Friday, May 4, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၂ )

ပထမအပိုင်းထဲက အကြောင်းအရာတစ်ချို့ ကို ပြန်ကောက်က်ရရင် ဧရာဝတီရဲ့ ပြီးပြည့်စုံတဲ့ အမည်နာမက ဂုဏ်ယူစရာပါ။တာပိန်မြစ်၊ မြစ်ငယ်မြစ် ၊ -ရွှေလီမြစ်၊ မူးမြစ်၊ ချင်တွင်းမြစ်တို့ဟာ ဧရာဝတီရဲ့ အကောင်းဆုံးထောက်တိုင် မြစ်ကြီးများအဖြစ်နဲ့ ဧရာဝတီ ရှေ့ ဆက်နိုင်ဖို့ ပါဝင်စီးမျောကြတယ်။ အဲ့လိုပါပဲ ချောင်းမကြီးချောင်း၊ စလင်းချောင်း၊ မုန်းချောင်း၊ မန်းချောင်း၊ မင်းတုန်းချောင်း၊ ပင်းချောင်း၊ ယင်းချောင်း၊ ဒေါင်းသေချောင်းနဲ့ ဗွက်ကြီးချောင်းတို့ဟာ ဧရာဝတီရဲ့ ဂုဏ်ယူစရာမိသားစုဝင်တွေပါ။ဆင်ဘိုရွာကစခဲ့တဲ့ (၃၆)မိုင်ရှည်လျားတဲ့ ပထမမြစ်ကျဉ်း၊ စင်းကန်းရွာမှ သဘောင်္ဝင်းရွာအနီးထိ ခက်ခဲတဲ့မြစ်ကျောင်းကိုရှာဖွေရင်း (၁၈)မိုင်ရှည်လျားတဲ့ ဒုတိယမြစ်ကျဉ်း၊ မလည်ရွာကနေ ရွှေဘိုမြို့အရှေ့ ဘက်မှာရှိတဲ့ -ကျောက်မြောင်း မြို့အထိ (၃၈)မိုင်အလျားနဲ့ ပင်ပန်းတဲ့ခရီးကြမ်းနဲ့ တတိယမြစ်ကျဉ်းတို့ကို ဖြတ်ကျော်တဲ့အချိန်တွေဟာ ဧရာဝတီရဲ့ ပင်ပန်း ဆင်းရဲတဲ့ကာလတွေပါ။ မြန်မာနိုင်ငံ စုစုပေါင်းအကျယ်အ၀န်းရဲ့ (၆၁)ရာခိုင်နှုန်းကျော်ကိုလည်း ဧရာဝတီရဲ့အရိပ်တွေနဲ့ ဖုံးလွှမ်းထားပါတယ်..။ဒါပေမဲ့ အဲ့ဒီလောက်အကြောင်းအရာတစ်ချို့ နဲ့ ဧရာဝတီကို အမွှန်းတင်နေတာလားဆိုပြီး အမေးရှိလာရင်တော့ မြန်မာနိုင်ငံရဲ့သမိုင်းတစ်လျှောက် အသုံးတော် ခံခဲ့တဲ့ သူမအကြောင်းကို ဆက်ပြောပါရစေအုံး...

ရာဇ၀င်ထဲက သတို့သမီးအကြောင်း..
အဲ့ဒီမြစ်ကြီးထဲမှာ ပထမနိုင်ငံတော် ပုဂံခေတ်မှနေပြီး နောက်ဆုံး ကုန်းဘောင်ခေတ်အထိ ပဒေသရာဇ်စနစ်ရဲ့ သွေးသစ္စာရာဇ၀င်တွေ ရှိတယ်။ မြစ်ပြင်ထဲကို သေချာငုံ့ကြည့်လိုက်စမ်းပါ.။ပုဂံခေတ်မှာ ဂျွန်းစစ်သည် တစ်သိန်းအားနဲ့ညီမျှတဲ့ ညောင်ဦးဖီးဆိုတဲ့သူရဲကောင်း ဧရာဝတီမြစ်ကမ်း နှစ်ဖက်ကို မမောနိုင်မပန်းနိုင် လက်ပစ်ကူးခတ်နေတာ တွေ့ရလိမ့်မယ်။နားနှစ်ဖက်ကိုစွင့်ပြီး ရေစီးနဲ့အတူ နားထောင်ကြည့်လိုက်ရင် မြန်မာ့သမိုင်းမှာ စစ်မက်အလိုလားဆုံး ဟံသာဝတီဘုရင် ရာဇာဓိရာဇ်ရဲ့ ကြုံးဝါးသံတွေကို ပီပီသသကြားနိုင်ပါသေးတယ်။ မွန်-မြန်မာစစ်ပွဲတွေလို့ လူသိများခဲ့တဲ့ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ပွဲ သက်တမ်းတစ်လျှောက်လုံးမှာ စတေးခဲ့တဲ့အသက်ပေါင်းများစွာအတွက် တိတ်တိတ်လေးငိုရှိုက်ရင်း စစ်ချီတက်ရာလမ်းကြောင်းကြီးအဖြစ် နှစ်ပေါင်းလေးဆယ်တိုင်တိုင် အသုံးတော်ခံခဲ့တာ ကျွန်တော်တို့ရဲ့ သတို့သမီးပါ။မြစ်ကမ်းပေါ်မှာရှိတဲ့ ပြည်မြို့ဟာ သူတို့တွေရဲ့ ရှေ့ တန်း စစ်မျက်နှာပြင် ဖြစ်ခဲ့တဲ့မြို့ပါ။ရှင်ရဲထွဋ်က ဒုတိယနိုင်ငံတော်ကိုတည်ထောင်ဖို့ ကြိုးစားတော့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့ကြိုးစားရာမှာ ဧရာဝတီမြစ်က  စစ်ချီလမ်းကြောင်းအဖြစ် အားတက်သရော အဓိကကူညီပေးခဲ့တာပါ။ညောင်ရမ်းခေတ်ဦးမင်းများဖြစ်တဲ့ အနောက်ဘက်လွန်မင်းနဲ့ သာလွန်မင်းတို့ဟာ ဧရာဝတီမြစ်ကို စုန်ဆင်းသွားလာခဲ့ကြတယ်။ကုန်းဘောင်ရာဇ၀င်တစ်လျှောက်လုံး နယ်ချဲ့ တွေကို ခုခံ ခဲ့တဲ့နေရာမှာ မြစ်ရိုးတစ်လျှောက် ခံတပ်တွေဖြစ်တဲ့ မင်းလှနဲ့ အင်းဝခံတပ်တို့ဟာ ဧရာဝတီရဲ့မှတ်တိုင်တွေဖြစ်ပြီး အလွန်နာမည်ကျော်ခဲ့ပါတယ်။

စာဖတ်သူ မျက်တောင်မခတ်လိုက်ပါနဲ့.။မြစ်ကြောင်းထဲကို သေချာစိုက်ကြည့်လိုက်စမ်းပါ။ ဦးနာအောက်ရဲ့လှေငယ်နဲ့ နယ်ချဲ့ သင်္ဘော စီးချင်းထိုးခဲ့တဲ့ ပုံရိပ်တွေဟာ ဧရာဝတီရဲ့မြစ်ပြင်ကျယ်မှာ မပျောက်ကွယ်သေးပါဘူး။နယ်ချဲ့ သွေးတွေပေစွန်းနေတဲ့ မြန်မာ့ဓါးတွေကို သူ့ရေစီးနဲ့ဆေးကျောပေး ခဲ့ပြီး  ဖက်ဆစ်တို့ရဲ့ သင်္ချိုင်းအဖြစ် သူ့ကိုယ်သူ ကျေကျေနပ်နပ်ကြီး စတေးပေးခဲ့တဲ့တာ ဧရာဝတီပါ။မြန်မာနိုင်ငံမရှိခင်ကတည်းကနေ ပထမ နိုင်ငံတော်၊ ဒုတိယ နိုင်ငံတော်၊ တတိယနိုင်ငံတော်ဆိုတဲ့ ခေတ်သုံးခေတ်ရဲ့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာအားလုံးကို သိရှိမှတ်သားခဲ့တဲ့ တစ်ဦးတည်းသော မျက်မြင် သက်သေဟာ ကျွန်တော်တို့ရဲ့သတို့သမီး ဧရာဝတီပါ။

 အိပ်ယာဝင်ပုံပြင်တွေက သတို့သမီး.. 
ဒီလောက်နဲ့ မလုံလောက်နိုင်သေးရင် ဧရာဝတီရဲ့အိပ်ယာဝင်ပုံပြင်တွေ နားထောင်ပါအုံး စာဖတ်သူ..။
ရသေ့ကြီးရဲ့သမီးတော် ဗေဒါရီဆိုတဲ့ လုံမပျိုလေးတစ်ယောက် အပ်ပေါက်ယာလောက်သာ အပေါက်ဖောက်ထားတဲ့ ဘူးသီးခြောက်ထဲကို ဧရာဝတီ မြစ်ရေတွေ တစ်စက်ချင်းစစ်ယူနေတဲ့ ပုံပြင်ကိုကြားခဲ့ဘူးမှာပါ။မြစ်ကြီးထဲမှာ မဟာသမ္ဘ၀၊ စူဠာသမ္ဘ၀ မျက်မမြင်ညီနောင် ဖောင်တစ်စီးနဲ့ ကမ်းမမြင် လမ်းမမြင် ရွက်လွှင့်နေရင်း မြစ်ကြီးထဲကို ကိုင်းကျနေတဲ့ စစ်ပင်ကြီးပေါ်က စန္ဒမုခိဘီလူးမကြောင့် သူတို့မျက်လုံးတွေ ပြန်မြင်ခဲ့ရတယ်။ ဧရာဝတီ မြစ်ပေါ်ကိုင်းကျနေတဲ့ အဲ့ဒီစစ်ပင်ကြီးကိုအမှီပြုပြီး အဲ့နေရာကို စစ်ကိုင်း(အခု စစ်ကိုင်းတိုင်း) လို့ခေါ်ခဲ့တယ်။ မျက်စိမြင်သွားတဲ့မင်းသားနှစ်ပါး လမ်းလျှောက်ထွက်ရင်း ဗေဒါရီမင်းသမီးနဲ့တွေ့ကြတယ်။အဲ့ဒီမှာ မင်းသားအကြီး မဟာသမ္ဘ၀က ဗေဒါရီရဲ့ ဗူးသီးခြောက်ရဲ့အပ်ပေါက်ရာကို သံလျက်နဲ့ ချဲ့ ထွင်ပေးပြီး ဧရာမြစ်ရေကို အလွယ်တကူခပ်စေတယ်။ဗေဒါရီက မင်းသားနှစ်ပါးကို ရသေ့ကြီးရဲ့ ကျောင်းသင်္ခန်းကို ခေါ်သွားပြီး အကြောင်းစုံ ရှင်း ပြတဲ့အခါ မင်းသားနှစ်ပါးဟာ ရသေ့ကြီးရဲ့ တူတော်တွေဖြစ်နေတာကို သိရှိရပြန်တယ်။အဲ့တာနဲ့ မင်းသားအကြီး မဟာသမ္ဘ၀ကို ဗေဒါရီနဲ့ ပေါင်း ဖက်ပေးပြီး ရသေ့မြို့ကိုတည်ထောင် စိုးစံစေခဲ့တယ်။ဒီပုံပြင်ကိုအကျယ်ထပ်ချဲ့ ရရင် စကုတို့ စလင်းတို့ပါ ပါလာနိုင်ပါသေးတယ်။ဒါဟာ ကျွန်တော်တို့ ဧရာဝတီရဲ့ တစ်ထောင့်တစ်ညပုံပြင်တွေက တစ်ခုအပါအ၀င်ပေါ့။

နောက် စာမျက်နှာတစ်ရွက်ကို ဆက်ဖွင့်လိုက်ပါအုံးမိတ်ဆွေ..။ရာဇ၀င်ထဲမှာတော့ ခရစ္စတော်မပေါ်မှီ အနှစ်(၄၄၃)က ဧရာဝတီမြစ်ရိုးရဲ့ အလယ်ပိုင်း မှာ အံ့သြဘွယ်အကြောင်းအရာကြီး (၅)မျိုး ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ထိုအချင်းအရာ(၅)မျိုးကတော့
(၁)အသံကြီးစွာမြည်လျက် မြေငလျင်လှုပ်ခဲ့တယ်။
(၂)ဖိုးဥမောင်အရပ်မှ ရေအိုင်ကြီးတစ်အိုင် ပေါ်လာခဲ့တယ်။
(၃)စမုံ၊ စမြိတ်မြစ်နှစ်စင်း ရုတ်တရက်စီးဆင်းတယ်။
(၄)ပုပ္ပါားတောင်ကလပ် မြေကထွက်လာတယ်။
(၅)သရောခေတ္တရာပတ်ဝန်းကျင်က ပင်လယ်ပြင်ဟာ ခမ်းခြောက်သွားခဲ့တယ်..။
ဆိုပြီး (၁၉၂၃)ခုနှစ်  အင်္ဂလိပ်ဘာသာပြန်၊မှန်နန်းရာဇ၀င်ရဲ့ စာမျက်နှာ(၇)မှာ ဖော်ပြထားပါတယ်။ဒီထက်ပိုပြီးလည်း သေချာတဲ့သမိုင်းအချက်အလက် ကို မပြနိုင်တာကြောင့် ဒါဟာ ဧရာဝတီမြစ်ရဲ့ ကြီးမားတဲ့ အိပ်ယာဝင်ပုံပြင်တစ်ခု ဖြစ်သွားပါတယ်။ (ဒီကိစ္စဟာလည်း အချက်အလက်သာပြည့်စုံရင် ငြင်းခုံလို့ကောင်းမဲ့ အကြောင်းအရာတစ်ခုပါပဲ။) 

ဆက်ပြီးတော့ မြစ်ရေစီးသံနဲ့အတူ အိပ်စက်ကြည့်စမ်းပါ။ ကိုဘုန်းကြွယ်ပြန်အလာကို မြစိမ်းက ဧရာဝတီကမ်းစပ်မှာ ထိုင်စောင့်ရင်း “ကိုဘုန်းကြွယ် လူညာကြီးရယ်..သိုက်ဆရာကို လှေပေါ်တင်ကာရယ်”ဆိုတဲ့ ရင်နင့်ဖွယ် လွမ်းတေးသီနေတဲ့အသံကို ကျွန်တော်တို့နားနဲ့ ဆတ်ဆတ်ကြားရမှာပါ။ အဲ့ဒီလိုရာဇ၀င်တွေ၊ အဲ့ဒီလို သမိုင်းကြောင်းပုံရိပ်တွေ၊ အဲ့ဒီလို အိပ်ယာဝင်ပုံပြင်တွေနဲ့ ရင့်မှည့်ပြည့်ကျပ်နေတာ ဧရာဝတီပါ..။ 

အတိတ်ကနေ ဒီနေ့အထိ မြန်မာ့ရာဇ၀င်တစ်ခုလုံးရဲ့ ရဲရင့်မှု နဲ့ စည်းလုံးမှု၊ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုတွေများစွာကို ကြုံတွေ့ခဲ့ရဘူးသလို ရက်စက်မှုနဲ့ သစ္စာမဲ့မှု၊ သွေးပျက်ကြောက်ရွံမှုများစွာကို ကြုံတွေ့ခဲ့ရတာ ဧရာဝတီပါ။အမှန်တရားကို ထိန်းသိန်းစောင့်ရှောက်သူတွေကို ကြုံဘူးခဲ့သလို အမှန်တရား ကို ချိုးဖောက်ဖျက်ဆီးသူ အများကြီးကို မှတ်တမ်းတင်ထားတာလည်း ဧရာဝတီပါ။သူမပြောပြတဲ့ အိပ်ယာဝင်ပုံပြင်တွေထဲမှာ ဂုဏ်ယူစရာတွေရှိသလို သင်္ခန်းစာ ယူစရာတွေလည်း တွေ့ကြရမှာပါ..။ဧရာဝတီဟာ ကျွန်တော်တို့အတွက် အတော်ဆုံး သမိုင်းဆရာတစ်ယောက်ဖြစ်သလို အကောင်းဆုံး အိပ်ယာဝင်ပုံပြင်တွေ ပြောပြတတ်တဲ့ ဆရာမတစ်ယောက်ပါ။
 

အထက်မှာ ရေးသားခဲ့တဲ့သမိုင်းကြောင်းတွေ၊ ကျွန်တော်ပြောပြခဲ့တဲ့ အိပ်ယာဝင်ပုံပြင်တွေဟာ ကျွန်တော် လေ့လာထားသလောက်၊ ရှာဖွေထား သလောက်ပဲ ရှိသေးတာပါ။ဒါလေးတွေဟာ ဧရာဝတီရဲ့ အပုံတစ်သောင်းပုံ တစ်ပုံတောင် ရှိအုံးမယ်မထင်ပါဘူး..။ဒီလိုသမိုင်းကြောင်းရှိရုံ၊ ဒီလို အိပ်ယာဝင်ပုံပြင်တွေလောက်နဲ့တော့ ဧရာဝတီကို ခင်ဗျားတို့အားလုံးရဲ့ မိခင်ကြီး၊ မြန်မာ့ရာဇ၀င်ရဲ့ သတို့သမီးတစ်ပါးပါလို့တင်စားမယ်ဆိုရင် လုံလောက်ပါ့မလားလို့ မေးခွန်းထုတ်လာခဲ့ရင်တော့ ကျွန်တော့်အနေနဲ့ စာဖတ်သူကို  ဘယ်တော့မှပျောက်ကွယ်မသွားနိုင်တဲ့ ဧရာဝတီရဲ့ ယဉ်ကျေးမှု ပြတိုက်ကြီးထဲ ခေါ်သွားပါရစေအုံး....

ဆက်ပါအုံးမယ်ခင်ဗျား>>>

source: http://en.wikipedia.org 
         : http://wikimyanmar.co.cc/
         : http://forum.myanmar-technicians.org
         : http://mmcpcommunity.net
         : (ဆရာ) တိုက်စိုး- ဧရာဝတီ
         : (ဆရာ) နတ်နွယ်- မြန်မာပြည်မြောက်ပိုင်း
         : မြင့်မိုးအောင်- ဧရာဝတီ
         : အိုးဝေမျိုး- မဟာသတို့သမီး
         : မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅) 

လေးစားစွာဖြင့်...
ကိုရင်
26.04.2012,Thursday,
23:26 (GMT)

15 comments:

Anonymous said...

အဟားးး..တကယ်ဖတ်ရတာ ကောင်းတယ်ကိုရင်..
မြစ်ဆုံစီမံကိန်းကို ဘာ့ကြောင့် ကန့်ကွက်သင့်တယ် ဆိုတာကို ဒီပိုစ့်နှစ်ခုကိုဖတ်ပြီး နည်းနည်းတော့ သိလာတယ်ကိုရင်..ပြီးရင် PDF လုပ်ပေးဖို့သာ မမေ့ပါနဲ့ဗျာ.. အစအဆုံးပြန်ရှယ်ချင်တယ်...

သြော် ကိုရင်ရေ..ကျောင်းသားတောင်းထားတာလေး လုပ်အုံးဗျ..မဟုတ်ရင် နားပူတယ်.. :P

မောင်ဘုန်း said...

အားရာ ... စိတ်ဝင်စား စရာ တွေ များလာပြီ ဗျာ ... နောက်အဆက် ကို မျှော်နေပါမယ် ... ။

အလွမ်းမြို့ said...

ကိုရင်ရေ...မသိမတတ် နားမလည်တာလေးတွေကို ခုလို သိတတ်နားလည်သူတွေ ရှင်းပြတော့ ငပိန်းမလေး သဘောတော်ပေါက်လာပါပြီ။ အားပေးနေပါမယ်။


ခင်မင်တဲ့
အလွမ်း

Snow May said...

ဧရာဝတီရဲ့အကြောင်းကို သေသေချာချာနဲ့ လေ့လာပြီးတော့ ရေးထားတာ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်.. နောက်ထပ်အပိုင်းတွေလည်း ဆက်ဖတ်ဖို့ မျှော်နေပါတယ် (ရူပါလန်းတဲ့ဘလော့ဂါတွေပဲ မန့်သွားကြတယ်ဆိုတော့ သာမီးလည်း ရူပါလန်းတဲ့အထဲပါသွားပီပေါ့နော် :D)

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကောင်းတယ်ကိုရင်ရေ.. မသိတာလေးတွေကို ဝေမျှတဲ့အတွက် ကျေးကျေး..

ခင်တဲ့
မမဝသုန်

ချစ်စံအိမ် said...

တကယ်ကိုသိသင့်တဲ့ပိုစ့်လေးပါ ရှင်
ကျေးဇူးတင်ပါတယ်
စောင့်မျှော်နေပါမယ်..

AH said...

ဖတ်သင့်တယ်၊ တွေးသင့်တယ်.... ကိုရင့်ကို အထူးကျေးဇူးတင်ပါတယ်... ရှင်သန်မှု့အတွက် မျှဝေမှု့ ကို ဂုဏ်ယူမိပါတယ် ခင်ဗျာ။

စံပယ်ချို said...

ဧရာဝတီ အကြောင်း သေချာသိရတယ် တခါဖတ်တာနားမလည်လို့နှစ်ခါဖတ်ရတယ်ကိုရင်ရေ
သေချာလေ့လာပြီး ဒီပိုစ့်လေးရေးတဲ့အတွက် ကျေးကျေးပါ

နွေတေးရှင် (မင်းဧရာ) said...

ပြတိုက်ထဲ ခေါ်မှာဆိုလည်း မြန်မြန်ခေါ်ဗျာ
မျှော်ရတာ မောလှတယ်။

အတွေးနက်လှ၏ နက်သလောက်လည်း ရေးတတ်လှ၏ ။

Unknown said...

ဆက်လက် မျှော်နေပါအုံးမယ် ခင်များး)p

ပဥာက် said...

သတို့သမီးကတော့ လှဆဲလှမြဲထင်ပါ့

ညိမ်းနိုင် said...

ကောင်းသဗျ....၊အပိုင်း၃ကိုမျော့နေတယ်...။

Han Kyi said...

ကိုယ့်ဖာသာကိုယ် ရှာဖတ်ရရင် မျက်မှန်ပါဝါတိုးပြီး ဇက်ကြောထိုးနေဦးမယ်...ကိုရင် ပြုစုထားတာလေးတွေပြီးအောင် အသာစောင့်ပြီးမှ ပီဒီအက်လုပ်ပြီး စတိုထဲထည့်သိမ်းထားလိုက်တော့မယ်...

ဒါမျိုး ကျကျနနလုပ်ဖို့ဆိုတာ စေတနာရော ၀ါသနာပါလိုတဲ့အပြင် အချိန်တွေလည်း တနင့်တပိုးကြီး ရင်းရမှာ သေချာသပေါ့...ကျေးဇူးကြီးလှပါပေရဲ့ ကိုရင်ရေ...

လိမ္မော်သီး တစ်သေတ္တာလောက်ကို ၀ယ်ပြီးဥာဏ်ပူဇော်ခ ပေးလိုက်ချင်သေးတာ...ဂျာရစ်နဲ့ နပန်းသတ်ရအောင်လို့း)

ဖြိုးဇာနည် said...

အမှန်အတိုင်းပြောရရင် ကိုယ်တို့ ဧရာဝတီ
မြစ်ကြီးအခုလောက် ကြီးကျယ်ခန်းနားမူ
တွေနဲ့အတူ သမိုင်းမှာ ထင်ကျန်နေခဲ့
တာကို မသိရိုးအမှန်ပါ။ သိတာတော့
ကြီးကျယ်ခန်းနားတယ် သမိုင်းသွင်
တယ်ဒီလောက်ပဲသိခဲ့ရတာ။အခုမှ
အကုန်လုံးကို သိခွင့်ရလိုက်တယ်

ကြွားလိုက်ချင်စမ်းပါသေးတယ်
ဒါဟာ ကိုယ်တို့နိုင်ငံရဲ့ အထင်ကရ
ဆိုတာ တွေ့တဲ့လူတိုင်းကို
လက်တို့လိုက်ချင်ပါတယ်။

San San Htun said...

သမိုင်းကို ထုံးလိုချေ ရေလိုနှောက်ပြီး ဧရာဝတီပုံပြင်တွေ ပြောပြသွားတယ်..ကိုရင့်အားထုတ်မှုကို ချီးကျူးမိပါသည်..

Related Posts Plugin for WordPress, Blogger...