Tuesday, August 21, 2012

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ မလဲ

အားလုံးမင်္ဂလာပါခင်ဗျား..
သာယာကုန်း ဘုန်းတော်ကြီးပညာသင်ကြားရေးကျောင်းအတွက် လိုအပ်လျက်ရှိသော ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှုရှင်များကို -မေတ္တာရပ်ခံပြီး ၁၃.၇.၂၀၁၂ ရက်နေ့မှစတင်ကာ ၁၅.၈.၂၀၁၂ ရက်နေ့အထိ (၃၄) ရက်တိုင်တိုင် M.M.Y.G မှ အလှုခံခဲ့ပါတယ်။ အလှုခံပုဂ္ဂိုလ်တွေရဲ့ မြင့်မြတ်သောသီလတန်ခိုး၊ အလှုရှင်တွေရဲ့ ယုံကြည်မှုနဲ့ ထက်သန်သော သဒ္ဒါတရား၊ နိုင်ငံအသီးသီးမှ အကျိုးဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတို့ -ပေါင်းစပ်လိုက်တဲ့အခါ ယခုလှုအတွက်  ကျွန်တော်တို့ ရည်မှန်းထားတာထက် နှစ်ဆခန့်ပိုပြီးများပြားတဲ့ အလှုငွေပမာဏနဲ့ အလှုခံခြင်းကို ပိတ်သိမ်းနိုင်ခဲ့ပါပြီ။ ဗြိတိန်၊ ဆွစ်ဇာလန်၊ သြစတီးရီးယား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား ၊စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ်၊ မြန်မာနိုင်ငံ စတဲ့နိုင်ငံပေါင်းစုံမှ စုစုပေါင်းအလှုငွေ ကျပ်သိန်းပေါင်း ၁၁,၈၆၉,၃၀၀ တိတိ (တစ်ရာ တစ်ဆယ့် ရှစ်သိန်း ခြောက်သောင်း ကိုးထောင် သုံးရာကျပ်တိတိ) ရရှိခဲ့ပါတယ်။နိုင်ငံအလိုက် ရရှိခဲ့တဲ့ပမာဏမှာ

၁။မြန်မာနိုင်ငံမှ လေးဆယ့် ကိုးသိန်း ကိုးသောင်း ငါးထောင် ကျပ်တိတိ ( ၄,၉၉၅,၀၀၀ ကျပ်)
၂။စင်ကာပူနိုင်ငံမှ နှစ်ဆယ့် ခြောက်သိန်း ကိုးသောင်း တစ်ထောင်ကျပ်တိတိ ( ၃၉၀၀ စင်ကာပူဒေါ်လာ )
၃။ဂျပန်နိုင်ငံမှ နှစ်ဆယ့် တစ်သိန်း ခုနစ်ရာ ကျပ်တိတိ (၁၉၁,၁၆၁ ယန်း )
၎။အမေရိကန်နိုင်ငံမှ ခုနစ်သိန်း သုံးသောင်း ကိုးထောင် ခြောက်ရာကျပ်တိတိ ( ၈၆၀ အမေရိကန်ဒေါ်လာ)
၅။ဗြိတိန်မှ ငါးသိန်း သုံးသောင်း နှစ်ထောင်ကျပ်တိတိ ( ၄၀၀ စတာလင်ပေါင်)
၆။မလေးရှားနိုင်ငံမှ ငါးသိန်း လေးသောင်ကျပ်တိတိ ( ၂၀၀၀ ရင်းဂစ်)
၇။ထိုင်ဝမ်နိုင်ငံမှ နှစ်သိန်း ခုနစ်သောင်း တစ်ထောင်ကျပ်တိတိ ( ၉၅၀၀ ထိုင်ဝမ်ဒေါ်လာ)

ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဒုတိအကြိမ် မရမ်းချောင်းအလှုမှ လက်ကျန်ငွေ ရှစ်သောင်း တစ်ထောင် ခုနစ်ရာ တစ်ဆယ့်လေးကျပ် (၈၁,၇၁၄ကျပ်) ရှိပြီး အခု သာယာကုန်း ဘုန်းတော်ကြီး ပညာသင်ကြားရေးကျောင်းအလှုအတွက် ကျောင်းဆောင်ဆောက်ရန်အတွက် စုစုပေါင်း ၁၁,၉၅၁,၀၁၄ ကျပ်ငွေတိတိ ( တစ်ရာ တစ်ဆယ့် ကိုးသိန်း ငါးသောင်း တစ်ထောင် တစ်ဆယ့် လေးကျပ်တိတိ ) ဖြင့် လုပ်ကိုင်ဆောင်ရွက်ပါမည်ခင်ဗျား။

ကျွန်တော်တို့ မူလရည်မှန်းထားတဲ့ အလှုငွေထက် ပိုမိုပြီးရရှိခဲ့တာကြောင့် ကျောင်းဆောင်ကိုလည်း မူလသတ်မှတ်ထားတဲ့ ( ၁၅ပေ x ၃၀ ပေ) အစား အခု ( ၂၀ပေ x ၄၀ ပေ) အထိတိုးချဲ့ ပြီးလည်းကောင်း၊ မူလရည်ရွယ်ထားသော သစ်သားများအစား  H Beam သံများဖြင့်လည်းကောင်း၊ အစားထိုးကာ ပိုပြီး ခိုင်ခန့်အောင် အလှုရှင်များကိုယ်စား ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။အဆောက်အဦးအတွက် ဆောက်လုပ်ရေးအင်ဂျင်နီယာနှင့် လက်ရှိ တိုင်ပင်ဆွေးနွေးနေပြီး ရာသီဥတုအခြေအနေကိုကြည့်ကာ စတင်နိုင်မည့်အချိန်နှင့် အဆောက်အဦးပုံစံငယ်အား အလှုရှင်အပေါင်းအား မကြာခင် အသိပေး ချပြပါမည်။တစ်လက်စတည်းမှာပဲ စာသင်ခုံများ၊ ကလေးငယ်များအတွက် သောက်ရေးအိုးစင်များ၊ ကျောင်းရှိ စာသင်သား ရဟန်းတော် များအတွက် လိုအပ်သည်များကို တစ်ခါတည်း ဖြည့်ဆည်းဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။အလှုရှင်တစ်ဦးစီရဲ့ အမည်နာမကို ကျောင်းဆောင်မှာ တစ်ပါတည်း ရေးထိုးပေးမည်ဖြစ်ပြီး ဆောက်လုပ်ပြီးတာနဲ့ မိမိတို့လက်နဲ့ မိမိတို့အလှုကို ရေစက်ချလိုတဲ့ အလှုရှင်များအတွက်လည်း ခရီးစဉ်ကို အသေအချာ စီစဉ်ပေးမှာ ဖြစ်ပါတယ်...။

မြန်မာနိုင်ငံရဲ့ ကပ်ဘေးအမျိုးမျိုး၊ လိုအပ်ချက်အဖုံဖုံတွေကြောင့် အလှုရှင်တွေလည်း လက်မလည်အောင် လှုဒါန်းခွင့်တွေ ကြုံကြိုက်နေတာဟာလည်း သဘာဝတရားကြီးဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အဆိုးတွေထဲက အကောင်းတွေ ပြန်ပေးနေသလိုပါပဲ။

အလှုရှင်စာရင်းများအား အောက်တွင် ကြည့်ရှု မုဒိတာပွားကြပါခင်ဗျား...
လေးစားစွာဖြင့်
မြန်မာမုဒိတာလူငယ်များအဖွဲ့ ( M.M.Y.G) ကိုယ်စား
ကိုရင်
12:47 (GMT)


ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် အလှုရှင်များ

9 comments:

နွေတေးရှင် (မင်းဧရာ) said...

အလှူငွေစရင်ကိုကြည့်ပြီးတော့ အတော့်ကို အံ့သြမိတယ်ဗျာ....

လှူဒါန်းမှု့အစုစုအတွက် အလှူ့ရှင်များနှင့်တကွ MMYG
တစ်ဖွဲ့လုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။

မိုးငွေ့........ said...

အလှူကိစ္စအတွက် အားကျိုးမာန်တက်ဆောင်ရွက်လုပ်ကိုင်ပေးတဲ့ MMYG အဖွဲ့ရော ဒီပို့စ်လေးကိုတင်ပေးတဲ့ ကိုရင်တို့လင်မယားကိုပါ သာဓုခေါ်ပါတယ်...။

Nyi Linn Thit said...

ဒီသတင်းကြားရတာ တအံ့တသြနဲ့ တကယ့်ကို ဝမ်းမြောက်မိပါတယ်၊ ဒီအစီအစဉ်ကို စတင်လိုက်တဲ့ အချိန်မှာ ဘယ်သူတွေကို ဘာ့ကြောင့် လှူဖို့ဆုံးဖြတ် ရတာလဲဆိုတာ သိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောဘဲ ဓါတ်ပုံတွေနဲ့ တခါတည်း ချပြလိုက်တာဟာ အခုလို ထင်ထားတာထက် ပိုပြီး ခရီးရောက်သွားစေတဲ့ အကြောင်းတွေထဲက တစ်ခုဖြစ်မယ်လို့ တွေးမိပါတယ်၊ မူလ ရည်ရွယ်ထားတဲ့အတိုင်း အလှူပြီးမြောက်တဲ့ အထိ အောင်မြင်ပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်..။

မောင်မောင် said...

အစ်မရေ စေတနာအကျိုးပြန်ပေးပါတယ်။အားပေးနေမယ်နော်။

mstint said...

အလှူရှင်များနဲ့အတူ ဝိုင်းဝန်းဆောင်ရွက်သူများအားလုံး စိတ်ဓာတ်အစဉ် ကြည်လင်အေးမြ ချမ်းသာသုခနဲ့ ပြည့်ဝကြပါစေ။ သာဓု သာဓု သာဓု။

မေတ္တာဖြင့်
အန်တီတင့်

khin said...

မျှော်မှန်းတာထက်ပိုပြီး အလှူငွေရတဲ.အတွက် ပိုပြီးပီတိဖြစ်ရပါတယ်။

AH said...

အရမ်းကြည်နူးမိပါတယ်ဗျာ.... ပန်းကလေးများပွင့်တော့မည်... ဖူးတံဝင့်လို့ချီ...

မီးမီးငယ် said...

အလှူအတွက်ဝမ်းသာကြည်နူးပီတိဖြစ်ရပါတယ်။

မိုးခါး said...

ကောင်းလိုက်တား)
သာဓု သာဓု သာဓု

Related Posts Plugin for WordPress, Blogger...