Saturday, May 12, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၄ )

သူမဟာ မြန်မာနိုင်ငံအတွက် သဘာဝတရားကြီးက ပေါက်ဖွားပေးလိုက်တဲ့ ထာဝရလက်ဆောင်ပါ။ မြန်မာနိုင်ငံထဲမှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံထဲမှာပဲ အဆုံးသတ်တဲ့  မြန်မာ့ထုတ်ကုန်စစ်စစ်ဟာ ဧရာဝတီပါ။ခေတ်အဆက်ဆက်၊ သမိုင်းအဆက်ဆက် ကျရာဇာတ်ရုပ်ကို မညီးမငြူပါဝင်သရုပ်ဆောင် ရင်း တိတ်ဆိတ်စွာ ပေးဆပ်နေခဲ့သူပါ။မြန်မာ့သမိုင်းပုံပြင်တိုင်းဟာ ဧရာဝတီနဲ့မကင်းနိုင်ခဲ့သလို ဂီတ၊ စာပေပညာလောကမှာလည်း ဧရာဝတီဟာ ထိပ်တန်းက ပါဝင်ခဲ့တဲ့သူပါ။ကျွန်တော်တို့တွေ ကြိုးစားရုန်းကန်နေတဲ့အချိန်တိုင်း ဧရာဝတီဟာ ကျွန်တော်တို့သွေးတွေနဲ့အတူ တက်ကြွစွာ လိုက်ပါ စီးဆင်းနေပြီး ကျွန်တော်တို့တွေ အိပ်မောကျနေတဲ့အချိန်တွေမှာလည်း သူ့ရေစီးသံတွေကို သူကိုယ်တိုင်ပြန်နားဆင်ရင်း ဆက်လက်လှုပ်ရှားနေခဲ့ တာပါ။မြန်မာပြည်အကြောင်းပြန်ပြောကြတိုင်း လုံးဝချန်လှပ်ထားခဲ့လို့မရတဲ့ အရာတွေထဲမှာ သူမက ထိပ်ဆုံးမှာ ရှိနေတာပါ။

သူမရဲ့ဝမ်းကိုဖောက်ပြီး  မြန်မာတစ်နိုင်ငံလုံးကို ထောက်ပံ့ထားတဲ့ သူမရဲ့ စားဝတ်နေရေးကိစ္စတွေကို ကျွန်တော်တို့တွေ ဆက်ပြီးတော့ ရှာဖွေကြည့် ရအောင်... 

ဧရာဝတီရဲ့  စီးပွားရေးကဏ္ဍ 
ဟိုးဧရာဝတီရဲ့အစ အင်ဂျန်းရှန်ဒေသခံ တန်ဖဲရွာသူရွာသားတွေဟာ မနက်ခင်းအလင်းရောင်လာတာနဲ့ ဧရာဝတီမြစ်ကြီးဆီကို ရောက်လာကြပါပြီ။ သည်မြစ်ရေနဲ့ မျက်နှာသစ်ပြီး နေ့တစ်နေ့ကိုဖွင့်လှစ်ကာ ရေချိုး၊ ငါးဖမ်းပြီး မြစ်ရိုးတစ်လျှောက် သဘာဝကပေးတဲ့အသီးအရွက်တွေချိုးရင်း သူတို့ရဲ့ ဘ၀နဲ့ စားဝတ်နေရေးကို ကုန်ဆုံးစေပါတယ်။အင်ဂျန်းရှန်ရွာ၊ တန်ဖဲရွာကလူတွေ မြစ်ထဲရောက်နေတဲ့အချိန်မှာပဲ ဂေါဝန်ဆိပ်ကမ်းမှာ ရွှေမန်းသူတွေ မြစ်ထဲရောက်နေကြပါပြီ။ထို့အတူပဲ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ ညောင်ဦး၊ ချောက်၊ မကွေး၊ သရက်၊ ကြံခင်း၊ မိုးညို၊ ဟသာင်္တ၊ ဇလွန်၊ ညောင်တုန်း၊ အင်္ဂပူ၊ ပုသိမ်၊ မြောင်းမြ စတဲ့ဒေသကလူတွေလည်းပဲ မြစ်ကြီးထဲမှာ လှေငယ်၊ စက်လှေ၊ သဘောင်္ စတဲ့ယာဉ်မျိုးစုံနဲ့ ဖြစ်ကြီးထဲမှာ စားဝတ်နေရေးအတွက် ဟန်ချက်ညီညီ လှုပ်ရှားနေကြပါတယ်။
မြစ်ကြောင်းတစ်လျှောက်ကို ပြန်လည်ကြည့်ရရင် ပုဂံမြို့ကို ကျော်လာပြီဆိုတာနဲ့ မြေဆီကနေ -ရွှေရည်ထွက်တဲ့ ရေနံချောင်းမြို့ကို ရောက်ပြီဆိုရင် -ရေနံတွင်းများနဲ့ မျှော်စင်များ၊ စက်ရုံများကို တမျှော်တခေါ်ကြီး တွေ့ရပါတယ်။ရေနံဟာ မြန်မာနိုင်ငံရဲ့ ရှားပါးစာရင်းထဲမှာပါဝင်ပြီး အဲ့ဒီရှားပါးပြီး အဖိုးတန်တဲ့ ရွှေရည်ကို ဒီမြစ်ကြီးက တတ်နိုင်သလောက် ပံ့ပိုးပေးထားတာပါ။စိုက်ပျိုးရေးမှာ အလွန်အောင်မြင်တယ်ဆိုတဲ့ မင်းဘူးမြို့ဟာ ဧရာဝတီရဲ့ လက်တက်တွေဖြစ်တဲ့ မုန်းချောင်း၊ မန်းချောင်းတို့ကနေ ရေကို မြောင်းနဲ့သယ်ယူပြီး စိုက်ပျိုးနေကြတာ ဖြစ်ပါတယ်။မြစ်ကြောင်းတစ်လျှာက်လုံးမှာ ကုန်စည်များ ပေါင်းစုံတင်ဆောင်ထားသည့် အတန်အသင့်အရွယ်အစား မော်တော်နှင့် စက်တပ်လှေကြီးများ၊ ထင်းများ၊ သစ်ဝါးများပေါင်းစုံ တင်ဆောင် ထားသည့်စက်လှေကြီးများ၊ တစ်ချိန်က လူစီးသင်္ဘောများဖြစ်သော်လည်း ယခုအခါ ကုန်တင်သင်္ဘောများဖြစ်နေကြသည့် နှစ်ထပ် သင်္ဘောများ၊ သစ်ဖောင်၊ ၀ါးဖောင်များ၊ သစ်လုံးတင်စီဘီကြီးများ၊ တစ်ခါတစ်ရံ၌ ခရီးသည်တင်သုံးထပ် သင်္ဘောကြီးများ၊ အမြန်ယာဉ်ဟု ခေါ် ကြသည့် ရှော်တယ်ခေါ် အင်ဂျင်အားကောင်းလှသည့် လူစီးယာဉ်များ၊ တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်း ရေလယ်သောင် ကျွန်း၊ ကိုင်းလုပ်ငန်းများသို့ ကူးသန်းနေကြသော လှေငယ်၊ လှေလတ်များကို လူများသာမက နွားကဲ့သို့ လယ်ယာသုံး တိရစ္ဆာန်များပါတင်၍ နေ့စဉ်နဲ့အမျှ စုန်ချည်ဆန်ချည် ကူးသန်းသွားလာနေကြပါတယ်။ကျွန်တော်တို့ရဲ့ စားဝတ်နေရေးအတွက်  ဧရာဝတီဟာ အဲဒီလို မနားမနေ စီးဆင်းလှုပ်ရှားနေခဲ့တာပါ။

မြစ်ဝကျွန်းပေါ်ဒေသ ..
မြစ်ဝကျွန်းပေါ်လို့ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ဆန်အိုးကြီး (သို့မဟုတ်) မြန်မာနိုင်ငံဆန်ထွက်တန်ချိန်စုစုပေါင်းရဲ့ (၆၀)ရာခိုင်နှုန်းကျော် ထုတ်လုပ် -ပေးနေတဲ့နေရာဆိုတာ လူတိုင်းသိကြမှာပါ။ဧရာဝတီမြစ်ဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် နုန်းတင်မြေအများဆုံးပို့ချသော မြစ်ကြီးတစ်စင်း ဖြစ်ပါ တယ်။စပြီးစီးဆင်းလာတဲ့ ကချင်ပြည်နယ်မျောက်ဖျားကနေ ရေစီးနဲ့အတူ နုန်းမြေများကိုသယ်ဆောင်ရာမှ အောက်ပိုင်းမှာ တဖြည်းဖြည်းပို့လာပြီး မြ၀ကျွန်းပေါ် မြေနုကျွန်းကို ဖြစ်ပေါ်စေပါသည်။မြစ်ဝကျွန်းရဲ့ အကျယ်အ၀န်းဟာ အလျား (၂၉၀)ကီလိုမီတာနဲ့ အနံ (၂၄၀) ကီလိုမီတာရှိပြီး လူဦးရေ ၃သန်းကျော် နေထိုင်ပါတယ်။မြန်မာတစ်နိုင်ငံလုံး ဆန်စပါးလောက်ငှဖို့အတွက် အဓိကပံ့ပိုးပေးတဲ့နေရာဖြစ်ပြီး ပုဂ္ဂလိက ငါးမွေးမြူရေးလုပ်ငန်း၊ ပုဇွန်မွေးမြူရေး လုပ်ငန်းများနဲ့ နေရာလွတ်မရှိတဲ့ ဒေသဖြစ်ပါတယ်။ မြစ်ဝကျွန်းပေါ်အောက်ပိုင်းမှာတော့ ရှားပါးလှတဲ့ လမုတောများကို တွေ့ရပါ တယ်။

ဧရာဝတီရဲ့ မြစ်ကူးတံတားကြီးများ...
အထက်ပါ အကြောင်းအရာတွေဟာ သူမရဲ့အလုံးစုံသော ပံ့ပိးမှုတွေကို မမှီနိုင်သေးပါဘူး။သူမရဲ့ ကြီးမားလှတဲ့မြစ်ဝှမ်းကြီးကြောင့်လည်း လူတွေကို သွားရေးလာရေးအတွက် အခက်မတွေ့စေရပါဘူး။ တစ်နေရာမှတစ်နေရာကို အလွယ်တကူ ကူးသန်းရောင်းဝယ်နိုင်ဖို့အတွက် သူမရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းအဖြတ်ခံပြီး ခမ်းနားတဲ့တံတားကြီးတွေကို ဖန်တီးခွင့် ပြုထားပြန်ပါတယ်။ဧရာဝတီရဲ့ ပထမဆုံးမြစ်ကူးတံတားအဖြစ် မှတ်တမ်းဝင်ခဲ့တာက ၁၉၃၄ခုနှစ် ကိုလိုနီခေတ်မှာတည်ဆောက်ခဲ့တဲ့ အင်းဝတံတား(စစ်ကိုင်းတံတား) ကြီးပါ။ ဂျပန်တွေဝင်တော့ ဗြိတိသျှတို့က ဖောက်ခွဲပစ်စီးခဲ့ကြတဲ့ အတွက် လွတ်လပ်ရေးရပြီး ၁၉၅၄ခုနှစ်မှာ ဒုတိယအကြိမ် ပြန်လည်ပြုပြင် တည်ဆောက်ခဲ့ကြပါတယ်။နှစ်ပေါင်းတော်တော်ကြာအထိ ဧရာဝတီရဲ့ တစ်ခုတည်းသောမြစ်ကူးတံတားကြီးအဖြစ် ရှိနေခဲ့ပါတယ်။အခုအခါမှာတော့ 

၁။နဝဒေးတံတား (ပြည်မြို့၊ ၁၉၉၇၊စက်တင်ဘာ)
၂။မအူပင်တံတား (မအူပင်၊ ၁၉၉၈၊ဖေဖော်ဝါရီ)
၃။ဗလမင်းထင်တံတား (အင်န်မိုင်ခမြစ်ကူး၊ မြစ်ကြီးနားမြို့အနီး၊ ၁၉၉၈၊နိုဝင်ဘာလ)
၎။ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း၊ ၁၉၉၉ခုနှစ်၊ နိုဝင်ဘာလ)
၅။အနော်ရထာတံတား (ချောက်၊ ၂၀၀၁ခုနှစ်၊ ဧပြီလ)
၆။ဧရာဝတီတံတား (ရတနာပုံ) (ယခင်အင်းဝတံတားကြီး၏ အထက်ဘက်နား)
၇။မကွေးတံတား   
၈။ဧရာဝတီတံတား (ဒေးဒရဲ)  

ဆိုပြီး နောက်တိုးတံတားကြီးရှစ်စင်းနဲ့အတူ နိုင်ငံတစ်ခုလုံးကို အလွယ်တကူ ကူးလူးဆက်ဆံစေတာ ဧရာဝတီပါ။

သဘာဝ ပတ်ဝန်းကျင်နဲ့ဧရာဝတီ...
မြစ်ကြီးအတွင်းမှာ ငါးမျိုးစိတ်ပေါင်း(၇၉)မျိုး ရှင်သန်နေထိုင်ကြပါတယ်။၂၀၀၅ခုနှစ်အရောက်မှာတော့ မြစ်ဆုံနှင့်သိပ်မဝေးလှသောနေရာများတွင် -တောင်ကျချောင်းငါးခူမျိုးစိတ်သစ်များကို ထပ်မံတွေ့ရှိခဲ့ပါတယ်။၂၀၀၂ခုနှစ်အထိ လေ့လာချက်များအရ အခြားကဏ္ဍအနေနဲ့ မြစ်ကြီးအတွင်းမှာ လူ အများ အသိအမှတ်ပြုထားသော ငှက်စားကျက်နယ်မြေ(၄)ခုကိုလည်း တွေ့ရှိခဲ့ပါတယ်။အရှေ့ တောင်အာရှဒေသရဲ့ပြယုဂ်တစ်ခုဖြစ်တဲ့ ဧရာဝတီ -လင်းပိုင်များဟာ ဗန်းမော်မြို့နဲ့ မန္တလေးမြို့ကြားမှာရှိတဲ့ မြစ်အပိုင်းများမှာ ပေါက်ဖွားရှင်သန်ကြပါတယ်..။

အဆင်းရောအချင်းပါ အဘက်ဘက်ကပြည့်စုံတဲ့တစ်ဦးတည်းသော မိန်းမပျိုဟာ သူမပါ။ဧရာဝတီဆိုတာ အဲဒီလို အစဉ်အလာတွေနဲ့၊ယဉ်ကျေးမှုတွေနဲ့ သူ့သဘာဝပတ်ဝန်းကျင်နဲ့သူ ပေါက်ဖွားရှင်သန်နေခဲ့တဲ့ ဧရာမမြစ်ကြီးတစ်စင်းပါ။ဧရာဝတီရဲ့သမိုင်းဟာ ထိမ်းသိမ်းထားရမဲ့ အမွေအနှစ်တွေထဲက တစ်ခုပါ...

ဆက်ပါအုံးမယ်ခင်ဗျား...>>>>>>

source: http://en.wikipedia.org 
         : http://wikimyanmar.co.cc/
         : http://forum.myanmar-technicians.org
         : http://mmcpcommunity.net 
         : :http://www.news-eleven.com
         : (ဆရာ) စိန်မျိုးမြင့်-ဧရာဝတီ သက်ရှည်ကျန်းမာပါစေ
         : (ဆရာ) မောင်တင်ဦး(မြောင်းမြ)- အသက်သွေးကြော ဧရာဝတီ
         : (ဆရာ) တိုက်စိုး- ဧရာဝတီ
         : (ဆရာ) နတ်နွယ်- မြန်မာပြည်မြောက်ပိုင်း
         : (တေးရေးဆရာ) မြင့်မိုးအောင်- ဧရာဝတီ
         : အိုးဝေမျိုး- မဟာသတို့သမီး
         : မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅) 

လေးစားစွာဖြင့်...

ကိုရင်

26.04.2012,Thursday,

23:26 (GMT)







7 comments:

ချစ်စံအိမ် said...

လာရောလေ့လာဖတ်ရှူခဲ့ပါတယ် အကိုရေ
ကျေးဇူးတင်ပါတယ်ရှင်

khin said...

အပိုင်း(၄)ကို ခံစားသွားပါတယ်ကိုရင်။
မမကျား

လွင်ပြင်လှိုင်းငယ် said...

ကိုရင်ရေ ဒကာကြီးလာရောက်လေ့လာမှတ်သားသွားပါတယ်

ပျိုးယုဝသုန် (Pyo Yu Wathone) said...

ဆက်လက်ဖတ်ရှုရန် အမတော် စောင့်ဆိုင်းနေသည် မောင်ကလေး..

အဟေးဟေး..

ခင်တဲ့
မမဝသုန်

San San Htun said...

ဆက်ရန် မျှော်နေပါသည်...

နွေတေးရှင် (မင်းဧရာ) said...

ကိုရင်.....
ဖြေးဖြေးဆက်ရန်။



(မင်းဧရာ)

Unknown said...

လာလည်သွားပါတယ်ခင်ဗျာ....

Related Posts Plugin for WordPress, Blogger...