Wednesday, November 16, 2011

နှစ်သိမ့်ဆု

တခါတစ်လေ ဘ၀မှာ မျှော်လင့်ထားတွေက မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ၊ ကိုယ်မမျှော်လင့်ထားတဲ့ အရာတွေက မမျှော်လင့်တဲ့အချိန်မှာ ဖြစ်လာတဲ့အခါ ကျွန်တော်တို့တွေ ဘယ်လိုခံစားကြရမလဲ..ဘာတွေ ဆက်ဖြစ်ကြလဲဆိုတဲ့ နောက်ဆက်တွဲ မေးခွန်းကို ကျွန်တော်မေးခဲ့ရင် စာဖတ်သူ ဘယ်လိုဖြေမယ် စိတ်ကူး လဲ.။စာသိပ်ညံ့တဲ့ ကျောင်းသားကလေးတစ်ယောက်က“နောင်တစ်ချိန် သူ့ရည်ရွယ်ချက်ဟာ သိပ်ကိုထူးချွန် တဲ့ ဆရာဝန်တစ်ယောက် ဖြစ်ဖို့ပါပဲ”လို့ ပြောရင် ကျွန်တော်တို့ အဲဒီကလေးကို ဘယ်လို အကြည့်နဲ့ တုန့်ပြန် ဖြစ်မလဲ တွေးကြည့်ဘူးလား..သိပ်မတွေးပါနဲ့..ကျွန်တော်အဲလို မေးမှာ မဟုတ်သလို အဲလိုပြောမဲ့ ကလေး - တွေလည်း ရှားပါးကုန်ပါပြီ...။အဲဒီအကြောင်းကို ခေါက်ထားလိုက်ကြအုံးစို့..။

သူနဲ့ကျွန်တော် အားလုံးပြေပြေလည်လည်ဖြစ်လာတော့ ကျွန်တော်တို့အလိုချင်ဆုံးအရာက သားသမီးဆိုတဲ့ ရတနာလေးပေါ့။သူကလည်း လိုချင်တယ်..ကျွန်တော်ကလည်း အလိုရှိတယ်။ဒီလိုနဲ့ တိုင်ပင်သင့်တဲ့သူတွေ နဲ့ တိုင်ပင်ပြီး မဒမ့်ဗိုက်ကလေးကို ပူလာစေခဲ့တယ်။သူက သိပ်လိမ္မာတဲ့ သားတစ်ယောက် မွေးဖွားချင်သလို၊ ကျွန်တော်ကတော့ မလိမ္မာတဲ့ သမီးလေးတစ်ယောက် လိုချင်နေမိခဲ့တယ်။ဒါပေမဲ့ ကျွန်တော်တို့ လိုချင် သလို ဖြစ်မလာခဲ့ဘူး။မိခင်လောင်း လုပ်ရမဲ့သူ့အတွက်တော့ အခွင့်ရေးကောင်းတစ်ခု လွတ်မြောက်သွား တယ်ဆိုပေမဲ့ ကိုးလလွယ် ဆယ်လဖွားဒုက္ခကို သူခံစားစရာမလိုတော့တဲ့အတွက် သူ့ကျန်းမာရေးဘက်က ကြည့်ရင်တော့ “အကောင်းလာမဲ့ကြံ အဆိုးရှေ့ ကခံ ဆိုသလိုပဲပေါ့..မိန်းမရယ်” လို့ နှစ်သိမ့်မိတယ်။


အဲဒီအဆိုးတွေထဲမှာမှ သူရော ကျွန်တောာ်ရောအတွက် အမှတ်တရလေးတွေ..နောင်တစ်ချိန်ပြန်တွေးတိုင်း ကြည်နူးစရာဖြစ်ကျန်လာမဲ့ အရာလေးတွေ ကျန်ရစ်ခဲ့တယ်။ကမ္ဘာပေါ်က မိခင်လောင်းတိုင်း ကိုယ်ဝန်လွယ် ထားကြပြီဆိုရင် သူတို့မှာ အရင်နဲ့မတူပဲ “သိပ်ကိုဆန္ဒပြင်းပြလာတဲ့ တက်မက်မှုတွေ” ရှိလာတတ်တယ်တဲ့။ ဟိုး.အရင်ကလည်း လူကြီးသူမတွေပြောတာ ကြားခဲ့ဘူးသလို ညီမလေးကို အမေကိုယ်ဝန်ဆောင်ထားတုန်း ကလည်း တစ်ကြိမ် မျက်မြင် ကြုံတွ့ခဲ့ဘူးတယ်.။အဲဒီတုန်းက အမေက “ထန်းရည်အခါး သောက်ချင်တာ” တရက်ကို ထန်းရည်အိုး လေးအိုးနီးပါးလောက် ကုန်အောင် သောက်ခဲ့တယ်။တစ်ခါတစ်လေ အဖေကပါ ကူပြီး သောက်ပေးရတယ်။အဖေကတော့ပြောတယ်။“ငါကတော့ မျက်ခုံး ခပ်လှုပ်လှုပ်ပဲ၊ မင်းအမေမွေးလာ မှာ ကတော့ ထန်းရည်သမား ဖြစ်ဖို့များနေပြီ ထင်တယ်” ဆိုပြီး ကြိုတင်နိမိတ်ဖတ်ပေမဲ့ အမေမွေးလာတော့ မိန်းကလေးဖြစ်နေတယ်။

အခု ဒမ်ကလေးကလေးက မမွေးနိုင်ခဲ့ပေမဲ့ သူ့အလှည့်မှာလည်း ကိုယ်ဝန်ဆောင်ထားတဲ့ကာလ လိုချင်တာ၊ သူဖြစ်ချင်တာလေးတွေ ရှိခဲ့တယ်။ရေဒီလောက်ကြောက်တဲ့သူက ပထမဆုံးချဉ်ချင်းတက်လာတာက ရေကူး ချင်တာတဲ့။မကူးပါနဲ့လို့ အကြိမ်ကြိမ်ပြောပေမဲ့ မရဘူး..။နောက်ဆုံး ပြောမရတဲ့အဆုံး ကျွန်တော်လက်လျှော့ ပြီး သူ့ကို ရေကူးကန်ဆီ ခေါ်သွားရတော့တာပါပဲပေါ့..။“ဒီလို ရိုးရိုးကူးချင်တာ မဟုတ်ဘူး..နာက ၀တ်စုံနဲ့ ကူးချင်တာပါ ဆိုမှ” တဲ့..လုပ်ပြန်ရော..အဲဒါနဲ့ သူ့အတွက် ရေကူးဝတ်စုံ ၀ယ်ပေးပြီးတော့ ရေထဲ ဆင်းခိုင်းရ တယ်။ရေထဲမှာ သူဘယ်လို လုပ်နေတာလည်း မသိချင်ကြဘူးလား ကွယ်ရို့ ..။ရေကူးကန် နံရုံကို လက်တင် ပြီး မျက်မှန်ကြီးတပ်ပြီး ဇိမ်နဲ့နှပ်နေတာ.။စာဖတ်သူ မျက်စိထဲမြင်အောင် ပြောရရင် “ဖားပျံ ရေထဲနစ်နေတဲ့ ပုံစံ” ပေါ့ဗျာ..အဲဒီနေရာကနေပြီးလည်း ရှေ့ ကို ခေါ်လို့မရဘူး..ဒီလိုပဲ နေချင်တယ်တဲ့။

အဲဒီလိုနဲ့ ရေကူးကန်ကတက်တော့ သူရေကူးလိုက်တာ သူ့ပါးစပ်ထဲကို ရေ၀င်သွားသတဲ့.။တစ်ချိန်လုံးနံရံကို မှီပြီး နေနေတဲ့ သူက ပါးစပ်ထဲကို ရေ၀င်ပါသတဲ့။နောက်ပြီး ရေကူးကန်ထဲက ရေကြောင့် သူ့အသားတွေ နည်းနည်းမည်းသွားတာကြောင့် သူ့ကို ”spa” လိုက်ပို့ပေးပါတဲ့ဗျာ..အဲဒါကိုတော့ ဘာချဉ်ချင်းလို့ ခေါင်းစဉ် တပ်ရမလဲ။မထူးတော့ပါဘူးဆုပြီး လိုက်ပို့ပေးလိုက်တယ်။ဒင်းကတော့ သွားလေးဖြဲပြီး တဟဲဟဲနဲ့ သဘော -တွေ လွှတ်ကျနေတော့တာပဲ..တကယ်ပြောရရင် ရိက္ခာယူတာတွေ များနေပြီဆိုပြီး အဲဒီအချိန်က ဒင်းကို ကျွန်တော် သိပ်ကြည်တာ မဟုတ်ဘူး..။အကျအန လုပ်နေတာများ တစ်နာရီကျော်ကြီးတောင် အသေအချာ ကို ဇိမ်ကျလို့...ဒါက သူရဲ့ ပထမ ချဉ်ချင်းပေါ့ဗျာ..။

နောက် တစ်ရက်နှစ်ရက်ကြာတော့ လာပြန်ပါလေရော..အစောကြီးထလို့ “ကျွန်မ ပန်းသီးစားချင်တယ်” တဲ့.။အလုပ်ထဲက ကျွန်တော့ကို ဖုံးလှမ်းဆက်ပါတယ်။“အိုကေ..အိုကေ ပြန်လာရင် ၀ယ်လာခဲ့မယ်” ဆိုပြီး အလုပ်သိမ်းတော့ ဈေးဆိုင်ကနေ ပန်းသီးတွေ တော်တော်များများ ၀ယ်သွားတယ်။ပန်းသီးအကောင်းဆုံး ဆိုတာတွေကို တစ်လံးပြီးတစ်လုံး ရွေးစားပြီး မကောင်းတာလေးတွေပဲ ကျန်တော့မှ သူပြောလာပါတယ်။

“ကျွန်မ တကယ်စားချင်တာ ဒီပန်းသီးမဟုတ်ဘူး မောင်...”
“ဟေ..အဲဒါဆို ဘာလို့ စားပစ်လဲ မိန်းမရာ..ဒီပန်းသီး မဟုတ်လို့ ဘယ်ပန်းသီးတုန်း..အစိမ်းသီးလား. ညနေကျရင် ဆင်းဝယ်ပေးမယ်နော်.”
 “မောင် ၀ယ်လာတော့ နှမြောလို့ စားလိုက်တာ..မိန်းမတကယ်စားချင်တဲ့ ပန်းသီးကလေ ဟို..ပန်းသီး 4S -မောင်ရဲ့”
“ဘာာာာာာာာာာ......”

ကျွန်တော့ အသံနည်းနည်းတောင် ကျယ်သွားတယ်..ဒါ ဘယ်လိုမှ ချဉ်ချင်းမဖြစ်နိုင်တော့ဘူး..ဒါ ဒင်း..လူလည်ကျတာ ကျွန်တော် သိလိုက်ပြီလေ..။ဘယ်လို လုပ်ရမလဲ ဥာဏ်သုံးဦးမှပေါ့ ဆိုပြီး သူ့ကို ချော့ ပြီး ပြောရတယ်။“မိန်းမရယ် အခုမှ ထွက်တာဆိုတော့ လူတွေကလည်း တန်းစီပြီး ၀ယ်နေကြတာကွာ.. ပြီးတော့ ယောကျာင်္းက ညဘက် အလုပ်ဆင်းရတာဆိုတော့ တန်းစီပြီး ၀ယ်ပေးဖို့ ခက်တယ်..ပြီးတော့ အိုင်ဖုံးကြီးက ပြားပြားနဲ့ ရှည်ရှည်ကြီးကွာ လှလည်း မလှပါဘူး..တခြားဟာ ပြောလေ.. ၀ယ်ပေးမယ်” ဆိုပြီး ပြောတော့ သူဘာပြန်ပြောတယ် မှတ်သလဲ..ဒင်းက “မလိုချင်ဘူး..ကလေးက အိုင်ဖုံးကို ကိုင်ချင်နေ တာဖြစ်မယ်..အဲဒီ ပြားပြားနဲ့ရှည်ရှည်ပဲ နာလိုချင်တယ်..နှစ်ရက်အတွင်းမရလို့ကတော့ နာက အိမ်ပေါ်မှာ -လျှောက်ခုန်နေမှာ.ဒါပဲ”..။စိတ်ထဲမှာတော့ ဒါ ဒင်းလူလည်ကျနေတာကို သိသိကြီးနဲ့ ..ဘာမှလည်း သူ့ကို မလုပ်ရဲဘူး..တော်ကြာ တကယ်ခုန်နေရင် ဒုက္ခဆိုပြီး ဟိုဘက်လှည့် အံကျိတ်နေရတယ်။

မတတ်နိုင်တဲ့အဆုံးမှာ သူ့ကို့ အရှုံးပေးပြီး ၀ယ်ပေးလိုက်ရတယ်..သူကတော့ လိုချင်တာရလို့ “တဟီးဟီးနဲ့ သူ့ဖုံးကို ကိုင်ကိုင်ပြီး သူ့ဗိုက်နဲ့တောင် ကပ်ပေးနေလိုက်သေးတယ်..။“အပိုတွေ လုပ်နေတာ..ဒင်း လူလည် ကျတာ သိသိကြီးနဲ့..ဘယ် ကိုယ်ဝန်ဆောင်ကများ အိုင်ဖုံးချဉ်ချင်း တက်ဖူးတယ် ကြားဘူးတုန်း..သူ့ကျမှပဲ..။

 အဲဒီ ပြားပြား ရှည်ရှည်ကြီးပေါ့

တစ်ပတ်အတွင်းမှာ သူတက်ခဲ့တဲ့ ချဉ်ချင်းတွေက သူ့အတွက်တွေချည်းပဲ..ဘယ်တတ်နိုင်ပေလိမ့်မတုန်း။ ယူထားပြီးမှတော့ သူ့အလိုကျတိုင်းပဲပေါ့ဗျာ..အဲလိုနဲ့ ပြီးသွားရောလားဆိုတော့ မပြီးသေးဘူး.။နောက်သုံး ရက်လောက်ကြာတော့ မနက် လေးနာရီလောက်ကြီး ဖုံးခ်ါပါလေရော..ဘာဖြစ်တာလဲလို့ မေးတော့ “မသိ ပါဘူး မောင်ရယ်..အိပ်ပျော်နေတာ ကွန်ပြူတာ သုံးချင်တဲ့စိတ်တွေ ဖြစ်လာတယ်..အဲဒါ အစောကြီး စက်ကို မကြည့်ချင်တာနဲ့ ဖုံးခေါ်လိုက်တာ” တဲ့..သူ့ကိုချော့မော့ပြီး ပြန်အိပ်ခိုင်းရပေမဲ့ စိတ်ထဲတာ ခပ်လန့်လန့်ရယ်။ ဒင်း..ဘာတွေများ ကြံစည်နေပါလိမ့်ဆိုပြီးတော့ပေါ့..သိပ်မကြာပါဘူးဗျာ..“သူ့လက်တွေက ဒီစက်ပေါ် တင်လိုင်တိုင်း စိတ်ထဲမှာ မသန့်ဘူး..တစ်မျိုးချည်းပဲ ဒီစက်ကြီး မကိုင်ချင်တော့ဘူး စက်အသစ်လဲပေးပါ” ဆို ပြီး လုပ်လာပါလေရောဗျာ...သိနေတယ်..ဒင်း..အကြံကို ကြိုပြီး ရိပ်မိနေတယ်။“မိန်းမရယ်..လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်ကပဲ အိုင်ဖုံး ၀ယ်ပေးထားတယ်ကွာ..ခုတစ်ခါ ကွန်ပြူတာဆိုတော့လည်း...” 

“လာမပြောနဲ့.. နာ့ကို စက်အသစ်လဲပေးပါ..နှစ်ရက်အတွင်းမရလို့ကတော့ နာက အိမ်ပေါ်မှာ ခုန်နေပြီသာ မှတ်”.တဲ့။ကျွန်တော် ပထမတစ်ရက် အိမ်ပြန်ရောက်တော့ ပေပြီး မသိသလို နေလိုက်တယ်။သူများ မေ့သွား မလားပေါ့..သူလည်း ဘာမှ ထပ်မပြောတော့ဘူး..ကျွန်တော်လည်း အိုကေပြီပေါ့.. အသာနေလိုက်တယ်။ ဒုတိယရက်လည်း မိုးလင်းရော အလုပ်ထဲကို မနက် ခုနစ်နာရီလောက်ကြီ ဖုံးခေါ်လာတယ်။ “မောင် ဟိုတစ်ခါ အိပ်ယာခန်းတွေ လှမ်းတော့ ၀ယ်လာတဲ့ကြိုး..ဘယ်နားမှာ ထားလိုက်လဲ..” “ဘာလုပ်မလို့လည်း မိန်းမရဲ့” ဆိုတော့ ကြိုးခုန်မလို့တဲ့..ဒင်း..ညစ်ပြီဗျာ..“ဟာ..ဟေ့ ဘယ်လိုလုပ် ကြိုးခုန်လို့ ရမှာတုန်း..ပေါက် ကရတွေ မလုပ်စမ်းနဲ့ကွာ” လို့ ပြောတော့ “နီကို နာ ဘာပြောထားလဲ..တကယ် မလုပ်ဘူးထင်နေတယ် ထင်လို့ လုပ်ပြမလို့လေ..”တဲ့ဗျာ..

“အာ..မဟုတ်ပါဘူး မိန်းမရဲ့ အခုမနက် အလုပ်ထွက်တာနဲ့ မိန်းမကို ခေါ်ပြီး လက်တော့ပ်လေး သွားဝယ်ပေး မလို့၊ပြောမလို့ဟာ မေ့နေတာကွာ”ဆိုပြီး လျှောချလိုက်မှ “အေး..ပြီးတာပဲ..ဒါဆို နာပြန်အိပ်မယ်..ပြန်လာ ရင် နာ့ကို နှိုး..အိပ်ရေးပျက်လိုက်တာ”တဲ့.။လုပ်ပုံက...လုပ်ပုံက..ဒီလိုနဲ့ ၀ယ်ပေးလိုက်ရပြန်ရော ဆိုပါ -တော့ဗျာ..။

အဲဒါတွေက အဲဒီတစ်လအတွင်းမှာ သူတက်ခဲ့တဲ့ ချဉ်ချင်းတွေပဲပေါ့..။သူ့မှာ အဲလို စိတ်ဆိုးလို့ ဥာဉ်ဆိုးလေး -တွေ ရှိနေတယ်။ဒါပေမဲ့ အခုလိုဖြစ်သွားတော့လည်း သူ့ကို ဘာမှမပြောရက်တော့ဘူး။သေချာပါတယ်.. သူ့ဘ၀မှာတော့ အဲဒီ ပစ္စည်းလေးတွေဟာ အမှတ်တရ ဖြစ်နေပါလိမ့်အုံးမယ်..။သူအဲဒီ အရာတွေကို ကိုင် တွယ်လိုက်တိုင်း သူလူလည်ကျခဲ့တာတွေကို သူပြန်ပြီး အမှတ်ရလို့ ပြုံးနေမှာ ဖြစ်နေနိုင်သလို သူရဲ့ သားလေးလား..သမီးလေးလား မသိခဲ့တဲ့ သန္ဓေလောင်းလေးကိုလည်း သူလွမ်းဆွတ်နေမှာပါ။

တစ်ခါတစ်လေကျတော့ ဘ၀တွေက အဲလိုပဲ..စိတ်ပျက်စရာ၊ခါးသီးစရာတွေ ကြုံတွေ့နေရပေမဲ့ အဲဒီအထဲမှာ ပဲ စိတ်ကို ကြည်နူးစေမဲ့အရာလေး တစ်ချို့ ၊ဖြေသိမ့်ပေးနိုင်မဲ့ အရာလေးတစ်ချို့ တော့ သူက နှစ်လိုဖွယ် ဖြစ် -အောင် ချန်ရစ်ပေးခဲ့သေးတယ် မဟုတ်လား..။နှစ်သိမ့်ဆု အနေနဲ့ဖြစ်ဖြစ်ပေါ့ဗျာ...။

လေးစားစွာဖြင့်
ကိုရင်
23:23(GMT)

31 comments:

သူကြီးမင်း (တုံးဖလား) said...

ကိုရင်ရေ...
နောက်တစ်ခါ မဒမ်ကိုယ်ဝန်ဆောင်ရင် မဒမ်ချင်ခြင်းမတပ်ခင် ကိုရင်က အရင်တပ်ပစ်လိုက်လေ။ ဒါမှ သူ ချင်ခြင်းတပ်တာ လျော့သွားမှာ။း))

လိုက်လဲ လိုက်ဖက်တဲ့ ဇနီးမောင်နှံပေဘဲ။

ခင်မင်လျှက်
He Big King
သူ..ကြီး...မင်းး)

ကိုဇော် said...

ဖြစ်ရလေဗျာ. . .
အခု တလော သိပ်မအားတာနဲ့ သိပ်မရောက်ဖြစ်တော့ ဒီလောက်ထိ မသိလိုက်ဘူး။ အရင်ပို့စ်မှာတော့ နည်းနည်း သိလိုက်တယ်။ Try Again ပေါ့ဗျာ။

ပန်းချီ said...

လိုက်လဲလိုက်တဲ့ ကိုရင်တို့ဇနီးမောင်နှံနော်...။
မဒမ်ဆီကသတင်းကြားရတာ တကယ်ရင်ထဲမကောင်းဘူး..။ စကားမစပ် မဒမ်ရဲ့ ချဉ်ချင်းမျိုး အတုယူဦးမှလို့ တွေးမိတယ်..း))))

ပျော်ပျော်နေတတ်တဲ့ ဇနီးမောင်နှံ အမြဲစိတ်ချမ်းသာပါစေရှင်..။

မဒမ်ကိုး said...

ခုထိတောင်မဲပြီး ဘုတွေပေါက်နေတုန်းး(
ဟင်းး ဟင်းးးး

စပါးက တစ်ခါထည်းနဲ့ရတာမုတ်ဘူးနော် ..
ကန်ထလိုက်ချုပ်ရတာ အနည်းဆုံး ၁၀ ခါလောက်သွားပေးရတာကိုး(
စိတ်မကောင်းထှာ ...

Anonymous said...

ဘာပြောရမှန်းတောင်မသိတော့ဘူး
ငယ်ပါသေးတယ်အခွင့်အလမ်းတွေရှိလာဉီးမှာပါ
အားမလျှော့နဲ့ညီမ
ဆန္ဒပြင်းပြရင်ပြည့်စုံလာတက်တယ်

Crystal said...

နှစ်ယောက်လုံး ထိုင်းကိုသာ လာခဲ့ အမြန်ရစေရမယ် :))))

မောင်ဘုန်း said...

ကိုရင်ရေ ... အစ်မ ချဉ်ချင်းတက်ပုံ ကတော့ ထူးဆန်းတယ်နော် ...

Thameesan said...

အစ်မဒိုးကန်..တော်ဒယ်ကွား)
အဆိုးကြားထဲက..အကောင်းလေးတွေပေါ့
နောက်ခါကျရင်..ဘာချဉ်ချင်းရမလဲ.
စဉ်းစားထားလို့ရပြီနော်အစ်မး)
အတော်ချစ်ဖို့ကောင်းတဲ့စုံတွဲပါအဖြစ်
လေးစားလျှက်ပါရှင်

လွင်ပြင်လှိုင်းငယ် said...

အရမ်းဝမ်းနည်နေမယ်ဆိုတာသိပါတယ် ။ဒါပေမဲ့လဲ အားမလျော့ပါနဲ့ တစ်နေ့ လိုချင်တဲ့ သားကောသမီးကော
အမွှာပူးလေး မွေးမှာပေါ့ ။
ခင်မင်လျက်

လွင်ပြင်လှိုင်းငယ်

မအိမ်သူ said...

နှစ်သိမ့်ဆုတွေက အားကျဖွယ်ပါလားကွယ်ရို့... ဒီလောက်များတဲ့နှစ်သိမ့်ဆုမြင်ဖူးဘူး.. ဟိး)

ကိုထွဋ် said...

ကြားရတာ စိတ်မကောင်းပါဘူးအမနဲ့ကိုရင်ရေ..ကျနော်လဲ ခုမှ လည်လည်ထွက်နိုင်တယ်..

ဆန္ဒရှိရင် နောက်တစ်ခေါက် ထပ်ရလာမှာပါ။ အဲဒီခါကျရင် ချဉ်ချင်းတက်ဖိုကတွေကို ကြိုစဉ်းစားထားပေါ့.. ကိုရင်ကလဲ ပိုက်ပိုက်စုထားပေါ့ :)

ဘဘထွဋ်

မိုးခါး said...

ဖတ်ပြီး အရသာအစုံ ခံစားလိုက်ရတယ် ..း)

မောင်သီဟ said...

အေးကွယ် .... ရတနာလေးနောက်ရောက်လာလိမ့်မယ်

ကိုရင့်ကိုတယ်လည်းအနိုင်ကျင့်တယ်လား ဒါကလည်းချစ်လို့ဖြစ်မှာပါကိုရင်ရား)
ဒိုးကန်လေးကိုဂရုစိုက်ပါ

မောင်ဘကြိုင်

TZH1985 said...

ကြည်နှုး ၀မ်နည်း ခံစားရတယ် ဒါပေမယ့် ခါတိုင်းလိုပဲ ပျော်ပျော်နေနိုင်ပါစေ မဒမ်ရော ကိုရင်ရော... ခုချိန်က အဆိုးတွေဟာ နောင်တစ်ချိန်ကောင်းဖို့ အတွက်တွေ ဖြစ်လာနိုင်တယ်။

အမ်တီအန် said...

ကိုရင်...
ဒီပို့စ်လေးဖတ်ပြီး ရင်ထဲမှာ တစ်စုံတစ်ခုကျန်ခဲ့ရတယ်။ အခြားစာဖတ်သူတွေလည်း အတူတူ့ပဲဖြစ်မယ်ထင်တယ်။ နှစ်ယောက်လုံးရဲ့ ချစ်ခြင်းမေတ္တာ၊ အကြင်နာ၊ နားလည်မှု၊ စာနာတရား၊.... အားလုံး... အားလုံးကို စာလုံးတိုင်းမှာ တွေ့နေရတယ်။ အတူတကွလက်တွဲမဖြုတ်စတမ်း ပျော်ရွှင်ငြိမ်းချမ်းဖွယ် မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ပါစေ...။

စံပယ်ချို said...

ရွှေဒိုးရေ--
ရှင်ကလဲသင်စရာတောင်မလိုပါလား
ပညာတွေတတ်လှချေလားကွယ်...
ကိုရင်ကလဲ ဘာဖြစ်ဖြစ်ဝယ်ပေးရမှာပေါ့
ဦးကပ်စီးမလုပ်နဲ့နော် ဒါဗြဲ
ခင်ခင်မင်မင် jasmine

ညီရဲသစ် said...

စိတ်မကောင်း ဖြစ်မိတယ်ဗျာ...
ဒါပေမယ့်လို့ မဒိုးကန်အတွက် ကိုရင် ရှိနေသလို ကိုရင့်အတွက် မဒိုးကန် ရှိနေမှတော့ အစွယ်အပွားလေးတွေ ထပ်ရလာဦးမှာပါ...
မဒိုးကန်က ကလေးဆိုးကြီး ဆိုရင် ကိုရင့်လို ဂရုစိုက်တဲ့သူကို ရထားတော့ စိတ်ချမ်းသာရမှာပါ...
ကိုရင်ကလဲ အရမ်းချစ်လို့ အရမ်းအလိုလိုက်တယ် ဆိုတာကို စာဖတ်နေရင်းနဲ့ ကို သိသာပါတယ်။ ဒီလင်မယား စိတ်ချမ်းချမ်းသာသာနဲ့ အိုအောင်မင်းအောင် ပေါင်းသင်းပြီး လိုချင်တဲ့ သားသားလေးရော မီးမီးလေးရော အမြန်ဆုံး ရပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ...

AH said...

ဟိုနေ့က မဒမ့်ပိုစ့်ကို ဖတ်တုန်းက ရေချိန်လွန်နေတာနဲ့ ဖတ်ရတာ တော်တော်ခက်နေတာ ကိုရင်ရေ... ခုမှ ပဲ သဲသဲကွဲကွဲ ဇတ်လည်တော့တယ်။ ကိစ္စမရှိပါဘူး ခင်ဗျာ... အက်ဒီဆင် မီးလုံးထွင်တာ အကြိမ် တစ်သောင်းမှ အောင်မြင်ဆိုပဲ ခင်ဗျ။ ရတနာ တစ်ပါး အိမ်ရောက်ဖို့ အချိန်အများကြီး ကျန်ပါသေးတယ်ခင်ဗျာ... မကြာမီလာမည် ကျွန်တော်တို့အားလုံး မျှော်နေကြပါသည်။ အားလုံး အဆင်ပြေကြပါစေခင်ဗျာ။

ခင်မင်စွာဖြင့်
AH

blackroze said...

စိတ်ဓါတ်မကျပါနဲ့လေ
ပြန်ပြီးကြိုးစားကြစမ်းပါ
အမနဲ့ကိုရင်ရဲ့

အမမဒိုးကန်ကတော့
တော်သကွာ...
သေချာမှတ်သားသွားကြောင်းပါ...
အခုလိုပညာတွေဆိုတာ
သေချာမှတ်သားထား၇တယ်
ဒါမှအရေးကြုံတော့သက်လုံကောင်းတာ
ဟီးးဟီးးး

SHWE ZIN U said...

ညီမ မဒိုးကန် နဲ့ မောင်လေး ကိုရင် ရေ

ပိုစ့် လေး နှစ်ခု ကိုဖတ်လိုက်မိတဲ့ အတွက်.. အခြေအနေ ကို သဘောပေါက် လိုက်တယ်..
အကောင်းဆုံး တွေးပြီး အဆင်အပြေဆုံး နေနိုင် တဲ့ မောင်ငယ်ညီမငယ် တို့ အတွက် ဂုဏ်ယူပါတယ်

မမြဲတဲ့ တရားသာ အမြဲဆုံးပါ ... မကြာခင် မှာ အလှဆုံး ပန်းပွင်လေး များ ပွင့်လန်း လာနိုင် ပါစေလို့ ဆုတောင်းပေး ပါတယ် နော်

ချစ်တဲ့ အမကြီး
ရွှေစင်ဦး
.

ညိမ်းနိုင် said...

ကောင်းအိ...ဒိုးကန်....ကောင်းအိ...၊နောက်တစ်ခေါက်ဆို
မာစီဒီးကြီး ချဉ်ချင်းတပ်ပလိုက်ဗျာ...၊ဒါမှ ကိုရင်ခေါင်းမွေး
ပြောင်တွားမှာ....၊ခုတောင် အတော်ပြောင်နေလောက်ဘီ...........:P

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အမွှာပြူးလေးမွေးပါစေဗျာ ဟဲဟဲ

Han Kyi said...

မြတ်စွာဘုရား...ဒီိပို့စ်ကို အိမ်ရှင်မ မမြင်အောင်ဖတ်မှပဲဖြစ်မယ်...တော်ကြာ မဒိုးကန်လမ်းစဉ်လိုက်ပြီး ပန်းသီးစားချင်တယ်၊ အိုင်ပက်ချင်တယ်လုပ်နေမှဖြင့် ခက်ရချေရဲ့...

ကိုရင် ဒီတစ်ခါဆိုရင်တော့ မဒိုးကန်အဲဒီလို အဲဒီလိုခုန်မယ်ပြောရင် ခုန်ပေါ့ နာလည်း တိုင်ကို ခေါင်းနဲ့ပြေးပြေးဆောင့်မယ်လို့သာ ပြန်ပြီးကိုင်ပေတော့...

အောင်မလေးနော်...ကလေးယူဖို့တောင် ကြောက်လာပြီ အနိုင်ကျင့်ခံရမယ့်ကိန်းက သေချာနေပြီကိုး...

Anonymous said...

ဒို့ ကိုရင်နဲ့ ဒို့ အမတို့ က..အကုန်ရေးတယ်ဗျာ..သားလည်းရေးချင်တာ..မိန်းမလည်းမရှိဘူး..မ၇ှိဘဲ နဲ့ ချဉ်ချင်းတက်တာ..ရေးမ၇ဘူး ထင်တယ်နော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်မကောင်းချင်းတစ်ဝက်
ရယ်ချင်တစ်ဝက်နဲ့ ဖတ်သွားပါတယ်.
မဒိုးကန်လူလည်ကျပုံက ချစ်စရာလေးပါ..
သဘောကျမိတော့တယ်.. သူ့ချဉ်ချင်းကို...
သားသမီးရတနာဆိုတာ တကယ်ထိုက်ရင် ရလာမှာပါ.. အချိန်တွေ ရှိပါသေးတယ်..
ဖြစ်တာတဲ့ အကြောင်းတရားတွေကို နားလည်လက်ခံပြီး စိတ်ဖြေနိုင်တဲ့ ကိုရင်တို့ ၂ယောက်ကို ချီးကျူးပါတယ်..
၂ယောက်လုံး အစစ အဆင်ပြေပါစေနော်

တောက်ပကြယ်စင် said...

မဒမ်ရဲ့ ချဉ်ခြင်းတပ်ပုံက တစ်မျိုးချစ်စရာလေးပါပဲ။ ဇနီးမောင်နှံတို့အကြား အပြန်အလှန်နားလည်မှုတွေ၊ ကြင်နာမှုတွေ၊ ချစ်ခင်မှုတွေ မြင်ယောင်နေမိပါရဲ့။ ဒီကြင်နာမှုတွေ၊ ချစ်ခင်မှုတွေနဲ့ပဲ ရှေ့ဆက်ပြီး ဘ၀ခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေကွယ်...
(မဒိုးတို့ သားလေးကြီးလာရင် ဘုန်းဘုန်းတောက်က ကိုရင်ဝတ်ပေးမယ်နော်...)

camomilla said...

ဒီဆိုဒ်လေးကိုအချိန်ရရင်ရသလိုလာလည်ဖြစ်ပေမယ့် တစ်ခါမှမမန့်ဖူးဘူး
တလောကဘဲ မဒမ်လူဥလေးဥနေတယ်ဆိုလို့ဝမ်းသာနေတာ
ခုတော့စိတ်တောင်မကောင်းဘူး
ဒါပေမယ့်လဲပျော်ပျော်နေတတ်ပြီး သင်္ခါရတရားကိုလက်ကိုင်ထားတဲ့ နှစ်ယောက်စလုံးရဲ့စိတ်ဓာတ်ကိုအရမ်းလေးစားမိတယ်
ခင်မင်တဲ့ မိုး

မေသိမ့်သိမ့် ကျော် said...

မျှော်လင့်ချက်နဲ့ ရှေ့ဆက်ပြီး ပျော်ပျော်နေတတ်တဲ့ ဇနီးမောင်နှံကို အားကျမိတယ်။ ချစ်ခြင်း ၊ ကြင်နာခြင်းများ ထာဝရရှိပါစေလို့....

mstint said...

မဒိုးရေ အသက်ငယ်ပါသေးတယ်ကွယ်။
ဘဝဆိုတာ အဆင်မပြေမှုတွေကြုံရတတ်စမြဲလေ။
တစ်ဦးအပေါ်တစ်ဦး နားလည်မှုလေးတွေနဲ့ ချစ်ခင် ကြင်နာ မြတ်နိုးခြင်းဟာ ပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်တည်လာဘို့ အခြေခံအုတ်မြစ်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုတူး said...

အဟဟ .. မိုက်တယ်ဟေးး

...အလင်းစက်များ said...

ဘယ့်နှယ့် ခုချိန်ကျမှ ကြိုးခုန်ဖို့ တုန်း....... ဟဟ ဖြစ်ရမယ် ကိုရင်နဲ့  မဒိုးကန် တို့ ကတော့ ဟဟ။

Related Posts Plugin for WordPress, Blogger...