Sunday, February 24, 2013

ဘုံ



ကိုထင်ကျော်က စီးပွားရေးသမား.
အသက်က၃၈သာသာ. . ကိုယ်ခန္ဒာကခပ်၀၀ ။ ကိုထင်ကျော်မှာ သမီးလေးနှစ်ဦးရှိသည်။ မိဘထားခဲ့သောအမွေအနှစ်များဖြင့် သက်တောင့်သက်သာနေထိုင်နိုင်သူ ကိုထင်ကျော်တစ်ယောက် အိမ်ထောင်ရေးမှာလဲ အောင်မြင်သည်ဟုပြောလျှင်လဲရသည်။ အိမ်မှာပင်နေတတ်သော သမီးနှစ်ယောက်နှင့်သာအချိန်ကုန်တတ်သော အိမ်သူဇနီးသည်ကလဲ အေးအေးပင်။ကိုထင်ကျော် လုပ်သည်များကိုဝင်ရောက်စွက်ဖက်ခြင်းမရှိ။ သူ့ဟာသူသမီးနှစ်ယောက်နှင့်သာအချိန်ကုန်သူ ဖြစ်သည်။





ကိုထင်ကျော်က စီးပွားရေးအဆင်ပြေသလိုလက်လဲဖွာသဖြင့် သူ့နံဘေးတော့ လူဝိုင်းသည်။ ကားဝယ်ရောင်းလဲလုပ်သဖြင့် ကားတစ်စီးငွေပေါ်တိုင်း ငွေအလျှံပယ်သုံးနိုင်သည်။ မိန်းခလေးယောကျာင်္းလေးအကုန်ဝိုင်းသည်.။ ယောကျာ်းလေးအပေါင်းအသင်းများကလဲ ကိုထင်ကျော်နဲ့  အဆင်ပြေလျှင် လုပ်ငန်းပေါ်ငွေမြိုးမြိုးမြက်မြက်ရတတ်သဖြင့် ဆရာဆရာနှင့်ကိုထင်ကျော့်အနားတွင်ဝိုင်းနေသည်။ မိန်းခလေးများကလဲ ကိုထင်ကျော်အလိုရှိသမျှအဆင်ပြေသည်။အွန်လိုင်းပေါ်မှာရော အပြင်မှာ ရှိသမျှတွေ့သမျှ ကိုထင်ကျော်အဆင်ပြေသည်။ လိုတသမျှရနေသော ကိုထင်ကျော့်အဖို့ အရက်လေးကတမြမြ သောက်တော့လဲ ဘလက်လေဘယ်လ်လိုအကောင်းစားကိုတစ်နေ့တစ်လုံးနီးပါးသောက်သည်။ စားတော့လဲ ကောင်းပေ့မှ။သုံးတော့လဲကောင်းပေ့မှ။ အရင်ကတော့ ကိုထင်ကျော်ဘုရားတရားလုပ်ဖြစ်သေးသည်။ခုတော့ဘုရားခန်းပင်ယောင်လို့ ကပ်ဖို့နေနေသာသာလက်အုပ်ပင်မချီမိ။


 စီးပွားရေးကလဲအဆင်ပြေ အနားမှာလိုသမျှလဲရနေလေရာ အရာရာပြည့်စုံနေသော ကိုထင်ကျော်တစ်ယောက် အသောက်လေးအပြင်လောင်းကစားလေးပါဖက်လာသည် ။ဘောလုံးလောင်းသည်.။ခွက်ခွက်လန်ရှုံးသည်။  ဘောလုံးရှုံးတော့ ငါးဖမ်းသည့်ဘက်လှည့်သည်။ ငါးဖမ်းတယ်ဆိုတာ တကယ့်ငါးအစစ်ကိုဖမ်းခြင်းမဟုတ်။  Amusement park လိုဟာမျိုးမှာ ကွန်ပြူတာထဲမှ ငါးများကိုဖမ်းခြင်းဖြစ်သည်။ဂိမ်းလိုအရာမျိုးဖြစ်သည်။ ကွန်ပြူတာကိုပြန်ပြင်ထားသည်ဖြစ်ရာ ဘယ်သောအခါမှ ထိုဂိမ်းမှာနိုင်သည်မရှိပေ ။ လုပ်ငန်းကအဆင်ပြေသလောက် ထို၈ိမ်းတွင်တနေ့တနေ့ သိန်းကိုဆယ်ဂဏန်းချီပြီးကုန်သည်။ ဂိမ်းဆိုင်က ကိုထင်ကျော်တစ်ယောက်နှင့်ပင်စီးပွားတော်တော်ဖြစ်သည်။အရက်ခွက်လေးဘေးချပြီး သောက်လိုက် ဂိမ်းဆော့လိုက် ကောင်မလေးများ ဖုန်းလာလျှင်ပြောလိုက်ချိန်းလိုက်နှင့် ကိုထင်ကျော်တစ်ယောက်အပျော်တောမှာစိတ်တိုင်းကျ ယစ်မူးနေလေသည်။ 

နောက်ပိုင်းဘုရားတရားလုပ်ဖို့နေနေသာသာ အိမ်ပြန်လျှင်ပင် ညဉ့်တော်တော်နက်ပြီး အရက်သောက်လိုက် လောင်းကစားလုပ်လိုက် ဒိတ်ကလေးများရှိရင်ပြေးလိုက်နှင့် ထင်တိုင်းပျော်မွေ့နေပြီးဘုရားတရားကိုပင်လုပ်ဖို့ကိုထင်ကျော်လုံးလုံးလျားလျားမေ့လျော့နေ သည်။
တနေ့တနေ့ကိုထင်ကျော် ဂိမ်းဆိုင်ကိုသွား အပြန် တွင်ထုံးစံအတိုင်းအရက်သွားသောက်ပြီးအိမ်သို့ပြန်လာတတ်သည်။ရာသီဥတုကလဲ ဆောင်းတွင်းသာပြောသည် .ဖေဖော်ဝါရီလကြီးတောင်ပူလိုက်သည်မှာ နွေတမျှပင်။ ကိုထင်ကျော် က ကားမောင်းလျှင် အဲယားကွန်းကိုအေးနေအောင်ဖွင့်မောင်းတတ်သည်။ ၀ကလဲဝသည်။သွေးတိုးကလဲရှိသေးသည်ဖြစ်ရာ ပူလာလျှင် ကိုထင်ကျော်မနေနိုင်။ ညအိပ်လျှင်လဲ ခြေရင်းဘက်တွင်အဲယားကွန်းကိုအေးနေအောင်ဖွင့်မှအိပ်တတ်သည်။


 သို့နှင့်တနေ့တော့ အချိန်းအချက်လေးရှိသဖြင့်သွားပြီး ကိုထင်ကျော်ညဘက်ပြန်လာတော့သောက်လာသည်မှာတော်တော်လေးများသွားသည်။ ခေါင်းလဲတော်တော်လေးထိုးကိုက်နေသည်။ အိမ်ရောက်တော့ ရင်တလှပ်လှပ်ဖြစ်နေသဖြင့် အဲယားကွန်းကိုဖွင့်ပြီး ကုတင်ပေါ်တွင်အသာလှဲနေလိုက်သည်။ မအိမ်သူကတော့ အပြန်နောက်ကျသည်မှာ ထုံးစံဖြစ်နေသောပြန်လာတိုင်း သောက်လာသောကိုထင်ကျော်ကို မြင်ရသည်မှာ ရိုးနေပြီဖြစ်သဖြင့်ဘာမှမပြောတော့ဘဲ   သမီးနှစ်ယောက်နှင့်ပင် ထုံးစံအတိုင်းအလုပ်ရှုပ်နေသည် ။ အိပ်ယာပေါ်တွင်လှဲအိပ်ရင်းနေရင်းနှင့်ကို ကိုထင်ကျော်ရင်တွေတုန်လာပြီးလူ ကမြောက်တက်သလိုလို လွတ်လာသလိုခံစားရလာသည်။ သွေးကလဲတိုးနေပုံရပြီးခေါင်းမှာချာချာလည်မူးလာရင်း မှကိုထင်ကျော်တစ်ယောက် မှေးခနဲဖြစ်သွားတော့သည်။ ထိုအချိန်တွင် ကိုထင်ကျော်အိမ်မက်မက်သလိုနှင့်တကယ်လိုလိုအဖြစ်အပျက်ကြိး တစ်ခုကိုကြုံတွေ့ရလေတော့သည်.။

ကိုထင်ကျော်သည် ကွယ်လွန်သွားသော သူ့မိဘနှစ်ပါး နှင့်အတူ မရှေးမနှောင်းကွယ်လွန်သွားသောအမကြီး . ယခုလက်ရှိညီမငယ်နှင့်အတူ မိသားစု ခရီးတစ်ခုကိုကားမောင်းထွက်လာကြသည်။ ကားမောင်းလာရင်း လမ်းခရီးတစ်နေရာအရောက်တွင် မတော်တဆဖြင့်ကားတိုက်မှု့ဖြစ်လေရာ သူတို့မိသားစုငါးဦးစလုံးသေဆုံးသွားကြတော့သည်။ ထိုသေဆုံးခြင်းကို ထိုမိသားစုငါးဦးစလုံးလဲ မသိရှိကြပဲ ကားကိုဆက်လက်မောင်းနှင်လာရင်း အိမ်သို့ပြန်လည်ရောက်ရှိလာလေသည်။ အိမ်ရောက်သော်လည်း သူတို့ကိုယ်သူတို့သေဆုံးမှန်းမသိကြပဲထိုအိမ်ကြီးတွင်နေလျှက်ရှိလေရာ လူတချို့ကိုလဲ သူတို့တွေ့မြင်ကြရလေသည်။ ထိုသို့နေရင်းမှ သူ့တို့မိသားစုဝင်ထဲမှ တစ်ဦးပျောက်ဆုံးသွားပြီးထိုအိမ်ထဲတွင်လေးဦးသာကျန်တော့သည်။ သို့မှသူတို့ကိုယ်သူတို့သေဆုံပြိးသား လူတွေမှန်းသိကြလေတော့သည်။


 ထိုအချိန်တွင် ကိုထင်ကျော်လူတချို့ကိုမြင်တွေ့ရလေသည်။ သူမြင်တွေ့ရသောလူများမှာဈေးတန်းလိုလို အသားငါးရောင်းသည့်နေရာကြီးတစ်ခုဖြစ်ပြီး အမြင်မှာတော့ငါးများအသားများတွဲလောင်းချရောင်း နေသည့်ပုံဖြစ်သည်။ သို့သော်လည်း တကယ်မှာ ငါးများဝက်သားများမဟုတ်ဘဲ လူသေကောင်များကိုလှီးဖြတ်ပြီးအူအသည်းအသားများ ချိတ်ဆွဲရောင်းချနေခြင်းသာဖြစ်သည်ဟု ကိုထင်ကျော် မြင်ရလေသည်။ သွေးအလိမ်းလိမ်းနှင့်အင်မတန်မှကြောက်စရာကောင်းလှသည်။ ထိုနောက် မစင်များကိုအားပါးတရစားနေသော လူများ မီးသွေးခဲများကိုအားပါးတရစားနေသောလူများကို လဲမြင်တွေ့ရလေသည်။ ထို့နောက်လူတချို့မှာ မီးထဲသို့ဆင်းဆင်းသွားနေကြပြီးဒုက္ခခံစားနေရသည်ကိုတွေ့မြင်ရလေသည်။ ကိုထင်ကျော် မြင်ရသည်မှာ ကြောက်လွန်းသဖြင့် ဘုရားစာဆိုလေရာ ဘုရားစာလဲလုံးဝဆိုလို့မရချေ။

 ထိုနေရာသည် ဘုရားတရားကုသိုလ်ကောင်းမှု့လုပ်လို့ရသည့်နေရာမဟုတ်ချေ။ လူ့လောကမှာရှိတုန်းက ဘုရားတရားမလုပ်ခဲ့မိလေခြင်းဟုသူတွေးမိပြီးနောင်တရလေသည်။ ဘုရားစာဆိုလေ သူတို့ပိုခံစားရလေဖြစ်နေသည်။ထို့ နောက်သူမြင်တွေ့ရသည်တခုမှာ ထိုအပြစ်ခံစားနေသူသူများသည် ပြစ်ဒဏ်များကိုအခွန်ဆောင်သလိုစာရွက်ကြီးများနှင့်ရောက်ရှိလာလေရာ ထိုစာရွက်ပေါ်တွင်ပါသမျှ သူတို့အပြစ်ဒဏ်ကိုအခွန်ဆောင်သကဲ့သို့တခုချင်းခံစားရပြီး လူ့ဘ၀မှာရှိသူများ မိသားစုဝင်များက သူတို့အတွက်အမျှအတန်းဝေပြီးကုသိုလ်ကောင်းမှု့များလုပ်ပေးလျှင် တော့ သူတို့သာဓုခေါ်လိုက်လျှင် ထိုလူတို့ခံစားရသောပြစ်ဒဏ်များလျော့သွားလေသည်။ ဘုရားစာဆိုတိုင်း လည်း မီးကျီခဲကြီးနှင့် အဖုတ်ခံရသလို တငြီးငြီးပူလောင်လေရာ ဘုရားစာလဲ လုံးဝဆိုလို့မရချေ။နဂိုကမှကြောက်တတ်သူ  ကိုထင်ကျော်တအားကြောက်လာသည်။ နောင်တလဲတအားရသွားသည်။

 လူဘ၀မှာရှိတုန်းက ကုသိုလ်ကောင်းမှု့တွေလုပ်လို့ရပါလျှက်နှင့် မလုပ်ခဲ့မိလေခြင်းဟု ၀မ်းပန်းတနည်းခံစားရလေသည်။ဒါ..ဒါ..သူအသူရကယ်ဘုံတစ်ခုကိုရောက်သွားတာ. ။ဒီအသူရကယ်ဘုံကြီးကိုသူကြောက်လာသည်။ ကယ်ပါ... မြတ်စွာဘုရား ဘုရားတပည့်တော်အား ကယ်တော်မှုပါဘုရား ... . မေ့လျော့စွာနေမိသောဘုရားတပည့်တော်အားကယ်တော်မှုပါဘုရား. ကိုထင်ကျော် မြတ်စွာဘုရားအားကြောက်လန့်တကြားတိုင်တည်လိုက်မိလေသည်။

ဖြတ်ခနဲ ကိုထင်ကျော်လန့်နိုးလာသည်။ နာရီကိုကြည့်လိုက်တော့ ၁၂ နာရီ ၅၈ မိနစ်။ သူ့နံဘေးမှာတော့ မအိမ်သူက နှစ်ခြိုက်စွာအိပ်မောကျလျှက်။ ထွက်နေသောချွေးစေးများကိုသူ လက်ဖြင့်သုတ်ရင်းတလှပ်လှပ်တုန်နေသောရင်ကိုငြိမ်အောင် ရေတစ်ခွက်ထသောက်လိုက်သည်။ သူဘယ်လိုမှပြန်အိပ်လို့မရတော့ချေ။ သူအိမ်ပြန်ပြီးအိပ်သည့်အချိန်က ည၁၁ နာရီတိတိ. ယခုနိုးတော့ နံနက် ၁၂နာရီ ၅၈ မိနစ် ။ နှစ်နာရီနီးပါး သူသည်ကြောက်စရာအိပ်မက်ကြီးကိုဆက်တိုက်မက်ခဲ့သည်။
သာမာန်အိပ်မက်တော့မဟုတ်။ ဂမ္ဘီရလိုင်းလိုက်ခဲ့သူ ကိုထင်ကျော်ဒါတော့သိသည်။ ဒါသာမန်မဟုတ် ။ သူ အသူရကယ်ဘုံတစ်ခုခုကိုရောက်သွားခြင်းသာဖြစ်သည်။ 


 ဘုရားတရားကိုမေ့လျော့ပြီး သောက်စားပျော်ပါးနေသော သူ့အား နတ်တွေသတိပေးခြင်းသာဖြစ်မည်။ ဒီလိုသောက်စားပျော်ပါးပြီး ဘုရားတရားမလုပ် မကောင်းမှု့တွေကိုပျော်မွေ့နေလျှင် သည်နေရာကိုရောက်မည်ဟု သူ့ကိုသတိပေးနေပြီ။ နတ်ကောင်းနတ်မြတ်တွေသူ့ကိုသတိပေးနေပေပြီ။ သူဘုရားတရားသေချာလုပ်မှဖြစ်တော့မည်ဟု တွေးမိလိုက်သည်.။ သက်ပြင်းရှည်ကြီးတချက်ကို မှုတ်ထုတ်လိုက်ပြီးသေချာစဉ်းစားလိုက်တော့ အတွေးတစ်ခုကထင်ထင်လင်းလင်းနှင့် ခေါင်းထဲသို့ဝင်ရောက်လာခဲ့သည်။ တတ်နိုင်သမျှ မကောင်းမှု့တွေကိုရှောင်ပြီး ဘာသာရေးကုသိုလ်ရေးတွေပြန်လုပ်မှဖြစ်တော့မည်ဟု သူဆုံးဖြတ်ချက်ချလိုက်လေတော့သည်

ချစ်ခင်လေးစားလျှက်

မဒမ်ကိုး
၂၄ ဖေဖော်ဝါရီလ ၂၀၁၃
မနက် ၃နာရီ ၁၅ မိနစ်

မှတ်ချက် ၊ ကိုယ်တွေ့အဖြစ်အပျက်
( အကိုတစ်ယောက်၏ ၂၃ ဖေဖော်ဝါရီလ ၂၀၁၃ တွင်မက်ခဲ့သော အိပ်မက်ကို ကာယကံရှင်ဆန္ဒအရ နာမည်များပြောင်းလွဲပြီးဖော်ပြလိုက်ပါသည်။ ) 

18 comments:

သူကြီးမင်း (တုံးဖလား) said...

အဲလို လူတွေ အဲဒီလိုနေရာမျိုး သွားရတတ်တယ်ဆိုတာ အားလုံးနားလည်သွားပြီး အကောင်းဘက် ဦးတည်လာရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါပေမဲ့ လူအတော်များများက ဒီဘ၀ဒီခန္ဓာကိုယ်နဲ့ စံမယ်။ ဟိုဘ၀ရောက်မှ ဟိုခန္ဓာနဲ့ ခံချင် ခံရပါစေ။ လုပ်မှာဘဲ လုပ်မှာဘဲ။ အဲဒီလိုမျိုး။

အိပ်မက်မို့ ဒို့သက်သာတာ လို့ ပြောရမလို ဖြစ်နေပြီ။ ကိုထင်ကျော်ကြီး အတော်ထိတ်လန့်တုန်လှုပ်သွားတယ်ထင်ပါ့။ တစ်ရက်နှစ်ရက်နေ အဲဒီ ထိတ်လန့်စိတ်တွေ ပျောက်ချင် ပျောက်နေဦးမှာ။ ပုထုဇဉ်ကိုး။

လရိပ်အိမ် said...

ဒီလိုဖြစ်ရပ်မျိုးတွေစိတ်ဝင်စားတယ်။

ညိမ်းနိုင် said...

အဲ့ ဦးထင်ကျော်ကြီးကို သိသလိုလိုပဲ......

khin oo may said...

တို့လဲသိသလိုလို.

AH said...

ဟား ဟား ဟား ကညိမ်းနိုင်နဲ့ မကွန် လိုပဲ..... :P

sosegado said...

ဘဝဘဝတွေက အဖြစ်ဆိုးကို သတိရမတ်တတ်လေသည်

Aunty Tint said...

ကျွတ်ချိန်တန်လို့ပဲလို့ မှတ်ယူလိုက်တယ် မဒိုးရေ။ လက်ရှိဘ၀မှာတင် အမြင်မှန်ရသွားတဲ့ ကိုထင်ကျော် အတော်ကံကောင်းတယ်လို့ ဆိုရမယ်။
အလားတူ ဖြစ်ရပ်ဆန်းတွေလည်း ဖတ်ဘူးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိမ်မက်စေရာ said...

ကြောက်ဖို့ကောင်းတယ်..အယ် ၂၃ ဆိုတဲ့ ဂဏန်းမြင်တာ လန့်သွားတယ်..အိမ်မက်မွေးနေ့ကြီး..တကယ်ကြီး စိတ်ထဲ ဘယ်လိုဖြစ်သွားလဲ မသိဘူး..ဟိုတလောကမှ အိမ်မက်လဲ မွေးနေ့..သေနေ့ ဆိုပြီး ပို့စ်တစ်ခုရေးထားတာ ခုမမကိုး ပို့စ်လာဖတ်တော့ ပိုပိုပြီး မျက်လုံးထဲမြင် မြင်လာတယ်..

ချစ်စံအိမ် said...

ကိုထင်ကျော် အကြောင်းလေဖတ်ခဲ့ပါတယ် မဒမ်

မိုးညချမ်း said...

မကောင်းမှု အကုသိုလ်ကြောင့် ကျရောက်မယ့် ဘုံက သိပ်ကိုကြောက်ဖို့ကောင်းတယ်နော် ... ကိုထင်ကျော်တစ်ယောက် အချိန်မှီလေး အသိတရားရသွားတာ တော်သေးတာပေါ့ ...

Crystal said...

ကိုဇော်လင်းထူးကိုပဲ ပြေးပြေးမြင်မိတယ်၊ လွန်တာရှိရင် ဝန်တာမိနော် ;)

Unknown said...

ဒိုးကန်လေး
ကိုထင်ကျော်ကြီးတယောက်အချိန်မှီအသိတရားလေးရသွားတော.ကောင်းတာပေါ.။ဒိုးကန်ဒီစာပို.စ်လေးကို
ဖတ်မိတဲ.သူတိုင်း(အသိတစ်လုံးအမြတ်ဆုံးတစ်လုံးအသိအကျိုးရှိ၏တဲ.)ခင်တဲ.အန်တီလေးမေခင်

မိုးသက် said...

ကြောက်ချာကြီး :(

နွေတေးရှင် (မင်းဧရာ) said...

တော်သေးတာပေါ့ နတ်ကောင်းနတ်မြတ်တွေက ပေးတဲ့သတိတရားလေးကို လှမ်းဆုပ်ကိုင်နိုင်လိုက်လို့။

မိုးနတ်ကြယ်စင် said...

တော်သေးတာပေါ့ အမရယ်...
အချိန်မှီလေးတင်ပေါ့....အိပ်မက်မို့သာပဲ
တကယ်သာဆို သူ့ကိုဘယ်သူမှ ကယ်နိုင်မှာမဟုတ်ဘူးး

အလွမ်းမြို့ said...

ဂျာရစ်လေးရေ....

ခုလိုသတိပေးပြီးဆိုရင် ဆင်ခြင်လိုက်လျှောက်
ဖို့တော့ လိုလာပါပြီ။မကြီးလွမ်းလည်း ထူးဆန်း
တဲ့အိမ်မက်ကြောင့် မြန်မာပြည်ပြန်ရင်
တရားစခန်း ဝင်တော့မည်။

အလွမ်းမြို့

Han Kyi said...

တင်တင်ချင်း ဖတ်လိုက်ရတယ်...သို့ပေမင့် အလုပ်ထဲမှာဆိုတော့ ကွန်မန့်မပေးလိုက်ရလို့ ပြန်လာပါသဗျား...း)

အိပ်မက်တွေနဲ့ ပတ်သက်လို့ကတော့ အထိုက်အလျောက် ဖတ်ဖူးပါရဲ့...သို့ပေမင့် အခုအိပ်မက်လောက် တိတိပပကြီးမက်တာတော့ မဖတ်ဘူးသေးပေါင်ဗျာ...သူ့အစား ကြားထဲကတောင် ကြောစိမ့်သွားပါရဲ့...

အင်း သိကြားသာသနာမှာ အနေအထိုင်ဆင်ခြင်ကြရင်တော့ အကောင်းဆုံးပေါ့ ဂျာရစ်ရေ ( တွေ့လား ဘလော့မှာကျတော့ ဦးဟန်ကြည်တို့ တစ်ခါမှ နာမည်မမှားဘူးး))

အမ်တီအန် said...

ကိုထင်ကျော် ရောက်ဖူးခဲ့ပြီ..
နောက်တစ်ခါ ထပ်မရောက်ဖို့ကတော့
ကိုထင်ကျော်ကိုယ်တိုင် ဆောင်ရွက်မှ ရမှာ..

Related Posts Plugin for WordPress, Blogger...