နက်ပိုင်းတွင် ကလေးအခြေအနေမှာဆိုးရွာလာသဖြင့် သွေးသွင်းရမည်ဖြစ်ရာ အိမ်ကိုဖုန်းဆက်ပြီး မြမြခင် ကို အခေါ်လွှတ်ရပြန်သည်။မြမြခင်ပင်မရောက်လိုက် ။

ကံဆိုးလှသောသမီးငယ်ခင်မျာဆရာဝန်ကြီးများကြိုးစားကယ်သော်လဲအချည်းနှီးပင်။ မြမြခင်ဆေးရုံရောက်တော့ သမီးငယ်လေးမှာအနှီးလေးထွေးလျက်သားနှင့်ပင် အသက်ရှုသံကင်းမဲ့နေရှာလေပြီ ။ မပြေလည်သောမိဘနှစ်ပါးကြားတွင် ဓားစာခံဖြစ်ခဲ့လေသလော ။ သို့တည်းမဟုတ် ကံကောင်းခြင်းကြောင့် ဘဲ ဒီအခြေအနေတွေကြားမှထွက်သွားခဲ့လေသလော။ .
မြမြခင် သမီးငယ်လေးအလောင်းကို တွေတွေကြီးရပ်ကြည့်နေသည်။ ဖြူနုနေသော မျက်နှာပြင်တွင်အ ညိုအမဲ များစွဲလျက် ...

ကျောက်ရုပ်တရုပ်လို ရပ်ကြည့်နေသော မြမြခင်ကို ကြီးလှ လှုပ်ခေါ်ပြီး သတိပေးလိုက်သည်။
“အမြလေး .အမြလေး ..သတိထားပါကွယ် နော် ...ငိုချင်ရင်ငိုချလိုက်နော် ..နော် သမီးနော် .. အဲလိုကြီးစိတ်တင်းမထားနဲ့ ။ ”
အကြိမ်ကြိမ်လှုပ်ခါပြောနေသော်လဲ ..မြမြခင်တစ်ယောက် ကျောက်ရုပ်တရုပ်ပမာအေးစက်လျက် သမီးငယ်လေးကိုသာပွေ့ဖက်လျက် ..
မြင်ကွင်းမှာစိတ်ဆင်းရဲစရာအတိ .. ဆရာမများမှကလေးအလောင်းကိုလာယူသော်လဲ မြမြခင်မပေးချင် လက်ကိုတောင့်ထားသဖြင့် ချော့မော့ပြောဆိုယူရလေသည်။မြမြခင်ကို မနည်းချော့မော့ပြီးအိမ် သို့ပြန်ခေါ်လာရသည်။ အိမ်တွင်မရှိသောကိုစိန်ထွန်းအတွက် သမီးဆုံးပြီဆိုသောသတင်းကို မနက်ကျမှသိ၏ ။ စီးပွားရေးမိတ်ဆွေများမှ နာရေးသတင်းမေးမြန်းမှု့ကို ကိုစိန်ထွန်းတစ်ယောက်သာ ဒိုင်ခံဖြေရပြီး မြမြခင်မှာမူအခန်းတွင်းမှမထွက်ချေ ။
.
တဖွဲဖွဲလာသော ဧည့်သည်များ ကိုတော့ ကိုစိန်ထွန်းက အင်မတန်စိတ်ထိခိုက်သည့်ဟန်နှင့် ဧည့်ခံပြီး မြမြခင်ကိုအင်မတန်ချစ်လှကြောင်း ကလေးဆုံးပါးသဖြင့် စိတ်ထိခိုက်သော်ညား လဲ မြမြခင်ကိုမူ စိတ်မထိခိုက်စေချင်ကြောင်းသာတွင်တွင်ဖြေလေသည် ။ သမီးလေးအလောင်းမြေကျပြီး ရက်လည်ဆွမ်းအထိ မြမြခင်တစ်ယောက် မစားမသောက် စိတ်ထိခိုက်နေရှာသည်။
ကြီးလှမှာတော့ ကံဆိုးလှသည့် မြမြခင်ကိုကြည့်ပြီး မျက်ရည်မဆည်နိုင်ဖြစ်ရသည် ။ သည်ကလေးမ သူမလက်ထဲတွင်ကြီးပြင်းခဲ့သည် ။ အင်မတန်စိတ်နှလုံးကောင်းရှာသောမြမြခင်ကိုသူမချစ်သည်။ အင်မတန်သိမ်မွေ့ရှာသည့်မိန်းခလေး ။ ခုကျမှဘ၀မှာ အမှားတစ်ခုကြောင့် ခါးစည်းခံရလေရှာပြီ။။ သြော် ကုန်ရှုံးတော့တစ်ချက် လင်ရှုံးတော့တသက်ဆိုသောစကားပုံအတိုင်းသာ  မြမြခင်ဘ၀ ဖြစ်နေရရှာလေ သည် ။
ဘိလပ်သို့လဲလှမ်းသံကြိုးရိုက်သည်ဖြစ်ရာ မိမိခင်ထံမှ တူမလေးဆုံးသည့်အတွက် ၀မ်းနည်းကြောင်း အမလုပ်သူအားဂရုစိုက်ပေးပါရန် သံကြိုးစာပြန်လာလေသည် ။

(၃) နာကျည်းခြင်း၏အခြားတဖက်

နာရေးကိစ္စများအပြီးတွင် မြမြခင်တစ်ယောက် စိတ်အင်မတန်ထိခိုက်နေသဖြင့်ပွဲရုံသို့မ သွားနိုင်ဖြစ်နေလေ ရာ  ရှေ့နေကြီး၏ သတိပေးမှု့ကြောင့် ပွဲရုံလုပ်ငန်းများကိုပြန်လည်ပတ်စေသည်။ ကိုစိန်ထွန်းကိုလဲ ကွာရှင်းမည်ဟု ပြောဆိုလေရာ . ကိုစိန်ထွန်း ယမ်းပုံမီးကျဒေါသထွက်လေသည်။
“ မြမြခင် ..မင်းကငါ့ကိုကွာရှင်းမယ်ဟုတ်လား”
“ ဟုတ်တယ် ကိုစိန်ထွန်း ..မြ ရှင့်ကိုမပေါင်းနိုင်တော့ဘူး .ကွာရှင်းပေးပါ ။ ”
“ ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ ..”
ကိုစိန်ထွန်း၏ခြောက်ကပ်ကပ် ကွဲအက်အက် ရီသံသည် တိတ်ဆိတ်နေသော ဧည့်ခန်းမတခုလုံးကိုဖုံလွှမ်းသွားသည်။
“ ဒီမယ်မြမြခင်..မင်းသေတဲ့အထိမှတ်ထားလိုက်ဖို့က စိန်ထွန်းဆိုတဲ့ငါက မင်းကိုဘယ်တော့မှကွာရှင်းပေး မယ့်ကောင်မဟုတ်ဘူး ဆိုတာကိုဘဲ .မင်းပွဲရုံကိုဦးစီးချင်တယ်ဆိုဦးစီး ..အေး ငါကတော့မင်း လုပ်စာ ထိုင်စားမယ် ဒါဘဲ .”
“ မရဘူး မပေါင်းနိုင်တော့ဘူး .ရှေ့နေနဲ့ဘဲစကားပြောမယ် .ကျမကိုကွာရှင်းပေးပါ ။။ကျမမပြောချင်တဲ့ကိစ္စတွေရှိသေးတယ်ဆိုတာ ရှင်သိထားပါ ကိုစိန်ထွန်း ”
“ အေး.မင်းလုပ်လို့ရတယ်ဆိုရင် လုပ်ကြည့်လိုက်လေ မြ...မင်းကိုယ့်အကြောင်းကောင်းကောင်းသိပါတယ် ကိုစိန်ထွန်းဘာကောင်လဲဆိုတာမင်းကောင်းကောင်းသိပါတယ်လေ ........”
မြမြခင်တစ်ယောက်အသားများဆတ်ဆတ်တုန်ကာ နှုတ်ခမ်းပါးပါးကို ပြတ်မတတ်ဖိကိုက်ထားယုံမှတပါး....

(၄) သည်လိုလူ

ကိုစိန်ထွန်းအားကွာရှင်းခွင့် တောင်းပြီးသည့်နေမှစလို့ ကိုစိန်ထွန်းသည်လဲ အိမ်တွင်သောက်     ဖော်သောက်ဖက်များတရုန်းရုန်းနှင့် ပါတီပွဲများလုပ်လိုက် . ဧည့်ခံပွဲများလုပ်လိုက်နှင့် ပိုလို့ပင် ဆိုးလာလေသည်။ ပါတီပွဲများတွင်လည်း မိန်းခလေးများကိုဖိတ်ခေါ်ပြီး ဖက်လဲတကင်းက ကြသည်။  သောက်ကြစားကြ ဟားတိုက်လိုရီမောနေကြသည်။
တရက် တိုက်ဆိုင်စွာ မြမြခင်ပွဲရုံမှပြန်အလာ အိမ်ရှေ့တွင် မီးရောင်စုံပါတီပွဲနှင့်တန်းတိုးသည်။ ကားပေါ်မှဆင်းလာသော မြမြခင်အား ပါတီပွဲလာဧည့်သည်တို့၏ မျက်လုံးများရောက်ရှိလာကြသည်။ သာမန်ပင်ဝတ်စားထားသောလဲ ကျော့ရှင်းသော မြမြခင်အလှမှာ ညမီးရောင်အောင်၌ ပင်လျှင် ထင်ထင်ရှားရှားလှပနေလေသည် ။ အရက်ခွက်ကိုကိုင်လျှက်ကိုစိန်ထွန်းက မြမြခင်ကိုလှမ်းခေါ်လိုက်သည်။
“ မြရေ လာပါဦးကွာ ..ဒီမှာဧည့်သည်တွေနဲ့မိတ်ဆက်ပေးမလို့ ”
မြမြခင်မကြားချင်ယောင်ဆောင်လျက်ဆင်ဝင်အောက်သို့လှမ်းဝင်လေရာ .ကိုစိန်ထွန်းအနားကို လျှင်မြန်စွာရောက်လာပြီး လက်ကိုတချက်ဆောင့်ဆွဲ လိုက်ပြီး မျက်နှာထားခပ်တင်းတင်းဖြင့် မြမြခင်ပခုံးအားလှမ်းဖက်လိုက်လေသည်။ ပြီးနောက် . မြမြခင်းနားနားကပ်ပြီးလေသံတိုးတိုးဖြင့် .. “ ငြိမ်ငြိမ်နေပါ ..မြ..ကိုယ့်ကိုကလန်ကဆန်မလုပ်ချင်နဲ့ ..မင်းကိုယ့်အကြောင်းသိပါတယ် မြရယ် ....”
အရက်ခွက်ကတစ်ဖက် မြမြခင်ကိုပခုံးကိုတဖက်ဖက်ပြီး လူတောထဲသို့ မြမြခင်ကို ခပ်တင်းတ င်းေ ခါ် ချလာသည်။
“ ကဲ ..မိတ်ဆွေကြီးများ ..အားလူံးကို ကျနော့်ဇနီးအချောအလှလေးနဲ့ မိတ်ဆက်ပေးချင်လို့ပါဗျာ..ဒါကတော့ ကျနော့်ဇနီးချောလေးမြမြခင်တဲ့ ..ကဲ .မြကိုဂုဏ်ပြုတဲ့အနေနဲ့ ..တခွက်တဖလား .ချီးယားးးစ်ဗျာ... ”

သောက်စားမူးရစ်နေကြသောလူတို့အလယ်တွင် မြမြခင်သည် . ကျားသတ္တ၀ါတို့အ လယ်သိုရောက်နေသော သမင်ငယ်မလေးပမာဖြင့် စိတ်ကျဉ်းကြပ်နေရရှာလေသည် ။

..............................
(၅)  ကံစီမံရာ

တရက်တရက်နှင့် သမီးလေးဆုံးပါသွားသည်မှာ နှစ်လကျော်သွားပြီဖြစ်သည်။
ထိုအတောအတွင်း မြမြခင် စိတ်ကိုတင်းပြီးကြိုးစားဖြေသိမ့်သည်။ ကြီးလှ နှင့်ရှေ့နေကြီးတို့၏ စောင့်ရှောက်မှု့ ပွဲရုံတွင်လူဟောင်းတချို့အား ပြန်လည်ခန့်ထားပြီး လည်ပတ်လျက်ရှိသည်။ ကိုစိန်ထွန်းကတော့ထုံးစံအတိုင်း ကားတစ်စီးနှင့် အပြင်ထွက်လိုက် ပါတီပွဲတက်လိုက် .သောက်စားပျော်ပါးလျက် . မြမြခင်အားတမင်နှိပ်စက်နေသနေသယောင်ရှိလေသည်။
ဝင်းဝင်းသည်လည်း အိမ်ပေါ်သို့ တရားဝင်ရောက်ရှိလာလေသည်။
ကိုစိန်ထွန်းအမိန့်ဖြင့် ၀င်းဝင်းအား အောက်ထပ်တွင်တခန်းသီးသန့်ပြင်ဆင်ပေးရလေသည် ။ အရင်တစ်ခေါက်လာသောဝင်းဝင်းနှင့်ယခုပြန်လည်ရောက်ရှိလာသောဝင်းဝင်း မှာအမူအယာများ များစွာကွာခြားသွားလေသည် ။ 
မြမြခင်ကိုမူကလန်ကဆန်မလုပ်ရဲသော်လည်း ကြီးလှကိုမူ လစ်ရင်လစ်သလို အာဏာပြလေ့ရှိလေသည် ။
မြမြခင်သည် အကုန်လုံးကပြန်ကြား ပြန်သိသော်လည်း အားလုံးလျစ်လျူရှု့လိုက်သလိုနေပြစ်လိုက်သည် ။ မကြည့်ချင်မမြင်ချင်သော်ညားလဲ အချိန်တန်လျှင်ရှင်းရမည့်အရာများမို့ ဘာဆိုဘာမှမပြောတော့ပေ ။
မကြာခန မြမြခင်ထံသို့ စာပို့လုလင် ရောက်ရောက်လာတတ်သည် ကို ၀င်းဝင်းမြင်လေသော် တရက်တွင် ကြီးလှအားခေါ်ယူမေးလေသည် ။
“ ဒီမယ်ဒေါ်လှ. ဟိုဒီစပတ်ခ်ျမန်းခနခနလာနေတာ မမမြကိုဘာစာတွေ ယူယူလာတာလဲ . ပြောစမ်း ”
ကြီးလှ .၀င်းဝင်းမျက်နှာကို ခပ်တင်းတင်းပင်ကြည့်လိုက်ပြီး . “ အိုအေ.. မသိပါဘူး .ကျုပ်ကအမြလေးနာမည်နဲ့လာရင် ယူပြီးပေးလိုက်တာဘဲ .ကျုပ်မှ စာမတတ်တာ. ဘယ်သိပါ့မတုန်း ”
ကြီးလှအဖြေကိုဝင်းဝင်းကျေနပ်ပုံမရသော်လည်း အဖြေမှာမှန်နေသည့်အတွက် ဘာမှမပြောသာတော့ချေ။ ခပ်တုတ်တုတ်ခန္ဒာကိုယ်ကို လှုပ်လှီလှုပ်လဲ့နှင့် လှုပ်ခါပြီး ဆင်ဝင်အောက်သို့ ထွက်သွားလေတော့ သည် ။

...........................................................................
“ ကြီးလှရေ .ကြီးလှ ”
မြမြခင်ခေါ်သံကြောင့် ကြီးလှအောက်မှကမန်းကတန်းအပေါ်သို့ ပြေးတက်သွားသည် ။ အပေါ်ထပ်ရောက်တော့ လေသာဆောင်တွင် မြမြခင် ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။  မောဟိုက်နေသည့်ပုံနှင့် ။
“ ဘာလဲ အမြလေး ..ဘာလိုချင်လို့လဲ ”
“ ခုတလော မြမူး မူးနေတယ် ကြီးလှရယ် ..ဘာဖြစ်တယ်မသိဘူး .. ရင်ထဲလဲမကောင်းဘူး ကတုန်ကယင်ကြီးနဲ့ ”
မြမြခင်မျက်နှာကိုကြည့်လိုက်တော့ မျက်နှာကအားနည်းနေသည့်ဟန်။ ။ နောက်ထပ်ကိုယ်ဝန်များရှိလေသလားမသိ။ မရဲတရဲနှင့်ပင်မေးလိုက်သည် ။
“ အမြလေးရယ် .ဟိုဒင်းး ဟိုဥစ္စာများလား”
“ အို ..ဖြစ်နိုင်ပါ့မလားကြီးလှရယ် . စဉ်းစားကြည့်ပါဦး မြတို့လင်ခန်းမယားခန်းပြတ်တာဘဲ ဘယ်လောက်ကြာနေပြီလဲ ..”
ကြီးလှတွေးလိုက်မိတော့လဲဟုတ်သည် ။ မည်သည့်နည်းနှင့်မျှမဖြစ်နိုင် ။
“ မြ မူးမူးနေတာ တလလောက်ရှိပြီ .ကြီးလှရယ် အစကတော့ ခပ်ရိပ်ရိပ်လောက်ဘဲ .ခုတလော ပိုပိုဆိုးလာတယ် ။ မူးရင်လဲ မျက်လုံးတွေထဲကပါ ပြာတက်လာတယ် ”
“ ဆေးခန်းပြကြည့်ပါလား အမြရယ် ဟင်..ဒေါက်တာဆင်း ကိုဖုန်းဆက်လိုက်မယ်လေကွယ် ”
“ အင်းကောင်းတယ် ကြီးလှ ..ဆက်လိုက်ပါနော် ..ခုချက်ခြင်းအိမ်ကိုကြွပေးပါလို့ နော် ”
ကြီးလှဖုန်းဆက်ပြီး ကွမ်းတယာညှက်အကြာမှာပင် .ဒေါက်တာဆင်းတစ်ယောက် သူ၏ ဖင်မလီယာကားလေးနှင့် ရောက်ချလာသည်။
စမ်းသပ်ပြီးတော့ .ဒေါက်တာဆင်း က မြမြခင်ကို ဆေးထိုးပေးသည်.။ “
“ မစ္စစိန်ထွန်းအရမ်းအားနည်းနေတယ် ဂရုစိုက်ပါ . သွေးလည်ပတ်နှုန်းလဲမမှန်ချင်ဘူး နှလုံးခုန်နှုန်းကလဲ မြန်နေတယ် .သိပ်စိတ်တိုင်းမကျဘူး . ဖြစ်နိုင်မယ်ဆိုရင် .ဆေးရုံပြပါလား မစ္စစိန်ထွန်း.”
“ အို .ဒေါက်တာရေ မြကဆေးရုံမသွားချင်ဘူး . ဆေးရုံဆေးခန်းဆိုသမီးလေးဆုံးကတည်းက မသွားချင်တော့လို့ပါဒေါက်တာရယ် . မြကိုနားလည်ပေးပါ ”
“ အင်းးး........ဒါဆိုလဲ သေသေချာချာ အိမ်မှာနားပြီး နေစေချင်တယ် ..ဒါမှမဟုတ်လဲ ..စိတ်ပင်ပန်းလူပင်ပန်းမယ့်ကိစ္စတွေခနမေ့ထားပြီး .အနားယူဖို့ခရီးတခုခုထွက်သင့်တယ်လို့ အကြံပြူချင်ပါတယ် ..ကျုပ်ကိုတော့ မဒမ်အလိုရှိတဲ့အချိန်သာဖုန်းဆက်လိုက်ပါလေ ”
“ ဒေါက်တာရေ ..မြဘယ်သွားသင့်တယ်လို့ထင်ပါသလဲ ”
“ မေမြို့ဘက်တက်နားပေါ့ .မစ္စစိန်ထွန်း .. ကန်နီဂရိတ်မှာတည်းချင်တည်း မတည်းချင်ရင်လဲ .ကျွန်တော့် ညီဝမ်းကွဲတစ်ယောက်ရဲ့ခြံ ရေချမ်းအိုး ဘက်မှာရှိတယ် . ဖုန်းဆက်ပေးထားမယ်လေ .မဒမ်သွားချင်တယ်ဆိုရင်ပေါ့ ။ ”
“ အိုး ..ကျေးဇူးတင်လိုက်တာဒေါက်တာရယ် .. မြ လက်ခံပါတယ် ဒေါက်တာခုလိုကူညီတာကို . နောက်အပတ်ဆန်းဒေးလောက် မြသွားချင်ပါတယ်ဒေါက်တာ .. ခုဒီရက်ထဲတော့ မြစီစဉ်စရာရှိတာလေးတွေစီစဉ်ဖို့ ရှိသေးလို့ လေးငါးရက်တော့ အချိန်ယူရပါလိမ့်ဦးမယ် .ဒေါက်တာသာဖုန်းဆက်ထားပါပေးပါလေ . မြသွားဖို့ပြင်ဆင်လိုက်ပါ့မယ် ”
“ ကောင်းပါပြီ မဒမ် ”

ဒေါက်တာဆင်းပြန်သွားပြီးနောက် မြမြခင် ပွဲရုံစာေ၇းကြီးကိုစီစဉ်စရာရှိတာများစီစဉ် ရန်ဒရိုင်ဘာကို ဘမောင်ကို အခေါ်လွှတ်လိုက်လေသည် ။ ပွဲရုံစာရေးကြီးကို ကုန်ဝင်ကုန်ထွက်များ ကို နေ့စဉ်ညနေ တိုင်း မြမြခင်ထံ လာရောက် စာရင်းများပြစေသည်။ သို့နှင့်ခရီးသွားဖို့ ရက်နီးလာလေ မြမြခင်မျက်နှာက ပိုဖြူဆုပ်ဆုပ်ဖြစ်လာလေဖြစ်နေသည် ။ကြီးလှသတိထားမိရာ . တရက်မြမြခင်ကိုသတိပေး၏။
“ အမြလေးရယ် ..မျက်နှာကလဲ ဖြူဆုတ်နေပြီကွယ်.နားဖို့အတွက်တောင် ဆရာဝန်က မေမြို့ကိုလွှတ်တာမလား . ဂရုစိုက်ပါဦးကွယ် . တော်တန်ယုံလဲ စာရေးကြီးကိုလဲခိုင်းထားပေါ့ ရှေ့နေကြီးလဲရှိသားဘဲဟာ ”
“ အို ကြီးလှရယ် .ဒါတွေမြလုပ်နိုင်ပါတယ် ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူး . ”
ပျော့သလိုလိုနှင့်စိတ်မာသော မြမြခင်ကိုကြီးလှဘာမှမပြောဝံ့တော့ချေ။ ဆရာဝန်မှာသည့်အတိုင်းစွတ်ပြုတ် နွားနို့ သာဂရုထားတိုက်ကျွေးနေရလေသည် ။
မနက်ဖန်မနက်ဆို မြမြခင်နှင့် ကြီးလှတို့ မေမြို့ သွားရန်ပြင်ဆင်နေကြပေပြီ ။
ဝင်းဝင်းကတော့ အရင်ကနှင့်မတူ . မြမြခင်နှင့်ပက်ပင်းတိုးလျှင် မျက်နှာလွဲခေါင်းငုံသွားတတ်ပြီး တတ်နိုင်ဆုံးမတွေ့အောင်ရှောင်နေသည့်ပုံစံရှိလေသည် ။ ကိုစိန်ထွန်းကတော့ ထုံးစံအတိုင်း ကားတစ်စီးနှင့် အပြင်ထွက် ပြန်လာလျှင်ညဉ်နက် မြမြခင်နှင့် လုံးဝပင်မတွေ့လောက်သည်အ ထိဖြစ်နေလေ သည် ။ 
သို့သော်လည်း မြမြခင် မေမြို့တွင်သွားအနားယူမည်ဆိုသည်ကိုတော့ ၀င်းဝင်းပြောသဖြင့် သိထားသည် ။
.........................
မနက် ၆ နာရီ ..မြမြခင် အိပ်ယာမှထလိုက်သည်။ တကိုယ်လုံးနုန်းချိနေသည် ။ သည်မနက် မေမြို့သို့ တက်ရမည် ဖြစ်လေရာ . နေမပူခင်သာထွက်လိုသည် ။ ကြီးလှကို ကြည့်လိုက်တော့အနားတွင်မရှိတော့ ။ မျက်နှာသစ်ရေမိုးချိုးပြင်ဆင်ရန် အိပ်ယာမှထလိုက်ရာ တော်တော်မူးနေသည် ။ ခေါင်းထဲတွင် ဘယ်လိုကြီးမှန်းမသိ လောက်အောင်ချာချာလည်နေသည်။ ရင်တွေလဲကတုန်ကရင် ဖြစ်နေသည် ။
သူမပြန်စဉ်းစားသည် ။ညကလဲစောစောအိပ်သည် ။ အိပ်ရေးလဲမပျက်ချေ။ အစားမှားသလော ပြန်စဉ်းစား၏ ။ အစားလဲမမှား ။ ညနေက ကြက်သားဟင်းနှင့်ထမင်းစားသည် ။ ည အိပ်ယာဝင်ခါနီးနို့တခွက်သာသောက်မိသည် ။ ဒါလဲမဖြစ်နိုင် ။
တကိုယ်လုံးသယ်မရလောက်အောင်လေးလံနေသည် ။ မူးလိုက်တာချာချာလည်နေသည် ။
ဒေါက်တာဆင်းကိုခေါ်ရမည် ။ ဒေါက်တာဆင်းကိုဖုန်းဆက်ရမည် ။
“ ကြီးလှရေ ..ကြီးလှ ”
ရှိသမျှအားကုန်သုံးခေါ်သည် ။ ဘာမှပြန်ထူးသံမကြားချေ။
မြမြခင်စိတ်မရှည်တော့ ။ နေမကောင်းလို့လားမသိ ။စိတ်ကသိပ်မရှည်ချင်။ တရွေ့ရွေ့နှင့် သူမ အခန်းထဲမှထွက်ခါ လှေကားလက်ရန်း ကိုကိုင်ပြီး အောက်ကိုငုံ့ကာ ကြီးလှကိုခေါ်လိုက်သည် ။
“ ကြီးလှရေ ...ကြီးလှရေ ..”
ကြားဟန်မတူ ။ ဘယ်ရောက်နေပါလိမ့် ။ ခေါင်းကို ထပ်ငုံ့လိုက်သည် ။ လက်ရမ်းကိုခန္ဒာကိုယ်တစ်ဝက်ကကျော်နေပြီ။
မူးလာသည် ။ တရိပ်ရိပ်နှင့် ဘယ်လိုမှထိန်းမရတော့ ။မြင်ကွင်းများချာချာလည်နေသည် ။ နောက်ကိုအားယူပြီးဆုတ်ဖို့ကြံသော်လည်း မမှီတော့ ချေ
။ “ အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး”
“ ၀ုန်း ”
မြမြခင် လှေကားလက်ရန်းထိပ်မှ ဇောက်ထိုးကျလေပြီ ။ . အော်သံများ .၀ုန်းခနဲပြုတ်ကျသံများနှင့်အတူ မြမြခင်အတွက် ရေချိုးရန် ရေနွေးအိုးတည်နေသော ကြီးလှခင်မျာ ကမန်းကတန်းရေနွေးထည့်ပြီးထွက်လာလေရာ .လှေကားရင်းတွင် သွေးအိုင်ထဲ အပုံလိုက်ခွေလဲကျနေသော မြမြခင်ကို မြင်လိုက်သောအခါ.................................................

“ အောင်မလေး ...လာကြပါဦးးးးးးးးးးးးးလာကြပါဦးးးးးးးးးးးးးးးးးးး အမြတော့သေပြီထင်ပါတယ် ..................အမြရေ ..”
ဟဲ့  အ၀င်းတို့ ဘမောင်တို့ လာကြပါဦးဟဲ့ ..အောင်မလေး အမြရေ ..အမြလေးရေ ”

သွေးအိုင်ထဲ အပုံလိုက်ဇက်ကျိုးနေရှာသော မြမြခင်ကိုပွေ့ရင်း ကြီးလှခင်မျာအရူးမကြီးပမာအော်ဟစ်လျှက် ....................................


ဆက်ရန် ....................

(တတိယပိုင်းကိုဆက်လက်အားပေးကြပါဦးလို့ )

မဒမ်ကိုး
၅း၁၀ မိနစ်
၁၀.၉.၂၀၁၂
တနင်္လာနေ့



15 comments:

စံပယ်ချို said...

မြမြခင်ဇက်ကျိုးတော့
စိန်ထွန်း အကြိုက်လွှမ်းမိုးပြီပေါ့ကွယ်----
ရွှေဒိုးရေ----စောင့်လိုက်ရတာရှင်
ကျန်တာလေးဆက်ပါဦးနော်
စိတ်ဝင်စားဖို့ ကောင်းနေပြီ

blackroze said...

တတိယပိုင်း စောင့်မျှော်လျက်ပါမားမား

mstint said...

ထင်တယ် ထင်တယ် ကောင်းခန်းရောက်ရင် 'ဆက်ရန်' ပေါ်လာတော့မယ်ဆိုတာလေ။ ဇာတ်အိမ်လေး ဖွဲ့ထားတာကောင်းတယ် မဒိုးရေ မြန်မြန်ဆက်နော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

ဇတ်ကောင်းခန်းရောက်နေဘီ... မျှော်နေ၏ မျှော်နေ၏

မိုးညချမ်း said...

အဟင့် ... မမက ရက်ချက်ပြန်ပြီ ... တန်းလန်းကြီး ... :P

မိုးသူ(တောင်ကြီး) said...

ဆပ်တငံ့ ငံ့ ဖြစ်နေဘီဗျ

khin said...

အများမျှော်လင်.နေသော ကျားထောင်ချောက် အပိုင်း(၃)ကို မမကျားလည်း မျှော်နေပါမည်။

Cameron said...

ဟယ်..ဆိုးထှာ မြမြခင်ကိုသတ်ပစ်လိုက်တယ်...မျှော့နေတယ် မြန်မြန်တင်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင်.. အရှိန်နဲ့ မျှောပါသွားလိုက်တာ
ဆက်ရန်ဆိုတော့ ဟာခနဲဖြစ်သွးတယ်အေ...
စိတ်မကောင်းလိုက်တာ.. မြမြရယ်
ယောကျာ်းအယူမှားလို့ ဒီလိုဖြစ်ရလေတယ်..
တတိယပိုင်းအမြန်လုပ်ပါအေ...

ဖြိုးဇာနည် said...

လုပ်ချလိုက်ချက်ကတော့ဂျာာာာ
မစောင့်နိုင်တော့ဝူး မြန်မြန်ရေးပေးဂျာာာ

ဧပရယ်လ်ပူး@ပူးတေ said...

အပိုင်း (၃) လေး လုပ်ပါဦး မမကိုးရေ

ပူးတေ

(ရူပါက လန်းပြီးသားနော် ဟိ)

မိုးဇက် said...

မောတယ်
ဖတ်ရတာ ရင်မောတယ်
ဟူးးးးးးး
ငယ်ငယ်က ဇာတ်ကားကြည့်သလို ဇာတ်သိမ်းပိုင်းမှာ ယုတ်မာတဲ့လူ ကိုစိန်ထွန်းကြီး ဇာတ်သိမ်းမလှပါစေနှင့်လို့ ဆုတောင်းနေမိတယ်

Thu said...

အမဘလော့ဂ်လေးကိုခဏခဏရောက်ပေမယ့်ခုမှမန်.ဖူးတာပါ။
အမရေ..ကျားထောင်ချောက်ဆက်၊ရန်လေးကို အနော်တို.တစ်ရုံးလုံးက မျှော်နေကြတယ်။နေကောင်းရင်
ဆက်ရေးပေးအုန်းနော်။အမ
မြန်မြန်နေကောင်းပါစေအမရေ

Thu said...

အမဘလော့ဂ်လေးကိုခဏခဏရောက်ပေမယ့်ခုမှမန်.ဖူးတာပါ။
အမရေ..ကျားထောင်ချောက်ဆက်၊ရန်လေးကို အနော်တို.တစ်ရုံးလုံးက မျှော်နေကြတယ်။နေကောင်းရင်
ဆက်ရေးပေးအုန်းနော်။အမ
မြန်မြန်နေကောင်းပါစေအမရေ

San San Htun said...

မြသေသွားရင် ကိုစိန်ထွန်း ပွပြီပေါ့..ဆက်ရန် မျှော်နေတယ်နော့

Related Posts Plugin for WordPress, Blogger...