Sunday, February 19, 2012

မော်ဒယ် မင်းသမီးအဆိုတော် ဒန်ဆာ ဂျာရစ်

ဂျာရစ်ခုတလော မော်ဒယ်မင်းသမီး၊အဆိုတော်ဒန်ဆာ သိပ်လုပ်ချင်နေသည်။ဂျာရစ်လည်း ရှိုးလျှောက် ကြည့်ချင်သည်။သို့နှင့် အောက်စဖိုဒ့် အဘိဓာန်အလေးကြီး ခေါင်းပေါ်တင်ပြီး လမ်းလျှောက်ကျင့်နေသည်။ မရှိသောဖင်ကို လိမ်ကျစ်လိမ်ကျစ် လျှောက်ကြည့်သည်။ခြေထောက်နှစ်ချောင်း ကို လိမ်ဖယ်လိမ်ဖယ်လျှောက်သည်။ဂျာရစ် ရှိရှိသမျှအတိုများ ရှာဝတ်ကြည့်သည်။ ခြေသလုံးအမွှေးများ ပြောင်အောင်ရိတ်ပစ် သည်။လိုအပ်လျှင် မျက်ခုံးမွှေးခေါင်းမွှေး တကိုယ်လုံးဘော်ဒီဝက်ဆင်ပြုလုပ်ရန် တေးထားသည်။ စကားပြောလျှင်နှုတ်ခမ်းကိုထော်ထော်ပြီး “မီးကလေ..မီးကလေ”ဟု ပြောတတ်အောင်ကျင့်သည်။

မော်ဒယ်ကလေးများလှသည်၊ တိုသည်၊ ဖော်သည်၊ ပြသည်၊ ညှစ်သည်၊ ပင့်တင်သည် ။ဂျာရစ်လည်း တိုချင်သည်။ ပင့်ချင်သည်။သို့သော် ဂျာရစ် သည် ပစ္စည်းမဲ့လူတန်းစားဖြစ်သည်။ဂျာရစ်ဖော်သော် မည်သူမျှ ကြည့်မည်မဟုတ်ချေ။သို့ဖြင့် ဂျာရစ် မော်ဒယ်မင်းသမီး ဖြစ်ချင်လာသည်။မင်းသမီး များ လှသည်။ သူတို့ ဘာဝတ်ဝတ် လိုက်အတုခိုးကြသည်။ဂျာရစ် သိပ်သဘောကျသည်။ဂျာရစ် အဲလိုလိုက်ဝတ်လျှင် ဘယ်သူ အတုခိုးမည် မသိ။အပါးလေးများ ခေတ်စားလာသည်။အသားရောင် အပါးလေးများပေါ်တွင်ရှိသော ပစ္စည်းများထင်းနေစေရန် ဗလာဇီယာများ ဘောင်းဘီတို များကို ဘော်ကြယ်များထိုးဝတ်ကြသည်။

ဂျာရစ်မင်းသမီးဖြစ်လျှင် အသားရောင်စ မခံဟုဆုံးဖြတ်ထားသည်။ပြမည့်ပြ အကုန်ပြမည်။ အပြတ်အသတ် ပြပစ်မည်ဟုကြုံးဝါးထား၏။ခုနှစ်လွှာ မင်းသမီးသည်လည်း ခေတ်စားလေရာ ဂျာရစ်သည် ဂွမ်းကပ်များ စောင်များပတ်လျှက် နောက်ဆုံးဘောင်းဘီတိုဘဲ ကျန်သည်အထိ အိမ်တွင် လေ့ကျင့်လေသည်။ မိုးယုစံလေးပင်လျှင် ဂျာနယ်တစ်ခုတွင် ရိုးတာလေးဘဲကောင်းပါတယ်ဟု ပြောထားရာမှ ယခုချက်ခြင်း ဆန်းလိုက်လေရာ ခြင်ထောင်ဇာနှင့်ဘောင်းဘီတိုဟု ဖွဘွတ်တွင် အင်မတန်မှ နာမည်ကြီးနေလေပြီ။ ဂျာရစ်လည်း အစကတော့ ရိုးသည်။ခုတော့ရှေ့မှ အောင်မြင်သူ များကို အတုခိုးရပေမည်။

နိုင်ငံခြားတွင် အလုပ်လုပ်ရသည်မှာပင်ပန်း၏။ရုံးဝန်ထမ်းပေမင့် ဖိအားများ စိတ်ပင်ပန်းသောကြောင့် အရွယ်ကျမြန်လေရာ ဂျာရစ်ထိုဘ၀ကို စိတ်ကုန် စပြုလာပြီ။ လင်မယားနှစ်ယောက်လည်း ခွဲနေရသည် ။  ဒီဘ၀ကိုစွန်လွှတ်ပြီး စီးပွားရေးလုပ်ဖို့ စဉ်းစားသော်လည်း ငွေပေါင်းသိန်းထောင်ချီ မချမ်း သာသော ဂျာရစ်သည် ခရိုနီကယ်သတ္တု မဟုတ်သောကြောင့်လည်း လူရာမ၀င်ချေ။

“တရေးနိုးသော် အကြံပေါ်၊ပေါ်သော အကြံပြန်အိပ်ရန်”ဆိုသကဲ့သို့ ဂျာရစ်သည် တနေ့သ၌ ကိုရန်အောင်၏ နတ်သမီးများကို ကြည့်မိလေသည်။ ထိုသို့ ကြည့်မိရာမှ ဂျာရစ်၏မင်းသမီးပိုးသည် ထိန်းမရအောင် ထကြွလာတော့သည်။တို့သတိရနေမှာပါဆိုတဲ့ တက္ကသိုလ်သီချင်းလေးနှင့် မဆီမဆိုင် ပါဖောင်မန့်ဖြင့် ကနေကြသော  နောက်မှအကစုံတွဲလေးကို အင်မတန်မှ ဂျာရစ်သဘောကျ၏။ကိုရန်အောင်နှင့် ဒါဒါလေးက အေးအေးဆေးဆေး တက္ကသိုလ်ကိုလွမ်းနေကြပေမယ့် ကောင်မလေးသည် ဂါဝန်ကလေးကိုလွှားခနဲ လွှားခနဲဖြင့် ဘောက်ဇာဘောင်းဘီ အကြပ်ကလေးပေါ်အောင် ငှက်သွင် ပျံကြွမတက်သော်ဖြင့် ကနေလေသော် ဂျာရစ်အင်မတန်မှ သဘောကျ၏။ကောင်လေးသည် ဘောင်းဘီရှည်နှင့် က၏။ ကောင်မလေးသည် လိပ်ပြာလေးတစ်ကောင်အလား က၏။ ဂျာရစ်သည်လည်း နောက်မှလိုက်က၏။ ဂျာရစ်သည် ဂါဝန်ကြီးဝတ်ကာ အားကစားဘောင်းဘီတိုကို လွှားခနဲပေါ်အောင် ကကြည့်၏။ မမေသန်းနုနှင့် ကိုရန်အောင် အနမ်းပန်းလေးတွေဝေကြမယ်ကို ဆိုနေတုန်း နောက်က လိပ်ပြာလေးတွေလို အတွဲလေးများ ကကြသည်ကို ဂျာရစ် တော်တော်သဘောကျနေသည်။

သီချင်းက အေးသော်လည်း ရအောင်ဒန့်စ်သွားနိုင်သည်။အကနည်းပြ တော်လေစွ။ ဘောင်းဘီလေးများ ဖော်ရန် အနက်ရောင်အတိုများ ကြိုဝတ်ထားပုံရ၏။။ဂျာရစ်တွင် ၁၀ဖိုး၃ထည် အားကစားဘောင်းဘီများ ရောင်စုံရှိ၏။ဝတ်ပြီး ဂျာရစ် အပြင်းအထန် လိုက်ကကြည့်၏။ လုံလုံခြူံခြုံ ၀တ်သော မင်းသမီးကြီးများ အငယ်လေးများကို ဂျာရစ်သဘောမကျချေ။ ဖက်ရှင်ဆန်ဆန်လေးများဖြင့် ချစ်စရာဝတ်ကြသော မင်းသမီးလေးများကို ဂျာရစ်သဘောမကျ။ဖော်မှ နာမည်ကြီးမည့်ခေတ်တွင် ရဲရဲဖော်ရဲလာသော သူ့ခေတ်နှင့် သူ့အခါ ၀တ်တတ်သော ဒိတ်အောက်မင်းသမီးတချို့ ၏ စတိုင်ကို ဂျာရစ်သဘောကျသည်။ အချစ်နဲ့ကျနော့်ရဲ့ဇာတ်လမ်း သီချင်းမှာ ဆိုသောမင်းသမီးကိုသဘောကျ၏။ အစက ရိုးသော်လည်း သူလည်း ခေတ်ရေစီးကြောင်းကို မှီအောင်လိုက်ကာ ဘလာဇီယာ စတိုင်ဘောင်းဘီတိုကို အောက်က အသားရောင်နှင့် ၀တ်သည်ကို ဂျာရစ်သဘောကျ၏။ သို့နှင့်ဂျာရစ်သည် အသားရောင်စ မရှိသဖြင့် ရုံးမှ အလကားမတ်တင်းရလာသော အသားရောင်တိပ်များ တကိုယ်လုံးပတ်ကာ ဘလာဇီယာနှင့် အားကစားဘောင်းဘီတိုကို အကျအန၀တ်ခါ လိုက်ဒန့်သည်။ခေါင်းတွင် ပန်းပန်ရန် ပန်းရှာရာမတွေ့သဖြင့် အိမ်အောက်မှ ခေါင်ရမ်းပန်းကိုခူးကာ ပန်ရလေသည်။တိပ်များပြန်ဖြုတ်သော် အမွှေးများကျွတ်သဖြင့် အောင်မလေး အော်ရလေသည်။ခုလို အပြိုင်ဖော်ကြသော လွတ်လပ်သောခေတ်ကြီး တွင် မဖော်ပါက ခေတ်နောက်ကျမည်ဖြစ်လေရာ ဂျာရစ်မော်ဒယ်မင်းသမီး အဆိုတော်ဖြစ်ပါက  နောက်ကျကျန်ခဲလို့ မဖြစ်ချေ။

အိန္ဒြာကျော်ဇင်လေးတို့လိုလည်း လုံလုံခြုံခြုံစမတ်ကျကျဝတ်ခါ ကျက်သရေရှိခြင်းကို ဂျာရစ် အတုမခိုးပါ။ ဂျာရစ် ဖော်ချင်ပါသည်။ချက်ကိုဖော်ရန် အတွက် တရုတ်မသာစက္ကူရောင်းသောနေရာမှ ၀ယ်လာသော ရွှေမှုန်စက္ကူကို ချက်တွင်ကပ်ပြီး ကော်လက်စွပ်မှ ကော်စိန်ကို ချက်တွင် စူပါဂလူးနှင့် ကပ်၏။  ကြပ်ထုပ်နေသော အ၀တ်များဝတ်ခြင်း ခေတ်စားနေလေရာ လွန်ခဲ့သော ၂နှစ်ကျော် ပိန်စဉ်ဘ၀က ဘောင်းဘီအကျပ်ကို ၀တ်လေရာ ကုတင်တိုင်ကို ခြေကန်ပြီး ပြန်ချွတ်ရလေသည်။

ဖွေးဖွေးလေးသည် ချစ်စရာကောင်းသော်လည်းလုံသည်။သို့ကြောင့် ဂျာရစ် လိုက်မ၀တ်ချေ။“အရူးမူးဘဲ ခေးရေး ရေ” ဟုဆိုရန် ဘယ်သူ့ကိုတွဲရင် ကောင်းမလဲဟုတော့ ကြိုစဉ်းစားမိလိုက်သေး၏။သက်မွန်မြင့်လေးသည်လည်း ချစ်စရာကောင်းသည်။မစိုးမိုးကြည်သည်လည်း လှကြသော် လည်း သူတို့ဝတ်ကို မကြိုက်။လုံပြီး ကျက်သရေရှိနေသည်။

လိပ်ပြာလေးလို ထွက်လာသော မမို့ကို ကြိုက်သည်။အောက်က အတွန့်လေးများကို လိပ်ပြာ၏ ဖင်ကလေး ကဲ့သို့ လှုပ်တုတ်လှုပ်တုတ် လုပ်ပြပုံကို သဘောကျ၏။လိပ်ပြာသည် အကျီမ၀တ်သကဲ့သို့ ရင်ဘတ်ကလေးအစ်ပြီး ဖော်ထားသည်ကိုလဲသဘောကျ၏။အသက်ကြီးပေမဲ့ မပျက်စီးသေးေ ကြာင်းပြနိုင် သည်။ဒါ့ကြောင့် ဂျာရစ်အတုခိုးရမည်။ထမီပြောင်းဝတ်ပြီး ခါးတွင်ကြိုးစည်းကာ ပြောင်းပြန်ချလိုက်သောအခါ ချီးပိုးထိုးကောင်ပုံစံ ပေါက်သွားလေသော် အင်မတန်သဘောကျစွာ ဖင်လှုပ်လှုပ်ကလေသည်။ထိုမင်းသမီးလို အစ်ရန်အတွက်တော့ ရင်ဘတ်ကို သံကွင်းဖြင့် ညှစ်ထား ရလေသည်။

နောက်သီချင်းတပုဒ်တွင်တော့ အမြဲပဲ မက်လောက်စရာမရှိသော မင်းသမီးလေးဝိုင်းစုကဲ့သို့ တိုသထက်တိုရန် မှီအောင်လိုက်ရလေသည်။ဂါဝန် အကျပ်တခုကို ကပ်ကြေးနှင့်ညှပ်ဖြတ်ခါ တိုပြီး ခါးကိုဝိုင်းကာ ၀ိုင်းကာ ရီမုတ်ကွန်ထရိုးကို မိုက်အဖြစ်ကိုင်လျှက် ဂျေလိုစတိုင်ဖြင့် မက်လောက်စရာ တကွက်မှမရှိဟု ကိုရင့်ပုံကို လက်ညိုးထိုး ထိုးပြီးအော်လေသည်။

အကြမ်းအရမ်းလဲရသော မင်းသမီးလေးလိုလဲ ကန်းထရီးစတိုင်ဝတ်ခါ ကချင်သေးရာ ဦးထုပ်မရှိဖြင့် မီးဖိုချောင်ထဲမှ ဒန်ဇလုံကြီးကို ဆောင်းကာ ဆောင်းကာ တရုတ်နံနံနှစ်ပင်ကို ခေါင်းတွင်စည်းလျှက် တစ်နှစ်သုံးလေးဖြင့် ထမင်းရည်ပူစီးတိုင်း အကွက်ချကရလေသည်။ကုလားသီချင်းဖြင့် ကလေသော် တွဲလောင်းချရန် ပုတီးစေ့များမရှိသဖြင့် မနေ့က၀ယ်ထားသော ပဲတောင့်ရှည်သီးများကို စတပ်ပလာဖြင့် ညှပ်ကပ်လေရာ ဖင်လှုပ်လိုက်တိုင်း ၀ဲခနဲ ၀ဲခနဲဖြင့် ဂျာရစ်သဘောကျစွာကလေ၏။“မင်းမချစ်ရင်များ သေ သွားမလားဟေ့..မင်းမုန်းရင်များ သေသွားမလား..ဂစ်”လို့ တချက်အော်တိုင်း အောက်မှ ပဲတောင့်ရှည်သီး များ ကရမ်းခနဲရမ်းခနဲ။ကိုရင်မြင်လျှင်တော့ တ်ာတော်သဘောကျမည်ဟုတောင် တွေးလိုက်မိသေး။

အသက်အရွယ်လိုက်ပြီး တင့်တယ်နေသော မစိုးမြတ်သူဇာဝတ်သလိုတော့မ၀တ်ချင်။ သိပ်ရိုးလွန်းနေသည် မလား။စတော်ဘယ်ရီသီးချည်း စွတ်တိုက်နေသော ထက်ထက်လိုလဲ လုံလုံကြီးမကြိုက်။ခုနှစ်လွှာမင်းသမီးဟု နာမည်ကြီးနေသော အစိမ်းရောင်မော်ဒယ်စတိုင်ကို ကြိုက်၏။ဒန်ဆာလေးများကိုသဘောကျ၏။သီချင်းနှင့်ဆိုင်ဆိုင်မဆိုင်ဆိုင်င်ငံခြားစတိုင် ကနိုင်၏။ ဘာလာလာဖြစ်၏။ထို့ကြောင့်ဂျာရစ်သည် အပြင်းအထန် လေ့ကျင့်သည်။ကိုရင်ဖုန်းဆက်လျှင်လည်း မအားအလုပ်များနေသည်။မော်ဒယ်မင်းသမီး လုပ်ရန်လေ့ကျင့် နေသည်ဟုသာ တိုတိုတုတ်တုတ်ပြန်ဖြေပြီး ဖုန်းချလိုက်သည် ။ဂတ်ဘဲသံ ဂျာရစ်အသံပေါက်သွားလျှင် တမုတ်ချင်း သန်းကြွယ်ဘောစိမလေး ဖြစ်သွားနိုင်သည်။ 


ကိုရင့်ကိုလိုအပ်လာလျှင် “ဒါသာမီးရဲ့ အကိုပါ”ဟု ပြောလို့ရသည်။မော်ဒယ်ပွဲများ လျှောက်ပြီးပေါက်သွားပါက မင်းသမီးဖြစ်လာနိုင်သည်။ မင်းသမီး ဖြစ်လာပါက “သာမီးက ၀ါသနာပါလို့” ဆိုတာပါဟု အဆိုတော်လုပ်လို့ရသည်။သီချင်းမဆိုတတ်တောင် မရပ်မနားဒရပ်စပ် စကားပြောချင်းကို တီးလုံး သွင်းခါ သာမီးကိုယ်တိုင်ရေးဟုဆိုကာ တေးရေးလိုင်းဖက်ကူးလို့ရသည်။အင်တာနက်ခေတ်ကြီးဖြစ်လေရာ အင်တာနက်မှာ သင့်ပြွန်ကြီးမှ နိုင်ငံတကာကသီချင်းများကို ကော်ပီလုပ်ခါ မရပ်မနားပြောချင်းဖြင့် အုန်သီးလုပ်လို့ရနိုင်သည်။

ဂျာရစ်အကြံမပိုင်သလော..မာစတာဘွဲ့၊မဟာသုတေသနဘွဲ့အထိ နှစ်ပေါင်းများစွာသင်ခဲ့ရသော ပညာတို့ပင်လျှင် အဲလောက်ပိုက်ဆံမ၀င်ချေ။ လူလဲမသိချေ။ဂျာရစ်ကျောင်းတွေတက်ခဲ့ရခြင်းကို တော်တော် နောင်တရ သွားသည်.။အမေသည်ဘာကြောင့် မ်ာဒယ် မင်းသမီး ဒန်ဆာ မလုပ်ခိုင်းခဲ့ ဘဲကျောင်းတွေချည်း စွတ်တက်ခိုင်းခဲ့သလဲဟု ဘ၀င်မကျတွေးမိ၏။မင်သမီးမော်ဒယ်တို့သည် ကြိုက်တဲ့နိုင်ငံသွားနိုင်သည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ အရာရှိများမေးတာကို မဖြေနိုင်သော အဆိုတော်မလေးသည် မလေးကုလားများ အီးမကောင်းဟု ခိုင်ခိုင်မာ မာပြောနိုင်သည်။ထိုအရာရှိများ အီးမကောင်းသဖြင့် သူမကို နားလည်အောင် မမေးနိုင်ခြင်းဖြစ်နိုင်သည်ဟု ဂျာရစ်လဲတွေးမိသည်။သူတို့ခေတ် ဖြစ်သည်။ဟို မင်းသမီးပေါက်စလေးကတောင် ဆရာဝန်နှင့်မင်းသမီး ယှဉ်ပြောနိုင်သည်မဟုတ်လော။နိုင်ငံခြားတွင် အလုပ် လုပ်သော်လည်း ပလာတို မစီးနိုင်ချေ။ဂျာရစ်သည် ပလာတိုစီးချင်သည်။မတူးကို ခွစီးချင်သည်။အရင်က နိုင်ငံခြားလာသော် စကပ်ဘောင်းဘီဝတ်ကာ ဟော့ရမည်ဟုထင်၏။ရောက်သော် တခြားစီ။ဒီရောက်မြန်မာများက လုံကြသည်။

သူ့နိုင်င်ငံနှင့်သူ ၀တ်ကြသော်လည်း ဟော့လွန်းမနေချေ။သူတို့နိုင်ငံ၏ ရုံးတက်စတိုင်သည် ပိုပြီး လုံနေသည်။ခုတော့ ဂျာရစ်တို့နိုင်ငံ တိုးတက်နေပြီ။ ခေတ်မှီနေပီ။ အရမ်းအရမ်းကို လွတ်လပ်နေပီ။ဟော့ချင်သလိုဟော့လို့ ရနေပီ။ဖော်ချင်သလိုဖော်လို့ရနေပြီ။ဆဲချင်သလိုဆဲလို့ရနေသည်။ဂျာရစ်ဒီမှာ မနေလိုတော့။ဒီမှာပင်သိပ်မဖော်ကြရာဂျာရစ်မပျော်ပါ။မော်ဒယ်မင်းသမီး အဆိုတော်ဖြစ်လျှင် ဂျာရစ်ဖော်ချင်ပါသည်။ပြချင်ပါသည်။ဂျာရစ်သည် ခုတော့ နံပါတ်ရှိသည်။အမေသည်ဆိုင်သော်ညားလဲပြောလို့ မပိုင်တော့ချေ။ ကိုရင့်ကို ပိုင်လျှင်အိုကေပြီဟု လက်ဖျောက်တီးခါစဉ်းစားမိသည်။

 ဤသို့နှင့် အကြံပိုင်သောဂျာရစ်သည် အောင်မြင်စွာလေ့ကျင့်ပြီးသောအခါ ထန်းခေါက်ဖာပိုက်ကာ ကိုရင့်ဆီသို့ ပြန်ပြီးခွင့်ပန်လေသည်။ကိုရင်သည် ဂျာရစ်လာသော် ၀မ်းသာအားရဖြင့် ဆီးကြိုလေသည်။ ခရီးရောက်မဆိုက် ထန်းခေါက်ဖာဘေးသို့ ချလျှက် “မောင်ရေ ကျမတော့ တို့နှစ်ယောက် ကြီးပွားမယ့် လမ်းစဉ်ကိုတွေ့ထားပြီ..သိလား” ဟုပြောလေသော် ကိုရင်သည်အားတက်သရောဖြင့် မေးလေသည်။ “ဟာ... ပြောစမ်းပါဦး ဘာတွေ အစီအစဉ်ရှိတုန်း..။ဘာစီးပွားရေးလုပ်မတုန်း”ဟု မေးလေသော် ဂျာရစ်သည် တက်ကြွစွာဖြင် ကွက်စိဒေါ့က်စိစွာ ဤကဲ့သို့ရှင်းပြလေသည်။

“မောင်ရယ်..ကျမတို့ ဒီလိုနိုင်ငံခြားမှာ လာပြီးကျောင်းတက်ဘွဲ့ရ အလုပ်လုပ်တာလဲ နှစ်သာကြာတယ် ၊မချမ်းသာ ကြဘူး..အဲ့တာ မြန်မာပြည်မှာလေ မော်ဒယ် မင်းသမီး အဆိုတော်တွေဆို ပိုက်ဆံတွေ အများကြီးရတယ်မောင်ရယ်၊ကားတွေစီး တိုက်တွေဆောက်ပြီး နေချင်သလိုနေလို့ရတယ်မလား။သူတို့ဖော်ကြပြန်လဲ ဖက်ရှင်ဖြစ်ပြန်ရော။အဲဒီတော့ကျမစဉ်းစားမိတယ်။ကျမလည်း အရွယ်လေးရှိတုန်း မော်ဒယ် မင်းသမီး ဒန်ဆာအဆိုတော် လုပ်မယ်လေ။မောင်က ခုစုထားတဲ့ ပိုက်ဆံတွေနဲ့ ကျမကို စင်တင်ပေးပေါ့။ သူများတွေမေးရင်လည်း မောင်နှမပါ၊ ဆရာတပည့်ပါ၊ သယ်ရင်းပါ လို့ဖြေလေ။တွဲစရာ မင်းသား မရှိသေးရင် တို့ဘလော့ဂါတွေထဲက လူတွေကို ခေါ်ရိုက်မယ်။လူကြမ်းတို့ အဖေခန်းတို့လည်း ခေါ်မယ်။လူဆိုးတို့ ရဲတို့ ဆို ဘယ်သူပေါ့။အဖေခန်း အမေခန်းဆို တို့တွေရဲ့စီနီယာအကိုကြီး အမကြီးတွေ ကိုမေတ္တာဖြင့် ကူညီသည်ဆိုပြီး အကူအညီတောင်းလည်း ရတယ်မလား။အမချစ်တို့ အကိုစိန်တို့ပေါ။့ နောက်ပြီး သမီးခန်းဆိုလဲ ပါမဲ့သူတွေအများကြီး။ ပစ်ပစ်တို့၊သမီးစံတို့၊ကန်ဒီတို့ ရှိတယ်လေ။ရွာသူကြီး အခန်းဆို သူဂျီးကိုကိုမောင် ရှိတယ်လေ။

အဖွဲ့သားတွေအတွက် ကားအတွက်လဲပူစရာမလိုဘူးလေ။တို့အသိဘလော့ဂါ အမကြီးတစ်ယောက်က သူ့နာမည်နဲ့ အိတ်စ်ပရက်ထောင်တယ် ဆိုလားဘဲ။သူ့အကူအညီတောင်းမှာပေါ့။ဓာတ်ပုံဆိုလဲအမချော ရှိတယ်လေ။ဇာတ်ညွန်း အိန်ဂျယ်လှိုင်၊ ယမ်းနှင်ဖောက်ခွဲရေးအဖွဲ့ဆို အလင်းသစ်၊မောင်မောင်၊မေမြို့မိုးတို့ပေါ့။ဟိုကိုးကိုးအိမ်ဆို မော်ဒယ်လျှောက်ရင် ခေါ်လို့ရသားဘဲ။နောက်ပြီး ရှုတင်အဖွဲသားတွေ စားဖို့သောက်ဖို့ ဟင်းစပွန်ဆာ ကို ဟင်းချက်တဲ့ ရိုစ့်၊ မလု၊ မမအိုင်အိုရာတို့ အမတွေဆီက စပွန်ဆာတောင်းလိုက်မယ်လေ။ ဒန်ဆာဆိုလဲ ပူးပူး၊ မအင်ဂျင်း၊ မမိုးငွေ့ ၊မမိုးပန်ချီ၊ စန်းထွန်း၊ မမယ်သံတို့ ရှိသားဘဲ နောက် ကကဖို့ လူလိုရင် ကိုရဲ၊ ကိုလတ်တို့ကို ခေါ်မှာပေါ့။

အိကုနဲ့ ညီရဲတို့အဖွဲဆိုလည်း နေ့စားခေါ်ပေးလို့ ရတယ်မလား။ဧည့်သည်လင်မယားတွေ စုံတွဲတွေခေါ်မယ်ဆိုရင် မျှစ်တို့ကိုလွင်ပြင်တို့ မစံပယ်တို့ အတွဲကိုခေါ်လို့ရတယ်။ ရဲလိုရင်တော့ အိုင်ဆေး ကိုအားထောင်တို့ လင်မယားကိုခေါ်တာပေါ့။ရာဇ၀င်ကားတို့ အင်္ဂလိပ်ခေတ်တို့ရိုက်မယ်ဆိုလဲ အမကြီးရွှေစင်ရှိတယ်လေ။ အမေခန်းဆိုအန်တီတင့်ရှိတာဘဲ။သီလရှင်ခန်းတွေ ဘာတွေလိုရင် မိုးခါးကို အကူအညီတောင်းမယ်။သူကမေတ္တာပို့ ကောင်းကောင်းရတယ်လေ။လင်းခေတ်ဒီနိုဆို ပြန်ပေးဆွဲတဲ့ အခန်းတွေ ဘာတွေသုံးလို့ရတယ်မောင်ရဲ့။မော်ဒယ်လျှောက်ဖို့လူလိုရင်လဲ အမနမ်းမ၀ ရှိတာဘဲ။သူကအ၀တ်ဒီဇိုင်းလဲရသေးတယ်။ဆရာဝန်ခန်းဆိုကိုသက်တန့်ချိုကြီးရှိတယ်လေ။သူကို တခန်းလောက်ပါ ပေးပါဆို ရပါတယ်။သူက သဘောကောင်းပုံရပါတယ်။

ဘုန်းကြီးငါးပါး သရဏဂုံတင်ခန်းတို့ ဘာတို့ဆို ဘုန်းဘုန်းတောက်တို့ ဘုန်းဘုန်းချယ်ရီမြေတို့ ရွှေဝန်း ရတနာတို့ကိုပင့်လိုက်ရင်ရတာဘဲမလား။ကားရေဆေးပါမယ်ဆိုလဲ ကိုမောင်ဘုန်းရှိသားဘဲ။မိတ်ကပ်မြတ်ကြည်ပေါ့။ ဒါရိုက်တာက အကိုကြီးမောင်ဘကြိုင် (ကင်ပွန်းခြူံ )လေ။ ကိုညီလင်းသစ် ကတော့ ခရီးထွက်နေလို့ သူကိုအကြွေးမဆပ်နိုင်လို့ နိုင်ငံခြားထွက်ပြေးတဲ့သူလို့ ထည့်မယ်လေ။ဖြတ်လျှောက် လိုရင် ကလေးတွေဖြစ်တဲ့ နွေလတို့၊ကျူးပစ်တို့ကရပါတယ်။ကူညီမှာပါ။တခါတခါမှပေါ်ပေါ် လာတဲ့ဆောင်းနှင်းရွက်ဆိုလည်း ဧည့်သည်သရုပ်ဆောင် လုပ်ခိုင်းတောင် ရတယ်။ကိုဇော်ကို ကင်မရာမန်း လုပ်ခိုင်းလဲဖြစ်တာဘဲမလား။ ဇာတ်ခုံတာဝန်ခံဆို မောင်မျိုးကကူုညီမှာပါ။

ကျောင်းဆရာခန်းလိုရင် ဆြာကြည်ရှိတယ်။အမခန်းဆို မမသက်ဝေတို့ မမမြသွေးနီတို့ရှိတယ်လေ။ မင်းသမီးအဒေါ်ဆို မမမီးငယ်တို့၊ မမတိုက်ဂါး တို့၊ မမမေဓာဝီတို့ကို ခေါ်မယ်လေ။ကြော်ညာဖို့က မပူရဘူးမောင်ရဲ့..နေဇော်လင်းတို့၊ ကိုမိုးယံတို့ ၊ကိုသောမတ်စ်တို့ကို အကူအညီတောင်းရင် ရဘီလေ။မဟုတ်လား။ဒန်ဆာမောင်တွေလိုလည်း ကိုမိုးယံတို့က သုံးလို့ရတယ်။ကိုမြစ်ကျိုးအင်းနဲ့ ကိုတူးတို့ကို သူရသနီတို့အိပ်ယာတို့ရှိတယ်။မြန်မာစာကျူတာဆိုမမ၀သုန်လဲရှိတယ် ဂီတမိုးဇက်တို့ ကွန်ပြူတာဒီဇိုင်းဆို မောင်တစ်လုံးရှိသားဘဲ။အို..အများကြီးကျန်သေးတယ် မောင်ရဲ့..။ကိုမင်းဧရာ၊ ဒုတိယလူ လေလွင့်လူတို့ပေါ့။


တကယ်တော့မောင်ရယ်...မောင်သိပ်မဆိုက်ရပါဘူး။မောင်..ကျမကိုသာစင်တင်ပေးမယ်ဆိုရင် ကိုယ့်လူနဲ့ ကိုယ်တင် ရုပ်ရှင်၊ လိုက်ရှိုး၊ ဒန်ဆာဂရု လုပ်လို့ရနေဘီ မောင်ရဲ့။ မောင်က စီစဉ်သူပရိုဂျူဆာ ကိုရင်ကြီးပေါ့။။ဟူးး..မောင့်ကို ရှင်းပြရတာမောလိုက်တာနော်..ရေလေး တခွက်လောက် ပေး ပါဦး. ကျမ အကလေ့ကျင့် လာတာတွေ မောင့်ကိုပြမယ်”ဟု ခြင်ထောင်စကြီးကိုင်ကာ တွန့်တွန့် တွန့်တွန့်နှင့်ဗိုက်လှုပ်ကာ ထကလေသော်...

တချိန်လုံးဘာမှဖြတ်မပြောဘဲနားထောင်နေသောကိုရင်သည်ရုတ်တရက်ဝုန်းကနဲကောက်ထကာ“အေး..နင့် ကို ရေလည်း မတိုက်ဘူး။ခြင်ထောင်ဇာ ပတ်ပြီးခူကောင်လို ငါ့ရှေ့ လာကနေတာလဲ ငါ မကြည့်ချင်ဘူး။ရုပ်ရှင်လည်း မရိုက်ဘူး။မော်ဒယ်လည်း မရိုက်ဘူး။နင့်ကို ငါဘဲရိုက်မယ်။ ဒန်ဆာ ဖြစ်အောင်ကို ရိုက်မယ်။လာလေရော့”ဟုဆိုကာ ဘေးတွင်ထောင်ထားသောတံမြက်စည်းနှင့် လိုက်ရိုက်ချသဖြင့် ကျွန်ုပ်ဂျာရစ်မှာ မော်ဒယ်၊ရုပ်ရှင် မင်းသမီး၊ အဆိုတော် ဖြစ်ဖို့နေနေသာသာ လေ့ကျင့်လာသမျှတို့ကို ထုတ်ပြခွင့်တောင် မရရှာတော့ဘဲ ခြင်ထောင်ကြီးမပြီး တွန့်ကာတွန့်ကာဖြင့် လှပသောဒန်ဆာဖြစ်အောင် ဖင်လှုပ်ရင်း ၁၇ထပ်မှ တချိုးထဲဆင်းပြေးရလေတော့သတည်း။

အားလုံးပျော်ရွှင်ကြပါစေ။(ဘလော့ဂါ အကိုအမများ သူငယ်ချင်းများ မောင်ငယ်ညီမငယ်များ နာမည်ကိုပျော်စေလိုသော ဆန္ဒဖြင့်သာ ယူသုံးထားခြင်း ဖြစ်ပါကြောင်းနှင့် သုံးထားခြင်းအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည် ။)

မဒိုးကန်
၁၈.၂.၂၀၁၂
စနေနေ့



46 comments:

Anonymous said...

အောင်မလေးဗျာ..ဇာတ်ကားရိုက်မယ်ဆိုလည်း ကွန်ပျုတာ နဲ့ နောက်ကွယ်ကတော့မနေပါဘူး..လူကြမ်းခန်းထားချင်ထား...မင်သမီးလက်ဆွဲတာတို့ အနိုင်ကျင့်တာတို့ ပါပါစေ...ဒန်..ဒန်း..ဒံ.....ပါပါစေ...ဟဲဟဲ...တိန်

rose said...

It's so funny, Chit Ma!! I laugh a lot :). Ok, ok... I'll cook at your video shooting, promise :))))

မိုးသက် said...

အစ်မရေ.. ရယ်လိုက်ရတာ မျက်စိထဲမြင်ယောင်ပြီးတော့.
ခါးမှာပဲသီးတွေဝဲပြီးတော့. ဟိဟိ..လုပ်လုပ်.. နာမည်ကြီးလာ
ရင်ထိပ်ဆုံးကအားပေးမယ်.။

မီးမီးငယ် said...

မင်းသမီးအဒေါ်ဆိုတော့၊
ဘယ်လိုဝတ်ရမလဲပြောအုံးလေ.။
ဒေါ်ဒေါ်လေးလည်းဖော်မှာနော်..။
ဟင့်...:p

သူကြီးမင်း (တုံးဖလား) said...

ပုံဖော်ကြည့်ရုံနဲ့တင် မျက်စိ နှောက်နေပြီ။း)

သူကြီးမင်းအခန်းက ပါခွင့်ရရင်တော့ ကြက်ဥကြိမ်လုံးလေးနဲ့ တရွှမ်းရွှမ်းမြည်အောင် မယ်တော်ဂျစ်ရာကို သမမိမှာ သေချာတယ်။

Iora said...

အကြံပိုင်သောမဒိုးရယ်..
ဟင်းချက်ရမယ်ဆိုတော့တီတီတို့ လိမ်ကျစ်လိမ်ကျစ်တို့ ဟိုဖေါ်ဒီဖေါ်တို့ လုပ်ခွင့်မသာတော့ဘူးပေါ့။ရက်စက်ပါပေ့။း))
အိုင်အိုရာ

မေဓာဝီ said...

ရယ်လိုက်ရတာ ဒိုးကန်ရေ .. စဖတ်ကတည်းက ပါးစပ်ကို မပိတ်ရဘူး။
ကိုရင့်တံမြက်စည်းနဲ့ တွေ့မှပဲ ပါးစပ်ပိတ်နိုင်တော့တယ် ... ဟားဟား ...
သရုပ်ဆောင်တွေအားလုံး ... လူမှန်နေရာမှန်တွေချည်းပဲ :))

ဒေါ်လေး မေဓာဝီ

Angelhlaing(May everybody be happy and healthy! said...

ဟိဟိ မမဒိုးကန် အတွက် ဇတ်ညွှန်းရေးထားလိုက်တော့မယ်နော်....:):) မမရေ ဟုတ်လဲဟုတ်ပ ဒီလောက် အဖက်ဖက်က ပြည့်စုံနေတဲ့ ဘလော့ဂါတွေ..ရှိနေတာ အကိုက မမအတွက် စဉ်းစားပေးသင့်ပါတယ်....:D:D
ပြောလို့တော့ပြိးပြီ ..အမြန်ပြေးမှ တော်ကြာ ကိုယ်ပါရောရိုက်ခံထိနေမှ...:P:P:P

Iora said...

အကြံပိုင်သောမဒိုးရယ်..
ဟင်းချက်ရမယ်ဆိုတော့တီတီတို့ လိမ်ကျစ်လိမ်ကျစ်တို့ ဟိုဖေါ်ဒီဖေါ်တို့ လုပ်ခွင့်မသာတော့ဘူးပေါ့။ရက်စက်ပါပေ့။း))
အိုင်အိုရာ

ချစ်စံအိမ် said...

မမရေ နာမည်ကြီးရင်မမေ့နဲ့ နော်

Vista said...

ထိုမင်းသမီးလို အစ်ရန်အတွက်တော့ ရင်ဘတ်ကို သံကွင်းဖြင့် ညှစ်ထား ရလေသည်။ ( အူတောင် နာတယ် ရီရတာ ..

Anonymous said...

တကယ်ပဲတိုတိုဝတ်ပြီး မင်းသမီးလုပ်တော့မှားလား...။ မဒိုးကမ်ပြောသလိုပဲ ခေတ်ကိုက တိုတိုခေတ်ပဲ ဖြစ်နေပြီလား...။ ဟိုလူတို.. ဒီလူတို.. ဟိုနားတို...ဒီနားတိုတွေဆိုတော့..။ ဦးဇင်းလဲ မြန်မာပြည်ပြန်ရင် တိုရတော့မယ်ထင်တယ်... နိုင်ငံခြားပြန်ဆိုပြီး ခေတ်မှီအောင်လို့ပါ...(တရား)

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

San San Htun said...

ဒန်ဆာ တာဝန်ကျေရစေမယ် ငှင်း ငှင်း...လိမ်ကျစ် လိမ်ကျစ် ဟိုဖေါ် ဒီဖေါ်ချင်နေတာ..ခုတော့ အေးလွန်းလို့  ကောက်ညှင်းထုပ်လို အထပ်ထပ်ဝတ်၊ မျက်နှာလေးတောင် မနည်းဖေါ်နေရတာ..

နေ၀သန် said...

ရေးလည်းရေးတတ်ပါပေတယ်ဗျာ.... ခြင်ထောင်စကြီးကိုင်လို့ ဆင်းပြေးသွားတဲ့ မဒမ့်ကို မြင်ယောင်ကြည့်တယ်.. :P

ခင်မင်လျက်
နေ၀သန်

AH said...

သြော်........ ကိုရင်ရယ်..ရွက်ပုံးသီးလေးက အနုပညာ ပါရမီပါလို့ ဟာကို ရက်ရက်စက်စက်ကြီး တံမြက်စည်းနဲ့ ရိုက်သတဲ့....။ အားပေးဒယ်... မဒမ်... အားပေးဒယ်.. နာမည်ကြီးလာလို့ကတော့ ခြင်ထောင်စတွေရော၊ စောင်တွေရော၊ ပဲသီးတွေ၊ ဒန့်ဒလွန်သီးတွေ. အို... ဖက်ရှင်ဒီဇိုင်းတွေစုံသွားအောင် စပွန်စာပေးဦးမှာ... ဆာပုလင်းခန်းကျရင်တော့ ခေါ်ရိုက်နော်. ဟီး ဟီး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့သရော်စာအေ
ရယ်လဲရယ်ရ ပျော်လဲပျော်ရ
မျက်စိထဲမှာ ဂျာရစ်ကနေတဲ့ ပုံစံမြင်ယောက်ပြီး
မပြုံးဘဲ ဝါးလုံးကွဲ ရယ်မိတော့တယ်
တံမြက်စည်းရိုးနဲ့ ရိုက်တာနည်းသေးတယ် ထင်တာဘဲး))
ကျုပ်သာဓာတ်ပုံဆရာလုပ်ရမယ်ဆိုရင် ဂျာရစ်မှာ မရှိတဲ့ပစ္စည်းတွေ ရှိတယ်ထင်အောင် လူမမြင်မြင်အောင် ရိုက်ပေးပါ့မယ်.. စိတ်ချ စိတ်ချ..း))

Crystal said...

ဂျာရစ် ခြင်ထောင်ချုပ်ဖို့ ထိုင်းက ချည်ဇာလေးကို သုံးမယ်၊ အတွင်းခံလှလှလေးတွေလည်း ထိုင်းကပဲ ပို့ပေးလိုက်မယ်လေ၊ ဒါမှ လှစ်ကနဲဆို ဝင်းကနဲလှနေမှာ :P
အောင်မငေး မြောက်ပေးမိလို့ ကိုရင် ရိုက်တဲ့ထဲ ပါမှာစိုးလို့ ပြေးပြီ တိန် တိန် တိန်

မိုးခါး said...

သာဓု သာဓု သာဓု .. :P

Thameesan said...

အမတော်..ရိုက်ချင်တယ်ဆိုတစ်ခန်းတော့ကူညီပေးမယ်
“ဆရာမ.သမီးဗိုက်ထဲကအောင့်အောင့်နေတယ်”
ဆိုတာမျိုးပေါ့း)
ကိုရင်က.ဂလိုတော့.မရက်စက်သင့်ပါဘူးလေ။
အသည်းကျော်၊အူကျော်လေးကို
တစ်ခါတစ်လေတော့.လိုက်ရောပေးသင့်တာပေါ့ :P
ဘာမှမပူနဲ့အစ်မ.ဆက်လျှောက်၊ရှေ့သာတိုးး)
အကောင်းလာခါနီးရင်.အဆိုးရှေ့ကခံတာထုံးစံဘဲ :D

နွေတေးရှင် (မင်းဧရာ) said...

ရီမုတ်ကွန်ထရိုးကို မိုက်အဖြစ်ကိုင်လျှက် ဂျေလိုစတိုင်ဖြင့် မက်လောက်စရာ တကွက်မှမရှိဟု ကိုရင့်ပုံကို လက်ညိုးထိုး ထိုးပြီးအော်လေသည်။

ကိုရင်....
ဘယ်လိုလဲဗျ)))၀။


မဒိုးကန်ရေ.....
အဲလိုလေးများများရေးစမ်းပါ။

ဘယ့်နှယ်ဗျာ သူတို့ဟာက
ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ်
ကလက်ကို ကလက်လွန်းပါတယ်။

Han Kyi said...

အားပါး...တို့ ဂျာရစ်တို့ကတော့ လုပ်လိုက်မှဖြင့် အဆန်းတွေချည်းပဲပါလား...ကလေးတွေ သင်္ချာတွက်နေကြတုန်း ဖတ်လိုက်မိတာ တစ်ယောက်တည်းတပြုံးပြုံးလုပ်နေမိလို့ ကလေးတွေက ကွက်ကြည့်ကွက်ကြည့်လုပ်တာပါ ခံရပါလေရော...း)

ဒီပို့စ်လေးကို သဘောကျလိုက်တာ...ရွှေပြည်က ဂျာနယ်ထဲသာ ထည့်လိုက်ရလို့ကတော့ ဂျာရစ်တို့ နံမည်ကြီးဦးမှာ မြင်ယောင်သေး... သူ့စာဖတ်ပြီး ကလေးတွေကို စာရှင်းဖို့ လမ်းလျှောက်တော့ ဂျာရစ်ပုံအတိုင်း ဖင်လှုပ်မိမှာစိုးလို့ အတော်ထိန်းယူရတဲ့အထိ...အတော်နောက်တဲ့ ဒိုးကန်ဂျာရစ်း)

လွင်ပြင်လှိုင်းငယ် said...

နာမည်ကြီးရင် မမေ့ကြေးနော်

အဖြူရောင်နတ်သမီး said...

မော်ဒယ်လ်ဂျာရစ်..
မင်းသမီးဂျာရစ်..
အဆိုတော်ဂျာရစ်..
ခြင်ထောင်ဇာရစ်..
ဂျာရစ်ရှိုးအတွက် ပွဲကြည့်သူပရိတ်သတ်များကို ဆိုက်ပရပ်စ်နိုင်ငံက ကလိုရီစားသောက်ဆိုင်မှာ အဝစား ၁၀၀နှုန်းနဲ့စပွန်ဆာပေးမယ်..။
လေယာဉ်လက်မှတ်တော့ ကိုယ့်ဖာသာခံပေါ့..း)

ဖတ်လို့ကောင်းမှကောင်းပဲ၊ ညက မန့်လို့မရလို့(နက်ကျနေလို့)ခုမှ မန့်ရတယ်။
ဒီလိုပို့စ်လေးတွေ များများရေးပါဗျို့...
အစဉ်အားပေးလျှက်...

Thandar Lwin said...

မဒိုး ရေ မမ ဘအခုက စပြီး အကကျင့်နေဘီနော် .....ကိုရင် ရိုက်ရင် အမဆီ ပြေးလာခဲ့လေ ကြောက်နဲ့ ။ သူများတွေ ကို ပြုံးပျော်အောင် တတ်နိုင်တဲ့ မဒိုး နဲ့ ကိုရင် အမြဲပျော်ရွှင် ကျန်းမာပါစေ ။

Thandar Lwin said...

ဟယ် နာ ရူပါလန်းသွားပီတော့..း)

စံပယ်ချို said...

များက ပရိုဂျုဆာလုပ်မလို့ပါဆိုနေ
ဟယ် ---မရိုက်ဖြစ်တော့ဘူးလားကွယ်
ုမြန်မာကားတွေအတော်ကြည့်ထားပုံရတယ်
များတို့လဲရိုက်မယ် ဂျူမှုံကိုခေါ်ပြီးတော့
ရာဇ၀င်တွင်မည့်ကဗျာတစ်ပုဒ်
အဲတာဇာတ်ကားနာမည်နော်
များကဂျူမှုံနဲ့တွဲမယ်စိတ်ကူထားတယ် ဘယ်လိုလဲရွှေဒိုး
ကောင်းလား---ကောင်းရင်အကြောင်းပြန်
ချစ်တဲ့ sis jasmine

ချောကလက်ကျူးပစ်လေး said...

ဖြတ်လျှောက် လုပ်မလို့ သေချာစီစဉ်ထားတယ်နော်
အန်တီမဒိုးကန်
ရိုက်ရင်ခေါ်လိုက်..ရယ်ဒီပဲ...:P

အလင်းသစ် said...

ဂျာရစ်ယေးးး.. ပလာတို ၊ မတူး စီးချင်သလား.. ကြိုပြောပေါ့.. ကော်ပျော့နဲ့ကြိုက်လား ၊ ကော်မာနဲ့ကြိုက်လား.. လက်ဆောင်ပေးမယ်.. ဒါမှမဟုတ် အနော့်လို ဆိုက်ကားနက်ကြီးစီးမလား... အနှေးယာဉ်ဂိတ်မှာ နေ့ပြတ်ငှားပေးမယ်.. :D

Mrs. Bagel said...

အစ်မ ဒိုးကန် ရေးလည်းရေးတတ်ပါပေ့။ ရန်အောင်နဲ့ နတ်သမီးလေးများဆိုတာ ကြည့်ဖူးတယ်ရှိအောင် ကြည့်ကြည့်လိုက်ဦးမယ်.. မိတ်ကပ်မြတ်ကြည်တဲ့ ဟီဟိ။ ခြင်ထောင်ကြီးမ ကာ မ ကာ နဲ့ :P နှစ်ယောက်စလုံးစာရေးတော်ကြတယ်။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ကိုရင်လိုက်ရိုက်လို့ ကိုးကိုး ၁ရထပ်ကပြေးရတဲ့အခန်းကိုမြင်ကြည့်ရင်းရယ်ရတာ မျက်ရည်တောင်ထွက်တယ်... စဖတ်ကတည်းကတခွိခွိရယ်ရတာ..ခုထိပဲ... တွေးရင်းရယ်ချင်တုန်း... ရေးတတ်ပါပေ့ ကိုးကိုးရယ် ....

ချစ်တဲ့
ဝသုန်

မောင်ဘုန်း said...

ဖြစ်သင့် တယ် ကိုရင် ... လုံးဝ ကို ကြီးပွားမဲ့ လုပ်ငန်း ပဲ
ရှယ်ရာ လေးဆို ဘာလေး ထုတ်ရောင်းမယ် ရင် တိုးတိုးတိတ်တ် လက်တို့  လိုက်အုံးနော် .... ။


အယ် .... ဟိုတလော က ကိုရင်က ကြမ်းတုံး ခု အလုပ်ပေးတယ် ...
အခု အစ်မ ဒိုး နဲ့ ကျမှ ရာထူး နည်းနည်း တက်ပေးလိုက်တယ် ရေးဆေးတဲ့ ...
နောက်တစ်ခါ ... ဒရိုက်ဘာ လောက် လုပ်နော် ... ။ :DDD

ညီရဲသစ် said...

ဟား ဟား... မဒိုးကန်တို့ ကတော့ လုပ်ချလိုက်ပြန်ပြီ... ကျွန်တော်တို့ ကတော့ နေ့ စားဆိုရင် မရဘူး... လစားမှ စဉ်းစားမယ်ဗျ... ရေးလဲ ရေးတတ်ပါပေဗျာ...

ပန်းချီ said...

ဟမ်...များက ဒန်ဆာ ဆိုပါလား..ဒန်လိုက်လေ ကိုယ့်မဒမ်ရယ်း)) ရယ်လိုက်ရတာ ဝက်ဝက်ကိုကွဲးDးDးD

Candy said...

အော်... ဒို့အမက ဖော်လေကြိုက်လေကိုး.... ဟိဟိ
မမရိုက်မယ်ဆို ကန်ဒီတို့က ရွယ်ဒီနော်... (ကိုရင် မကြားအောင်ပြောသည် တမြတ်စည်းစာကြောက်လို့ :P)

kokoseinygn said...

ဂျာရစ်ေ၇...
မောင်ရင့်ခမျာ သူ့မိန်းမစိတ်နဲ့
ရူးသွားရင်မခက်လားကွယ်....
ဒီနေ့မှအသေအချာဖတ်တော့
တကယ်ခက်တဲ့ ဂျာရစ်ဘဲ

မောင်သီဟ said...

ကိုရင့်ဆီမှာ အရင်းနှီးတောင်းဟာ
လုံးဝပေါက်အောင် ရိုက်ကြမယ်
ဂျာရစ်ဆိုပြီး တရစ်တည်းနာမည်ကြီးသွားစေရမယ်း)း)

ဟိဟိ
သရော်စာရေးလို့ရပြီ ဒယ်အိုး
ပို့ကြည့်ပါလား
အားပေးလျှက်

8Yar said...

တိန်! အောင်မရေးဗျ သားတို့ကို ခေါ်ရိုက်မလို့တဲ့ ဂျ။ စက်ရက်ပါပေတယ် အစ်မဒိုးရယ်။ mm မှာတုန်းက အကကောင်းချင်လို့ ကင်းမီးကောက်ထောင်လိုက်တာ လက်ကို ပတ်တီးစီးရပြီးပြီ။ ထပ်တော့လုပ်ပါနဲ့ဂျာ။ ဟီးဟီး။ နောက်တာ လုပ်သာလုပ်။ 8Yar တို့က တားလို့မရရင် မြှောက်ပေးပစ်လိုက်တာပဲ။:P ခစ်ခစ်။ အစ်မဒိုး post က အရမ်းကောင်း၊ အရမ်းရီရတယ်။ :D :D :D

ကိုတူး said...

တို့များကတော့ တဂျီး ပဲ လုပ်ချင်တယ် ဝေ့ ...

blackroze said...

မားမား
ပစ်ပစ်လာဖတ်သွားတယ်..

မိုးဇက် said...

ဟားဟား........ဟားဟား...........
အမဒိုးတို့ကတော့ လုပ်ပီဗျာ.......

ဆောင်းနှင်းရွက် said...

ဟားးဟားးး..
အဲ့ဒီ့ ခြင်ထောင်ကြီးမပြီး ကတာ
ကြည့်ချင်တယ် ..
Video လေးများ ရိုက်ထားတာ မရှိဘူးလား .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုတူး said...

မာမား ဟီးဟီးးး နောက်တခေါက်ပြန်လာဖတ်သွားတယ်

shwewunyatana said...

မဒိုကန်းရေ..ဘုန်းကြီးခန်းအတွက်လိုရင်ပြောနော်..ဖုန်းသာဆက်လိုက်..ကိုချယ်ရီတို့ ကိုတောက်ပတို့ ကိုရွှေဝန်းတို့အရန်သင့်ဟီးးးးးးးးးးးး

မေတ္တာဖြင့်...
ကိုရွှေဝန်း...

...အလင်းစက်များ said...

ကိုရင် တံမြက်စည်းနဲ့  ရိုက်တာတောင် နဲသေးတယ်။ ဟွန်း။ ငါ့ က ခိုင်းမယ်တဲ့။

Yin Sue said...

မကြီးဒိုးက လုပ်သာလုပ်ဗျို့...အားပေးတယ်....ကိုရင်ရယ် လုပ်ခွင့်ပေးလိုက်စမ်းပါ....ဒါမှ မကြီးဒိုးတဲလန့်ကို လူတွေသတိထားမိပြီး..... အောင်မြင်တဲ့ အဆိုတော် မော်ဒယ် ဒန်ဆာတစ်ယောက်ဖြစ်လာမှာ...မိုက်သကွာ ငါ့မကြီးတို့ကတော့ ရေးလိုက်ရင် တသောသောကို ဖြစ်ကျန်ခဲ့ရော...

ရွာသူ said...

အမာခံပရိတ်သတ်တစ်ယောက်ရှိပြီဆိုတာ ယုံထားလိုက် ကိုး။

Related Posts Plugin for WordPress, Blogger...