Tuesday, May 8, 2012

သတို့သမီးရဲ့ ဒိုင်ယာရီ(၃)

ဧရာဝတီမြစ်ကြီးနှင့် ပါတ်သတ်၍ စာရေးဆရာဇေယျက အောက်ပါအတိုင်း ရေးခဲ့ဘူးပါသည်။
“ဧရာဝတီမြစ်ကြီးမူကား၊ မြောက်မှတောင်ဘက်တည့်တည့်၊ မြန်မာနိုင်ငံဗဟိုကျောမ ညီညွတ်သောမြေမြင်ကိုဖြတ်၍ စီးဆင်းပြီး လှေ၊ သဘောင်္များ အစမှအဆုံး သွားလာနိုင်သဖြင့် လူတို့အတွက် အကျိုးကျေးဇူးများစွာ ပြုပေသည်။ထိုမြစ်ကြီးတစ်လျှောက်၌ တစ်ကောင်းသရေတ္တေရာ၊ ပုဂံမြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စသော မြန်မာ့သမိုင်းကြီးများထွန်းကားလျက် မြန်မာ့ယဉ်ကျေးမှုကြီး ထွန်းကားခဲ့သည်။အကယ်၍ ဧရာဝတီမြစ်ကြီးသာ မရှိပါမူကား၊ မြန်မာလူမျိုး၊ မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှု ဖြစ်ပေါ်ပြန့်ကားနိုင်မည် မဟုတ်ချေ။စင်စစ်ဆိုသော် မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှုဆိုသည်မှာ ဧရာဝတီသမိုင်း ဧရာဝတီယဉ်ကျေးမှုပင် ဖြစ်ပေတော့သည်..” ဆိုပြီး ဧရာဝတီရဲ့တန်ဖိုးကို ထောက်ပြ ဖော်ကျူးခဲ့ပါတယ်။သူမဟာ မြန်မာနိုင်ငံရဲ့ အမှတ်အသားတစ်ခုပါ။ရာဇ၀င်ထဲကလူတွေ ဘယ်လိုပဲရှိနေနေ ၊ ရာဇ၀င်ထဲက ခေတ်စနစ်တွေ ဘယ်လိုပဲပြောင်းလဲလဲ သူမကတော့ အပြုံးမပျက် အသုံးတော်ခံနေဆဲ၊ ကျွန်တော်တို့ ကြိုးစားရုန်းကန်နေတဲ့အချိန်တိုင်းမှာ ကျွန်တော်တို့သွေးတွေနဲ့အတူ စီးဆင်းနေတာ ဧရာဝတီပါ။ ဘယ်လိုမရိုးနိုင်တဲ့ သူမရဲ့ ဂီတဥယျာဉ်ကြီးထဲက ဂီတသံစဉ်တွေနဲ့ ပညာရှင်တွေအကြောင်းကို ကျွန်တော်တို့ ဆက်လက်ခံစားကြည့်ရအောင်..

 ရာဇ၀င်ထဲက သတို့သမီးရဲ့ ဂီတ...
အဲဒီမြစ်ကြီးထဲမှာ “ ကမ်းဆိပ်ရိပ်သာ သီတာရေယာဉ်..ဧရာခွေဝန်း သောင်ထွန်းတဲ့ တဘက်ကျွန်းဆွယ်..ညနေချမ်းဆီ နေရီရီ”ဆိုတဲ့ “ရေချိုးဆိပ်” သီချင်းကို ရေးဖွဲ့ခဲ့တဲ့ မြန်မာသံစဉ်ဂီတရဲ့ ဆရာတဆူ မြို့မငြိမ်းရှိတယ်။ ဒီသီချင်းကို မြို့မငြိမ်းက ထိုင်နေရက်က ရေးခဲ့တာမဟုတ်ပဲ ဒုတိယကမ္ဘာစစ်ကို ပုန်းရှောင်ပြေးရင်း စစ်တောင်းတောင်ခြေနားရောက်တော့ ဧရာဝတီရဲ့အလှကိုမြင်တွေ့ပြီးနောက် အံ့သြမှင်သက်ကာ ရုတ်တရက် -ရေးဖွဲ့ခဲ့တဲ့ သီချင်းပါ။အဲဒီမြစ်ကြီးထဲမှာ “နီလာမြနှယ်စိမ်းတယ်..သီတာသောင်ကမ်းကလွမ်းဘွယ်..ဧရာကျောသာမော..နဒီလယ်”ဆိုတဲ့ “မြနဒီ”သီချင်းအပါအ၀င် ဧရာဝတီကိုခံစားသီဖွဲ့တဲ့ သီချင်းများစွာ ရေးစပ်ခဲ့တဲ့ ဂီတနက်သန် ကိုစောငြိမ်း ရှိတယ်။“ချိန်သန်းခေါင် ကြယ်ကလေးတွေက.. တိမ်ပန်းရောင် ခြယ်ဆေးဘယ်သ..ကြည့် ကြည့်လို့မ၀နိုင်သေး.. လှနိုင်ရေး ပနိုင်ရေး..ခဏထိုင်တွေး ငေး ငေးမောမိသည်..မြစ်ကြီးဧရာဝတီ”ဆိုတဲ့ သီချင်းကို ရေးစပ် ခဲ့တဲ့ အလင်္ကာကျော်စွာ ရွှေပြည်အေး ရှိတယ်။အဲ့ဒီသီချင်းဟာ အခုချိန်ထိ ပြန်ဆိုတေးအဖြစ် ရှိနေသေးတဲ့ ဧရာဝတီရဲ့ မြန်မာသံစစ်စစ် သီချင်းတစ်ပုဒ် ပါ။ “အညာအကြေမခွဲပါ..တစ်သားတည်းရှိနေမှာ..မြန်မာဆိုတဲ့ဒီစိတ်ထား..မြစ်မင်းဧရာအလား” ဆိုတဲ့ “ဧရာဝတီခရီးသည်” ဆိုတဲ့သီချင်းကို ရေးစပ်ခဲ့ တဲ့ ရေနံသာဝင်းမောင်လည်း အဲ့ဒီမြစ်ကြီးထဲမှာရှိတယ်။ထွေးညိုရဲ့ ပဲ့ကိုင်ရှင် တွံတေးသိန်းတန်လည်း ဧရာဝတီသတို့သမီးဆီမှာ ၀ပ်တွားဘူးတယ်။ “ဟဲ့ဗေဒါ..မိဗေဒါ..နင့်ဗူးကို ဘယ်သူချဲ့ ” ဆိုတဲ့ ဧရာဝတီရဲ့ပုံပြင်သီချင်းနဲ့ မြန်မာပြည်သိန်းတန်၊..ဒီသီချင်းတွေဟာ ကျွန်တော်လက်လှမ်းမှီသလောက် ရှာဖွေထားတဲ့ ခေတ်ဟောင်းတေးသီချင်း အနည်းငယ်မျှပဲ ရှိပါသေးတယ်။ဒီသီချင်းတွေ မတိုင်ခင် ဧရာဝတီရဲ့တေးသီချင်းပေါင်း များစွာဟာ ခေတ် အဆက်ဆက် ရှိနေခဲ့မယ်ဆိုတာလည်း သံသယဖြစ်စရာမရှိပါဘူး မိတ်ဆွေ...။

ခေတ်ဟောင်းဂီတသမားတွေလောက်ပဲလို့ ဆင်ခြေပေးလာခဲ့မယ်ဆိုရင်တော့ မှားပါလိမ့်အုံးမယ်။ဒီဘက်ခေတ်ထဲမှာပဲ “ရေဘောင်ဘင် စီးပါတဲ့.. .လှေဒေါင်ဒင်တီးပါလို့..မြစ်ကြီးဧရာဝတီ” ဆိုပြီး “ကတ္တပါဖိနပ်စီး ရွှေထီးဆောင်း”ခဲ့တဲ့ ကိုအောင်သူရှိတယ်။ငွေသောင်ယံက သဲပွင့်တွေကြားထဲမှာ ထိုင်ပြီး လွမ်းနေတတ်တဲ့ ကိုမင်းအောင်ရှိတယ်။“တည်ငြိမ်တဲ့ သူရဲ့ရေအလျဉ်..ရင့်ကျက်တဲ့ရေပြင်” ဆိုတဲ့ မဟာသဘာဝရှင် ခင်ဝမ်း၊ ဒီဘက်ခေတ်မှာ လူငယ်တော်တော်များရဲ့ ဂီတသူရဲကောင်းဖြစ်ခဲ့တဲ့ ထူးအိမ်သင်ကိုယ်တိုင် “ရာဇ၀င်များရဲ့ သတို့သမီး” ဆိုပြီး ဧရာဝတီကို ခစားခဲ့ရတယ်။ “မျှော်လင့်ခြင်း ကမ်းခြေလေး..ငါလေ အရောက်သွားမလို့ လမ်းပြလှည့်ပါ”ဆိုတဲ့ ကိုညီထွဋ်ရဲ့ ဧရာဝတီကို ခယတောင်းပန်သံတွေ ရှိတယ်။လက်ရှိ မြန်မာ့ရောခ့်ဂီတကို သိမ်းပိုက်ထားတဲ့ ကိုလေးဖြူက ဧရာဝတီဟာ “သက်ရှိမြစ်”တစ်စင်းပါဆိုပြီး ထပ်ဆင့်ထောက်ခံခဲ့တယ်။ဒီသီချင်းတွေအပြင် -အောင်မြင်ခဲ့တဲ့၊ မအောင်မြင်ခဲ့တဲ့ အဆိုတော်များစွာဟာ ဧရာဝတီနဲ့ မကင်းနိုင်ခဲ့ကြပါဘူး..။

ခေတ်အဆက်ဆက် မြန်မာ့ဂီတထဲမှာ ဧရာဝတီဟာ လှပတဲ့ သံစဉ်တွေနဲ့ ပါဝင်သီဆိုဘူးခဲ့တယ်။ မြန်မာ့ဂီတနဲ့ ဧရာဝတီရဲ့ သံစဉ်ကို ခွဲထုတ်ပစ်လို့ မရနိုင်သလို မြန်မာစာပေလောကကို ကြည့်ရင်လည်း ဧရာဝတီရဲ့ပုံရိပ်တွေကို ခေတ်အဆက်ဆက် တွေ့မြင်ရမှာပါ..။ဆက်ရှုပါအုံး.. 
တငြိမ်ငြိမ့်လျှင် ၊ ဧသန်ခွင်က
ကြည်လင်မြရောင်၊ ရေကိုဆောင်လျှက်
ကမ်းတောင်ကုန်းမှော်၊ လျှိမြောင်ကျော်၍
ရှင်တော်ပုည၊ မြတ်ဇိနနှင့်
ကြက်ကျ ကြက်ယက်၊ ရွှေလျက်သွန်းပုံ၊
ထူပါရုံနှင့်၊ စည်းခုံပုဂံ
ရွှေရောင်ကွန့်ဖြာ၊ အာနန္ဒာ
စသည့်မြတ်ဖြား၊ အပါးပါးကို
ဝပ်တွားဆိုက်ဆိုက်၊ ဦးဖြင့်ခိုက်လျှက် 
မကိုဋ်ပန်းသွင်၊ အမြဲဆင်သည်
မြစ်ယဉ်မဟာ မြစ်ဧရာ..
ဆိုပြီး “ဧရာဝတီမြစ်စေ”ဆိုတဲ့ ရတုပိုဒ်စုံကဗျာကို (ဆရာ)စောမောင်မောင်က ရတနာပုံခေတ်(၁၂၆၉ခုနှစ်-တပေါင်းလထုတ်မဂ္ဂဇင်း) မှာ ရေးဖွဲ့ခဲ့ ပါတယ်။မြစ်ရိုးတစ်လျှောက် တန်ခိုးကြီးဘုရားပုထိုးများဖြင့် ပြည့်နှက်နေပုံ၊ တန်ခိုးကြီးဘုရားစေတီများအား ဦးခိုက်ပြီး သာယာစွာစီဆင်းနေပုံကို ရေး ဖွဲ့ခဲ့ပါတယ်။ကျွန်တော်ရရှိခဲ့တဲ့ ဧရာဝတီနဲ့ပါတ်သတ်တဲ့ စာပေလောကမှာတော့ (ဆရာ)စောမောင်မောင်က အစောဆုံး ဧရာဝတီကို ဦးခိုက်ခဲ့သူပါ။ (ဧရာဝတီကို အသိအမှတ်ပြု ရေးဖွဲ့ခဲ့တဲ့ အစောဆုံးကဗျာလို့ ဆိုလိုတာ မဟုတ်ပဲ ကျွန်တော်ရရှိတဲ့ထဲမှာ အစောဆုံးလို့ ဆိုလိုခြင်းသာ ဖြစ်ပါသည်။) ကျွန်တော်တို့ ဒီဘက်ခေတ်မှာလည်း ဧရာဝတီရဲ့စာဆိုတွေ အများကြီး ရှိပါသေးတယ်။
“ယဉ်ဧရာ ဖြူဖြူဖွေးရယ်က
တောင်ဘေးမှာ ခွေကာလည်တော့
ခရီးသည် ဟိုအကွေ့ကိုဖြင့်
ကျော်၍သာ မမြင်ရသော်လည်း
မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့...”
ဆိုတဲ့ ဆရာဇော်ဂျီဟာ ထပ်ဆင့်ပြီးတော့ ညိုပြာပြာ..လတာပြင်ခြေရင်း...လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာ ဆင်းဆိုပြီး ဗေဒါပျံနဲ့အတူ ဧရာဝတီရေလှိုင်းတွေကြားမှာ အယက်အကန်ခံရင်း အံကိုခဲခဲ့ဘူးတယ်။ (ဆရာ)တိုက်စိုးရဲ့ ဧရာဝတီ၊(ဆရာ)နတ်နွယ်ရဲ့ မြန်မာ -ပြည်ပျောက်ပိုင်းနဲ့အတူ ကိုဒေါင်းရဲ့ လှေကလေးဟာ မြစ်ပြင်ကျယ်ထဲမှာ ညနေတိုင်းငါးရှာခဲ့ဘူးတယ်။အဲ့ဒီမြစ်ပြင်ကျယ်မှာ အိမ်စိုးမေရဲ့ “တိုက်ပွဲခေါ်သံ” တွေဆူညံခဲ့တဲ့ “တစ်ခါက ဧရာဝတီညများ”ရဲ့ ပဲ့ကိုင်ရှင် ဆရာမဂျူးရှိတယ်။ဒါတွေက ကျွန်တော်လေ့လာထားသလောက်လေးပါ။တကယ်ရှိခဲ့တာတွေနဲ့ ယှဉ်ကြည့် ရင်တော့ သမုဒ္ဒရာကြီးထဲက ရေတစ်ပေါက်စာအရွယ်လောက် ပမာဏလေးပါ..။

မြန်မာနိုင်ငံရဲ့သမိုင်းဟာ ဧရာဝတီသမိုင်းပါ။မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုဟာ ဧရာဝတီယဉ်ကျေးမှုပါ။ မြန်မာ့စာပေဟာ ဧရာဝတီစာပေပါ။မြန်မာ့ဂီတဟာ ဧရာဝတီဂီတပါ။ဒီအကြောင်းအရာတွေအားလုံးဟာ ဧရာဝတီရဲ့ သေးငယ်တဲ့ဂုဏ်ပုဒ်တွေသာ ရှိပါသေးတယ်။ဒီအချက်အလက်တွေနဲ့ အားရကျေနပ် နိုင်ခြင်း မရှိသေးပဲ“ဒါလား ဧရာဝတီဆိုတာ”လို့ ထပ်ဆင့်အမေးရှိလာသေးရင်တော့ ရွှေပြည်ကြီးကိုပံ့ပိုးထားတဲ့ ဧရာဝတီရဲ့စားဝတ်နေရေးအကြောင်း ကို ထပ်မံဖွင့်ချပေးပါအုံးမယ်.... 

ဆက်ပါအုံးမယ်ခင်ဗျား>>>

source: http://en.wikipedia.org 
         : http://wikimyanmar.co.cc/
         : http://forum.myanmar-technicians.org
         : http://mmcpcommunity.net
         : (ဆရာ) တိုက်စိုး- ဧရာဝတီ
         : (ဆရာ) နတ်နွယ်- မြန်မာပြည်မြောက်ပိုင်း
         : မြင့်မိုးအောင်- ဧရာဝတီ
         : အိုးဝေမျိုး- မဟာသတို့သမီး 
         :မြနဒီ ခေတ်ဟောင်းတေးများစုစည်းမှု
         : မြန်မာ့စွယ်စုံကျမ်း အတွဲ (၁၅)  

ရတနာပုံခေတ်က ဆရာစောမောင်မောင်ရေးဖွဲ့ခဲ့သော “ဧရာဝတီမြစ်စေ”ဆိုတဲ့ ရတုပိုဒ်စုံကဗျာကို ရှာဖွေပို့ပေးခဲ့တဲ့ မောင်ဘုန်း(ကောင်းကင်ဖြူ) အား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား..

လေးစားစွာဖြင့်
ကိုရင်
26.04.2012,Tuesday, 
00:33 (GMT)

13 comments:

ညောင်ကိုင်းသား said...

ဟုတ်ပါတယ်။ ဧရာဝတီဟာ အမိမြန်မာပြည်ကြီးရဲ့ ရောသောက်မြစ်ကြီးမို့လို့ မြန်မာပြည်ရဲ့ သမိုင်း,ယဉ်ကျေးမှု,စာပေဂီတတွေဟာလည်း ဧရာဝတီက မွေးဖွားလာကြတာပါ။ ဧရာဝတီမရှိရင် အဲဒါတွေ လုံးဝရှိလာမှာမဟုတ်သလို။ အဲဒါတွေ ပျက်သုဉ်းလာလျှင်လည်း ဧရာဝတီအပေါ် ကျေးဇူးတရားတွေ လစ်ဟင်းလာတာပဲလို့ မြင်မိတယ်။ ဧရာဝတီရှိရင် ဒို့တိုင်းပြည် ဒို့လူမျိုး ကမ္ဘာတည်သရွေ့ရှိမယ်။ ဧရာဝတီသာ မရှိတော့ရင် ဒို့တိုင်းပြည် ဒို့လူမျိုးဆိုတာ ဝိုးတိုးဝါးတားနဲ့ ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒီအသိလေးတွေကို အောက်မေ့မိစေတဲ့အတွက် ကျေးဇူးကြီးလှပါတယ်။ ကိုရင်သာပျော့ကြီး။

ကိုရင် said...

ဗိုလ်ညောင်နဲ့တော့ ခက်တယ် :D

ချစ်စံအိမ် said...

ကိုရင်တို့အတော်လေးလေ့လာထားတာပဲ
ဖတ်ခွင့်သိခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင်

Anonymous said...

ကိုရင်ရေ..
တကယ်စုံလှပါတယ်ဗျာ..
ဧရာဝတီ ကျေးဇူးကြီးမားလှပါတယ်..။
ဒီပိုစ့်အတွက် ကိုရင့်ကိုလည်း ကျေးဇူးတင်ပါတယ်..

လွင်ပြင်လှိုင်းငယ် said...

အရမ်းကို စုံပါ့လား။ဧရာဝတီမြစ်က တကယ့်ကို ကျေးဇူးကြီးမားလှပါတယ်

khin said...

ကို၇င်ရေ
ရာဇ၀င်များရဲ.သတို.သမီးအပိုင်း(၃)ကိုလာရောက်ခံစားသွားပါတယ်ရှင်

မမကျား

Yin Sue said...

ကိုရင်ရေးတော့မှ အဲ့လောက် ရေးခဲ့ကြ ဆိုခဲ့ကြတယ်ဆိုတာ သိရတော့တယ်..ဗဟုသုတကလည်း
နည်းသကိုးဗျ....အကုန်တော့မသပေမဲ့ တော်တော်များများတော့ ကြားဖူးပါတယ်....အခုလို လေ့လာ ဖတ်ခွင့်ရအောင်တင်ပေးလို့ ကျေးဇူးပါ ကိုရင်
လေးစားပါတယ်.....

ခင်မင်စွာဖြင့်..
ရင်ဆူး

နွေတေးရှင် (မင်းဧရာ) said...

ကိုရင်....
ပိုစ့်ကိုဖတ်ပြီး ကျကျနနကို ထိုင်တွေးနေတာဗျ။

မှန်လှသပါ့ ရှေးကမြန်မာ ဘုရင်တွေဟာ ဒီဧရာ ၀တီမြစ်ကြီးကို စုန်ရင်း ဆန်ရင်း မြန်မာဆိုတဲ့ သမိုင်းကို အတိုင်းတိုင်းဆင့်ခဲ့တာကြတာပေါ့ဗျာ။

Snow May said...

ဧရာဝတီဆိုတာနဲ့ကို ကိုယ့်မိသားစုဝင်တစ်ယောက်လို သတ်မှတ်တတ်ကြ ချစ်တတ်ကြတာ မြန်မာလူမျိုးတွေရဲ့ ရင်ထဲမှာ အမြစ်တွယ်နေခဲ့တာကြာပါပြီ.. ကျေးဇူးပြုပြီး.. မြန်မာ့မြေပေါ်မှာ မြန်မာလူမျိုးတွေအတွက် ဧရာဝတီမြစ်ကြီး ထာဝရရပ်တည်နေနိုင်ပါစေလို့ ဆုတောင်းလျက်ပါ..။

မောင်ဘုန်း said...

ကောင်းတယ် ဗျာ .. ဧရာဝတီ ရဲ့ သမိုင်းကတော့ မကုန်နိုင်ပါလား ဆရာ .....

mstint said...

မြစ်ဧရာရဲ့ သမိုင်းလေးကို မှတ်တမ်းအဖြစ်
ဆက်မှတ်သွားတယ် ကိုရင်ရေ။
ဆက်ရန်လေးလည်းမျှော်နေပါတယ်။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဧရာဝတီ ဒိုင်ယာရီ အပိုင်း ၃ ကိုလာရောက်ဖတ်ပြီး
ဆက်ရန်လေးကိုလဲ စောင့်နေလျှက်ပါလို့
လေ့လာအားကောင်းတဲ့ကိုရင်ကို အားကျမိတယ်

Unknown said...

ဧရာသတီရဲ့ ဗဟုသုတ အနုပညာတွေသောက်သုံးရင်း
အပိုင်း(၄)ကို.ဆက်လက်မျှော်နေပါသေးတယ်.
အပိုင်း အပိုင်းလေးတွေဆိုတော့ဖတ်ရတာ မျက်စေ့
မညောင်းဘူးအကိုရေ.အကိုရဲ့(သတို့သမီးရဲ့ ဒိုင်ယာရီ)ဖတ်းရင်း...ဆရာနတ်နွယ်ရဲ့ မြန်မာပြည်
မြောက်ပိုင်း.ပဒု .စာအုပ်ကြီး.အကြီးကြီးမို့.ဖတ်ရမှာ
ပြင်းလို့ ခေါင်းအုံးလုပ်ပြီး..အိပ့်ခဲ့တဲ့ ညတွေ သတိရမီ
သေးပါ၇ဲ့..း)

ဒုတိယ

Related Posts Plugin for WordPress, Blogger...