လေးစားရပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား..
နှစ်သစ်မှာ ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်ပါတယ်ခင်ဗျား။နှစ်သစ်မှာ အဆင်မပြေမှု အဆိုးတွေကင်းဝေး ပြီး ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်စရာရှိတာတွေကို အနှောက် အယှက်ကင်းစွာနဲ့ ဆောင်ရွက်နိုင်ပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းအပ် ပါတယ်ခင်ဗျား။
ကျွန်တော့်ရဲ့ နိဒါန်းမှာ လေးစားရသော နိုင်ငံတော်သမ္မတကြီးလို့ သုံးနှုန်းထားလို့ ဝေဖန်သူတွေအနေနဲ့ ရှုံချ ချင်စရာ အပြစ်တင်စရာ ဖြစ်ကောင်းဖြစ်နိုင် ပါလိမ့်မယ်။ဒါပေမဲ့ ကျွန်တော့်ကတော့ လွတ်လပ်စွာ သုံးနှုန်းပါ ရစေ။ဘာအတွက်ကြောင့်ပါလဲဆိုတာကို အနည်းငယ်ရှင်းပြခွင့်ပြုပါ။အတိတ်က မည် သို့သော သမိုင်းကြောင်း များ ရှိခဲ့သည်ဖြစ်ပါစေ ယနေ့အရပ်ဝတ်လဲပြီး “ဦးသိန်းစိန်အား ပြည်ထောင်စုမြန်မာနိုင်ငံကြီးရဲ့ သမ္မတအဖြစ် -ကြေညာ သည်”ဆိုတဲ့ အခမ်းအနားလေးအပြီးမှာ ကျွန်တော်တို့တွေ မဲမှောင်နေတဲ့ အိမ်လေးထဲကထွက်ပြီး ဟိုးအမြင့်ကို ကြည့်မိခဲ့ပါတယ်။ ငါတို့တွေအတွက် ဒီအချိန်ဟာ အလင်းရောင်လေးတစ်စများ ဖြစ်နေနိုင်မလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ မရဲတရဲ မျှော်လင့်မိခဲ့ပါတယ်။
မြစ်ဆုံစီမံကိန်းကြီး ဂယက်ထတော့ ကျွန်တော်တို့တွေ ပူဆွေးသောကရောက်ခဲ့မိပါတယ်။ဒီမြစ်ကြီးကို ငါတို့ ဆုံးရှုံးရတော့မယ်ဆိုတဲ့အသိက ဧရာဝတီရဲ့တန်ဖိုးကို နားလည်တဲ့သူတိုင်းရဲ့ ရင်ကိုပူဆွေးစေခဲ့ပါတယ်။အဲဒီ စိတ်တွေနဲ့ပဲ မြွေမကြောက် ကင်းမကြောက်နဲ့ အာလုံးဟာ လမ်းပေါ် ထွက်ပြီး ရင်ထဲကဆန္ဒတွေ ဖွင့်ထုတ်ခဲ့ ကြတယ်။ဒါပေမဲ့ အဲဒီလူတိုင်းရဲ့ ရင်ထဲမှာတော့ “ဒါဟာ အဖြေရှိပြီးသား ပုစ္ဆာတစ်ပုဒ်ပဲ”ဆိုပြီး ပူဆွေးနေခဲ့ကြ တာလည်း အမှန်ပါပဲခင်ဗျား။ဒီအဖြေကို ပြောင်းလဲပေးနိုင်တာ လက်ရှိသမ္မတပဲဆိုတာ သိနေကြပေမဲ့ ခေတ် အဆက်ဆက် ရလာဒ်ဆိုးတွေကြောင့် မမျှော်လင့်ရဲခဲ့ကြဘူး။ဒါပေမဲ့ “မြစ်ဆုံကိစ္စကို ကျွန်ုပ်လက်ထက်မှာ ရပ်ဆိုင်းထားမည်”လို့ လွှတ်တော်ထဲကို ကြေညာချက် တင်သွင်းအပြီးမှာ ကျွန်တော် တို့တွေ ကြားလိုက်မိတဲ့ ကိုယ့်နားကိုယ်တောင် မယုံနိုင်အောင် ဖြစ်ရပါတယ်ခင်ဗျား။“နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ငါတို့တွေရဲ့ အသံကို ဒါ ပထမဆုံးနားထောင်ပေးခဲ့ခြင်းပဲ”ဆိုတဲ့ အသိတစ်ခုနဲ့အတူ ၀မ်းသာပီတိဖြစ်ခဲ့ရတယ်။
ဧရာဝတီကို ကယ်တင်လိုက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု၊လူမှုရေး၊စီးပွားရေးနဲ့ မြန်မာ့သမိုင်းကြီးတစ်ခု လုံးကို ကယ်တင်ပေးခဲ့သလိုပါပဲဆိုတာ နားလည်တဲ့သူတိုင်း သိကြပါလိမ့်မယ်။ဒါဟာ လှည့်ကွက်တစ်ခုလား.. တခြားမည့်သည့်အရေးအကြောင်း ကိစ္စတွေကြောင့်လားမသိနိုင်ပေမဲ့ ကျွန်တော်ရဲ့တစ်ဦးတည်းသော ကိုယ်ပိုင်အမြင်လေးနဲ့ ကျွန်တော်လေးစားမှုပြုခဲ့တာပါခင်ဗျား။နောက်ပြီး ဖြစ်သလိုပုဒ်မတွေတပ်ပြီး ထောင်ထဲကို မရေ တွက်နိုင်တဲ့နှစ်တွေနဲ့ ထည့်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ(တစ်ချို့ )ကို ပြန်လွှတ်ပေးခဲ့တယ်။လွတ် လပ်ခွင့်တွေ ပေးခဲ့တယ်။လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ သားသမီးတွေကိုယ်စား အတိုင်းမသိဝမ်းသာခဲ့ရပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့ မည်သည့်သတ္တ၀ါမျိုးမဆို မိသားစုအစုံအလင် နဲ့ နေချင်ကြတာပဲ မ ဟုတ်ဘူးလား...။
သမ္မတကြီးခင်ဗျား...
တိုင်းပြည်ကို အုပ်ချုပ်ပဲ့ကိုင်တဲ့ လူတစ်ယောက်ကို ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ရင် ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေက သားတွေ၊သမီးတွေပဲ မဟုတ်ပေဘူးလား။အဲဒီတော့ နိုင်ငံကြီးတစ်ခုဆိုပေမဲ့ အိမ်ကလေး တစ်လုံး၊မိသားစု အကြီးစားလေးတစ်ခုနဲ့ မခြားပါဘူးခင်ဗျား။ထိုအိမ်က မည်သို့သော လယ်၊ယာ၊ကိုင်း၊ကျွန်း ၊ပစ္စည်းတွေ ထုတ်လုပ်နိုင်သည်ဖြစ်၊မည်သို့သော လက်မှုပစ္စည်း၊စက်မှုများ တီထွင်ရောင်းချနိုင်သည် ဖြစ်စေ၊ မည်သို့သော အတတ်ပညာရှင်၊အသိပညာရှင် သားပျိုသမီးပျိုတွေကို ပိုင်ဆိုင်ခွင့် ရရှိထားသည်ဖြစ်စေ ဦးေ- ဆာင်ပဲ့ကိုင်ပေးတဲ့ အုပ်ထိန်းသူ မိဘတွေမှာ အကြင်နာတရား မရှိခဲ့ရင်.၊ထုတ်ယူ သုံးစွဲရကောင်းမှန်း မသိရင်၊ ဦးဆောင်ပဲ့ကိုင်နိုင်တဲ့ အရည်အချင်းမရှိရင် အဲဒီအိမ်ဟာ မတိုးတက်နိုင် ပါဘူးခင်ဗျား။နောက်ဆုံး ကိုယ့်ရဲ့ သားသမီးတွေဟာ တခြားနေရာဒေသကို ထွက်သွားကြပြီး သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို သူရင်းငှားဘ၀နဲ့ -ပေး ဆပ်သွားကြရတယ် မဟုတ်ပေဘူးလား။အဲလိုပါပဲ သမ္မတကြီးခင်ဗျား။ ကျွန်တော်တို့နိုင်ငံကြီးထဲမှာ နိုင်ငံ တကာနဲ့ရင်ဘောင်တန်းနိုင်ပြီး သိပ်ကိုထူးချွန် တဲ့ အသိပညာရှင်၊အတတ်ပညာရှင်တွေ၊ သိပ်ကို သန်မာတဲ့ ကာယလုပ်သားကြီးတွေဟာ သူတို့ရဲ့အတွေးအမြင်တွေ လုပ်အားတွေကို ပြည်တွင်းမှာ လိုအပ်နေပါလျက် ထုတ်ယူသုံးစွဲမှုမရှိတဲ့အခါ၊ လုပ်ပိုင်ခွင့်မရနိုင်တဲ့အခါ သူတို့တွေဟာ ပြည်ပမှာ သူရင်းငှားအနှိမ်ခံဘ၀နဲ့ ဖြတ် သန်းနေကြရပါတယ်။ အခုလို အားလုံးတက်ကြွနေကြတဲ့ အချိန်အခါကောင်းမျိုးမှာ အရည်အချင်းရှိတဲ့ နိုင်ငံရဲ့ သားကောင်းတွေကို ထပ်ပြီးအဆုံးအရှုံးမခံပါနဲ့တော့.။ စုစုစည်းစည်းနဲ့ ရဲရဲရင့်ရင့် ချီတက်ရတော့မဲ့ အချိန်အခါ မဟုတ်ပေဘူးလားခင်ဗျား။
သမ္မတကြီးခင်ဗျား...
နိုင်ငံတစ်ခုရဲ့ မျိုးဆက်တွေကို ပြပါဆိုရင် ကျွန်တော်တို့ရဲ့ ရင်သွေးငယ်လေးတွေကိုပဲ လက်ညှိုးညွှန်ရမယ် မ ဟုတ်ပါလား။အဲဒီအတွက် ကျွန်တော်တို့ရဲ့ ရင်သွေးငယ်လေးတွေဟာ ထူးချွန်ထက်မြက်ဖို့ တကယ့်ကို လိုအပ်လှပါတယ်။ဒါပေမဲ့ ရင်သွေးငယ်လေးတွေရဲ့ ရာခိုင်နှုန်းတော်တော်များများ ဟာ ကျောင်းစာသင်ခန်းတွေနဲ့ ဟိုး ခပ်ဝေးဝေးမှာ ရေခဲရေရောင်း၊အမှိုက်ကောက်နေရတဲ့ဘ၀နဲ့ မိသားစုဝန်ကို ဖြည့်ဆည်းပေးနေကြရတာဟာ နိုင်ငံရဲ့ အနာဂတ်အတွက်တော့ ရင်ထိတ်စရာဆိုတာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သတိထားမိမှာ မလွဲပါဘူး။မြို့ ပြတစ်ခုတည်း ဖွံ့ဖြိုးနေယုံ မြို့ ပြမှာ ရှိနေတဲ့ ကလေးငယ်တွေပဲ စာသင်နေကြယုံနဲ့ အမိနိုင်ငံကြီးရဲ့ အနာဂတ်ဟာ မလှပနိုင်ပါဘူးခင်ဗျား။“ပညာမရှိ သူ၏၀န်ထမ်း”ဆိုတဲ့ စကားအတိုင်း ပညာမတတ်တဲ့သူတွေ များလာတာနဲ့အမျှ နိုင်ငံရဲ့ဂုဏ်ဟာလည်း တဖြည်းဖြည်းမှိန်လာမှာ မလွဲဧကန်ပါပဲ။အခုလို အချိန်အခါမျိုးဟာ သမ္မတကြီးအဖို့ ကလေးငယ်တွေ ဘာအတွက်ကြောင့် စာသင်ခန်းနဲ့ဝေးနေရသလဲဆိုတဲ့ အဖြေကို ရှာဖွေဖို့ အကောင်းဆုံး အချိန်အခါတစ်ခုပဲ မဟုတ်ပေဘူးလား...။
သမ္မတကြီးခင်ဗျား...
နိုင်ငံတစ်ခုဟာ သစ်ပင်ကြီးတစ်ပင်နဲ့ အလားသဏ္ဍာန်တူတယ်ဆိုရင် အဲဒိနိုင်ငံထဲမှာရှိတဲ့ ပြည်နယ်နဲ့တိုင်း များဟာ သစ်ပင်ကြီး လှပဝေဆာေ အာင် ထောက်ပံ့ပေးထားတဲ့ အကိုင်း၊ အခက်တွေပဲ မဟုတ်ပေဘူးလား ခင်ဗျား။အကိုင်းအရွက်တွ မရှိတော့တဲ့ သစ်ပင်ဟာ လှပဝေဆာနိုင်ခြင်း မရှိတော့သလို ပြည်နယ်နဲ့တိုင်းတွေ စည်းလုံးညီညာစွာ မရှိတော့ဘူးဆိုရင်လည်း နိုင်ငံကြီးဟာ လှပဝေဆာလာနိုင်စရာ မရှိပါဘူးခင်ဗျား။တစ်ချို့  အစွန်အဖျားဒေသတွေမှာ စစ်လောင်မီးကြောင့် မငြိမ်မသက်ဖြစ်နေတာတွေကို ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကြားသိနေမှာ ဧကန်ပါပဲ ခင်ဗျား။နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဲဒီအရေးတွေကို ဖြေရှင်း နိုင်ဖို့အတွက် ဒီအချိန်ဟာ အကောင်းဆုံးအချိန်အခါပဲ မဟုတ်ပေဘူးလား ခင်ဗျား။“ငါးကြိုက်တဲ့သူကို ငါးဟင်း - ကြွေးပြီးစည်းရုံးတာထက်” သူတို့ချက်ပြုတ်ထားတဲ့ သူတို့သိပ်ကြိုက်တဲ့ ငါးဟင်းလေးတစ်ခွက်ကို ဒါကတော့ ဒို့အိမ်ဦးနတ်အတွက်ဆိုပြီး ဦးဖယ်ထားခံရတဲ့ အခွင့်အရေးမျိုးရလာအောင် စွမ်းဆောင်လို့ကောင်းမဲ့ အချိန်အခါကောင်းတစ်ခုပဲ မဟုတ်ပေဘူးလား ခင်ဗျား။
သမ္မတကြီးခင်ဗျား..
နိုင်ငံရဲ့ အထွတ်အမြတ် ရွှေတိဂုံစေတီတော်မြတ်ကြီးတည်ရှိရာ ရွှေမြို့ တော်ရန်ကုန်ဟာ ဟိုးအရင်က ရဟန်း သံဃာတွေရဲ့ ဆုတောင်းဝတ်ပြုသံ၊ ကုန်သည်ပွဲစားတွေရဲ့ ရောင်းဝယ်ဖောက်ကားသံ၊စာပေသမားတွေရဲ့ ငြင်းခုန်ဆွေးနွေးသံ၊ကလေးငယ်တွေရဲ့ စာသင်စာဖတ်သံတွေနဲ့ ကြည်နူးစရာ နယ်မြေကြီး မဟုတ်ပေဘူးလားခင်ဗျား။ဆေးရုံဆေးခန်း ၊ကြပ်ကုန်း၊ဖုတ်ကုန်း၊သင်္ချိုင်းစတဲ့အရပ်တွေသာ စည်ကားနေခဲ့ပေမဲ့ မြို့ တော်ကြီး ခမျာ မှာတော့ ဗုံးသံတညံညံနဲ့ ဖုန်းဆိုးမြေကြီးနဲ့ မခြားပါပဲ။အလေးအပေါ့သွားစရာ နေရာမှအစ ဘုရားခန်း အထိ ဘယ်နေရာမှ လုံးခြုံမှုမရှိပါပဲ ပြည်သူတွေ ထိတ်လန့်နေတာကို သမ္မတကြီး မြင်တွေ့နေမှာ မလွဲဧကန် ပါပဲခင်ဗျား။ခေါင်းဆောင်ရာထူးကို မည်သို့သောအကြာင်းပြချက်နဲ့ ရရှိခဲ့သည်ဖြစ်ပါစေ နိုင်ငံတွင်းမှာရှိတဲ့ လူသန်းပေါင်းများစွာထဲက တစ်ယောက်သာဖြစ်ခွင့်ရတဲ့ အခွင့်အရေးကို ရရှိခဲ့ပြီးပြီဖြစ်တာမို့ သမ္မတကြီးဟာ ကျွန်တော်တို့တွေ ထက် ဘုန်းကံအရာသာလွန်တာကို ငြင်းမရနိုင်ပါဘူးခင်ဗျား။သမ္မတကြီးရဲ့ ဘုန်းကံအရှိန်အ၀ါနဲ့ ရွှေမြို့ တော်ကြီးကို အေးချမ်းစေဖို့ အကောင်းဆုံး အချိန် အခါ မဟုတ်ပေဘူးလားခင်ဗျား။
သမ္မတကြီးခင်ဗျား..
ခေတ်မှီတိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာစေဖို့အတွက် လူတန်းစားမခွဲခြားပဲ ဆက်ဆံကြဖို့လည်း အထူးလိုအပ်တာကို သိမယ်ဆိုတာ ချွင်းချက်မရှိ နိုင်ပါဘူး။ဒီနရာမှာ ကျွန်တော်ကြားဖူးတဲ့ ဥပမာလေးတစ်ခုကို ပြောပြခွင့် ပြုပါအုံးခင်ဗျား။“အရာရှိတစ်ယောက်ဟာ ကားကို အရှိန်ပြင်းပြင်း နဲ့ မောင်လားရာမှာ လမ်းကွေ့ တစ်နေရာ အရာက်မှာတော့ သာမန်အရပ်သားတစ်ယောက်ကို ၀င်တိုက်မိပါတော့သတဲ့..။အဲဒီအခါ သက်ဆိုင်ရာ ရဲဝန် ထမ်းတွေ၊ယာဉ်ထိန်းတွေ ရောက်လာပြီး လာကြည့်တော့ တိုက်သူဟာ အရာရှိတစ်ယောက် ဖြစ်နေတဲ့အတွက် စခန်းရောက်တော့ ရဲက မေးလာပါ တယ်တဲ့။“အရာရှိကြီးခင်ဗျား..ဒီလူဟာ ကားတစ်စီးလုံးကို မရှောင်နိုင်လောက်အောင် ၀င်တိုက်မိတယ်ဆိုတော့ သူဟာ တစ်နာရီကို မိုင်ဘယ်လောက် နှုန်းနဲ့ လမ်းလျှောက်လာတာလဲ ခင်ဗျား” ဆိုပြီး မေးပါတယ်တဲ့..။စကားပုံဆိုတာဟာ တကယ့်ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံပြီး ထွက်လာတတ်တာကို ပညာရှိတိုင်း သိရှိနားလည်ပြီး ဖြစ်ပါတယ်ခင်ဗျား။အရာရှိသားသမီးတွေမှ ကားစီးချင်တာ မဟုတ်ပါပဲ အားလုံးသော လမ်းလျှောက်နေတဲ့ မိသားစု ၀င်တွေဟာလည်း ဘတ်စ်ကားကို ချောင်ချောင်ချိချိ စီးနိုင်ကြဖို့အရေးကို မျှော်လင့်နေကြပါတယ်ခင်ဗျား။ယခုလို အားလုံးတက်တက်ကြွကြွ ရှိနေတဲ့ အခါသမယဟာ ကြီးနိုင်ငယ်ညှဉ်းဝါဒတွေ ရှိနေတာကို နည်းသထက်နည်းနိုင်ဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်ရမဲ့ အချိန်အခါကောင်း မဟုတ်ပေ ဘူးလားခင်ဗျား...။

သစ်တပင်ကောင်းယုံနဲ့ ငှက်သန်းပေါင်း ခြောက်ဆယ်ဝန်းကျင် အေးချမ်းစွာနားခိုဖို့ ရှိနေတာကို မေ့ပစ်မယ် မထင်ပါဘူး။မကျဆုံးရတဲ့ အာဏာရှင် ဆိုတာ မရှိပါဘူးခင်ဗျား။သို့ပေမဲ့ အာဏာရှင်ချင်းတူရင်တောင် ကဒါဖီ နဲ့ ကင်ဂျုံအီတို့ရဲ့ ဇာတ်သိမ်းကို ဥပမာအနေနဲ့ တွေ့မြင်နိုင်ပါတယ်။ တစ်ကိုယ်ကောင်းသမား ကဒါဖီဟာ လမ်းဘေးမှာ ခွေးတစ်ကောင်သေသလိုမျိုး မလှမပသေဆုံးခဲ့ရပြီး တိုင်သူပြည်သားတွေက လက်သီးလက်မောင်း တန်းလို့ သူသေတာကို အောင်ပွဲတစ်ခုလို ကျင်းပခဲ့ကြပါတယ်။ ဘာလို့ပါလဲခင်ဗျား။
သမ္မတကြီးခင်ဗျား..
သမ္မတကြီးခင်ဗျား..
နိဂုံးချုပ်အနေနဲ့ ပြောရရင် ခေတ်အဆက်ဆက် သက်ရှိလူသားတွေဟာ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ အသုံးချခံပစ္စည်း မဖြစ်သင့်ပါဘူးခင်ဗျား။ ကျွန်တော်တို့တွေဟာ ဆယ်စုနှစ် နှစ်စုကျော် ဦးဆောင်သူမဲ့လို့ မိဘ -မေတ္တာငတ်မွတ်နေကြတဲ့ သားသမီးတွေနဲ့ မခြားပါဘူး။ပြည်သူတွေ မော ပန်းနွမ်းနယ် နေကြပါပြီ။ထိတ်လန့် အားငယ်နေကြပါပြီ.။ကျွန်တော်တို့ အားလုံးရဲ့ လက်လက်ထနေတဲ့ မျှော်လင့်ချက်တွေဟာ အခုတစ်ကြိမ်မှာ မတိမ်း မစောင်းပဲ ရှေ့ ကို တည့်တည့်ရောက်ရှိလာခဲ့ပြီလို့ မျှော်လင့်ပါရစေခင်ဗျား...။
ကျွန်တော်ဟာ စာပေ၀ါသနာပါသူ လူငယ်တစ်ယောက်သာဖြစ်လို့ စာပိုဒ်ပါအကြောင်းအရာတွေ အတိမ်း အစောင်းရှိခဲ့ရင် မှားယွင်းမှုရှိခဲ့ရင် ကျွန်တော့ ရဲ့ ညံ့ဖျင်းမှုသက်သက်သာဖြစ်ပါကြောင်း ၀န်ခံထွက်ဆိုရင်း ဒီစာကို အဆုံးသတ်ပါသည် သမ္မတကြီးခင်ဗျား...။

လေးစားစွာဖြင့်
ကိုရင်(http://madankoo.blogspot.com)
21:43 Monday (GMT)
25 comments:
အိတ်ဖွင့်ပေးစာလေး အရမ်းကောင်းတယ်ဗျာ။
သမ္မတကြီး ဖတ်ဖြစ်ခဲ့ရင် ပိုကောင်းမယ်နော်.. :)
တကယ့်အဖြစ်တရားတွေ ရေးပြထားတာ ကြိုက်မိတယ်ဗျို့..ရေးတတ်လိုက်တာ အကိုရေ။
ခင်မင်လျက်
Junemoe
အားလုံးရင်ထဲကဆန္ဒတွေကို ကိုရင်က ကိုယ်စားပြောသွားသလိုပါပဲ
လက်လက်ထနေတဲ့ မျှော်လင့်ချက်တွေ တကယ်ဖြစ်လာပါစေလို့ ထပ်ဆင့်မျှော်လင့်နေဆဲပဲ..............။
ဖတ်ရတာအရမ်းကောင်းတယ် ကိုရင် ရာ
အမှန်တရားတွေ မြင်နေရတော့ မျက်ရည်တောင်ဝဲ
လာမိတယ်..
... ကျွန်တော်တို့..တစ်ကယ်.လေးစား.အားကိုးရမယ့်.
.နိုင်ငံတော်သမ္မတကြီး ပဲ ဖြစ်ပါစေလို့..
..စုတောင်းရမှာပဲ..
(ဒုတိယ)
စိတ်ပျက်ရပေါင်းများပြီ .. ဟူးးးးး
မျှော်လင့်ရဦးမလား ..................
ကို၇င်
အမှန်တွေပြောရဲတယ်နော်....ကျားကျားမပြောရဲဘူး...ကျားပေမဲ.ကြောက်တတ်တဲ.ကျားဗျ....
လေးစားပါတယ် ကိုရင် ရေ ။ ရေးသူက ရေး မှ တော့ သမ္မတ နားရောက်အောင် ဖြန့် ဘို့ ကတော့ ကျမ တို့ တာဝန်ပေါ့ဗျာ။
ဟုတ်ပါပြီဗျာ....၊ကျုပ်ညန်မာပြည်ပြန်ရင် သမ္မဒဂျီး ကို
ပြောပြလိုက်မယ်နော့......:)))
လေးစားပါတယ်ကိုရင်ရေ
အိပ်ဖွင့်ပေးစာ ကိုအဲဒီလိုရေးတတ်တာကိုပဲ
ကိုရင်တစ်ကယ်တော်တယ်
မောင်ရင်....ပေးသောစာထဲကအတိုင်း
သမ္မတကြီး လုပ်ဆောင်ပေးပါစေ.....
စာတွေကောင်းတယ်မောင်၇င်ေ၇့
ပြန်ရင်ဒီစာလေးယူသွားပေးမယ်နော်။
လိပ်စာလေးတာပြော။
လက်ထဲအရောက်ပို့ ပေးမယ်။
:P
မနက်ဖန် လွတ်လပ်ရေးနေ့။
ဆိုတော့ကာ...
မနက်ဖန်သာ ဒီစာ သမ္မတလက်ထဲ ရောက်သွားရင် အလှည့်အပြောင်းလေး ဖြစ်ကောင်း ဖြစ်နိုင်သွားတယ်။း)
သမ္မတကြီးဆီကို ဒီစာကို တိုက်ရိုက်ရောက်အောင် ပို့လိုက်ချင်ပါတော့တယ်.
ဖတ်ခွင့်ရစေချင်မိပါတယ်။
နိုင်ငံတော်ကို ဖခင်တစ်ယောက်လို စိတ်ဓါတ်မျိုး၊ စိတ်စေတနာမျိုးနဲ့ အုပ်ချုပ်စေချင်မိပါတယ်။
ဖတ်ပြီးဖြစ်ကြောင်း သိသာစေရန်၊
အကြံပေး လိုအပ်နေ၍ လျှောက်ထားရန်
......:D
မှန်လိုက်လေခြင်း ကိုရင်ရယ်...ဒီအချက်တွေကို သမ္မတကြီးကို တင်ပြသင့်ပေတာပေါ့...ဒီမှာလည်း သမ္မတကြီးကိုတင်ပြဖို့ စာတွေထိုင်ထိုင်ရေးနေတာ ဗလာစာအုပ်မလောက်လို့ ကွန်ပျူတာထဲမှာပဲ မှတ်ယူရတယ်...500 G hard disc တစ်လုံးစာပြည့်မှပဲ ဟဒ်ဒစ်ပိတ်ပေးစာဆိုပြီး လွှတ်တော်မှတင်ပြဖို့ စိတ်ကူးထားတာပဲ...
ဒီပုံစံအတိုင်းဆို ပြည့်ဖို့အတွက် အချိန်သိပ်မစောင့်ရတော့ဘူး ထင်ပါရဲ့...
င်္FB မှာ ရှယ်ခွင့်ပြုပါ ခင်ဗျာ..။
သမ္မတကြီး ဖတ်မိစေသော်
အားလုံးရဲ့ ဆန္ဒများ ထပ်တူပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ပြည်သူတစ်ယောက်ရဲ့ ...ပြည်သူအားလုံးအတွက် ရင်ထဲက အသံ အစစ်အမှန်တွေပါ။ သမ္မတကြီး ဖတ်မိစေချင်ပါတယ်။
အစ်ကိုရဲ. ဆန္ဒတွေ အမြန်ဆုံးပြည်.၀ပါစေ။ ကျွန်တော်တို. သမ္မတကြီးဟာ ခေါင်းဆောင်ကောင်းတစ်ဦး ဆိုတာတော.အကြွင်းမဲ.ယုံပါတယ်။
ကိုရင်နဲ့ထပ်တူ ထပ်မျှပါပဲ.. သမ္မတကြီးကျန်းမာ
ချမ်းသာပါစေ..။
သိပ်ကောင်း ၊ သိပ်ထိမိတဲ့ပို့တစ်ပုဒ်ပဲ ကိုရင် ၊ အရေးအသားတွေက ထိရှလွန်းတယ် ........
Post a Comment