Friday, October 7, 2011

ဆီမီးရောင်စုံ ထိန်ထိန်ညီးလို့


“လူကြီးမိဘများကို ရိုသေကန်တော့မယ်..တော်သလင်း သီတင်းကျွတ်လအမီ..တူမောင်မယ် ကန်တော့ မည်.. တာဝတိံသာနန်းသို့ ပုံတူညီ..ဆီမီးရောင်စုံ ထွန်းကြပြီ..သင်းပျံ့ တဲ့ တူရာသီ...ထူးမြတ်တဲ့ မြင်းမိုရ် တောင်တော်မဟီ..မီးထွန်းပွဲတော် ပူဇော်မည်..လူတိုင်းစိတ်ရွှင်ကြည်..၀ါဆိုတော် ကင်းလွတ်ပြီ..”။

သီတင်းကျွတ်လ ရောက်ပြန်ပြီပေါ့..
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆိုအရတော့ မြတ်စွာဘုရားသခင်ဟာ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုသိတနတ်သားကို ၀ါတွင်း သုံးလပတ်လုံး အဘိဓမ္မာ ဒေသနာရေအေး တိုက်ကျွေးတော်မူပြီးလျှင် နာဂိန္ဒ ရာဇာ၊မြင်းမိုရ်ချာမှ သင်္ကဿနဂိုပြည်သို့ ရွှေ၊ငွေ၊ပတ္တမြားဟူသော စောင်းတန်း နတ်လမ်းသုံးသွယ်ဖြင့် နတ် ဗြဟ္မာအပေါင်း ခြံရံပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက်လာတဲ့ လထူးလမြတ်အဖြစ် သတ်မှတ်ယုံကြည်ကြ ပါတယ်။

မြန်မာသမိုင်းပုံဆိုတဲ့ စာအုပ်မှာတော့ “သန်တူ” လို့ အရင်က ခေါ်ခဲ့ကြတဲ့ သိတင်းကျွတ်လအကြောင်းကို အခုလို ဖွင့်ဆိုပါတယ်။မြန်မာနှစ်ရဲ့(၇)လမြောက် သန်တူ (သီတင်းကျွတ်)ဟာ စက်တင်ဘာနဲ့အောက်တိုဘာ လမှာ ကျရောက်ပါတယ်။“သန်”က စပါးပင်ကို ရည်ညွှန်းပြီး“တူ”ကိုတော့ ထူထပ်ပေါများတယ်လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။အဲဒိတော့ သီတင်းကျွတ်ဆိုတာ စပါးပင်တွေ ထူထပ်ပေါများစွာနဲ့ ထူထူထောင်ထောင် ဖြစ်လာ တဲ့လလို့ ဆိုပါတယ်။အဲဒီအတွက် ပျော်ပွဲရွှင်ပွဲတွေ ကျင်းပပေးကြတယ်ဆိုပြီး အဓိပ္ပါယ်ဖွင့်ထားပါတယ်။

အင်းဝခေတ် စာဆိုတော် ဖိုးသူတော်ဦးမင်းကတော့ သီတင်းကျွတ်လကို အခုလိုဖွင့်ဆိုခဲ့ပါတယ်။

ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာ
ကွန့်မြူးမြင်းမိုရ်မီး
ညီးတဲ့ခါချိန်။
ရှိဦးငယ်နှိမ်၊ သုံးကြိမ်ရိုပျောင်း။
သက္ကစ္စာ ဂါရ၀နှင့်
စဉ်အလာပူဇော်ပွဲကို
နွှဲကြပေတောင်း။

ဆိုပြီး ဖွင့်ဆိုခဲ့ပါတယ်။သီတင်းကျွတ်လကို ရောက်တာနဲ့ ကြာမျိုးငါးပါးတို့ လှိုင်လှိုင်ပွင့်ကြပြီ။“ရွှေနန်း တောင်တော်ဦးမှာ၊ကွန့်မြူး မြင်းမိုရ်မီး ညီးတဲ့ခါချိန်”ဆိုတာ သီတင်းကျွတ်လတွင် အင်းဝရွှေနန်းတော်ကြီး အနီး၌ မြင်းမိုရ်သဏ္ဌာန်ဆောက်လုပ်ထားသော တောင်ထိပ်ဦးမှာ မီးရှူးမီးတိုင်တို့သည် လှပတင့်တယ်စွာ ထွန်းညီးတောက်ပကြသည်ဟု ဆိုလိုပါသည်။

ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဆိုထားသည်ဖြစ်စေ သီတင်းကျွတ်လဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် တော့ တကယ့်ကို ပျော်ပွဲရွှင်ပွဲတွေနဲ့ ပြည့်နှက်နေတဲ့ ထူးမြတ်တဲ့ရာသီတွေထဲက တစ်ခုပါ။ဟိုးအရင်ကတော့ အခုလရာသီရောက်ရင် ကြာမျိုးငါးပါး လှိုင်နေအောင် ပွင့်ကြတယ်လို့ စာတွေထဲမှာ ဖတ်ဖူးပါတယ်။အခုတော့ ရေ ရှိရမဲ့အချိန်ဆို ရေက မရှိ..မိုးရွာရမဲ့ အချိန်ဆိုရင် မိုးတွေက ခေါင်နဲ့ဆိုတော့ ကြာမျိုးငါးပါးလည်း ပွင့်ချင်မှ ပွင့်နိုင်ပါတော့မယ်။

နှစ်စဉ်နှစ်တိုင်း ဒီလိုအချန်ကို ရောက်လာပြီဆိုရင် ကျွန်တော်တို့ ရွာလေးနဲ့ အမေ့ကို လွမ်းလွမ်းဆွတ်ဆွတ် တမ်းတမိတယ်။ကျွန်တော်တို့ရွာလေးဟာ သီတင်းကျွတ်လရောက်ရင် တော်တော့်ကို ပျော်စရာကောင်းတဲ့ ရွာလေးပါ။ဒီလိုအချိန်ရောက်ရင် လပြည့်နေ့ မရောက်ခင်ကတည်းက အိမ်တိုင်းဟာ ရာသီစာမုန့်တွေ လပြ ည့်နေ့အမှီ လုပ်နိုင်ဖို့အတွက် အလုပ်တွေ ရှုပ်နေတဲ့အချိန်ပေါ့။စိမ်ထားတဲ့ဆန်တွေကို ကြိုပြီးကြိတ်ရတယ်။ ပြီးတော့ ဆန်နှစ်တွေကို နေလှမ်းရတယ်။ဆန်မှုန့် ကြိတ်ရတယ်ဆိုပါမှ ငယ်ငယ်က အဖြစ်တွေကို သတိရမိ တယ်။များသောအားဖြင့် ရွာတွေမှာက ဆန်မှုန့်ကြိတ်တဲ့စက် များများမရှိတတ်ကြပါဘူး။ကျွန်တော်တို့ ရွာမှာ တော့ အရင်တုန်းက ကျွန်တော်တို့ အဖွားအိမ်မှာရယ်၊ရွာထိပ်က ဦးအုံးမောင်ကြီးတို့ အိမ်မှာရယ် နှစ်လုံးပဲ ရှိပါတယ်။အဲဒီနှစ်လုံးကိုပဲ တစ်ရွာလုံး သုံးကြပါတယ်။မပျင်းမရိ လက်နဲ့လှည့်ပြီး ကျိတ်ကြတယ်။။

မုန့်ကြိတ်တဲ့ အချိန်ဆိုရင် ခြံထဲမှာ ကာလသမီးပျိုတွေ စုနေတတ်သလို ကာလသားတွေလည်း ရွာလုံးကျွတ် နီးပါး ရောက်နေတတ်လို့ ပွဲခင်းကြီးနဲ့တောင်တူပါတယ်။သူတို့ပိုးပန်းနေတဲ့ ကောင်မလေးတွေကို လပြည့်နေ့ မတိုင်မီ အဆင်ပြေအောင် ကြိုးစားကြဖို့အရေးနဲ့ အလုပ်တွေ ရှုပ်နေတတ်ကြပါတယ်။(ခုတော့ အဲဒီ ကြိတ်ဆုံ ကြီးလည်း မရှိတော့ပါဘူး။ကျွန်တော်တို့ ညီအစ်ကိုတွေရန်ဖြစ်တော့ တစ်ယောက်ကိုလည်း တစ်ယောက်က မလုပ်ရဲတာနဲ့ တုတ်တစ်ယောက်တစ်ချောင်းကိုင်ပြီး “မင်းခေါင်းကို ငါက ဟောဒီလို တီးချင်တာ”ဆိုပြီး ကြိတ်ဆုံကြီးကို တစ်ယောက် တစ်ချက်ရိုက်ကြတာ လေးချက်လောက် ရိုက်အပြီးမှာတော့ ကြိတ်ဆုံကြီး ဘ၀ ကူးပါတော့တယ်။-စကားချပ်)

ပြီးရင် နှစ်ရက် သုံးရက် နေလှန်းထားတဲ့ ဆန်မှုန့်တွေကို ထန်းလျက်ရည်နဲ့ သမအောင်နယ်ပြီး ကျွန်တော်တို့ ရွာအခေါ် မုန့်နီထုတ် ထုတ်ကြပါတယ်။ကျွန်တော်တို့ဘက်က မြို့ မှာတော့အဲဒီမုန့်ကို“အညာသားကျောကုန်း” ဆိုပြီး ခေါ်ပါတယ်။ဘာ့ကြောင်လဲဆိုတာတော့ သေချာမသိဘူး။နောက်ဆန်မုန့်အနှစ်ထဲကို သကြားရယ်၊ခြစ် ထားတဲ့ အုန်းသီးအမှုန့်တွေထည့်ပြီး မုန့်ဖြူထုတ်လည်းထုတ်ကြပါတယ်။အဲဒါကိုတော့ ကိုရင်တို့ဘက်ကမြို့ မှာ “မုန့်ခါးတောင်းကြိုက်” ဆိုပြီး ကပ်သီးကပ်သပ်ခေါ်ပြန်တယ်။မုန့်ကို ခါးတောင်းကြိုက်ဆိုရင်တော့ မုန့်ထဲမှာပါ တဲ့အနှစ်(ဌာပနာ)ကိုတော့ ဘယ်လိုခေါ်မလဲ မသိနိုင်ဘူး။အဲလိုမုန့်တွေအပြင် တခြားရိုးရာမုန့်တွေရော အိမ်တိုင်း အိမ်တိုင်း လုပ်ကြပါတယ်။လာတဲ့သူတိုင်းကိုလည်း ကျွေးပါတယ်။

နောက် သက်ကြိးရွယ်အိုတွေ ရှိတဲ့ အိမ်တိုင်းကိုလည်း ခေါ်တာ မခေါ်တာအပထား သီတင်းကျွတ်ပြီ ဆိုရင် တော့ သွားရောက်ကန်တော့ကြပါတယ်။အသက်ကြီးတဲ့သူ ရှိတဲ့ အိမ်တွေဆိုရင် မုန့်မျိုးစုံကို စားမကုန်အောင် ရရှိကြပါတယ်။ဟိုက လာကန်တော့၊ဒီက လာကန်တော့နဲ့ တောရွာတွေမှာ တွေ့ရတဲ့ ကြည်နူးစရာဓလေ့ တစ်ခုပါ။

သီတင်းကျွတ်လ ဆိုတာကိုတော့ ဘာမှန်းမသိခင် မူလတန်းကလေးဘ၀ထဲက ကျောင်းဆယ်ရက်ပိတ်တဲ့လ ဆိုပြီး နှစ်သက်ခဲ့တာ။ကျောင်းစဖွင့်ကတည်းက သီတင်းကျွတ်လရောက်ပါစေချည်း ထိုင်ဆုတောင်းခဲ့တဲ့ ကျောင်းသားတွေထဲမှာ ကိုရင်လည်းအပါအ၀င်ပေါ့။အဲဒီလရောက်ဖို့ မျှော်ရတဲ့ နောက်ထပ်အကြောင်းတစ်ခု ရှိသေးတယ်။သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့ဆို ရွာဦးကျောင်းဆရာတော်က သူငယ်တန်းကနေ နှစ်တန်း အထိ ကျောင်းသားကလေးတွေကို မုန့်စားပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ မြင်းစီးပြိုင်ပွဲ..အဲလို ပြိုင်ပွဲလေးတွေ နှစ်တိုင်း လုပ်ပေးတယ်။အဲဒီမှာ ကိုရင်တို့ညီအစ်ကိုတွေက မုန့်စားပြိုင်ပွဲကို မလွတ်တမ်းဝင်ပြိုင်နေကြ..ဆုမရရင် တောင် မုန့်အချောင်စားရတော့ မရှုံးတဲ့ ပြိုင်ပွဲတစ်ခုပါ။တော်တော့ကို ပျော်ပါတယ်။နောက် သူငယ်တန်း ကျောင်းသားဘ၀ကနေ နှစ်တန်းကျောင်းသားအရွယ်ထိ ဆရာတော်ကျင်းပပေးတဲ့ ပြိုင်ပွဲတွေထဲက မြင်းစီး ပြိုင်ပွဲမှာ သုံနှစ်ဆက် ချန်ပီယံက ကိုရင်ပါ။ကြွားတယ်တော့ မထင်ပါနဲ့..ကိုရင်က မြင်းစီးတာကို ငယ်ဘ၀ ကတည်းက အတော်ကျွမ်းကျင်ခဲ့တာပါ။

ကလေးအရွယ်က မြင်းစီးကျွမ်းတာ ဟုတ်ပမလားဆိုပီးတော့ သံသယမဖြစ်လိုက်ပါနဲ့..။ဆရာတော် ကျင်းပ ပေးတဲ့ ကိုရင်တို့ရဲ့ မြင်းစီးပြိုင်ပွဲက ဒီလိုပါ။ပြိုင်ပွဲဝင်မဲ့ ကျောင်းသားငယ်တွေရဲ့ အဖေတွေက အရင်ဆုံး မြင်းကို လုပ်ပေးရပါတယ်။အရင်ဦးဆုံး ၀ါးလုံး အဖြောင့်တစ်လုံးကို လေးပေလောက် ပိုင်းပြီး ၀ါးလုံးထိပ်မှာ ငှက်ပျောလက်ကို အင်္ဂလိပ်အက္ခရာ (Z)ပုံသဏ္ဍာန် လုပ်ပြီး တစ်ဖက်ကို ၀ါးလုံးခေါင်းထိပ်မှာ စွပ်လိုက်ပြီး ကြိုးနဲ့ သေချာချည်ရပါတယ်။ပြီးတော့ ကျန်တဲ့ငှက်ပျောလက်ထိပ်မှာ ပန်းတွေဘာတွေ ချည်လိုက်တဲ့အခါ ကိုရင်တို့ ပြိုင်ပွဲဝင်ဖို့ မြင်းကောင်းတစ်ကောင် ရရှိပါတယ်။ကိုရင်က ချန်ပီယံဆိုတော့ သူများတွေထက် သာရ အောင် ကိုယ့်မြင်းပိုလှပစေဖို့ ပြိုင်ကာနီးတိုင်း အိမ်က နွားရွှေနီကြီးရဲ့ လည်ပင်းက ခြူကုံးကို ဖြုတ်ပါတယ်။ ပြီးရင် ကိုယ့်လည်ပင်းမှာဆွဲပြီး ၀ါးလုံးမြင်းကို ပေါင်ကြားညှပ်ကာ ကျန်တဲ့ပြိုင်ပွဲဝင်တွေကို “တွေ့လား.. ဟေ့ကောင်တွေ၊ငါ့မြင်းက ခြူပါတယ်” ဆိုတဲ့အကြည့်နဲ့ ခပ်တည်တည် ကြည့်တတ်ပါသေးတယ်။တာ စလွှတ် ပြီဆိုတာနဲ့ ၀ါးလုံးကိုခွပြီး ဟိုးဘက်ထိပ်ကို အသေပြေးရပါတယ်။ပါးစပ်ကလည်း မြင်းခွာသံနဲ့ ခပ်ဆင်ဆင် အသံတူအောင် “တစ်ကလုတ်..တစ်ကလုတ်”ဆိုပြီး အော်ရ..လက်တစ်ဖက်ကလည်း တုတ်နဲ့ ၀ါလုံးကို “ဟဲ့မြင်း” ဆိုပြီး ဗြောင်းကနဲ ရိုက်ရနဲ့ အတော် အလုပ်ရှုပ်ပါတယ်။အဲဒီမြင်းစီးပွဲမှာ သုံနှစ်ဆက် ပြိုင်ဘက်မရှိ ချန်ပီယံဟာ ကိုရင်ပါ။ခုအချိန် ပြန်တွေးတော့ ပြုံးမိတယ်။တစ်ခါတစ်လေ စိတ်ညစ်ရင် အဲဒီလို ပြေးချင်စိတ် တွေတောင် ပေါက်နေသေးတယ်။ဒါကတော့ လူမသိတဲ့ လျှို့ ဝှက်ချက်ပေါ့...။

သီတင်းကျွတ်လဆန်း ၁၄ရက်နေ့ ရောက်ရင် ကျွန်တော်တို့ ရွာဘေးကချောင်းမှာ မီးမျောပွဲလေး ကျင်းပပါ တယ်။မီးမျှောပြီးတာနဲ့ တစ်လက်စတည်း မီးပုံးပျံလွှတ်ကြပါတယ်။မီးပုံးပျံလွှတ်ဖို့ မီးစာကိုလည်း ၀ါတွင်း ကတည်းက ဆရာတော်က သေသေချာချာရေနံနဲ့ စိမ်ထားပေးပြီး မီးပုံးပျံကိုလည်း အိတ်စိုက်ပြီး ၀ယ်ပါ တယ်။အဲဒီတစ်လုံးတည်းသော မီးပုံးပျံကို ၀ိုင်းအုံကြည့်ပြီး လွှတ်ကြတာပါ။တက်သွားတဲ့ မီးပုံးပျံကို တစ်ရွာလုံး ၀ိုင်းကြည့်ပြီး “ဒါကတော့ ဘယ်ရွာနားရောက်နေပြီကွ..”..“ဒါကတော့ ဘယ်ချောင်းပေါ် ဖြတ်နေတာ ဖြစ်မယ်”ဆိုပြီးလေထိုင်ပန်းကြတာကလည်း အမှတ်ရစရာတွေထဲက တစ်ခုပါပဲ။နှစ်စဉ်နှစ်တိုင်း ဆရာတော် က မီးပုံပျံထဲမှာ အင်္ကျီပိတ်စ၊မျက်နှာသုတ်ပ၀ါတွေ ထည့်ပေးတတ်ပြီး တွေ့တဲ့သူကို ဒီကနေ မေတ္တာပို့တတ် ပါသေးတယ်။

မှတ်မိပါသေးတယ်။ကျွန်တော်တို့ ၁၀တန်းကျောင်းသားဘ၀က မုန့်ဖိုးလေးတွေစုပြီး ကိုယ်ပိုင်မီးပုံပျံလွှတ်ဖူးပါ တယ်။မီးပုံပျံက မှိုင်းမ၀ခင်လွှတ်မိလို့ အဖွားတို့စပါးကျည်ပေါ်ကို ပြန်ကျပါတယ်။အပြောခံရမှာစိုးလို့ ညီအစ် -ကိုသုံးယောက် ကျိတ်ပြီး မီးကိုသဲနဲ့ ၀ိုင်းပက်ကြပေမဲ့ သက်ကယ်အမိုးဆိုတော့ အမိုးတစ်ဝက်လောက်ကို မီးလောင်သွားမှ “မီးဗျို့ ..မီး”လို့ သံကုန်ဝိုင်းအော်ကြပေမဲ့ အဘွားတို့ စပါးတွေကတော့ ပေါက်ပေါက် ဘ၀ကို လုံးဝ အသွင်ကူးသွားပါတယ်။ကျွန်တော်တို့ ညီအစ်ကိုတွေလည်း လူကြီးအိမ်ခေါ်ပြီး သတိပေးခြင်း ခံခဲ့ရပါ တယ်။ သီတင်းကျွတ် အမှတ်တရတွေက များမှ များပေပဲ။

လပြည့်နေ့ ကျောင်းမှာ ရွာနီးချုပ်စပ်ကလူတွေ သီလယူကြရင် ကျွန်တော်တို့ညီအစ်ကိုတွေအဖွဲ့က ပင်တိုင် ကန်တော့ပွဲ သိမ်းပေးတဲ့ အလုပ်ကိုလုပ်ပါတယ်။တကယ့် ကုသိုလ်လည်းရ ၀မ်းလည်းဝတဲ့ အလုပ်ပါ။ဗိုက်မ၀ မချင်း ညီအစ်ကိုတစ်တွေ ကျက်သရေခန်းထဲကကို မထွက်တော့တာ။ကန်တော့ပွဲထဲပါတဲ့ ကောင်းပေ့ဆိုတဲ့ မုန့်တွေကို ဆရာတော်တွေ အရင် တနင့်တပိုးခိုးတီးခဲ့ကြတာ..တစ်ခါတစ်လေ အောက်က သူငယ်ချင်းကိုပါ ပြတင်းပေါက်ကနေ ပစ်ချပေးသေး..ငရဲမှာလည်း ဒီလူတွေ တညီတညွတ်တည်း အတူတူကျအုံးမှာ မြင်တော့ မကြောက်ပဲ ရယ်ချင်မိတယ်။

သြော်.. ဒီအရပ်ဒီဇာတ်နဲ့ ဝေးခဲ့တာ ကြာပြီပေါ့။ဒီလိုရာသီရောက်တိုင်း သူတို့တွေတော့“ဘာလုပ်နေကြ လောက်ပြီ..”ဒီအချိန်ဆို အမေက “မုန့်ကို ဘယ်လို ထုပ်နေမှာ”ဆိုပြီး တွေးရင်း စိတ်ဖြေရတယ်။ အဖေရော ဘုန်းကြီးကျောင်းမှာ ဥပုဂ်စောင့်ဖို့ ပြင်နေပြီလား၊ဆရာတော်ကျင်းပပေးတဲ့ မြင်းစီးပြိုင်ပွဲမှာရော ဒီနှစ် ဘယ်သူဗိုလ်စွဲမှာလဲ..ငါ့စံချိန်ကို ဘယ်သူချိုးမလဲ တွေးရင်းပြုံးရင်း လွမ်းမိတယ်။

ရွာက ညီမလေးရော သူလည်း ဒီအချိန်ဆို ကာလသမီးဆိုတော့ ဘယ်အကောင်က လာလာကပ်နေသည် မသိနိုင်တော့..အလှည့်ကျတော့လည်း မနွဲ့ကြစတမ်းပေါ့။ညနေက ဖုံးဆက်တော့ အကိုကြီးက“သတိရတယ် အလတ်ကောင်ရေ.မနက်ဖြန် ကန်တော့ပွဲတွေ သိမ်းပြီကွ...”တဲ့..အမေကတော့ “ပြန်မလာ သေးဘူးလား သားလတ်”တဲ့ ဆွေးဆွေး မြေ့မြေ့ဆိုတယ်။ညီအငယ်ကောင်ကိုတော့ “ဒီနှစ်..ဟိုကောင်မလေးကို အပီချိတ် နော်..ငါ့ညီ”လို့ အားပေးရင်း ညီမငယ်လေးကိုတော့ “နင်...အိမ်ပေါ်က အိမ်အောက်ကို ဆင်းစရာမလိုဘူး၊ လိုအပ်တာကို နင့်အကိုတွေကို လုပ်ခိုင်း” လို့ အသာကျိတ်ကြီး မှာနေရသေးတယ်။

”သြော်..သီတင်းကျွတ်၊သီတင်းကျွတ်..ရောက်လာပြန်ပြီကိုး..နောက်နှစ်တော့အခုလို လွမ်းစရာမလိုလောက် ပါဘူး” လို့ တွေးမိတော့ မနှစ်ကလည်း အခုလိုပဲ တွေးမိခဲ့တာကို သတိရသား။

ကဲ..
ကျွန်တော် ဒီပိုစ့်နဲ့ပဲ...ရွာဦးကျောင်း ဆရာတော်ကိုလည်း ကန်တော့ပါတယ်။ 
ကျွန်တော် ဒီပိုစ့်နဲ့ပဲ...အဖေနဲ့အမေကို ကန်တော့ပါတယ်။
ကျွန်တော် ဒီပိုစ့်နဲ့ပဲ...မဒမ်ရဲ့မိဘတွေကို ကန်တော့ပါတယ်။
ကျွန်တော် ဒီပိုစ့်နဲ့ပဲ...ဆရာသမားတွေကို ကန်တော့ပါတယ်။
ကျွန်တော် ဒီပိုစ့်နဲ့ပဲ...ခင်ပွန်းကြီး ဆယ်ပါးကို ကန်တော့ပါတယ်။
ကျွန်တော် ဒီပိုစ့်နဲ့ပဲ...ဘလော့ဂါ ဘုန်းတော်ကြီးများကို ကန်တော့ပါတယ်။
ကျွန်တော် ဒီပိုစ့်နဲ့ပဲ..ဆရာဦးဟန်ကြည်တို့၊မနိုင်းနိုင်းစနေတို့၊ မရွှေစင်ဦးတို့နဲ့တကွ လေးစားရသော ဘလော့ -ဂါ အကိုအမများကို ကန်တော့ပါတယ်။
ကျွန်တော် ဒီပိုစ့်နဲ့ပဲ...ကျွန်တော့်ထက် အသက်တစ်ရက် တစ်နှစ်ကြီးတဲ့ မည်သူ့ကိုမဆို မှားခဲ့တာတွေ နောက်ပြောင်မိခဲ့တာတွေအတွက် မကြေနိုင်ပေမဲ့ ဦးညွှတ်တောင်းပန်ပါတယ်ခင်ဗျား။

အားလုံးပဲ အေးချမ်းကြပါစေ..
လေးစားစွာဖြင့်
ကိုရင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အပေါ်ဆုံးအပိုဒ်က စာသားတွေကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၇၀)ကျော်က အဆိုတော်ကြီး ဒေါ်မေသန်း သီဆိုခဲ့တဲ့ “ဆီမီးပွဲတော်” ဆိုတဲ့ သီချင်းထဲက ထုတ်ယူပြီး မြန်မာ့သမိုင်းပုံ စာအုပ်အကြောင်းကိုတော့ တောင်ကြီးချယ်ရီမြေမှ မှီငြမ်းပါတယ်ခင်ဗျား။

28 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ညီအငယ်ကောင်ကိုတော့ “ဒီနှစ်..ဟိုကောင်မလေးကို အပီချိတ် နော်..ငါ့ညီ”လို့ အားပေးရင်း ညီမငယ်လေးကိုတော့ “နင်...အိမ်ပေါ်က အိမ်အောက်ကို ဆင်းစရာမလိုဘူး၊ လိုအပ်တာကို နင့်အကိုတွေကို လုပ်ခိုင်း” လို့ အသာကျိတ်ကြီး မှာနေရသေးတယ်။

ကိုရင် တော်တော်လေး တရားမျှတတယ်။ သူများနှမကိုတော့ အပိုင်ယူထားပြီး သူ့နှမကျ အောက်ဆင်းစရာ မလိုဘူးတဲ့။း))

ပျော်စရာ လွမ်းစရာ သီတင်းကျွတ်ပါဘဲဗျာ။

ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။

ခင်မင်လျှက်

ကိုရင် said...

:D

မဒမ်ကိုး said...

လူတွေများတရားကျဖို့ကောင်းတယ်
သူ့နှမကျတော့တိုတက်နေတာပဲ ..
ငါ့ယောင်းမကခုလောက် ဆိုသူမရှိလို့ ဘယ်လောက်ပျော်နေမလဲမသိဘူး.
ဟိဟိ ဒိုးကန်တို့ကတော့ ကြော်ညာထားတယ်ကိုရင့်ညီမက ဖြူဖြူချောချောလေးလို့ ..
သီတင်းကျွတ်ကို သတိရပေမယ့် အကုန်အကျတော့တော်တော်များတယ် ကိုယ့်အောက်မှာ ကိုယ့်ကိုပြန်ကန်တော့မယ့်လူမရှိသေးလို့

ညီရဲသစ် said...

သြော... သူ့ ညီမကျ သိတတ်လိုက်တာ...
မဒိုးကမ်ရေ... ကိုရင့် ညီမက တကယ် ဖြူဖြူချောချောလေးလား...
စတာနော် ကိုရင် စိတ်မဆိုးနဲ့ ...
သြော်... သီတင်းကျွတ်... သီတင်းကျွတ် မသိလိုက် မသိဘာသာ ကျော်သွားတာ ဘယ်နှနှစ်ရှိပြီလဲ...
ကိုရင် သတိပေးမှ သတိထားမိတော့တယ်...
ဒီတစ်နှစ်လဲ ဝေးပြန်ပြန်ပေါ့ သီတင်းကျွတ်ရေ...

AH said...

လွမ်းစရာကြီးပါလားဗျာ...... သီတင်းမကျွန်နိုင်တာ ဘယ်နှစ်နှစ် ရှိပြီလဲတောင်မသိဘူး..... :(
သြော်... ဒါနဲ့ စကားမစပ် အရင်တုန်းက စီဘောက်မှာ ကိုရင် ကြက်ကြီးစီးစီးပြီး ဘာကြောင့် ၀င်ဝင် လာရတယ်ဆိုတာ ခုမှ သဘောပေါက်တော့တယ် :P.... ဟီး ဟီး

AH said...

လွမ်းစရာကြီးပါလားဗျာ...... သီတင်းမကျွန်နိုင်တာ ဘယ်နှစ်နှစ် ရှိပြီလဲတောင်မသိဘူး..... :(
သြော်... ဒါနဲ့ စကားမစပ် အရင်တုန်းက စီဘောက်မှာ ကိုရင် ကြက်ကြီးစီးစီးပြီး ဘာကြောင့် ၀င်ဝင် လာရတယ်ဆိုတာ ခုမှ သဘောပေါက်တော့တယ် :P.... ဟီး ဟီး

ကိုဇော် said...

အဲဒီ့မြင်းက ကျနော်တို့လည်း ငယ်ငယ်က စီးခဲ့တာပေါ့ဗျာ။ ငါပြေးသလောက် ငါမောတဲ့ မြင်းပဲ :D

အခုတော့ စီးမယ် ဆိုရင် မဒိုးကန် အဖော်ရှိနေပြီပဲ နှစ်ယောက် အတူတူ စီးလိုက်ပါလား စလုံးတခွင် ပြဲပြဲစင်အောင်လို့။

ကိုရင် said...

ဟုတ်တယ် အကိုရ..တစ်ခါတစ်လေ အခန့်မသင့်ရင် မြင်းကိုရိုက်တဲ့တုတ်က ကိုယ့်ခြေထောက်ကို လာလာရိုက်မိတာ..ဟီးဟီး

ဒါပေမဲ့ ကျွန်တော်က ၃နှစ်ဆက် စံချိန်တင်
ချန်ပီယံနော် :D

သမီးစံ said...

သမီးစံကလည်း ကိုရင်နဲ့အစ်မဒိုးကန်ကို
ဂါရ၀တရားရှေ့ထားကာ.ကန်တော့ပါတယ်ရှင့်...း))
“ကံသုံးပါး”ဖြင့်ပြစ်မှားကျူးလွန်ခဲ့မိသည်ရှိသော်
ခွင့်လွှတ်ပေးပါ။(ဦးသုံးကြိမ်ချ)
ချစ်ခင်လေးစားစွာဖြင့်

SHWE ZIN U said...

စောစောစီးစီး လာအကန်တော့ခံပါတယ်

သာဓု..သာဓု..သာဓု ပါ...
ဒီလင်ဒီမယား အဲ.. ဒီကိုရင် နဲ့ ဒီမဒမ် ချစ်ချစ်ခင်ခင် နဲ့ အိုမင်းတဲ့ အထိ ပေါင်းသင်း နိုင်ပါစေ..

နောက်ဆုံး အနေနဲ့ ပြောရရင် ကန်တော့ တဲ့ ပစ္စည်း များရဲ့လား

ခင်မင်စွာနဲ့
ရွှေစင်ဦး

mstint said...

ထူးခြားတဲ့ရာသီပွဲတော်လေးဖြစ်တဲ့ သီတင်းကျွတ်ပွဲတော် နဲ့ ငယ်စဉ်ဘဝအတွေ့အကြုံလေးအကြောင်း ဖတ်ရတာ ကြည်နူးစရာကောင်းတယ် ကိုရင်ရေ။ လက်ဖွဲ့က ဘယ်ကိုပို့ပေးရမယ်ဆိုတာ တီတင့်ကို ကြိုပြောနော် မဒိုးကမ်လေးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

လာရောက်အားပေးသွားပါ၏
လွင်ပြင်၏ ဘလော့လေးသို့လဲ လာရောက် အားပေး စေဖန် သင်ကြားပေးပါအုံး

sosegado said...

သီတင်းကျွတ်ပြီးရင် တန်ဆောင်မုန်း ကျနော်တို့ကတော့ ပြေးလွားတုန်းပါပဲ၊
သီတင်းကျွတ်ရင် လူကြီးမိဘ ဆရာသမားတွေကို သတိရတဲ့ မြန်မာမှုလေးကတော့ သဘောကျတယ်ဗျာ၊
ခင်တဲ့………

Angelhlaing(May everybody be happy and healthy! said...

အိမ်ကို လွမ်းတယ် မမနဲ့ ကို၇င်ရေ.... ဒီအချိန်ဆို ရှိတာမရှိတာ အပထား လူကြိးမိဘတွေကို ကန်တော့ဖို့ ပြင်ဆင်ကြတဲ့ အလေ့အထလေးက ချစ်စရာ ကြည်နူးစရာ မဟုတ်ပေဘူးလား.... ညီမလေးလည်း ဒီနေရာလေးကနေ သက်ဝါကြိးတဲ့ ဘလော့မောင်နှမတွေ အားလုံးကို ကန်တော့ပန်း ဆင်လျှက်ပါလို့...

jasmine(တောင်ကြီး) said...

အော်ကိုရင်...ကိုရင်..
သူ့ကျတော့သိတတ်လိုက်တာ

kokoseinygn said...

“ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလမုတ္တမံ”
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်
မြတ်သောမင်္ဂလာမည်ပါတယ်....
ညီမ မဒိုးကန်နဲ့ ကိုရင်တို့
စိတ်ေ၇ာကိုယ်ပါကျန်းမာချမ်းသာကြပါစေ။

မင်းဧရာ said...

အကိုကြီးနဲ့ အမကြီးကို လာပြီး ကန်တော့ပါတယ်
ပေး မုန့်ဖိုးးး)

လွမ်းသွားတယ် ကိုရင်ရာ
ပျော်ရွှင်စရာ ညတွေလည်း ဝေးခဲ့တာ ကြာပါပြီ။

blackroze said...

ဟုတ်တယ်နော်..ကိုရင်
သူများလည်းသီတင်းကျွတ်ဆိုရင်
ရန်ကုန်ကိုအရမ်းလွမ်းတယ်..
သူငယ်ချင်းတွေနဲ့ငယ်ငယ်ကဗျောက်အိုး
ဖေါက်ခဲ့တာလည်းသတိရမိတယ်..
သီတင်းကျွတ်ပွဲဈေးလျှောက်ခဲ့တာလည်း
သတိရမိတယ်...
အမျိုးတွေကိုလိုက်ကန်တော့ပြီး
မုန့်ဖိုး ဘတ်ဂျက်ရှာခဲ့တာလည်း
သတိရမိတယ်..
ကိုရင်ကသုံးနှစ်ဆက်ချန်ပီယံလား
ဟင်းဟင်းဟင်း
ဂျယ်ရီပစ်ပစ်ကလည်း ချန်ပီယံပါဘဲ
သီတင်းကျွတ်ဘယ်ကစားပွဲဖြစ်ဖြစ်
ဂျယ်ရီပစ်ပစ်ကနာမည်စာရင်းပေးပြီးသား..
ကိုရင်ရာတပွဲတလမ်းအကဲစမ်းလိုက်ချင်တာ
သုံးနှစ်ဆက်ချန်ပီယံကြီးနဲ့...

san htun said...

ကိုရင် လူလည်...ဒီမှာလည်း အီသီယိုးပီးယားတွေက New Year ပွဲတော်လုပ်လိုက်၊ တရုတ်တွေ Mid Year ပွဲတော် လုပ်လိုက်၊ အိန္ဒိယတွေက Navatritri ပွဲတော်လုပ်လိုက်၊ နီပေါတွေက Dashain ပွဲတော် လုပ်လိုက်နဲ့ ...သီတင်းကျွှတ်ပွဲတော်ကို ဘလော့တွေကနေပဲ ဆင်နွှဲနေရတယ်...

အလင်းသစ် said...

သီတင်းကျွတ်တော့မယ်နော်... ကိုယ်တွေလည်း ခုထိကို ဒုံရင်းက ဒုံရင်းပဲ။။ မထူးပါဘူးလေ လူတွေသတိမထားမိအောင် သက်ကြီးပူဇော်ပွဲ အတွက် အစီအစဉ်တွေ အသည်းသန်လုပ်နေ သလိုလို အလုပ်များနေလိုက်မယ်။။ဟီးးးးးးးးးး။။။

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မတို့ဆီမှာလည်း တစ်နှစ်လုံးမှာ သီတင်းကျွတ်ပွဲကို အပျော်ဆုံးပါဘဲ
သင်္ကြန်ကမှ သရုပ်ပျက်တွေ မြင်ရသေးတယ်
သီတင်းကျွတ်ကတော့ ရိုးရာအစဉ်အလာများစွာ ကျန်နေသေးတဲ့ ပွဲတစ်ခုဖြစ်နေတုန်းပါဘဲ
အနီးနားပတ်ဝန်းကျင်က ရွာတွေသွားပြီး ကျောင်းတက်ကြ ကန်တော့ကြ ထမင်းစားပြီးပြန်ကြနဲ့ အုန်းအုန်းကျက်ကျက် စည်ကားလှပါတယ်။
မောင်နှမတွေစုပြီး သီတင်းကျွတ်တိုင်း အဖေအမေနဲ့ အမျိုးတွေထဲက သက်ကြီးဝါကြီးတွေကို ကန်တော့တယ်။ ခုလည်း ကိုယ်တိုင် မရောက်နိုင်ပေမဲ့ အဝေးကနေ ကန်တော့ဖို့ မောင်နှတွေနဲ့ စီစဉ်နေရတယ်။ ပိုစ့်လေးဖတ်ရတော့ အမေနဲ့ ရွာကို တကယ်လွမ်းမိတယ်

˜º̶̶ƷʌuτuмиƸ̶º˜˜ said...

ကိုယ်တိုင်လာအားပေးသွားပါတယ်..
နောက်လဲလာလည်ပါရစေ...

sulay said...

ကာယစိတ္တ နှစ်ဖြာသောသုခအပေါင်းနဲ့ ပြည့်စုံပြီး၊ ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက်ပါစေသတည်း... ကန်တော့တဲ့အထဲမှာပါနေလို့ ဆုပေးလိုက်ပါတယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

8Yar said...

ဪ....
"စိတ်ညစ်ရင် အဲဒီလို ပြေးချင်စိတ် တွေတောင် ပေါက်နေသေးတယ်။"
ဆိုတာက အစ်မဒိုးကိုပြောချင်တာထင်တယ်။ အစ်မဒိုးရေ ဝါးလုံးတစ်ချောင်းဆောင်ထားပေတော့၊ အစ်ကိုရင်မြင်းစီးဖို့ မဟုတ်ဘူး။ ထွက်ပြေးရင် လှမ်းရိုက်ဖို့။ ခစ်ခစ်.... :P
မသိတာတွေ အများကြီးသိရလို့ ကျေးဇူးပါအစ်ကိုရင်။

မအိမ်သူ said...

ကိုယ့်ပြည်ကိုယ့်ရွာကိုတော့ ဘာလေးပဲဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်ရင် လွမ်းလိုက်ရတာချည့်ပါပဲ။ စကားမစပ် အညာသားကျောကုန်းတို့ မန်းမရွေးတို့ ကရေကယာတို့လို မုန့်တွေ စားချင်လိုက်တာ...

sonata-cantata said...

အမလည်း သီတင်းကျွတ်ဆို ပျော်တယ်။
ဒီရောက်တော့လည်း ဒီက Lantern Festival မှာ သားတို့ ကျောင်းက ရလာတဲ့ မီးပုံးလေးတွေကို သီတင်းကျွတ်လပြည့်နေ့ဆို အိမ်ရှေ့မှာ ခပ်တည်တည် ချိတ်တာပဲ။ အိမ်ရှေ့ က အများသုံး ၀ရန်တာမှာလည်း ဆီမီးတွေ တန်းစီထွန်းပြီး မြတ်စွာဘုရားကို ပူဇော်တယ်။ ဒီက လူတွေရဲ့ သို့လော သို့လော အကြည့်တွေတော့ ခံရတာပေါ့။ အမတို့ ငယ်ငယ်က လပြည့်ကျော်တရက်နေ့ ဆိုရင် အမေက အိမ်ရှိ ဘီဒို၊ လှေကား၊ ရေတိုင်ကီကစလို့ ကျောက်ပြင်ပါမကျန် ပစ္စည်းတွေမှာ ဆီမီးတိုင်လေးတွေ ထွန်းညှိစေတယ်။ ပါးစပ်ကလည်း ဒီလိုပြောရတယ်။ ဥပမာ..ကျောက်ပြင်စောင့်နတ်မင်းကြီး သမီးတော် ဆီမီးများ ဒါနပြုပါတယ်...မြတ်စွာဘုရားကို ဆီမီးဖြင့် ပူဇော်ပါ...လို့ပေါ့။ အဲ့ဒီ ရိုးရာအမွေကို သားတို့ကို လက်ဆင့်ကမ်းထားတယ်။ သူတို့လည်း အဲ့လိုလုပ်ရတာ ပျော်တယ်။ ဆီမီး မငြိမ်းမချင်း စောင့်ပြီးမှတော့ အိပ်ရတာပေါ့။ ကိုယ်တအိမ်တည်းလုပ်နေတာဆိုတော့ မီးရေးထင်းရေး ကိုယ့်တာဝန်လေ...း)

Han Kyi said...

အိမ်း...ကိုရင်ကဖြင့် သီတင်းကျွတ်ကိုလွမ်းနေ...ဒီမှာဖြင့် တိုင်းပြည်နဲ့ ဒေသက မအေးရတဲ့အထဲမှာ မျောက်လောင်းကလေး၊ မျောက်အိုကြီးများက ဗြောက်အိုးတွေ တထိုင်းထိုင်းဖောက်နေလို့ စိတ်ညစ်ပ...သုံးလောကထွတ်ထား ရှင်တော်ဘုရားကို တာဝတိံသာကနေ ပြန်ဆင်းလာချင်စိတ် ကုန်တော်မူအောင်များ တမင်လုပ်နေရော့သလား တွေးမိတယ်...သုံးနှစ်ဆက်တိုက် မြင်းစီးချံပလုံကြီးဆိုတော့လည်း လေးစားထိုက်သကိုး ကိုရင်ရဲ့...အနှီမြင်းက အစီးမတော်။ အရိုက်မတော်ရင် ကိုယ့်ကိုယ်ကို ပြန်ထိပြီး မချိမဆန့်ခံစားရမယ့် အရေးကပဲ...ကိုင်း သီတင်းကျွတ်ပြီဆိုတော့ အညာဓလေ့အတိုင်း ညီတွေ၊ ညီမတွေရဲ့ မင်္ဂလာပွဲမှာ ကိုရင့်အတွက် ကန်တော့ပွဲတစ်ပွဲတော့ အဆင်သင့်ရှိနေလောက်ပြီမို့ ပိုက်ပိုက်သာ စုထားပေရော့...

ကိုရင်ပြောတဲ့ အဲဒီမုန့်ကို အညာမှာတော့ မုန့်ဖက်ထုပ်လို့ပဲ ခေါ်လေရဲ့...ရန်ကုန်မှာတော့ အညာသားကျောကုန်းလို့ ခေါ်ကြတာက အညာသားတွေ အသားမည်းတာကို နှိမ်ချင်တဲ့ သဘောနဲ့ခေါ်တာ ဖြစ်ပါလိမ့်မယ်...စိတ်ပေါက်ပေါက်နဲ့ မုန့်ကျွဲသည်းကို အညာသားတင်ပါးလို့ နံမည်ပြောင်းပေးလိုက်ရင် ကောင်းမလားလို့ စဉ်းစားနေပါကြောင်း...

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ဟေးဟေး ကော်တာပဲ ကျေးဇူးပဲ မဒိုးကန်ရာ ကိုရင့်ညမလေး ချောချောဖြူဖြူလေးဆိုလို့ ကျိတ်ဝမ်းတာတွားဒယ် ဟိဟိ ခွိး)း)
ကိုရင်ရေ့....ဝေး ကိုရင့် ....ဒီနှစ်ချဉ်ပေါင်ဈေး မကောင်းပေမယ့် နောက်နှစ်ဈေးကောင်းပါလိမ့်မယ် ကိုရင်ရယ်.....(ဟိဟိ နောက်တာပါ အတည်ပြောတာပါး)း))

သီတင်းကျွတ် ဗျောက်အိုးအသံရုတ်တရက်ထမြည်ရင် ပလုပ်တုတ် ကလူကလူနဲ့ လန့်မိပါတယ်ကိုရင်ရယ်



မောင်ဘကြိုင်

Related Posts Plugin for WordPress, Blogger...