Tuesday, April 10, 2012

မရမ်းချောင်းအလှု၏ ပီတိ

( ၀န်ခံချက်..)“မရမ်းချောင်းအလှု၏ ပီတိ” ဆိုတဲ့ခေါင်းစဉ်နဲ့ပိုစ့်ကို အလှုမှာ ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ဘလော့ဂါညီမငယ် သမီးစံ က အပိုအလိုမရှိ ရေးပါသည်။သူက မနေ့က ၉.၄.၂၀၁၂ နေ့မှာ သင်္ကြန်တွင်း ဥပုဒ်တရားစခန်းဝင်သွားပြီဖြစ်လို့ ကျွန်တော့်ဘလော့မှာ တင်ပေးလိုက် ပါသည်။
 ~~~~~~~~~@@@@@@@~~~~~~~~~

မရမ်းချောင်းအလှု၏ ပီတိ
တစ်နေ့နဲ့တစ်၌ကျမသမီးစံသည် ပျင်းပျင်းရှိသည်နှင့်အီးမေလ်းစစ်ကြည့်လေသော် မေလ်းထဲတွင်စာ တစ်စောင် အားဤ သို့ တွေ့ရလေသည်။“မိစံ အားရင်လိုင်းပေါ်တက်ခဲ့ပါအုံး။ ကူညီတောင်းစရာရှိလို့”ဟူ၏။စာပို့သူနေရာတွင် ကိုရင်ဟူသော နာမည်တစ်ခုအား တွေ့ရလေသည်။ ထိုနာမည် အား တွေ့တွေ့ချင်းပင် မြန်မာမုဒိတာလူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှန်း သိလိုက်ပါသည်။တစ်ပြိုင်တည်းပင် မင်္ဂလာတောင်ညွှန့်၊စက်ဆန်း မီးဘေးတွင် ငွေအားဒါနဖြင့် အလှူလုပ်ခဲ့ဖူးသောအဖွဲ့ တစ်ဖွဲ့ဖြစ်နေမှန်း တန်းသိလိုက်ပါသည်။လျစ်လျူရှုရန်မဖြစ်နိုင်သောကြောင့် အချိန်အား သည်နှင့် လိုင်းပေါ်တက်မိလေသည်။မြန်မာမုဒိတာအဖွဲ့၏ ဒုတိယမြောက်အလှူအတွက် ကူညီပေးရန် ပြောကြား လာပါသည်။မြန်မာပြည် အလှူရှင်များအတွက် အလှူခံပေးရန်ဟူ၏။လူကြီးများအား ကူညီတောင်းရန် အားနာသည် ဟုလည်းပြော၏။ အလုပ်မရှိဘဲ(ကျောင်းကိစ္စမှလွဲ၍) အားနေသော သမီးစံကို ကူညီပေးရန်ရွေးချယ်လာမှုအပေါ် မအံ့သြမိတော့ဘဲ တတ်နိုင်သမျှ ကူညီပေးရန် လက်ခံလိုက်ပါသည်။မတ်လ(၇)နေ့က ဖြစ်မည်ထင်ပါသည်။အလှူကိစ္စအား လက်ခံပြီးသော် မုဒိတာဆိုဒ်မှာဖော်ပြပေးရန် ဖုန်းနံပါတ်နှင့်အိမ်လိပ်စာ တောင်းပါသည်။

ထို့နောက် မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယခြေလှမ်းဖြစ်သော “မရမ်းချောင်းအနာကြီးရောဂါသည်ဂေဟာ”သို့ ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်၊ အာလူး၊ ဆေး၊ အ၀တ် စသဖြင့် သွားရောက်လှူဒါန်းကူညီမည်ဖြစ်သဖြင့် နိုင်ငံအသီးသီးမှ အလှူရှင်များ ပါဝင်လှူဒါန်းနိုင်ကြပါသည် ဟူသော နှိုးဆော်စာနှင့်တကွ အလှူရှင်များအတွက် အလှူခံပေးမည့် တာဝန်ခံများ၏ နာမည်စာရင်းများအား မြန်မာမုဒိတာဆိုဒ်တွင်ကြော်ငြာပြီး မကြာမီပင် အပေါင်းသင်းနည်းသော သမီးစံထံသို့ ဖုန်းနံပါတ်များ တစ်ခုပြီးတစ်ခု အဆက်မပြတ် ၀င်လာပါတော့သည်း)။သမီးစံနှင့်တွေ့ချင်ပါသည် ဆိုသည့်အခါ အိမ်ကလူများက မျက်စိလည်ကြပါသည်။(ဘလော့ရေးသည်တော့ အိမ်ကသိသော်ငြား နာမည်နှင့်ဘလော့ လိပ်စာကို ပေးမသိထား ပါ)နောက်ထပ် အလှူရှင်များမှ တစ်ခါခေါ် နှစ်ခါခေါ်လာသော် နာမည်ကို ကျက်မိသွားကြပါသည်။(ဟ….နင့်နာမည်က ဘယ်လိုကြီးလဲတဲ့း)

သမီးစံထံဆီကိုပထမဦးဆုံး ဆက်သွယ်လာတဲ့ အလှူရှင်ကတော့ ဒေါက်တာသက်တန့်ချိုပရိတ်သတ်ပါလို့ မိတ်ဆက်လာသူ အန်တီဒေါ်အိအိစိုးပါ။ (အလှူရှင်အားလုံးက ဒေါက်တာ့ပရိတ်သတ်တွေများပါတယ်)”အန်တီ အလှူငွေထည့်ချင်လို့ ကိုယ်တိုင်ဘဲလာထည့်တော့မယ် သမီးလိပ်စာပေး ပါ”တဲ့။လိပ်စာပေးပြီး နောက်တစ်နေ့ ရောက်တော့ ဦးဦးဖျားဖျား အလှူငွေနှစ်သိန်းကို လက်ခံရရှိခဲ့ပါတယ်။တစ်ခါမှမကိုင်ဘူးတဲ့ တစ်ထောင်တန် အရွက်နှစ်ရာ လက်ထဲရောက်လာတော့ မျောက်အုန်းသီးရသလို ဘယ်နားထားလို့ထားရမှန်းမသိပါ။အိမ်က လည်းပြောပါတယ်။ အလှူငွေတွေ ဆိုတော့ သေသေချာချာလုပ်ဟ..ဆိုတော့ ပိုဆိုးသွားပါတယ်။ဒီနေရာထား ဟယ်..မဖြစ်သေးပါဘူး၊ ဟိုနေရာဆိုရင်ကော..အမျိုးမျိုးတွေးရင်း -နောက်ဆုံးတော့ လျှို့ဝှက်အံဆွဲထဲဘဲထည့်သိမ်းဖြစ်ပါတယ်။ဖွတ်တိုင်းပြည်မှာနေတဲ့ ဖွတ်တာဝန်ခံဆိုသော်ငြား အလှူခံ လပ်ကီးရှိတယ်ဆိုရ ပါမယ်။ (မမြင်ဖူးတော့မူးမြစ်ထင်တာဆန်းပါဘူးနော်း)ပထမအလှူရှင်ပြီးတော့ဖုန်းတွေကော၊ အလှူငွေတွေပါ ၀င်လာမဆဲ တသဲသဲပါဘဲ။ အိမ်ကညီမတွေ ကလည်း ကူညီကြပါတယ်။ (နှစ်ယောက်သုံးယောက်၊လေးငါးယောက်ကို သူတို့ဘဲ လက်ခံ ပေးကြတာပါ)။နောက်အလှူရှင် တစ်ယောက် ကတော့ သမီးစံနဲ့တည့်တည့်တိုးပါတယ်။ “သမီးစံလား… အန်တီတင့်ပါ”တဲ့း)။ အန်တီ့အမျိုးတွေဆီ အလှူခံ ပေးထားတာ တစ်သိန်းသုံးသောင်း ရတယ်သမီး တဲ့။ နောက်တော့ အန်တီရွှေစင်(Sky Latt Swe)၊ မကြီးလွမ်း၊ အစ်မလမင်း၊ မစင်စင်၊မmoonmoon မမရစ်၊ မစန္ဒာအောင်၊ ဒေါ်ခိုင်မွန်မြင့်း) စသည်..စသည်.. ပါဝင်လှူဒါန်း လာကြတော့ စေတနာပီတိ၊ဂွမ်းဆီထိသလို တအိအိခံစားရပါတယ်။ အလှူရှင်တွေနဲ့လည်း ရယ်စရာ ကြုံဖြစ်ပါသေးတယ်။အ၀တ်အစားတွေ လာလှူသွားတဲ့အစ်မတစ်ယောက်ဆို သမီးကို (ဖုန်းထဲမှာ)အစ်မတဲ့ ။ကိုယ်လည်းမငယ်တော့ဘူးဆိုတော့ ညီမလေးပေါ့။ အ၀တ်ထုတ်တွေလည်း လာပို့ရော သမီးစံဆိုတာ ညီမလေးလားတဲ့။ဖုန်းထဲမှာ အသံက အကြီးကြီးဆိုတော့ အစ်မက အသက်ကြီးကြီးထင်တာတဲ့.။ဒါကြောင့်ထင်ပါတယ် ကိုယ်နဲ့တည့်တည့် တိုးသွားတဲ့ အလှူရှင် တွေက လူကိုမြင်တော့ အံ့သြသလိုဖြစ်ဖြစ်သွားကြတာ။ လူကောင်သေး တာကိုဘဲ ကျေးဇူးတင်ရပါမယ်။

မတ်လ(၉)ရက်နေ့ကစပြီး အလှူခံလာလိုက်တာ..မတ်လကုန်လို့ ဧပြီလရောက်တော့ မြန်မာပြည်တာ ၀န်တစ်ဦးလည်းဖြစ်၊သွားလှူမဲ့အဖွဲ့ရဲ့ -ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုကျော်စွာစိုးမြတ်ကို ဆက်သွယ်ဖြစ်ပါတယ်။ကိုကျော်စွာနဲ့တွေ့ဖြစ်တော့ လက်ခံထားတဲ့အလှူငွေတွေ၊ ဗလာစာအုပ် -တွေ၊ အ၀တ် အစားတွေကိုအပ်ရင်း အလှူကိစ္စအတွက် အစကနေအဆုံးထိအောင် ကူညီပေးခဲ့တဲ့ အန်တီဒေါ်အိအိစိုးအိမ်ကို ချီတက်ကြပါတယ်။ အန်တီ့အိမ်ရောက်တော့ လိုအပ်တာတွေအကုန်လုံးကလည်း အန်တီနဲ့ဘဲအဆင်ပြေသွားတာဆိုတော့ အလှုပစ္စည်းတစ်ချို့ ဝယ်ဖို့သင့်သမျှငွေကို အန်တီ့ လက်အပ်ပြီး ပြန်ခဲ့ကြပါတယ်။အလှူရှင်ဖြစ်တဲ့ အန်တီကဘဲ ထမင်းလည်းကျွေး၊နင်းလည်းပေး ဆိုသလို … အိမ်ပြန်ခရီးအထိ လိုက်ပို့ပေးပါ တယ်။မရမ်းချောင်းဂေဟာ သွားမယ့်နေ့ကို မူလ အစီစဉ် အတိုင်း ဧပြီ(၆)ရက်နေ့ကို အတည်ပြုဖြစ်ခဲ့ပါတယ်။

အကယ်ဒမီပေးပွဲလို.. ရင်ခုန်၊မျှော်လင့်၊ခံစားရင်း ဧပြီ(၆)ရက်နေ့ကို ရောက်လာခဲ့ပါတယ်။အဲ့ဒီ့နေ့မှာမှ တက်တက်ကြွကြွပါဘဲ။အစောကြီးနိုးတဲ့ရက် လက်ချိုးရေလို့ရတဲ့သူက မနက်ခြောက်နာရီကြီး နိုးနေလို့ပါ။ ခြောက်နာရီ လေးဆယ့်ငါးလောက်မှာဆိုးနေတဲ့ရုပ်ကို တော်တော်ဖုန်းနိုင် သွားပါတယ်။ အဖွဲ့သားတွေလည်း စုံစုံလင်လင်ရောက်လာကြတာမို့ ခုနှစ်နာရီဆယ်မိနစ်လောက်မှာ စုရပ်ကိုထွက်လာကြပါတယ်။လူစုံပြီဖြစ်တာကြောင့် အားလုံး ပျော်ပျော်ပါးပါးနဲ့ မရမ်းချောင်း ဂေဟာကို ခရီးနှင်ခဲ့ကြပါတယ်။(Aircon Bus ကြီးနဲ့ပါး)

အားလုံးပျော်ပျော်ပါးပါးပါဘဲ.

မရမ်းချောင်းဂေဟာကိုသွားတဲ့လမ်းကော၊ပြန်တဲ့လမ်းပါ ဖြောင့်ဖြောင့်ဖြူးဖြူးရှိတာမို့ အားလုံး ချောချော မောမောပါဘဲ။ မရမ်းချောင်းဂေဟာရောက် ခါနီးတော့ ဂေဟာကိုလမ်းပြပေးတဲ့အစ်ကိုက -ဂေဟာမှာရှိတဲ့ အဘိုး၊ အဘွားတွေက အတို၊အပြတ်နဲ့ မသန်စွမ်းသူတွေ ဖြစ်တာမို့ သူတို့ရှေ့ မှာ အော့အန်တာ၊ ရွံရှာတဲ့အပြုအမူ(မယဉ်ကျေးတဲ့အပြု) မလုပ်ကြဖို့အားလုံးကို လိုက်ပြောပါတယ်။ သူလိုက်ပြောတယ်ဆိုကတည်းက အရင်တုန်းက သာဓကတွေ ရှိခဲ့ဖူး လို့ဖြစ်မှာပါ။ သမီးစံလည်း သူပြောတာကို နားလည်လွန်းလို့ စိတ်မကောင်းတောင်ဖြစ်သွားရပါတယ်။ ကိုရင်ကလည်း တစ်ခါပြောထားဖူးပါတယ်။”ကျုပ် ပိုစ့်ထဲထည့်ရေးရင် ဇာတ်နာအောင်လုပ်တယ် ဖြစ်အုံးမယ်။ကိုယ်တိုင်ရောက်သွားမှ သိကြမှာ” တဲ့။ဂေဟာကိုရောက် သွားတော့ အဘိုး၊အဘွားတွေရဲ့သာမာန်လူတွေလို လွတ်လွတ် လပ်လပ်မနေနိုင်၊ မစားနိုင်တာကိုတွေ့ပြီး တော်တော်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ နာရင် နာတယ်၊ ယားရင်ယား တယ်ခံစားမှုမရှိကြတာကိုဘဲ ကြံဖန်ပြီး ကျေးဇူးတင်ရမယ့်အခြေအနေပါ။

ရောဂါသည် အဘိုးအဘွားတွေကို စာနာမယ့်သူ ကင်းမဲ့နေတဲ့အခြေနေကနေ ဒီနေ့၊ ဒီချိန်ထိစိတ်ရော၊ ကိုယ်ပါနှစ်ပြီး ကူညီခဲ့ကြတဲ့ မရမ်းချောင်း -ဂေဟာရဲ့ (အစဉ်အဆက်)တာဝန်ရှိလူကြီးတွေနဲ့ လက်ရှိဂေဟာဥက္ကဌ ဦးလှဌေးကိုပါ ကျေးဇူးတွေ အထပ်ထပ် တင်မိနေပါတယ်။ သူကိုယ်တိုင်လည်း -ပြောပါတယ်။ ကျွန်တော့်ရဲ့ မိဘနှစ်ဦးစလုံးက အနာကြီးရောဂါသည်တွေ ဖြစ်ခဲ့တာမို့ကိုယ်ချင်းစာပြီး ကူညီခဲ့တာပါတဲ့။ကိုယ်ချင်းစာစိတ် တစ်ခုတည်းနဲ့ လူတစ်ရာကျော်ကို အေးချမ်းစေတဲ့ သာဓကလေးတစ်ခုပါ။
ဂေဟာအပေါ် မေတ္တာရှင်ဆရာတော်ရဲ့ကျေးဇူးကလည်း ပြောမပြနိုင်အောင်ပါဘဲ။ ဆရာတော်ဘုရား အသက်ရာကျော်ရှည်ပြီး ဘာသာ၊သာသနာ၊ ပရဟိတအကျိုးကို စွမ်းစွမ်းတမံထမ်းဆောင်နိုင်ပါစေ…။

မရမ်းချောင်းဂေဟာအတွက် လှူဖို့အစီအစဉ်ဖြစ်လာပုံနဲ့ အလှူခံရရှိခဲ့တဲ့ အလှူငွေအကြောင်း ရှင်းပြပေးပြီး ဂေဟာဥက္ကဌကြီးကို လိုအပ်ချက်တွေ -မေမြန်းနေတဲ့ ကိုကျော်စွာစိုးမြတ်
  
မြန်မာမုဒိတာ လူငယ်တွေကို ဆုတွေတစ်သီကြီးပေးနေတဲ့ဂေဟာမှ အသက်အကြီးဆုံး အဖွား
 တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြတဲ့ပရိတ်သတ်
လိုအပ်တာတွေ မေးမြန်း၊ပြောကြားကြပြီးတဲ့နောက် ဂေဟာရှိ မိသားစုများ ထမင်းစားဖို့ အချိန်ကျလာတာမို့ ထမင်းစားခါနီး အလှူရှင်တွေ ကို မေတ္တာပို့ ဆုတောင်းပေးနေကြပုံပါ။ကြည်နူးစရာ ကောင်းလိုက်ပါဘိ…။ စားကောင်းလွန်းလို့ လိုက်ပွဲထပ်တောင်းတာကို ကိုယ့်ဘက်ကပိုနေလို့ အသားတုံးပါထည့်ပေးလိုက်မိတာကိုမယူဘဲ ပြန်ထည့်ပေးသွားပါတယ်။ မစားရသေးတဲ့နောက်တစ်ယောက် ဒါမှမဟုတ် မလောက်မငဖြစ်မှာ စိုးလို့နဲ့ တူပါရဲ့..။အလှူရှင်တွေအပေါ် နားလည်၊ ခံစား၊ သိတတ်တဲ့ စိတ်ကလေးတွေမြင်ရတော့ မျက်ရည်လည်တဲ့အထိ စိတ်မကောင်းဖြစ်ရပြန်ပါ တယ်။စေတနာမခမ်းစေတဲ့ စိတ်ဓာတ်ပိုင်ရှင် အလှူခံသူတွေပါ…။လူကြီးဝိုင်းပြီးတော့ ကလေးဝိုင်းနဲ့ ဂေဟာအနီးနားရွာက ကလေးတွေပါ။
ကလေးတွေကို ကိုယ်တိုင်၊ကိုယ်ကျ စေနာပါပါနဲ့ထည့်ကျွေးရင်း အပြုံးပန်းတွေဝေနေတဲ့ ဥက္ကဌကြီး ဦးလှဌေး
(စကားစပ်မိလို့)”တာဝန်ကျ ဆရာဝန်လေးကော ဦး”.. ဆိုတော့ “ပြောင်းသွားပြီခင်ဗျ”တဲ့..။လောလော ဆယ်တော့ဂေဟာမှာ ဆရာဝန်တစ်ယောက်မှ မတွေ့ခဲ့ပါဘူး။ စကားစပြတ်သွားတော့ ထပ်မေးဖို့မေ့သွားခဲ့ပါတယ်။
ဥက္ကဌကြီးကပြောပါတယ်။ ဒီကလေးတွေ ဟင်းစားနည်းလှချေလားတဲ့။ တကယ်ပါဘဲ။ကလေးတွေကို ဒံပေါက်အနှစ်ကိုဂေဟာကထမင်းနဲ့နယ်ပြီး ဒံပေါက်က ပါလာတဲ့ ကြက်သား ထည့်ကျွေးပေမယ့် ကလေးတွေက ချဉ်ပေါင်ဟင်း၊ဘာလချောင်ကြော်နဲ့ ထမင်းချည်းဘဲစားကြပါတယ်။ဥက္ကဌကြီးက ဒီကလေးတွေ အသားစားတဲ့အကျင့် မရှိကြဘူးနဲ့တူရဲ့ဆိုပြီး ရယ်ရယ်မောမောနဲ့အမှတ်တမဲ့ပြောလိုက်ပေမယ့် တကယ်မြင်နေရတာမို့ စိတ်ထဲ မကောင်းဖြစ်မိပါတယ်။ကလေးတွေအခြေအနေက အရမ်းစားတတ်သွားရင်လည်း ရင်လေးစရာပါ။ တစ်နေ့နေ့တော့…ကောင်းကောင်းမွန်မွန် အခြေနေကို ရောက်နိုင်ကောင်းပါရဲ့လေ....။ငယ်ငယ် ရွယ်ရွယ်၊ နုနုနယ်နယ်လေးတွေနဲ့ -နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်လေးတွေပါ။
အလှူပေးတဲ့ဒံပေါက်ထမင်းကို ထမင်းစားခန်းထဲအထိ လာမစားနိုင်တဲ့အဘိုး၊အဘွားတွေကို အနားယူတဲ့နေရာအထိ သွားကျွေးကြပါတယ်။ အားရပါးရ စားပေးနေလိုက်ကြပုံတွေ အလှူ့ရှင်တွေမြင်ရင် ဘယ်လောက် များဝမ်းသာကြမလဲနော်....။

ရောဂါ၊ဝေဒနာတွေသာမခံစားရရင် အေးအေးချမ်းချမ်းနဲ့ အချိန်တန်အိပ်၊ အချိန်တန်စား၊ ကျန်နေတဲ့အချိန်လေးကို တရားဘာဝနာ အားထုတ်ရင်း(ကုတင်တစ်ခုနဲ့တစ်ခု နီးကပ်နေတာမို့ တစ်ယောက်နဲ့တစ်ယောက် စကားတွေဖောင်ဖွဲ့ပြောကြရင်း ဘ၀အမောတွေ -ဖြေဖျောက်နိုင် ပါသေးတယ်)နေလို့ရတဲ့ ရိပ်သာလေး တစ်ခုဆို ဘယ်လောက်များ ကောင်းလိုက်လေမလဲလို့ တွေးမိပါတယ်။ ၀ဋ်ကြွေးရှိခဲ့ရင်လည်း ဒီဘ၀၊ဒီမျှနဲ့ဘဲ ဖြစ်ကြပါစေ...။လှိုက်လှိုက်လှဲလှဲဆုတောင်းပေးချင်ပါရဲ့..။(ဓာတ်ပုံရိုက်ရင်း ကုတင်တိုင်းမှာ အပူခံ၊အအေးခံ၊သင်ဖြူးဖြာလေးတွေ မတွေ့မိတာကို သတိထား မိပါသေး တယ်။တကယ်လိုအပ်သည်၊ မလိုအပ်သည်ကို..ခုမှမြင်မိတာမို့ ဥက္ကဌကို မမေးခဲ့မိပါဘူး။)

မြန်မာမုဒိတာ၏ ဒုတိယခြေလှမ်းဖြစ်သော်ငြား သမီးစံအတွက် ပထမဦးဆုံးနဲ့ကိုယ်တိုင်ခံစား၊ပါဝင်ခွင့်ရတဲ့ အလှူလေးဖြစ်တာမို့ အလှူဖြစ်မြောက် -အောင် ပါရမီဖြည့်ပေးတဲ့ အလှူရှင်အားလုံးကိုရော မြန်မာမုဒိတာလူငယ်အဖွဲ့ကိုပါ အတိုင်းမသိကျေးဇူးတွေ တင်နေမိပါတယ်။“ကိုယ့်အတွက် ဘာကျန်မှာလဲ”ဆိုတဲ့ အတ္တကြီးသူတစ်ယောက်ရဲ့အတွေးကိုတောင် အံ့သြသွားစေလောက်တဲ့ ၀မ်းသာခြင်း၊ ကြည်နူးခြင်း၊ ချမ်းမြေ့ခြင်းတွေ ကျန်ရစ်ခဲ့စေတဲ့ အလှူလေးတစ်ခုပါ။အလှူပေးတဲ့သူနဲ့ လက်ခံရရှိသူကြားထားသင့်တဲ့ စိတ်ကလေးတွေကိုလည်း လုံးလုံးမသိရာကနေ ခပ်ရေးရေး သိခွင့်ရခဲ့ပါတယ်။ မရမ်းချောင်းအလှူဟာလဲ မြန်မာမုဒိတာရဲ့” မျှဝေခြင်းဟာ ရှင်သန်ခြင်းဖြစ်တယ်”ဆိုတဲ့ ဆောင်ပုဒ်လေးကိုလည်း ပိုပြီး အသက်ဝင်သွားစေခဲ့ပါတယ်။

အလှူခရီးစဉ်အပြန် မင်္ဂလာဒုံအ၀င် Lucky-7 လက်ဖက်ရည်ဆိုင်မှာ အဖွဲ့သားတွေကို အဟာရဒါန ကျွေးမွေးလှူဒါန်းပါတယ်။
ဘယ်ဆိုင်မှာမှ မတွေ့ဖူးသေးတဲ့ လက်ကီး7ကပေးတဲ့ ဆရာတော်များရဲ့ အဆုံးအမစကားလက်ဆောင်များ
ခရီးတစ်ထောက်နားရင်း၊စားသုံးသူတွေစိတ်ထဲ ကျေးဇူးတင်၊မှတ်သားထားသင့်တဲ့ အဆုံးအမတွေပါ။ လက်ဖက်ရည်ဆိုင်တို့၊စားသောက်ဆိုင်တို့ ဆိုတာလည်း လူအမျိုးမျိုးကျက်စားတတ်ကြတယ်ဆိုတော့ မှတ်သားစရာ..ဒီလိုစကားလက်ဆောင်လေးတွေ ရေးပေးထားတာ တန်ဖိုးရှိပါတယ်။ -ရွှေပုဇွန်မှာလည်း ဒီလိုစာသားလေးတွေ တွေ့ဖူးပါတယ်။(နှစ်နေရာပဲရောက်ဖူးတော့ နှစ်နေရာဘဲသိပါတယ်း)

မရမ်းချောင်းဂေဟာအလှူအတွက်ကျေးဇူးတင်ရှိခြင်း

မရမ်းချောင်းအလှူအတွက်စပြီးအလှူခံချိန်ကစလို့ အလှူအပြီးနောက်ဆုံး အိမ်ပြန်ရောက်တဲ့အချိန်အထိ လိုအပ်ချက်မရှိအောင် စိတ်ကော၊လူပါနှစ်ပြီး မငြီးမငြူကူညီပေးခဲ့တဲ့ အန်တီဒေါ်အိအိစိုး
(၀ဲမှယာ)အလှူခရီးစဉ်တစ်လျှောက် အိပ်ငိုက်ဖို့မေ့နေလောက်အောင် အားလုံးကိုပွဲကျစေသူ အန်ကယ် ဦးသန်းနိုင်၊ အန်ကယ်ရေ ရိုက်ပေးပါအုံး၊ သမီးတို့ကိုတစ်ပုံလောက်၊သားတို့ကို တစ်ပုံလောက်နဲ့ ကင်မရာ လေးငါးလုံးလက်မှာချိတ်ပြီး ပျော်ပျော်ပါးပါးနဲ့ ပုံထွက်ကောင်းအောင် လက်စွမ်းပြပေးခဲ့တဲ့ အန်ကယ်ဦးတင်ဝင်းနိုင်၊ ခရီးစဉ်အစအဆုံး စားစရာ ဒံပေါက်၊အအေးတင်ကာ ကိုယ်တိုင်ကားမောင်းပြီး ကုသိုလ်ယူခဲ့တဲ့ အန်ကယ်မိုး ဇော်သန်း

ဆက်လက်ပြီး..
မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ အလှူရှင်များ၊တာဝန်ခံကြီးများ
အားကြိုးမာန်တက် ကူညီကြသူ မြန်မာပြည်မှ အစ်ကိုတော်၊ မောင်တော်၊ အစ်မတော်၊ညီမတော်များအားလုံးကို နောင်လည်း အရေးကြုံလာရင် တက်တက်ကြွကြွနဲ့ ပါဝင်ကူညီနိုင်ကြပါရန် မျှော်လင့်မိရင်း...။

မောင်နှမအားလုံး မြန်မာပြည်ရဲ့ နှစ်သစ်အခါသမယမှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ တန်ဖိုးရှိတဲ့နေ့ပါင်းများစွာကို ပိုင်ဆိုင်ကြပါစေ…။

ချစ်ခင်လေးစားလျှက်
သမီးစံ

6 comments:

မောင်သီဟ said...

ဝမ်းသာအားရစွာနဲ့ သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိတယ် ဒယ်အိုးရေ
ရှေ့ဆက်ပြီး အလှူဒါနတွေ ပြုနိုင်ပါစေဗျား


မောင်ဘကြိုင်

Crystal said...

အဖွဲ့ရဲ့ ဆောင်ရွက်မှုတွေကို လေးစား ဝမ်းမြောက်စွာ သာဓုခေါ်နေပါတယ် :)

မိုးသက် said...

Wow .. သိပ်ကို ကြည်နူးဖို့ကောင်းတာပဲ..။
နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်ဆိုတဲ့စာသားလေးကိုမြင်တော့ ပြုံးမိတယ်.။နောင်လည်း ဒီထက်မက လှူနိုင်ကြပါစေဗျာ.........။ အခွင့်သင့်ခဲ့ရင်.. ပါဝင်ချင်ပါတယ်.။

Han Kyi said...

လှိုက်လှဲဝမ်းသာ ပီတိဖြာရင်း သာဓုအနုမောဒနာ အခါခါ ခေါ်မိပါတယ်...နောက်တစ်ကြိမ်ရောက်ရင် ပါဝင်နိုင်ဖို့လည်း ကြိုးစားပါဦးမယ်...

နွေတေးရှင် (မင်းဧရာ) said...

ကြည်နူးလှတယ်ဗျာ...
အတိုင်းမသိအောင်ပါဘဲ ရင်ထဲမှာလည်းနက်နက်နည်းနည်းကို ခံစားရတယ်။
မြန်မာမုဒိတာ တစ်ဖွဲ့သားလုံးထို့ထက်ပို၍အားခဲနိုင်ပါစေဗျာ။

San San Htun said...

ဝမ်းမြောက်ပီတိဖြစ်ရတဲ့ ပို့ စ်လေးပါပဲ...

Related Posts Plugin for WordPress, Blogger...