Sunday, January 20, 2013

တစ်နှစ်စာ ဟောစာတမ်း

နိုင်ငံရေးဟောစာတမ်း
ငြိမ်းချမ်းရေးအတွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလိမ့်အုံးမယ်။တစ်ယောက်နောက်ကျောကို တစ်ယောက်က ဓါးနဲ့ချိန်ပြီး ယုံကြည်ပါတယ်လို့ အဆိုပြုမဲ့နှစ်ဖြစ်တယ်။နိုင်ငံတော် သမ္မတကြီးကတော့ တခြား မည်သည့်အလုပ်မှ လုပ်စရာမလိုပဲ တိုင်စာတွေကြားမှာပဲ အချိန်ကုန်ရပါလိမ့်ဦးမယ်။ တစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ဥပဒေ၊ အခွင့်အာဏာတွေကတော့ ရေရှည်တည်တံ့စေရန် လွှတ်တော်ထဲတွင်သာ သိုဝှက် သိမ်းဆည်းထားပါလိမ့်မည်။ ဒီနေရာမှာ ပြည်သူတစ်ယောက်အနေနဲ့ သတိချပ်ရမှာက “လွှတ်တော်ကလူတွေ စွတ်ဆော်နေကြသူတွေ” လို့ အတွေးမမှားစေဖို့ပဲဖြစ်တယ်။ ယင်းတို့၏ ဗိုက်ခေါက်ထူထူများအား ကြည့်ခြင်းအားဖြင့် လွှတ်တော်အမတ်များသည် ပြည့်ဝသူများဖြစ်သည်ကို သင် ချိန်ထိုးစဉ်းစားတတ်ပါစေ။ “ပြည့်တန်ဆာတွေကို လိုင်စင်ရအောင် ဦးဆောင် ဆော်သြပေးမည်”ဆိုတဲ့ ပြည့်သူ့အမတ်လောင်း အမျိုးသမီးတစ်ဦးရဲ့အဆိုအရ သင်ဟာ လိုင်စင်ရ အမျိုးသမီးနဲ့ စိတ်ချလက်ချ ပျော်ပါးနိုင်မည့် နှစ်ကောင်းတစ်နှစ်ဖြစ်မည်။လမ်းဘေးဝဲယာတွင် သပိတ်စခန်းများဖြင့် အလှဆင်ထားမည့်နှစ်ဖြစ်ပြီး သက်ကြီးရွယ်အိုများမှစ၍ လမ်းလျှောက်တတ်စ ကလေးများအထိ သပိတ်စခန်းများတွင် စုရုံးပျော်ပါးပါလိမ့်မယ်။ ဤကား တစ်နှစ်စာ နိုင်ငံရေး -ဟောစာတမ်း၏ အလှအပအစိတ်အပိုင်းပေတည်း..။


စီးပွားရေးဟောစာတမ်း..
စီးပွားရေးအနေနဲ့ကတော့ အဘက်ဘက်က အထူးကောင်းမွန် ပြည့်စုံနေပါလိမ့်မယ်။သင် ပြင်းပြင်းထန်ထန် လက်လှုပ်ပါက ပါးစပ်လှုပ်ပါလိမ့်မယ်။ဈေးသည်၊ဈေးဝယ်များ တွက်ချက်ရ လွယ်ကူမှန်ကန်စေရန်အလို့ငှာ ငါးသောင်းတန်၊ တစ်သိန်းတန်များ ထွက်ပေါ်ကောင်း ထွက်ပေါ်လာလိမ့်မည်။စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် လယ်သမားများ လယ်ယာစိုက်ပျိုးရန် အခွင့်အလမ်း နည်းပေလိမ့်မည်။တောက်တဲ့များ ရှားပါးလာမှုကြောင့် မိုးလေသ၀ ခန့်မှန်းရခက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ အနည်းငယ် အခက်ကြုံမည်။ကုန်ဈေးနှုန်းများကိုတော့ ကိုတရုတ်ကြီးက ကုလားထိုင်ပေါ် ထိုင်ကာ ပျော်ပျော်ကြီး ကုလားဖန်ထိုးမည့်နှစ် ဖြစ်သည်။ အခြေခံလူတန်းစားများစားသုံးသော စားသုံးကုန်များ ဈေးတက်ပြီး အထက်တန်းလွှာများ မှီဝဲသော ဇိမ်ခံပစ္စည်းများ ထိုးကျပါလိမ့်မယ်။ တရုတ်များ ပျော်သည့်နိုင်ငံဖြစ်သည်နှင့်အညီ အရင်းအနှီးကြောင့် တယော်ပြုတ် -ရောင်းချသောသူများ စည်ကားလာဦးမည့် နှစ်ဖြစ်သည်။တာလီဘန်ခေတ်အလွန် ဒီမိုကရေစီရရှိပြီးနောက် အမေရိကန်ဒေါ်လာ သောင်းချီလောင်းကြေးထပ်ပြီး စီးပွားရေး အရ တွက်ခြေကိုက်လာသော ကဘူလ်းမြို့မှ ခွေးတိုက်ပွဲများကဲ့သို့ ပြည်တွင်း၌လည်း ထို့နည်းတူ လိုင်စင်ရ ခွေးတိုက်ပွဲများ၊ ကြက်တိုက်ပွဲများ စည်းကားလာနိုင်သည်။ ခွေးတစ်ကောင်၊ ကြက်တစ်ကောင် မွေးထားရုံနှင့် အလုပ်ဖြစ်နိုင်သည်။တိရစ္ဆာန်အကောင်လိုက် စားသုံးခြင်း၊ တိရစ္ဆာန်မျိုးစုံ အသားများအား စားသုံးခြင်း၊ တွင်ကျယ်လာသောကြောင့် သင့်အနေဖြင့် အိမ်မြှောင်၊ ပိုးဟပ်စသော သတ္တ၀ါငယ်များအား ဈေးကွက်သို့ တင်ပို့ခြင်း ဖြင့် စွန့်ဦးတည်ထွင်သူ စာရင်းပေါက်နိုင်သည်..။အနှစ်ချုပ်ဆိုရသော် ပုပ်သင်ညိုတံဆိပ် ရောင်းချသော လမ်းဘေးဈေးသည်များ စီးပွားဖြစ်အုံးမည့်နှစ် ဖြစ်သည်။

လူမှုရေးဟောစာတမ်း
လူမှုရေးနယ်ပယ်တွင် လန်ထွက် လိပ်တက်နေပါအုံးမည်။ အုပ်စုလိုက် ရိုက်နှက်မှုများ ပိုမို ခေတ်စားလာမည့်နှစ် ဖြစ်မည်။မင်းသမီး၊ မော်ဒယ်များသာ တက်တူးနှင့်မဟုတ်တော့ပဲ ဆရာဝန်၊ ကျောင်းဆရာမများအထိ တက်ပြီးတူးမည့်နှစ် ဖြစ်သည်။အရစ်ကျပေးချေခြင်းစနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုတော့မဲ့ခေတ်မှာ သင်သည်လည်း မော်ဒယ်၊မင်းသမီးလေးများအား အရစ်ကျစနစ် စပွန်ဆာပေးခြင်းဖြင့် လူရာဝင်နိုင်ပေလိမ့်မည်။ကိုရီးယား ယဉ်ကျေးမှု အလုံးအရင်းတင်သွင်းခံရခြင်း၊ဒီမိုကရေစီဝေါဟာရကို အင်တိုက်အားတိုက် အသုံးပြုလာခြင်းကြောင့် ယခုနှစ်သည် “ ငါ့သား ထမင်းဝအောင် မစားရတဲ့နှစ်” ဖြစ်ပေလိမ့်မည်။လူမှုရေးနယ်ပယ်မှ ယခုနှစ်အတွက် ကြေကွဲဖွယ်ရာ အကောင်းဆုံး မြင်ကွင်းတစ်ခုမှာ ပုဂံပုထိုးများနှင့်အပြိုင် တည်ဆောက်ထားသော နိုက်ကလပ်၊ ဒေးကလပ်များကြားတွင် ၀မ်းနည်းစွာ ရှိုက်ငိုနေသော ဘုရင်အနုရုဒ္ဒါ၏ ပုံရိပ်များပင် ဖြစ်ပေလိမ့်မည်။


ပညာရေးဟောစာတမ်း
ကျူရှင်တက်နိုင်သော ကလေးငယ်များ ပညာရေးထူးချွန်မည့်နှစ် ဖြစ်သည်။ တက္ကသိုလ်ပညာရေးစနစ်တွင် မွေးဖွားနှုန်း အဆမတန် မြင့်မားလာနိုင် သည်။

မီဒီယာလောကဟောစာတမ်း
မှုခင်းများအား သတင်းလုပ်ရေးနေကြသော နှစ်ဖြစ်ပြီး သတင်းများကို ကျော်ခွပြီး အတင်းများနေပေလိမ့်မည်။သတင်းသမားများနှင့် သတင်းကော်ပီ သမားများကြား ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သွားရမဲ့နှစ်ဖြစ်မည်။သတင်းစာမျက်နှာ၏ ထက်ဝက်ခန့်သည် သွေးအလိမ်းလိမ်းဖြင့် ပေကျံနေပြီး ကျန် တစ်ဝက်ခန့်သည် လန်ထွက်လိပ်တက်များဖြင့် ပြည့်နေမည့်နှစ် ဖြစ်သည်။ ဒီမိုကရေစီကို အကြောင်းပြကာ ထုတ်ဝေသူများ စံချိန်တင်အမြတ်ရမည့် နှစ် ဖြစ်သည်။

အပိုဆု(ဘောနပ်စ်)ဟောစာတမ်း

အကယ်၍ သင်ဟာ လူပျိုကြီးဖြစ်ပါက မျက်နှာနှစ်ဖက်တွင် ညာဘက်၌ ဖွတ်ပုံ ၊ ဘယ်ဘက်တွင် ကျားပုံ တက်တူးထိုးပြီး လမ်းဆုံလမ်းခွတွင် Gangnam style ကခုန်ခြင်းဖြင့် အလိုရှိရာကို ရယူပါ။ အပျိုကြီးဖြစ်ပါက ခြေသလုံးတွင် ယုံရုပ် တက်တူးထိုးပြီး Beyonce ရဲ့ Single lady သီချင်းကို အသံနေအသံထားဖြင့် သီဆိုပြီး အလိုရှိရာကို ရယူပါ။

အသိပေးခြင်း
အကယ်၍ သင်သည် ကျွနုပ်ပညာအား လှောင်ပြောင်မည်၊ ကဲ့ရဲ့မည်ဆိုပါက ကျွန်ုပ်အနေဖြင့် သမ္မတကြီးဆီသို့ တိုင်စာပို့ခြင်းဖြင့်လည်းကောင်း၊ သပိတ် စခန်းဖွင့်ခြင်းဖြင့်လည်းကောင်း ပြုလုပ်တုန့်ပြန်သွားရန် ၀န်လေးမည် မဟုတ်ပါကြောင်း...။

လေးစားစွာဖြင့်
ကိုရင်
09:15 (GMT)

14 comments:

မိုးနတ်ကြယ်စင် said...

ဟိုင်းရှယ်...အလန်းပါလား
ကိုရင်ရ.....ကိုရင့်ဟောစတမ်း
ကို ညလေးတော့ သိပ်ကြိုက်
သွားပြီဗျို့....မှန်ထှာ
တော်လိုက်တဲ့ကိုရင်....
မဒမ့်ခင်ပွန်းလို့ကို ပြောရဘူး
ခင်တဲ့....ညလေးမိုးနတ်

kokoseinygn said...

မန်းလေး ဆရာလှ ဗေဒင်ထက် ကိုပိုမှန်တာ
ဝမ်းသာမိပါတယ် မောင်ရင်
ကျေးဇူးတင်လှ၏

သူကြီးမင်း (တုံးဖလား) said...

လူပျိုကြီး အပျိုကြီးတွေအတွက် ဟောစာတမ်းတော့ ဟောထားပြီး အိမ်ထောင်ရှင်တွေအတွက် ဟောစာတမ်းက ဘယ်မှာတုန်း။ ဒါ သက်သက် လူလည်ကျတာ။
ဒီတော့ ထပ်ဖြည့်ပေးလိုက်မယ်။

အိမ်ထောင်ရှင်များ ဟိုစောင်းလိုက် ဒီရွဲ့လိုက် အိပ်ချိန်ပျက်လိုက် စားချိန်မမှန်လိုက်နဲ့ ဟိုလိုလို ဒီလိုလို အချစ်တစ်မျိုးနဲ့ အချင်းချင်း အချစ်တိုးလာကြမည့်နှစ်ဖြစ်သည်။း)

ညောင်ညိုရိပ် said...

ဟိုက်ရှားပါး..လန်ထွတ်လိပ်တက်နေပါလား...

အလွမ်းမြို့ said...

လက်သံကိုဖတ်ကတည်းက သိနေတယ်။
ကိုရင်ဆိုတာ။ အဟီး..မှန်ချက်ကလန်ထွက်တယ်။
ဒံခွက်တောင် မရှိတော့ဘူး...အဟီးး..


ခင်မင်တဲ့
အလွမ်းမြို့

Anonymous said...

အကိုကြီး ကိုရင်..
သိပ်တော်တယ်... စတုတ္ထမဏ္ဍိုင်လို့ ကြွေးကြော်နေကြမဲ့အစား အခုလိုတွေ များများနဲ့ ဘက်မလိုက်တမ်းရေးနိုင်ကြဖို့ လိုအပ်တယ်..
ကဖေးမှာလည်း လုပ်ပါအုံးလား.. ဒါမျိုးတော့ မဟုတ်ဘူးနော်.. :XD

( ကိုရင်ကို လွှတ် ) ဆိုပြီး ဂျီတော့မှာ ကျွန်တော် တင်လိုက်ရတော့မလား.. :XD

မိုးဇက် said...

ဒီပို့စ်ကို ဆန်ဒ ပြမည် ..
ဒါဖဲ
သန်ပိတ် စခန်းဖွင့်ပီး
အပျုတ်တိုက်မည် ... :P

ညီလင်းနိုင် said...

သရော်စာ ရေးကောင်းသူ များများစားစား မရှိကြပါဘူး ။

အခု သရော်စာရေးကောင်းသူ တစ်ယောက်

ထပ်တိုးလာတယ်လို့ ခံစားမိပါတယ် ။

ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ ဟောစာတမ်းပါလား
ကိုရင် စာမရေးတာကြာပြီ
ရေးမဲ့ရေးတော့လဲ ကောင်းမှကောင်း

နွေတေးရှင် (မင်းဧရာ) said...

ဤ ၁နှစ်စာဟောစာတမ်းအရ
ယတြာ ချေမှဖြစ်မည်မို့ ဗေဒင်ဆရာ၏ ကိုယ်စား ကျွန်ုပ်လုပ်သွားအံ့......။

( ပြုလုပ်ရန်ယတြာ )

ပါတီတွေ အကုန်ပေါင်းလို့ သေးတစ်ကြောင်းစာ အလုပ်မဖြစ်ခြင်း အမတ်လောင်းများသည် ပြောသလောက် မလုပ်သလို လုပ်သလောက်မပြောခြင်းများအတွက် ပြည်သူတစ်ရပ်လုံးမှ ဖနောင့်နှင့်ပေါက်သတ်စေ....။

ဤသည်ကား ကျွန်ုပ်၏ အစွမ်းထက် ယတြာ ပင်ဖြစ်၏
မယုံကြည်ပါက သင်တို့အရင်ပေါက်သတ်ကြည့်ပါ ပြီးတဲ့အခါမှာ သိသာစွာ တိုးတတ်ပြောင်းလဲလာတာကို မြင်ရအံ့။

San San Htun said...

သွေးထွက်အောင်မှန်တယ့် ဟောစတမ်းပဲ ကိုရင်...

Han Kyi said...

ဟိုက်ရှားဘားစ်...
အနှီလိုဆိုရင် ၂၀၁၃ ဟာ ပုတ်သင်ညိုနှစ်ပေပဲ...တယ်နိပ်တဲ့ ဟောစာတမ်း...ပရင့်အောက်ပြီး လမ်းဆုံလမ်းခွကနေ ဝေလိုက်ရလို့ကတော့ဖြင့် ဖဘပေါ်က ဒေါက်တာဆိတ်ဖွားထက်တောင် နာမည်ကြီးသွားနိုင်သေးသပ ကိုရင်ရယ်...ပြောင်မြောက်လိုက်လေခြင်း...ကြိုက်သဗျာ...ကော်ပီလုပ်ပြီးကို ကူးထားလိုက်တယ်...

မိုးသက် said...

မှန်လည်း မှန် ရယ်လည်းရယ်ရပဲ :)

Aunty Tint said...

တစ်နှစ်စာ ဟောစာတမ်းလေး ကောင်းမှကောင်း။ အနှီဦးဟန်ကြည်ပြောသလို ပရင့်အောက်ပြီး ဂိမ်းမာမဂ္ဂဇင်းဖြန့်ရင်းနဲ့ ရောဖြန့်မှထင်တယ် :P
စကားမစပ် တီတင့်ပဲအလုပ်များလို့လား ကိုရင်ပဲအလုပ်များလို့လား မဖတ်ရတာကြာပေါ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Related Posts Plugin for WordPress, Blogger...