Friday, November 11, 2011

ကောင်းကင်နဲ့ ပင်လယ်


အရာအားလုံးနီးပါး ဆုံးရှုံးသွားပြီးနောက် (သို့မဟုတ်) အရာအားလုံးထံမှ လွတ်မြောက်သွားပြီးနောက် ကျွန်တော့်ထံမှာကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသောအရာ(တနည်း)တစ်ခုတည်းသော သက်ရှိက သူမ..။ လက်- ဖ၀ါးတွေကို ခပ်တင်းတင်းတင်းဆုပ်လို့ နှုတ်ကလည်း တဖွဖွပြောလို့..“ကျွန်မ အားတင်းထားပါတယ်.မောင်” တဲ့..။

“ကမ္ဘာမြေတောင်
ရာသီကပ်ဆိုးတွေကို ကျော်ဖြတ်ခဲ့ပြီပဲ
မိုးက အနောက်တောင်လေ အပြိုင်းပြိုင်းနဲ့
လယ်ကွက်တွေကို ဆွဲလှန်သွားတာတောင်
မြက်ရိုင်း တစ်ပင်က ရှင်သန်နေတုန်းပါပဲ
သေရမှာ မကြောက်မှတော့
မိုးကြိုးနဲ့ပေါက်လည်း ဘာမှမဖြစ်ဘူး
ပေပေတေတေကောင် ဆိုတာ ဒုက္ခတွေထဲလည်း
နေနိုင်တဲ့သူပဲလေ ။”
(နတ်ဆိုး)

ဒဏ်ရာအထပ်ထပ်ကို သူမလက်တွေနဲ့ သန့်စင်ဖယ်ရှားပြီးနောက် အဆုံးမရှိသော ခွင့်လွှတ်ခြင်းတွေနဲ့ သူမ ကျွန်တော့ကို နောက်တစ်ကြိမ် အသက်သွင်းပြန်တယ်။သူမထံမှ ရှိသမျှသော ခွန်အားတွေ စုစည်းလို့ ကျွန်တော့်ကို လမ်းလျှောက်သင်ပေးပြန်တယ်။ “မလဲကျလိုက်ပါနဲ့ မောင်ရယ်..ကျွန်မအတွက် မလဲကျလိုက် ပါနဲ့အုံး..ကျွန်မ မောင့်ကိုကြည့်ပြီး အသက်ရှင်နေတာပါ..”

“ဥပေက္ခာ ထားတယ်လို့ မဆိုရက်ပါဘူး
မကြင်နာလေက မင်းပျော်မယ်ထင်သမျှ
နွမ်းနေတဲ့နှလုံး .ပြုံးနေမယ့် မျက်နှာနဲ့
ဝိဥာဉ်ကို ခွာ  အသက်ကိုပေးလို့
လက်ဆောင်ရယ်တဲ့မှ  ပဏ္ဌာတော်ဆက်ပါ့မယ်
ရင်ကိုခွဲ အသည်းကို ဆွဲသာနှုတ်သွားပါတော့”
(မဒမ်ကိုး)

“မောင်သိရဲ့လား..ဒီအကြောင်းတွေ ကြားတဲ့နေ့ကကျွန်မလေ..ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်ဖို့ပါ မသိ- စိတ်က အဆင်သင့်ဖြစ်နေမိတယ်မောင်..၊ဒါပေမဲ့ ကျွန်မချစ်တဲ့ မောင့်ကို ဒဏ်ရာတွေအထပ်ထပ်နဲ့ ထားခဲ့ဖို့ ကျွန်မစိတ်တွေက ခွင့်မပြုခဲ့ဘူးပါဘူး..ကျွန်မမှာ ဘာအပြစ်ရှိခဲ့လို့လဲ မောင်ရယ်”..တဲ့။အတိတ်ဆိုးကို သူမ ပြန်မြင်ရတဲ့ အချိန်တွေမှာ ရင်ခွင်ထဲဝင်လို့ တိုးတိုးလေး ညည်းတယ်။“အရာအားလုံးထက် ကျွန်မ မောင့်ကိုပဲ ယုံကြည်ခဲ့တာပါမောင်..ကျွန်မ မောင့်ကိုပဲ ကိုးကွယ်ခဲ့မိတာ အပြစ်ဖြစ်ခဲ့လား မောင်ရယ်”...

“အသက်ရှုခွင့် တဒင်္ဂလေးမှာ
အေးငြိမ်းမှုကို တက်မက်နေသူပါ
မုဒိတာပန်းတွေစိုက်ပျိုး မေတ္တာမိုးရေစက်တွေဖျန်းပက်
ဥပေက္ခာစည်းရိုးတွေ အထပ်ထပ်ကာ
အာဃာတရေဆိုးတွေ သွန်ပစ်ဖို့ကြိုးစားခဲ့ပါတယ်.
ကျွန်မမှာ ဘာအပြစ်ရှိခဲ့လို့လဲမောင်”
(မဒမ်ကိုး)

ဘယ်ဘက်ရင်အုံပေါ်က နွေးကနဲအထိအတွေ့ကြောင့် သူမျက်ရည်တွေ ပေါက်ကျနေမှန်း သိနေရက်နဲ့ လက် အစုံက သုတ်ပေးဖို့ ရှက်ရွံနေမိတယ်။ဘာပြောရမလဲ..ဘယ်လိုစကားနဲ့ နှစ်သိမ့်မှု ပေးရမလဲ.။စကားလုံးတွေ မရှိနေခဲ့သလို ဘယ်အရာနဲ့များ ကြေအေးအောင် လုပ်နိုင်မှာတဲ့တုန်း...

“ကောင်းကင်က တိမ်တွေပြိုပြန်ပြီ..
မိုးခြိမ်းသံတွေကြားမှာ
အသက်ရှုဖို့တောင် ထိတ်လန့်နေမိတယ်
တကယ်တော့...ငါဟာ
ခွင့်လွှတ်ခြင်းတွေနဲ့ မထိုက်တန်ခဲ့တဲ့ သိုးမည်းတစ်ကောင်ပါ အိန်ဂျယ်”

ကျွန်တော် သူမရဲ့ မေတ္တာတွေကြားမှာ ကြီးမားတဲ့ ခွင့်လွှတ်နိင်ခြင်း ထုထည်တွေကြားထဲမှာ တဖြည်းဖြည်းနဲ့ အသားကျလာခဲ့တယ်။“နောက်ထပ် သူမကို မနာကျင်စေရတော့ဘူး”ဆိုတဲ့အသိက သွေးသားထဲမှာ အဆိပ် -တွေပျံ့ နှံ့သွားသလိုမျိုး တစ်စိမ့်စိမ့်စီးဆင်းအောင် သူမက ကျွန်တော့်ကို သင်ပေးခဲ့တယ်..။

“ကျွန်မ သိပ်စိတ်ချမ်းသာတာပဲ..မောင်၊ဒီလိုအချိန်တွေ ရောက်လာဖို့ ဘယ်လောက်ထိ ပင်ပန်းဆင်းရဲ ခံခဲ့ရ လဲဆိုတာ ကျွန်မပြန်မတွေးချင်တော့လောက်အောင် မုန်းမိပါတယ်..စကားတစ်ခွန်းတော့ အမှန်ဆိုပေးပါ လားကွယ်.ကျွန်မကို တကယ်ချစ်သွားပြီလား မောင်”.တဲ့၊အချိန်ရတိုင်း သူမ ကျွန်တော့်ကို သူမမေးတတ်တဲ့ စကားတစ်ခွန်း..သူမကို ရင်ခွင်ထဲထည့်ပြီး ခပ်တင်းတင်းဖက်လို့ နဖူးကိုဖွဖွနမ်းတိုင်း “မောင့်ဆီက အဲလို အပြုအမူတွေရလိုက်တိုင်း ကျွန်မအတွက်တော့ ဟိုး..ပထမဆုံးနေ့ရက်တွေလို ရင်ခုန်မှုအပြည့် ပေးနေဆဲ ပါ..မောင်” ဆိုပြီး ရင်ခွင်ထဲ တိုးဝင်ပြန်တယ်။

“မျက်စိတွေ စုံမှိတ်ပစ်လိုက်တယ်
စိတ်ကို ၀င်ရိုးစွန်းပေါ် ခဏချိတ်လိုက်တဲ့အခါ
ကောင်းကင် ပြတင်းပေါက်မှာ
ကဗျာတွေနဲ့ သူမ ရောက်လာတယ်
နှုတ်ခမ်းလှလှလေးနဲ့ အပြုံးတစ်ပွင့် . . . .
ဆံနွယ်ရှည်လေးတွေနဲ့အတူ
ချစ်စရာအပြုံးလေးတစ်ပွင့်
ကျွန်တော့်ရင်ဘတ်လေးထဲ လွင့်ဝဲ ကခုန်နေတယ်
ကျွန်တော့် မှော်ဝင်အရုပ်လေး သိပ်လှတာပဲဗျာ ။”
(နတ်ဆိုး)

“အချိန်တွေက တဖြည်းဖြည်း နည်းလာပြီ..မောင်၊ကျွန်မ မောင့်ရဲ့ ကိုယ်ပွားလေးတစ်ယောက် လိုချင်နေမိ တယ်၊မောင်နဲ့တူတဲ့ သိပ်ကို ဥာဏ်များတဲ့ သားလေးတစ်ယောက်လောက်ပေါ့ မောင်၊ကျွန်မ သူ့အဖေတုန်း ကလိုမျိုး သူ့သားကို ထိန်းကျောင်းချင်သေးတယ်..တဲ့”..သူမရဲ့ ခွင့်လွှတ်နိုင်စွမ်းအားတွေက ကျွန်တော့်ကို ကြက်သီးမွေးညှင်း ထစေတယ်။

“ကျွန်မ စိတ်တွေ ကိုယ်ခန္ဓာတွေ အရမ်းပင်ပန်းခဲ့ပြီးပြီ.. ပျော်ရွှင်စွာ ဖြတ်သန်းကြတော့စို့နော်.၊။
“မောင့်အတွက် ကျွန်မစပ်ထားတယ် ကဗျာလေး ရွတ်ပြမယ်..ကျွန်မ မောင့်ကို ချစ်တယ်...”

“ချစ်သူရယ်
မနှိပ်စက်ပါနဲ့
အိပ်စက်ရခက်ချည်ရဲ့
လမိုက်ညကြယ်တွေက
သရော်သယောင်ကိုယ်ကိုကြည့်
မင်းမရှိတာသိလို့လားကွယ်
သောကနဲ့ရင်းနှီးရာ
ဝေဒနာပုံရိပ် နှလုံးသားအဆိပ်တွေနဲ့
မြှားဒဏ်သင့်ပြီး.
ကြေကွဲနေရသူပါ 
မယုံရင်..ရင်ကိုသာခွဲကြည့်ပါတော့
ကိုယ့်ရဲ့တရေးနိုးနှလုံးသားကတောင်
မင်းနာမည်ရွတ်ပြလိမ့်မယ်...။ ။”

ကျွန်တော် သူမ လက်တွေကို ခပ်တင်းတင်းလေး ဆုပ်ထားမိတယ်။“ကြည့်စမ်းပါအုံး..ဆည်းဆာချိန်ကတော့ အရင်ကအတိုင်း လှပလို့လေ....”

(((..ပြီးပါပြီ..)))
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊


လေးစားစွာဖြင့်
ကိုရင်
00:10(GMT)

10 comments:

TZH1985 said...

ကမ္ဘာမြေပြင်ရဲ့ မာယာပင်လယ်ကို ပျော်ရွှင်စွာနဲ့ မိသားစု ကူးခတ်နိုင်ပါစေ... ၁၁.၁၁.၁၁

သူကြီးမင်း (တုံးဖလား) said...

လူပျိုကြီး အပျိုကြီးတွေကို အတော်လေး အားကျအောင် ရေးတတ်ပါ့ ကိုရင်။

စာအရေးအသားအတိုင်း အမြဲတမ်း အချင်းချင်း ချစ်ခင်ကြင်နာနိုင်ကြပါစေဗျာ။

ခင်မင်လျှက်

လွင်ပြင်လှိုင်းငယ် said...

သားလေးတဲ့
မဒမ်လွင်ပြင် သမီးလေးမွေးလိုက်
ဒါဆို အမျိုးတော်လို့ရပြီ
ဟီး

Anonymous said...

ဒို့ မရေ..နေကောင်းအောင်ကြိုးစာနော်..ဘာပဲဖြစ်ဖြစ်..အားတင်းထားပါလို့ ပြောချင်တယ်..ကိုရင်ရေ...ဘာပဲဖြစ်ဖြစ်..ဒိုမ လေးကို ဂရုစိုက်ပါနော...

အမ်တီအန် said...

ပျော်ရွှင်ကြည်နူးဖွယ် မိသားစုဘ၀လေး အခုလို ပိုင်ဆိုင်ဖို့ စစ်မှန်တဲ့ မေတ္တာတွေနဲ့ပဲ ရဲရဲ ကျော်ဖြတ်ခဲ့ကြတယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။ ပျော်ရွှင်တဲ့ မိသားစုဘ၀လေး ထာဝရပိုင်ဆိုင်နိုင်ပါစေ...။

Anonymous said...

:P

Unknown said...

ပျော်ရွှင်တဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေ အကိုရေ... ကဗျာလေးတွေလည်း ကောင်းလိုက်တာ

ခင်လျက်
ဂျွန်မိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

သုံးယောက်ဖြစ်လာတော့မဲ့ မိသားစုလေး ထာဝရ ပျော်ရွှင်ပါစေ.
နားလည်မှု စာနာမှု ချစ်ခြင်းမေတ္တာများဖြင့် ခိုင်မာသော အိမ်ကလေးတစ်လုံး တည်ဆောက်နိုင်ပါစေ

mstint said...

နွေးထွေးတဲ့မိသားစုဘဝလေးကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေနော်။
အက်ဆေးလေးကကောင်းပါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီ

kokoseinygn said...

စာတွေဖတ်သွားတယ်ကိုရင်
ဝမ်းသာပါတယ်ဗျာ...
ကျနော့်ညီမ ကိုလဲ အထူးဂရုစိုက်ပါ။

Related Posts Plugin for WordPress, Blogger...