Friday, May 18, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၅) နှင့် သတို့သမီးကို ကွက်ရွှေ့ မှားတဲ့အခါ

ကျွန်တော် သတို့သမီးရဲ့ဒိုင်ယာရီဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီမြစ်ရဲ့ သိသင့်တယ်ထင်တဲ့ သိပြီးသားအကြောင်းတွေ မသိရသေးတဲ့အကြောင်းတွေကို အပိုင်းတွေ ခွဲပြီးရေးခဲ့ပါတယ်။ပထမဆုံးအပိုင်းမှာတော့ ဧရာဝတီမြစ်ဖြစ်ပေါ်လာပုံနဲ့ သူမ၏အဓိပ္ပါယ်၊မြစ်ကျဉ်းတွေနဲ့ မြစ်နှင့် ချောင်းလက်တက်များ အကြောင်းကိုပြုစုခဲ့ပြီး ဒုတိယအပိုင်းမှာတော့ ဧရာဝတီရဲ့ သမိုင်းပုံပြင်တွေကို ပြောပြခဲ့ပါတယ်။တတိယအပိုင်းမှာတော့ ဧရာဝတီရဲ့ ယဉ်ကျေးမှုနဲ့ စာပေဂီတအကြောင်းကို ဖော်ပြခဲ့ပြီး အပိုင်းလေးမှာတော့ ဧရာဝတီကိုမှီခိုနေတဲ့ စားဝတ်နေရေးအကြောင်းတွေကို တင်ဆက်ပေးခဲ့ပါတယ်။ “ဘာ့ကြောင့် ကျွန်တော် ဧရာဝတီရဲ့မြစ်ရဲ့အကြောင်းကို ပြုစုခဲ့သလဲ”ဆိုရင် ကျွန်တော့်အတွက် အရှင်းဆုံးအဖြေက “သိစေချင်လို့ ပြုစုရေးသား ပါတယ်”လို့ပဲ ဖြေပါရစေ...။ “ဘာ့ကြောင့် သိစေချင်ရတာလဲ”ဆိုရင်တော့ “ကျွန်တော်တို့တွေ ဧရာဝတီမြစ်ကြီးရဲ့အကြောင်းကို သိထားတာထက် ပိုပြီးသိနေသင့်တဲ့ အချိန်ကို ရောက်နေပြီ ဖြစ်တဲ့အတွက်ကြောင့်ပါ” လို့ ထပ်မံဖြေပါရစေ...။

ဒီနေရာမှာ ကျွန်တော်ဝန်ခံစစရာရှိလာတာက  ဧရာဝတီမြစ်အကြောင်းကို အပိုင်းငါးပိုင်းခန့်ပြုစုခဲ့ပေမဲ့ ကျွန်တော် သူမကို တစ်ကြိမ်တစ်လေတောင် အပြင်မှာ မမြင်ခဲ့ဖူးပါဘူး။မထိတွေ့ခဲ့ဖူးပါဘူး။ မရင်းနှီးခဲ့ဖူးပါဘူး။ဒါပေမဲ့ အခုလိုပြုစုရေးသားဖို့ ဖြစ်လာတဲ့အကြောင်းရင်းက တန်ဖဲဒေသမှာ တည်ဆောက်မဲ့ စီမံကိန်းကြီးကြောင့်ပါ။မြစ်ဆုံ စီမံကိန်းကြီးကို နယ်ပယ်အသီးသီးက ၀ိုင်းဝန်းကန့်ကွကြတဲ့အထဲမှာ ကျွန်တော်လည်း တစ်ယောက် အပါအ၀င်ဖြစ်ခဲ့ပါတယ်။ “မြေမြိုမှာမကြောက်တော့ဘူး.. အမေငိုမှာပဲ ကြောက်မိတယ်”  ဆိုတဲ့ပိုစ့်နဲ့ ကျွန်တော်ကန့်ကွက်ခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီအချိန် ထိ ကျွန်တော့်ရဲ့သိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ ဧရာဝတီဟာ ပြဌာန်းစာအုပ်ထဲမှာ သင်ကြားခဲ့ရသလောက်သာ ရှိနေခဲ့ပါတယ်။ 

ဒီတစ်ကြိမ် ရေကာတာတည်ဆောက်မှုဟာ မြန်မာနိုင်ငံအတွက် ပထမဆုံး တည်ဆောက်မှုမဟုတ်ပေမဲ့  ဒီစီမံကိန်းကျမှ“လူတွေ ဘာကြောင့် ကန့်ကွက်ကြသလဲ.”ဆိုတာကို သိချင်စိတ်ကြောင့် ကျွန်တော်အဲ့ဒီပိုစ့်ရေးပြီးတော့ ရေကာတာတွေအကြာင်း ရသလောက်ရှာဖတ်ခဲ့ပါတယ်။ရေကာတာ ရဲ့ ဆိုးကျိုးတွေကို သိခဲ့ရပြီး စဉ်းစားမိတာတစ်ခုက တခြားမြစ်ချောင်းတွေမှာလည်း တည်ဆောက်ထားတာရှိပါလျက်နဲ့ ဧရာဝတီမြစ်ကိစ္စကျမှ လူတွေဘာ့ကြောင့် ကန့်ကွက်ကြသလဲဆိုတာကို ထပ်ပြီးစိတ်ဝင်စားမိပြန်တယ်။အဲဒီအကြောင်းကြောင့်ပဲ ဧရာဝတီမြစ်ရဲ့အကြောင်းတွေကို ရသလောက် ရှာဖွေကြည့်ခဲ့ပါတယ်။ဧရာဝတီမြစ်နဲ့ပါတ်သတ်ပြီး ပထမဆုံးအနေနဲ့ အစအဆုံးဖတ်ဖူးတဲ့စာအုပ်က “(ဆရာ)တိုက်စိုးရဲ့ ဧရာဝတီ”ပါ။ အတော့်ကို စုံလင်ပြီး အဲ့ဒီစာအုပ်တစ်အုပ်တည်းနဲ့တင် ဧရာဝတီဟာ ဘာလဲဆိုတာကို ကျွန်တော် သိခွင့်ရခဲ့တယ်။ပြီးတော့ (ဆရာ)နတ်နွယ်ရဲ့ မြန်မာပြည်မျောက်ပိုင်း စာအုပ်ပါ။ ဆရာတိုက်စိုးလောက် မစုံပေမဲ့ ဧရာဝတီရဲ့အရေးပါပုံတွေကို လှစ်ဟပြနိုင်ခဲ့တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ စိတ်ဝင်စားဖို့ ကောင်းတာနဲ့ ပြီးတော့ အွန်လိုင်းနဲ့ ပြင်ပစာအုပ်ဆိုင်တွေမှာ ရသလောက် လိုက်ပြီး ဧရာဝတီနဲ့ ပါတ်သတ်တဲ့ သမိုင်းတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ၊ သီချင်းတွေကို ရသလောက် ရှာဖွေကြည့်ခဲ့မိပါတယ်။ ကျွန်တော် ရှစ်လကျော် ကိုးလနီးပါးလောက် တစိုက်မတ်မတ်နဲ့ ဧရာဝတီကို လေ့လာဖြစ်ခဲ့ပါတယ်။

အဲ့ဒီမှာ ကျွန်တော်အံ့သြတာတွေက ဧရာဝတီမြစ်ဝှမ်းအကျယ်ဟာ မြန်မာတစ်နိုင်ငံလုံးအကျယ်ရဲ့ (၆၀)ရာခိုင်နှုန်းကျော်ရှိတယ်ဆိုတာတွေ၊ ခမ်းနားတဲ့ သူ့မရဲ့သမိုင်းကြောင်းနောက်ခံတွေက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ဖြစ်ရတယ်။ဧရာဝတီမြစ်ကို မှီခိုနေတဲ့ နိုင်ငံ့စီးပွားရေးကိစ္စ အကြောင်းတွေ ထပ်သိလိုက်ရတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲဖြစ်လာတဲ့ တစ်ခုတည်းသော စေတနာဟာ “ကျွန်တော့်လိုပဲ မသိသေးတဲ့လူတွေကို သိစေချင်တဲ့စိတ်” ဖြစ်တည်ခဲ့ပါတယ်။အဲ့ဒီစိတ်ကြောင့်ပဲ ကျွန်တော် ရှာဖွေဖတ်ရှုထားတာတွေထဲက အကောင်းဆုံးအကြောင်းအရာတွေကို ထုတ်နှုတ် ပြီး အပိုင်းလေးတွေနဲ့ ပြုစုခဲ့ပါတယ်။လူတိုင်း လူတိုင်းဟာ ဧရာဝတီရဲ့ အရာရောက်ပုံကို သိလာတာနဲ့အမျှ ဧရာဝတီကို ယခင်ကထက်ပိုပြီး အထင်ကြီးလေးစား လာမယ်၊ ပိုပြီး ချစ်မြတ်နိုးမယ် မဟုတ်ပါလားခင်ဗျား..။

ရာဇ၀င်ထဲက သတို့သမီးကို ကွက်ရွှေ့ မှားရင် ဘာတွေဖြစ်လာနိုင်သလဲ..
စစ်တုရင်ကစားဘူးကြတဲ့သူတိုင်း ကွက်ရွှေ့ မှားတယ်ဆိုတဲ့ ဝေါဟာရကို ကောင်းကောင်းနားလည်ကြမှာပါ။တစ်ကွက်လေးမှားပြီး ရွှေ့ လိုက်တာနဲ့ ပြန်ပြီးအဖတ်ဆည်ဖို့ ခက်ခဲသွားတတ်တာကိုလည်း နားလည်ကြမှာပါ။သာမန် နယ်ရုပ်လေးတစ်ခုကို မှားရွှေ့ တာ ပြသနာမရှိနိုင်ပေမဲ့ ဘုရင်မလို အရုပ်မျိုးကို မှားရွှေ့ မိခဲ့တာဆိုရင်တော့ သေချာပေါက် ရှုံးမဲ့ပွဲဖြစ်သွားပါလိမ့်မယ်။ပြင်ပလောကမှာလည်း ကွက်ရွှေ့ မှားလို့ အတိဒုက္ခရောက်တာတွေ ကြုံဘူးကြမှာပါ။မြန်မာ့သမိုင်းထဲကို ရှာဖွေကြည့်ရင်လည်း ကွက်ရွှေ့ မှားခဲ့လို့ ဒုက္ခရောက်ခဲ့တာတွေကို တွေ့နိုင်ပါတယ်။ ကိုလိုနီခေတ်မှာ အင်္ဂလိပ် အစိုးရဟာ ဗိုလ်မင်းရောင်ကို ဖမ်းမိကြတော့ -နောက်လူတွေ ကြောက်ရွံ သွားစေရန်အလို့ငှာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ခဲ့ပြီး တိုင်မှာချိတ်ကာ လူအများကို ကြည့်ရှုစေခဲ့ပါတယ်။ဒီနေရာမှာ အင်္ဂလိပ်အစိုးရရွှေ့ တဲ့အကွက်ဟာ ဗိုလ်မင်းရောင်ရဲ့အဖြစ်ကိုကြည့်ပြီး နောက်လူတွေကို နောင်ကျဉ် သွားစေဖို့ ရည်ရွယ်ကာ ရက်ရက်စက်စက် လုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ဒါဟာ ကြီးမားတဲ့ အမှားတစ်ခုဆိုတာကို အင်္ဂလိပ်အစိုးရက သိပ်မကြာခင် သိလိုက်ရပါတယ်။ဗိုလ်မင်းရောင်ရဲ့အဖြစ်ကို ကြည့်ရှုပြီး ကြောက်ရွံမနေပဲ အဖိုးရဲ့ မျိုးချစ်စိတ်အမွေကိုခံယူတဲ့ မြေးဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်တော်လှန်ခဲ့လို့ မြန်မာ့မြေပေါ်က ဆုတ်ခွာခဲ့ကြတာဟာ ဗြိတိသျှတို့ရဲ့ နေမ၀င်အင်ပါယာသမိုင်းမှာ ကြီးမားတဲ့ မှားယွင်းသော ကွက်ရွှေ့ မှု ကြီးတစ်ခုပါ။

ကမ္ဘာ့ သမိုင်းစာမျက်နှာလည်း ကွက်ရွှေ့ မှားလို့ ဒုက္ခရောက်ကြတာတွေ ဒုနဲ့ဒေးပါ။ ၁၉၆၀ ကျော် ၇၀ ကာလများကဖြစ်ခဲ့တဲ့ အမေရိကန်-ဗီယက်နမ် စစ်ပွဲကို လူတိုင်းသိကြမှာပါ။အဲ့ဒီအချိန်က ဗီယက်နမ်ဟာ တောင်နဲ့မြောက် ဗီယက်နမ်ဆိုပြီး နှစ်ခြမ်းကွဲနေချိန်ဖြစ်ပါတယ်။ နှစ်နိုင်ငံပေါင်းစည်းနိုင် ဖို့ မြောက်ဗီယက်နမ်နိုင်ငံက ကြိုးစားလာတော့ အမေရိကန်နို်ငံက ကွန်မြူနစ်ဝါဒ မပြန့်ပွားရေးဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်ဗီယက်နမ် ဘက်က ကူတိုက်ဖို့ ပြင်ဆင်လာပါတယ်။ အမေရိကန်ရဲ့ လွှမ်းမိုးမှုအောက်က ရုန်းထွက်ပြီး မြောက်ဗီယက်နမ်နဲ့ ပေါင်းစည်းနိုင်ဖို့ကြိုးစားနေတဲ့ လူငယ်တွေထဲမှာ အသက် (၁၇)နှစ်သာ ရှိသေးတဲ့ ငုယင်ဗန်ထွိုင်းဆိုတဲ့ လူငယ်တစ်ဦးလည်း ပါဝင်ပါတယ်။ ၁၉၆၃ခု မေလမှာတော့ အမေရိကန်တို့ရဲ့ ကာကွယ်ရေး ၀န်ကြီး ရောဘတ်မဂ္ဂနာမာရားကို လုပ်ကြံဖို့ကြိုးစားတယ်ဆိုတဲ့အမှုနဲ့ အဆိုပါလူငယ်လေးကို အမေရိကန်တို့က ဖမ်းဆီးခဲ့ပါတယ်။

၁၉၆၄ခုနှစ် - အောက်တိုဘာလ ၁၅ရက်နေ့မှာတော့ အခြားမြေအောက်တော်လှန်ရေးသမားတွေ ကြောက်လန့်သွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်တို့က ငုယင်ဗန်ထွိုင်းကို ချီဟိုအကျဉ်းထောင်အတွင်း သတင်းသမားတွေရှေ့ မှာ ရက်စက်စွာပဲ သေနတ်နဲ့ပစ်သတ်ပြီး ကွက်မျက်ခဲ့ပါတယ်။ ငုယင်ဗန်ထွိုင်းဟာ ဗီယက်နမ်ပြည်သူတွေကို ဘယ်လောက်ချစ်တဲ့အကြောင်း၊ သူ့တိုင်းပြည်ကို ဘယ်လောက်ထိ မြတ်နိုးကြောင်း၊ သတင်းထောက် -တွေကို ရဲရဲဝံ့ဝံ့အော်ပြောရင်း ဦးခေါင်းထဲကို သေနတ်ကျည်ဆံ ဖောက်ဝင်သွားတဲ့အချိန်မှာတောင် အဖ ဗီယက်နမ်နိုင်ငံတော် အဓွန့်ရှည်ပါစေလို့ ရဲရင့် စွာ ကြွေးကြော်သွားတဲ့ ငုယင်ဗန်ထွိုင်းရဲ့ပုံရိပ်ဟာ စစ်ဘုရင်အမေရိကန်တို့ရဲ့ မှားယွင်းတဲ့ ကွက်ရွှေ့ မှုကြီးတစ်ခု ဖြစ်သွားခဲ့ပါတယ်။ သူရဲ့ နောက်ဆုံး ပုံရိပ်ဟာ ဗီယက်နမ်ပြည်သူတိုင်းကို နိုးထဖို့စေ့ဆော်ပေးသလိုဖြစ်သွားခဲ့ပြီး နောက်ဆုံးမှာတော့ အမေရိကန်တို့ဟာ ဗီယက်နမ်နိုင်ငံမြေပေါ်ကနေ အစိတ်အစိတ်အမွှာမွှာ ကွဲပြဲပြီး ဆုတ်ခွာပေးခဲ့ရတဲ့အထိ မှားယွင်းခဲ့ပါတော့တယ်။

ဒါတွေက သမိုင်းမှာ ထင်ရှားတဲ့ကွက်ရွှေ့ မှားမှုတွေ ဖြစ်ပါတယ်။ဧရာဝတီအရေးကိစ္စဟာလည်း ယခင် စစ်အစိုးရရဲ့ ကြီးမားသော မှားယွင်းတဲ့ ကွက်ရွှေ့ မှုကြီးတစ်ခုပါ။တရုတ်နိုင်ငံကို မြစ်ဆုံမှာရေကာတာတည်ဆောက်စေပြီး လျှစ်စစ်ဓါတ်အားထုတ်လုပ်ရောင်းချမယ်။ ရောင်းချရာမှာလည်း အမြတ် ရရှိပြီး စီမံကိန်းကြီးပြီးလို့ တရုတ်တွေပြန်ကြတဲ့အခါ ကျန်ခဲ့တဲ့ ရေကာတာနဲ့ ဓါတ်အားပေးစက်ရုံကြီးကို မြန်မာနိုင်ငံအတွက် ဆက်လက်အသုံးပြုမယ် ဆိုတဲ့ သုံးချက်တွက်နည်းနဲ့ စီမံခဲ့ပြန်ပါတယ်။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ တစ်ဘက်ကဘုရင်မကြီးကို အပိုင်ဆိုပြီး သွားချက်လိုက်ကာမှ ကိုယ့်ရဲ့ ဘုရင်မကြီး အစားခံရတော့ကိန်း ဆိုက်သွားတာပါ။အရင်ဆုံး တရုတ်တွေဆီက စီမံကိန်းကြီးလက်လွှဲမယူခင် အကျိုးဆက်ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာကိုတော့ အားလုံးသိပြီးသားထင်လို့ ကျွန်တော် မရေးပြတော့ပါဘူး။စီးပွားရေးနယ်ပယ်ဘက်မှာဆိုရင် ကုမ္မဏီတစ်ခု အစုတစ်ခုမှာ ရှယ်ယာ ငါးဆယ်ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့သူအား ကုမ္မဏီရဲ့ ရာထူးအကြီးဆုံးနေရာကိုပေးရပြီး အရေးပါဆုံးလူလို့ သတ်မှတ်တဲ့အကြောင်း စာအုပ်တွေမှာ ဖတ်ခဲ့ဘူးပါတယ်။ တကယ်လို့ မြန်မာနိုင်ငံဟာ ကုမ္မဏီတစ်ခု အစုအဖွဲ့လေးတစ်ခုဆိုကြပါစို့..။မြန်မာ့နိုင်ငံ စုစုပေါင်းအကျယ်အ၀န်းရဲ့ ၆၁ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးနိုင်ငံရဲ့ ဆန်ထွက်တန်ချိန် ၆၀ရာခိုင်နှုန်းနှင့် အခြားဝန်ဆောင်မှုပေါင်းများစွာကို ဧရာဝတီတစ်ဦးတည်းက ပိုင်ဆိုင်ပါတယ်။ 

တကယ်လို့ သူမသာ တိမ်ကောသွားခဲ့ရင်..........................?

ဧရာဝတီဟာ မြန်မာ့နှလုံးသွေးတွေနဲ့ စုဖွဲ့ထားတဲ့မြစ်ကြီးပါ။လုံးဝ အထိပါးခံလို့မဖြစ်တဲ့ တစ်ဦးတည်းသော သမိုင်းဝင် သတို့သမီးလောင်းလျာပါ။ သွားလေသူတွေ ပြုလုပ်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းဟာ အလွယ်တကူရပ်တန့်ပစ်လို့ ရနိုင်မဲ့စီမံကိန်းကြီး မဟုတ်ပေမဲ့ “ဧရာဝတီမြစ်ဆိုတာ အထိခံလို့ မဖြစ်တဲ့ရတနာ” ဆိုတာကို နှလုံးအိမ်ထဲမှာထည့်ပြီး ကျွန်တော်တို့တွေ ကြိုးစားရမယ်။ဒီကိစ္စအတွက် အစိုးရကိုချည်းအားကိုးမနေပဲ ပြည်သူလူထု တစ်ရပ်လုံးကလည်း ရင်ဆိုင်လာရနိုင်တဲ့ ပြသနာအရပ်ရပ်ကိုသိရှိပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆင်နွှဲရမဲ့ “ဧရာဝတီအား ပြန်လည် ကယ်တင်ရေး ပွဲတော်ကြီးတစ်ခု”  မကြာခင်မှာ ဆင်နွှဲကြရပါလိမ့်မယ်။

ဧရာဝတီမြစ်ကြီး ထာဝစဉ်တည်တံ့နေဖို့ အရေးဟာ မြန်မာအစိုးရရဲ့ အရေးဖြစ်တယ်။
ဧရာဝတီမြစ်ကြီး ထာဝစဉ်တည်တံ့နေဖို့ အရေးဟာ မြန်မာ့တပ်မတော်ရဲ့ အရေးဖြစ်တယ်။
ဧရာဝတီမြစ်ကြီး ထာဝစဉ်တည်တံ့နေဖို့ အရေးဟာ သံဃာအရှင်မြတ်တို့ရဲ့ အရေးဖြစ်တယ်။ 
ဧရာဝတီမြစ်ကြီး ထာဝစဉ်တည်တံ့နေဖို့ အရေးဟာ မြန်မာ့ ကျောင်းသူ ကျောင်းသားတို့ရဲ့ အရေးဖြစ်တယ်။
ဧရာဝတီမြစ်ကြီး ထာဝစဉ်တည်တံ့နေဖို့ အရေးဟာ မြန်မာ့ တောင်သူလယ်သမားတွေရဲ့ အရေးဖြစ်တယ်။  
ဧရာဝတီမြစ်ကြီး ထာဝစဉ်တည်တံ့နေဖို့ အရေးဟာ မြန်မာ့မြေပေါ်မှာနေတဲ့ မြန်မာပြည်သားတွေရဲ့ အရေးဖြစ်တယ်။
  
နာက်ဆုံးအနေနဲ့ ကိုအိုးဝေမျိုးရဲ့ “မဟာသတို့သမီး” ဆိုတဲ့ကဗျာနဲ့ သတို့သမီးရဲ့ ဒိုင်ယာရီအကြောင်း ပြုစုရေးသားခြင်းအား နိဂုံးချုပ်ပါရစေ..

အို….ဧရာဝတီ…
ယဉ်ကျေးမှု့တို့ရဲ့ နှလုံးသား ရင်ပြင်….
ဓမ္မ၊အဓမ္မ တို့ စီရင်ဆုံးဖြတ်ရာ ခုံရုံး၊
ယုံကြည်သူတွေ ထုဆစ် ချစ်ခြင်းတို့ မွေးဖွားရာ… ။
အို….ဧရာဝတီ…
ခုတော့…
မြန်မာပြည် ဆိုတဲ့ နယ်စပ်မျဉ်း၊
အဝိုင်းအဝန်းမှာ ဖြတ်စီးလို့
နောင်တရနေပြီလား။
ကျေးဇူးကန်းလေခြင်း လို့
အမျက်သိုနေပြီလား၊
သို့မဟုတ်…
နာကျင်ကိုက်ခဲ၊မျက်ရည်ဝဲ
မဲ့ပြုံး နဲ့ သင့်မျက်လုံးမှာ ရီဝေနေမလား…။

အို….ဧရာဝတီ…
ပည်တွင်ပြည့်ဖြိုး၊ဆန်ရေ မိုးနဲ့
ကောက်ပဲသီးနှံ၊ခွက်၊တောင်းလျှံလည်း၊
ကျွေးကားကျွေး၏မဝ ..
ပေးကားပေး၏မရ….လို့များ
စစ်ကိုင်းရိုးဖက်၊သံဝေဂ တမျိုးနဲ့
ဣနြေ္ဒ ချုပ်ရိုး ကိုဆင်ဝတ်
ဘုရားရှိခိုးအမျိုးမျိုးကို၊ သင်ရွတ်နေမလား…။
 ဒါမှမဟုတ် 
ကမ်းပေါ်က ငှက်တွေ ရဲ့ အိမ်ပြန်ရက်တွေကိုများ
လက်ကျံပန်းချီတချပ်လို ဆွဲနေလား..ဧရာဝတီ..။

အို….ဧရာဝတီ…
သင့်ခန္ဓာ အပိုင်းပိုင်း ဖြတ်လှီး၊
မညူမငြီး၊မနာကျည်းရက်
သင်ကသာ ခရီး ဆက်နေခဲ့လည်း၊
သင့်လည်မြိုကို ကြိုးပေး ကွပ်မျက်၊
အသေသတ်ပါမှ ကျေနပ်မယ့်
မြစ်မုဆိုး ရဲ့လက်ထဲ လူးလှိမ့်ငြီးတွား
သင့်အစား အနေခက်လှတော့တယ်။

အို….ဧရာဝတီ…
သင့်အန္တိမ ဟာ
တို့ အဆုံးသတ်နဲ့ ဆုံးဖြတ်နေပါလျှက်
ငါတို့…တွေဝေ နေရဦးမယ်….ဟုတ်စ။

ငါတို့ သစ္စာပြုတယ်။
တည်သောသစ္စာ၊မြည်သောစ္စာ….. ။

ငါတို့ရဲ့ ဓါးတွေနဲ့ ဧရာဝတီ ကိုကာကွယ်ကြ၊
ငါ တို့ရဲ့ လူရိုင်းဓါးတွေကို ယဉ်ကျေးအောင် သွေးကြ။
ငါတို့ရဲ့ ထာဝရ အကျိုးစီးပွား စစ်စစ်ကို ဆောင်ကျဉ်းကြ။

ရင်သွေးလည်းဖြစ်၊
မိတ်ဆွေလည်းဖြစ်၊
မိခင်လည်း ဖြစ်တဲ့
ဧရာဝတီ နဲ့အတူ စီးဆင်းပါအံ့။

ဘာပဲဖြစ်ဖြစ်…ဧရာဝတီ..ရေ
ငြိမ်းချမ်းရေး တေးကိုဆိုပါ
ပန်းမာလ်နံ့သာကိုလိမ်းပါ
သစ္စာတရားကို ဗုံတီးပါ
ပျော်ရွှင်စွာ လူးလှိမ့်ကခုန်ပါ
အဖိုးထိုက်ရတနာတို့ကို ဆင်ယင် ကျဲဖြန့်ပါ
ရင်နှစ်သည်းချာ ငါတို့ကိုလည်းအပ်နှံပါ။
ရှင်ပြန်ထမြောက်ပါ။
တည်ငြိမ်စွာနှလုံးခုန်ပါ။

ငါတို့လည်း…
ငြိမ်းချမ်းရေးတေးကို ဆိုပါမည်
ပန်းမန်လ်နံ့သာတို့ကိုလိမ်းပါမည်
သစ္စာတရားကို ဗုံတီးပါမည်
ပျော်ရွှင်စွာ ကခုန်ပါမည်
ရတနာတို့ကို ဆင်ယင်ကျဲဖြန့်ပါမည်
ငါတို့ ဝိညဉ် သင့်ထံအပ်နှံပါမည်
သင်နှင့်….. သင့်အမွေအနှစ် ဓမ္မ ကို
ချစ်မြတ်နိုးနေပါဦးမည်။
သင့် နှောင်ကြိုးကိုလည်းဖြည်ပါမည်။

အမေဇုံ ထက်မညံ့ကြောင်း၊မစ္စစ္စပီ ထက်ခေတ်မီ ကြောင်း၊
မြစ်ဝါမြစ်ထက် သစ္စာတည်ကြောင်း၊နိုင်း မြစ်လို မရိုင်းယစ်ကြောင်း၊
ဂင်္ဂါလို ရင့်မာကြောင်း၊သိမ်းမြစ်လို မယိမ်းယိုင်ကြောင်း၊
ယန်စီလို မန်မဖီတတ်ကြောင်း၊ချော့ဖရားလို မဖေါက်ပြားကြောင်း
စသဖြင့်၊စသဖြင့် ငါတို့ပြောကြမည်။

ဣနြေ္ဒကြီးကြောင်း၊ရှက်တတ်ကြောင်း၊
တည်ငြိမ်ကြောင်း၊ဆွဲဆောင်မှုရှိကြောင်း၊
မာယာများကြောင်း၊တီတီတာတာ တတ်ကြောင်း
ရဲရင့်ကြောင်း၊သဘောထားကြီးကြောင်း၊
သစ္စာတည်ကြောင်း၊အနာအဆာကင်းကြောင်း၊
နူးညံ့ကြောင်း၊အကင်းပါးကြောင်း၊
သည်းခံကြောင်း၊စိတ်ကောက်တတ်ကြောင်း
စသဖြင့်၊ စသဖြင့်လည်း…ငါတို့ တဖွဖွ ဆိုကြ၊ရွတ်ကြမည်။

ကဲ..ကဲ…တိတ်တော့ ဧရာဝတီ
တဆိတ်လောက်…ပြုံးပါလေ။
ဒဏ်ရာတွေ များပေမယ့်
အမှန်တရားဟာ အဖန်ဖန်ပြန်ဝင်စားတယ်။
ဟိုး…ရှေ့နားက အောင်မြေမှာ
ငါတို့ဆုံကြမယ်…ဧရာဝတီ။


source: http://en.wikipedia.org
         : http://wikimyanmar.co.cc
         : http://forum.myanmar-technicians.org
         : http://madankoo.blogspot.com/2011/09/blog-post_21.html
         : http://mmcpcommunity.net
         : (ဆရာ) တိုက်စိုး- ဧရာဝတီ
         : (ဆရာ) နတ်နွယ်- မြန်မာပြည်မြောက်ပိုင်း
         : (ဆရာ) စိန်မျိုးမြင့်-ဧရာဝတီ သက်ရှည်ကျန်းမာပါစေ
         : (ဆရာ) မောင်တင်ဦး(မြောင်းမြ)- အသက်သွေးကြော ဧရာဝတီ
         : (ဆရာ) သွင်အောင် - ရာဇ၀င်ထဲက ဘုရင်မ
         : (ဆရာ) မြင့်မိုးအောင်- ဧရာဝတီ
         : (ဆရာ) အိုးဝေမျိုး- မဟာသတို့သမီး 
         : မြနဒီ ခေတ်ဟောင်းတေးများစုစည်းမှု  
         : မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)  
လေးစားစွာဖြင့်
ကိုရင် ( http://madankoo.blogspot.com)
17.05.2012 , Wednesday,
23:46(GMT)

အပြည့်အစုံတစ်ခါတည်းဖတ်ဖို့ ဆန္ဒရှိသူတွေ အောက်မှာ ဖတ်နိုင်ပါတယ်ခင်ဗျာ..။ PDF နဲ့ လိုချင်တဲ့ ကိုရဝေအတွက် download ယူဖို့ - အောက်မှာ mediafireနဲ့ တင်ပေးထားပါတယ်ခင်ဗျား..

Diary of Irrawady

PDF File နဲ့ လိုချင်တဲ့ ကိုရဝေ download ယူခင်ဗျား..

ကျေးဇူးတင်ပါသည်..
ကိုရင်..

10 comments:

Anonymous said...

ကျွန်တော် ဒေါင်းသွားတယ် ကိုရင်ရေ..
ပြန်မျှဝေ ပေးပါ့မယ်..ဒီပိုစ့်အတွက် ကျေးဇူးတင်သလို
pdf်file အတွက်လည်း ကျေးဇူးတင်ပျါော..

ချစ်စံအိမ် said...

အကိုရေ အခုလိုဖတ်ခွင့်သိခွင့်ရတာကိုအရမ်းကျေးဇူးတင်ပါတယ်
မှတ်သားစရာလေးများလည်းမှတ်သားခဲ့ပါတယ်။။

mstint said...

မြစ်ဧရာနဲ့ ပတ်သက်သမျှ မှတ်တမ်းလေးတွေ တစ်နေရာတည်း တစ်စုတစ်ဝေးရသွားပြီ။ စိတ်ရှည်စွာနဲ့ တင်ပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘုန်း said...

ဟုတ်ပ ...နောင်တော် ... တစ်ကယ်ကို ကွက်ရွေ့ မှား လိုက်တဲ့ ... ဖြစ်ရပ် တစ်ခုပါပဲ .... ။

Snow May said...

သိသင့်တဲ့အကြောင်းအရာတွေကို ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။

သူကြီးမင်း (တုံးဖလား) said...

အစအဆုံး တစ်ခါထဲ ကြုံးပြီး ဖတ်သွားတယ်။ ဧရာဝတီရဲ့ အရေးဟာ အားလုံးရဲ့ အရေးပါဘဲ။ အရေးပါသူတွေ ကွက်ရွှေ့မမှားဖို့ဘဲ လိုတယ်။ တကယ်လို့ သူတို့က ကွက်ရွှေ့မှားမယ် ကြံရင်လဲ ကွက်မှန်ပေါ်ရောက်အောင် အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါက ငြင်းပယ်လို့ မရလို့ အမှန်တရားပါ။ မိခင်ဧရာဝတီ ထာဝစဉ် ရှင်သန်ပါစေလို့ ဆုတောင်းပေးပါတယ်။

ကိုရင် နဲနဲ နားလိုက်ဦး။ မောသွားပုံရတယ်။ အခန်းဆက်တွေအတွက် ကြိုးပမ်းနေရလို့။း)

နွေတေးရှင် (မင်းဧရာ) said...

မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား မှန်သမျှဖတ်စေချင်လိုက်တာဗျာ
မြန်မာ နိုင်ငံသားတိုင်းကိုလည်းသိစေ့ချင်တယ်။
ပြည်သူတစ်ရပ်လုံးညီညွှတ်ကြမယ်ဆိုရင် ကျွန်တော်တို့ ဧရာဝတီ ကိုကယ်တင်နိုင်မှာပါ။

rose of sharon said...

ဗဟုသုတာရသလို ငုတ်လျှိုးနေတဲ့ နိုင်ငံချစ်စိတ်တွေ ပြန်လည်နိုးထလာစေပါတယ်...ဧရာဝတီကိုကယ်တင်နိုင်ဘို့အတွက် တနိုင်ငံလုံးညီညွတ်ကြဘို့ စည်းရုံးရေးအင်အားတွေလိုအပ်ပါတယ်....

Anonymous said...

ဗဟုသုတတွေရလိုက်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကိုရင်ရေ

ဖြိုးဇာနည် said...

ကိုရင်ရေ့နိုးကြားလာတယ်ဗျာ
အမိမြေကို ကျွန်တော်အရမ်းချစ်တယ်
ဒီစာလေးတွေဖတ်လိုက်ရတော့ ပိုလေးနက်လာတယ်

Related Posts Plugin for WordPress, Blogger...