Saturday, October 15, 2011

လူကြုံ ပါးပါရစေ


မဒမ်ရေ..
သီတင်းတော့ ကျွတ်ပြန်ပြီ..ဒီနှစ် သီတင်းကျွတ်ကလည်း မနှစ်က သီတင်းကျွတ်လိုပါပဲ။ပိန်ကပ်ကပ်နဲ့ ကြည့်ရ အတော်ဆိုးတဲ့ သီတင်းကျွတ်ပဲ။လပြည့်နေ့ကတော့ အစောကြီးထပြီး ပြတင်းပေါက်ကနေ လကြီးကို ထိုင်ငေး ပစ်လိုက်တယ်။သူကတော့ ကျုပ် ငေးနေတာကို သိဟန်မတူပါဘူး။မဒမ်ရော ကျုပ်လိုပဲ ကောင်းကင်ကြီးကို ကြည့်ငေးနေမလား..ပို့သတဲ့မတ္တာတွေကြေင့်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့မလား သိချင်လိုက်တာ....။

မဒမ်ရေ..
ဒီနှစ်သီတင်းကျွတ်မှာ နည်းနည်း ထူးခြားပြီး မင်္ဂလာရှိတာကတော့ အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့ သတင်းပေါ့။ကြားရတာ တကယ့်ကို ၀မ်းသာစရာ။ဒီလောက်ဆို မဒမ်လည်း ကြားပြီးလောက်ရောပေါ့။ အင်း..ကျောင်းတော်ကြီးက လွတ်မြောက် လာခဲ့ကြတာဆိုတော့ ကာယကံရှင်တွေ၊သူတို့ရဲ့ မိသားစုဝင်တွေ  အတွက် ဘယ်လောက်များ မင်္ဂလာရှိလိုက်ပေမလဲကွယ်..။လွတ်သင့် လွတ်ထိုက်သူတွေ လွတ်လာ ကြတာကို ၀မ်းသာမိသလို မလွတ်သင့် မလွတ်ထိုက်တဲ့သူတွေ ပါလာမှာကိုတော့ ကျုပ်စိုးရိမ်မိတယ် မဒမ်..။ဒါကတော့ သူတို့တွေ ပိုသိကြပေမပေါ့...ဆရာချော ပြောသလိုဆိုရင်တော့ လမ်းချင်းဆုံလို့ လူချင်းတွေ့ကြတာပဲနေ မှာပါ.။

မဒမ်ရေ..
ပင်လယ်ပြင်ကြီးကတော့ ခန့်မှန်းရခက်တာ သဘာဝပေပဲလား..။မျက်လှည့်၊လက်လှည့်၊စက်လှည့်တို့ထက် ပိုပြီးခန့်မှန်းရခက်တာက နိုင်ငံရေးလှည့်ကွက်ပဲကွဲ့။အခု မုန်လာဥ တော်ကြာ ခရမ်းသီးလုပ်တာ မဟုတ်ရပါ ဘူး။ဒီစိတ်ကိုက ငါမပိုင်တာလေကွယ်။ခွင့်လွှတ်ပေးပါ..ခွင့်လွှတ်ပေးလိုက်ပါ...ကွက်ကြားရွာလည်း မေတ္တာမိုး ဆိုတာဟာ စွေကာင်းတဲ့အရာကွဲ့..ခေတ်ရဲ့ သဘောအရ ဆိုရင်တော့ အညာမှာမွေးလည်း ကျုပ်တို့ .. ရေကူး တတ်ဖို့လိုပြီ မဒမ်..။

မဒမ်ရေ.. 
ဒီနေ့ ပန်းခြောက်က မနက်ဖြန်ပန်းပင်ဖြစ်ဖို့.တဲ့။ဘယ်သူမှ ရေလောင်းပါင်းသင် မလုပ်လည်း နေပါ။ရှင်သန်မဲ့ ပန်းမန်တွေအတွက် တကယ်ဆို ရေမလိုပါဘူး မဒမ်..။ဒါပေမဲ့ သိထားရမှာက သာယာတဲ့ ပန်းခင်းဖြစ်ဖို့ဆိုရင် တစ်မျိုးတည်းသော ပန်းနဲ့တော့ ကျုပ်တို့ ဖန်တီးလို့ရမယ် မထင်ဘူးကွဲ့။ရှိရှိသမျှ အလှတွေ စုဝေးနေဖို့ လိုသေး သကွဲ့။ရွက်ခြောက်ဆိုတဲ့အမျိုးက လေသယ်ရာ ပါတတ်ပေမဲ့ အောင်မြင်တဲ့ အသီးခြောက်တွေ ဆိုရင်တော့ ဘယ်နေရာရောက်ရောက် ရောက်တဲ့အရပ်မှာ ပန်းတပင်ဖြစ်နိုင်စွမ်းတယ် မဟုတ်လား။တကယ်ဆိုရင် ကျုပ် တို့တွေက ရွက်ခြောက်တွေမှ မဟုတ်တာ..။ ဘ၀အတွက် သတ္တိရှိရမှာပေါ့.။လိုအပ်ရင် ပိတောက်လိုလည်း တကိုယ်တည်း ရပ်တည် ရဲရမယ်ကွဲ့..။ 

ဒါကတော့ ဒီလိုရှိတယ် မဒမ်ရဲ့..။မြွေမှန်တိုင်းလည်း တွင်းဝင်ဖြောင့်တာ မဟုတ်ပြန်တော့ အားလုံးကို ပုံသေ တွက်ဖို့တော့ ခက်တယ် မဟုတ်လား။အကောင်းဆုံးကတော့ ကျုပ်တို့ အစာလည်းစား လေးသံလည်း နားစွင့် တာဟာ ရေရှည်အတွက် အဆင်ပြေနိုင်တယ်ကွဲ့..။အရာရာကို စောဒကတက်ဖို့တော့ စောပါသေးတယ် မဒမ်။ ကျုပ်တို့တွေလည်း အချိန်ကောင်းလိုနေသေးသလို သူများကိုလည်း အချိန်ပေးသင့်တယ်မဟုတ်လား။ဒါမှ fair play ဖြစ်မှာပေါ့။ဟော..ဟော..ကျုပ် ဒီစာရေးနေရင်းနဲ့ ချိုးဖြူတစ်အုပ် ရွှေပြည်ကြီးရဲ့ အစွန်အဖျားတွေကို ပျံ သန်းသွားတဲ့အသံ ကြားလိုက်မိလားလို့...။ဒီရုပ်ရှင်ကားကြီးပြီးရင်တော့ ကျုပ်တို့တွေ ဗီလိန်မဖြစ်ဖို့ သတိထား ရမယ်ကွဲ့..နော့..။

မဒမ်ရေ..
အရှေ့ ဆီမှာတော့ ရောင်နီတွေ ၀ိုးတ၀ါး မြင်နေရပြီ။နေ့သစ်များ ရောက်တော့မလား ထင်စရာပဲ။သြော်.. ကျုပ်ပြန်လာဖို့လား..နီးနေပါပြီ။အကောင်းဘက်ကို ဦးတည်နေရင်  သိပ်လည်းအဆိုးမမြင်ပါနဲ့ မဒမ်။ကိုယ့်ကို -ကိုယ်လည်း ဂရုစိုက်။အမေ့ကိုလည်း ဂရုစိုက်။စစ်ကြီးပြီးတာနဲ့ ကျုပ်တန်းပြန်လာခဲ့မယ်..ဟုတ်ပလား...။ ။

ကိုရင်
00:01(GMT)

24 comments:

နွေတေးရှင် (မင်းဧရာ) said...

ကောင်းလိုက်တာ ကိုရင်ရာ.....
စာဖတ်သူကိုတွေးစရာ တွေကိုပေးသွားလိုက်တာ။

ပါးလိုက်တဲ့ လူကြုံ ကျွန်တော် အကုန်သယ်သွားတယ်။



(မင်းဧရာ)

မဒမ်ကိုး said...

စစ်ကြီးပြီးတာနဲ့ မြန်မြန်ပြန်လာပါ ..
ဒါပေမယ့် နောက်ကကြွက်မြီးတန်း အပိုဆုတွေတော့ အတူသယ်မလာခဲ့ပါနဲ့ ကိုရင်

စောင့်နေတဲ့

မယ်ဒိုး

သူကြီးမင်း (တုံးဖလား) said...

စစ်ကြီးပြီးမှ ဆိုရင် မဒန်ကတော့ ဘိုးဘွားရိပ်သာကနေ ထိုင်စောင့်ရမဲ့ ကိန်းဘဲ။း))

အဲလေ..သိပ်မကြာခင် ကိုရင်နဲ့ တွေ့ရတော့မဲ့ ပုံဘဲလို့။း))

ခင်မင်လျှက်

AH said...

သာယာတဲ့ ပန်းခင်းဖြစ်ဖို့ဆိုရင် တစ်မျိုးတည်းသော ပန်းနဲ့တော့ ကျုပ်တို့ ဖန်တီးလို့ရမယ် မထင်ဘူးကွဲ့။ရှိရှိသမျှ အလှတွေ စုဝေးနေဖို့ လိုသေး သကွဲ့။ရွက်ခြောက်ဆိုတဲ့အမျိုးက လေသယ်ရာ ပါတတ်ပေမဲ့ အောင်မြင်တဲ့ အသီးခြောက်တွေ ဆိုရင်တော့ ဘယ်နေရောက်ရောက် ရောက်တဲ့အရပ်မှာ ပန်းတပင်ဖြစ်နိုင်စွမ်းတယ် မဟုတ်လား။တကယ်ဆိုရင် ကျုပ် တို့တွေက ရွက်ခြောက်တွေမှ မဟုတ်တာ..။ ဘ၀အတွက် သတ္တိရှိရမှာပေါ့.။လိုအပ်ရင် ပိတောက်လိုလည်း တကိုယ်တည်း ရပ်တည် ရဲရမယ်ကွဲ့..။


ကြိုက်၏ ကိုရင်... :)

ညီရဲသစ် said...

မဒမ်ရေ...
ကျွန်တော်ကတော့ ဘာမှ ပြောစရာ မရှိပါဘူး...
စကားတွေ အများကြီး ပြောခဲ့တဲ့ ကိုရင့်ကိုသာ ရေတိုက်လိုက်ပါဦး..

ဟဲ... စတာပါ...
ကိုရင်ပြောတာလေးတွေ ကောင်းတယ်...
ဟုတ်တယ် ကိုရင် ရောင်နီတော့ မြင်နေရပြီ...
ဒါပေမယ့် ဝိုးတိုးဝါးတားနဲ့ မသဲကွဲသေးဘူး...
ဒါပေမယ့်လို့ အလင်းဆိုတာကတော့ အမှောင်ထဲမှာ အမြဲနေသားကျနေမှာ မဟုတ်ဘူးလို့ ထင်ရတာဘဲ ကိုရင်ရေ...

Sonata Cantata said...

ခေတ်ရဲ့ သဘောအရ ဆိုရင်တော့ အညာမှာမွေးလည်း ကျုပ်တို့ .. ရေကူး တတ်ဖို့လိုပြီ မဒမ်..။

ကြိုက်တယ်ကွာ...ဒီမှာ မြစ်ကြီးဘေးနေပြီး ရေမကူးတတ်လို့ သူများအနိုင်ခံနေရတာလို့ တွေးမိနေလို့...

Crystal said...

“အရှေ့ ဆီမှာတော့ ရောင်နီတွေ ၀ိုးတ၀ါး မြင်နေရပြီ”
လူလုံးကွဲအောင် မြင်ရတဲ့ ရောင်ခြည်ထွက်လာဖို့ မျှော်မိတယ် (လောဘကြီးတယ်ပဲ ပြောပြော) မဒမ်ရဲ့ ကိုရင်...။

Thameesan said...

ကိုရင်..
ကိုရင်ပြန်မယ်ဆိုရင်..အကြောင်းကြားပေးပါ
အိမ်အတွက်..ငပိထောင်းထည့်ပေးလိုက်ချင်လို့း)
ကိုရင့်အိမ်ပြန်ခရီး..သာယာဖြောင့်ဖြူးပါစေရှင်
ချစ်ခင်စွာဖြင့်

Cameron said...

စကားတော်တော်ပြောနိုင်တဲ့ ကိုရင်တို့ မောင်နှံကိုတော့ ချီးကျူးပါရဲ့....။

စံပယ်ချို said...

ကိုရင်တို့ကဒီအရေဒအသားတွေနဲ့
မဒိုးကန်ရဲ့အချစ်ကိုသိမ်းနိုင်ခဲ့တယ်ဆိုတာ
ယုံပါပြီရှင်....စစ်ကြီးပြီးပါ့မလားလို့
စိတ်ပူမိတဲ့ထဲမိဂျက်လဲပါတယ်ကိုရင်
စာရေးတာလဲမိဂျက်ကိုစောင်းနေသလိုပဲ
ပိန်ကပ်ကပ်နဲ့သီတင်းကျွတ်ဆိုတာ
မိဂျက်လေ...ကိုယ့်ထက်ပိန်တာတော့ဝါး
ဝါးခြမ်းပြားပဲရှိတာပါ...ဟင့်ဟင့်...
မဒိုးကန်ရေစစ်ကြီးပြီးတဲ့အထိမစောင့်နဲ့
ဂျက်နဲ့သာလာနေလိုက်တော့နော်..

A SHIN THU said...

အိမ်း....ကောင်းလေစွ...ကောင်းလေစွ..ပင်လယ်ပြင်ကြီးကတော့ ခန့်မှန်းရခက်တာ သဘာဝပေပဲလား..။မျက်လှည့်၊လက်လှည့်၊စက်လှည့်တို့ထက် ပိုပြီးခန့်မှန်းရခက်တာက နိုင်ငံရေးလှည့်ကွက်ပဲကွဲ့။အခု မုန်လာဥ တော်ကြာ ခရမ်းသီးလုပ်တာ မဟုတ်ရပါ ဘူး။ဒီစိတ်ကိုက ငါမပိုင်တာလေကွယ်။ခွင့်လွှတ်ပေးပါ..ခွင့်လွှတ်ပေးလိုက်ပါ...ကွက်ကြားရွာလည်း မေတ္တာမိုး ဆိုတာဟာ စွေကာင်းတဲ့အရာကွဲ့..ခေတ်ရဲ့ သဘောအရ ဆိုရင်တော့ အညာမှာမွေးလည်း ကျုပ်တို့ .. ရေကူး တတ်ဖို့လိုပြီ မဒမ်..။..တဲ့ မှန်တာပဗျာ။

တောက်ပကြယ်စင် said...

မဒမ်ရေ...
မဒမ့်ရဲ့ကိုရင်က စာအရေးအသား သိပ်ကို တော်တာပဲလားကွယ်။ တစ်ဝါကျဖတ်ပြီးတာနဲ့ ဆုံးသွားတဲ့အထိ စာဖတ်သူကို ဆွဲဆောင်နိုင်လွန်းလှပါရဲ့။ ရွှေပြည်ကြီးအတွက် လှပတဲ့ နေရောင်ဦးက စတင်ပေါ်ထွက်လို့ လာပြီ ထင်ပါရဲ့နော်...။

blackroze said...

ကိုရင်ရေ သေချာဖတ်သွားတယ်
စစ်ကြီးပြီးစေချင်ပါပြီ ကိုရင်ရယ်..
ချစ်သူကိုမြန်မြန်ပြန်လာစေချင်ပြီ..

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

ကိုရင်ပြန်ရင် အော်တန့်ကိုလဲ...
သံချောင်းခေါက်ပါအုန်း..
မေမေ့တွက်လူကြုံလေးပါးလိုက်ချင်လို့...

ချော(အစိမ်းရောင်လွင်ပြင်) said...

မဒမ်ရဲ့ကိုရင်က စာရေးကောင်းလိုက်တာ လွန်ရော
သုံးသွားတဲ့ စကားလုံးလေးတွေမိုက်တယ်
အင်း အညာကလူတွေ ရေကူးသင်နေကြလောက်ရောပေါ့။
အခြေအနေက မဟန်မှန်းသိနေကြလို့လေ
ချိုးဖြူတစ်အုပ် ပျံသွားတာကို မြင်လိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်။
သို့သော် ပြည်တွင်းကို မဝင်ဘဲ ကွေ့ပတ်ပြီး လမ်းကြောင်းပြောင်းသွားမှာ စိုးရိမ်မိသားနော်။
ကောင်းမြင်တတ်အောင်လည်း ကြိုးစားရဦးမယ်

ညိမ်းနိုင် said...

ကောင်းဘီကိုရင်....ကျုပ် နောက်လ အဲ့ကိုလာဖြစ်ရင် ဒီလူကြုံစကားတွေ မဒမ့်ဆီပါးပေးပါ့မယ်..၊ကျုပ်မယ်...
ကိုရင်နဲ့မဒမ်ကြွေးတဲ့ အမဲကြော်၊ဝက်သားကြော်တွေ တနင့်
တပိုး စားသောက်ထားတာရှိသေးသကိုး....၊ဒါနဲ့ ကိုရင်က
ဘယ်စစ်ပွဲမှာ ဝင်နွဲနေသတုန်း....ရေစစ်နဲ့ရေ စစ်တဲ့ ပွဲမှာ
လား..ကိုရင်ရဲ့.......:)))))

လွင်ပြင်လှိုင်းငယ် said...

အားပေးသွားပါ၏

SHWE ZIN U said...

ကိုရင် ရေ

ဘယ်စစ်ပွဲ ဝင်တိုက်မှာ တုန်း ကြိုပြောပါ ပန်းကုံးစွတ် ချင်လို့ပါ

ကြယ်ရောင်မှတ်စု said...

ကိုရင်က လူကြုံပါးလိုက်တာ ဂွတ်တယ်ဗျို့ :) ဒါနဲ့စကားမစပ် စစ်တိုက်တယ်ဆိုတော့ ဘယ်ဟာကိုစစ်ပြီး တိုက်တာလဲဟင်.... :P

ခင်တဲ့(ဖိုးကြယ်)

ပဥာက် said...

အားကျလိုက်တာ

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ်အကိုရေ....လူကြုံပါးပုံလး.က......

အိမ်မက်စေရာ said...

စကားလုံးတွေအများကြီးပါလို့ အကုန်နီးပါးသယ်သွားပါတယာ်...
ရေကူးလဲ သင်ရပါဦးမယ်..
ခင်တဲ့
အိမ်မက်..

San San Htun said...

ကိုရင် လူကြုံပါးတာကို မဒမ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ပါးပေးပါ့မယ်..စစ်ကြီးပြီးလို့  ပြန်လာတဲ့ ကိုရင်ကို ပန်းစည်းလက်ဆောင်နဲ့  ဂုဏ်ပြုကြိုပါ့မယ် ခင်ည...းP

mstint said...

ကိုရင်မှမဒမ်သို့ ပေးစာ (ရင်တွင်းစကားလေးတွေ) ဖတ်ရတာ ကြည်နူးစရာပါလား။ မြွေမှန်တိုင်းလည်း တွင်းဝင်မဖြောင့်ဘူးဆိုတာ မှန်မှမှန်ပါပဲ။
မဒိုးကမ်ရေ တီတင့်ကိုလာရောက် ကန်တော့တဲ့အတွက် ဒီမှာတင် ဆုပေးခဲ့ပြီနော်။
ရင်တွင်းဆန္ဒများအားလုံး ပြီးပြည့်ပါစေကွယ်။ မုန့်ဖိုးကိုတော့ ဟောပြောပွဲနေ့ကျရင်ပေးမယ် (တီတင့်ကို တွေ့အောင်ရှာနော်)
ကိုရင်နဲ့ မဒမ်တို့ နှစ်ဦးစလုံး စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်

မေတ္တာဖြင့်
အန်တီတင့်

Related Posts Plugin for WordPress, Blogger...