Friday, October 28, 2011

ရိုးသားစွာ ရေးဖွဲ့တဲ့စာ


“ ၁ ”
“ယောကျာင်္းရယ် ငါ့အကြောင်းလေး ဘာလေးရေးစမ်းပါအုံး”တဲ့.။မဒမ်က ဆိုလာတယ်။ 
“ကိုရင်နဲ့မဒမ် လင်မယားဆိုတာ လူတိုင်းသိနေတာပဲ.၊ဘာရေးဖို့လိုလို့တုန်း”ဆိုပြီး ခပ်တည်တည်
ပြန်ပြောတော့ “သြော်..ကျုပ်ကမိန်းမဆိုတော့လည်း ကိုယ့်ယောကျာင်္းက ကိုယ့်ကို စာလေးပေလေးနဲ့ရေးတာ လိုချင်တာပေါ့တော့”တဲ့.။နှုတ်ခမ်းကြီးဆူလို့..

“ဘာလဲ..မဒမ် စိတ်ဆိုးရင် ထမင်းနှစ်ပန်းကန် ထထပြီး စားတဲ့အကြောင်း ရေးရမှာလား၊ဒါမှမဟုတ်ရင် ထမင်း တစ်ခါချက်ရင် လေးနာရီလောက် ကြာတဲ့အကြောင်းလား၊အဲလိုမှမဟုတ်သေးရင် ၀ိတ် သုံးကီလို တက်လာတဲ့ အကြောင်းရေးရမှာလား” လို့နောက်တော့ စိတ်ကောက်ပြီး ထမင်းစားဖို့ လုပ်ပါလေရော။ပါးစပ်ကလည်း ပွစိ ပွစိ ရေရွတ် နေသေးတယ်။“လုပ်ကြည့်ပါလား..ငါ့ကို အဲလို လုပ်လို့ကတော့ သူထိပ်ပြောင်တာ လူတိုင်းသိ သွားစေရမယ်.ဘာမှတ်နေလဲ”တဲ့..။ကိုယ့်ထိပ်ကို အသာအုပ်ပြီး သူ့နားက လစ်လာရတယ်.။တကယ် လုပ်မဲ့ ပုံစံကြီး.တစ်ဆိတ်ရှိ ဒီထိပ်ကိုပဲ လာလာခလုတ်တိုက်နေတယ်။အသက်သာကြီးနေပြီ ခုချိန်ထိ ကိုယ့်ယောကျာင်္ ထိပ်က ပြောင်တာလား မဟာနဖူးလားဆိုတာ မခွဲတတ်သေးတဲ့ ဒိုးကန်ပါလား..။အဲလိုသာ ရေးကြကြေးဆိုရင် ကိုရင်ညိမ်းနိုင်က ကျုပ်ထက်တောင် ထိပ်ပြောင်သေးတယ်..သူရေးပါလား..။

“၂”
သူ့အကြောင်း ရေးပါအုံး ဆိုနေမှ သူနဲ့ ကျွန်တော့်အကြောင်း ပြန်စဉ်းစားမိတယ်။ကျွန်တော်နဲ့ ပါတ်သတ်တဲ့ သူ့အတွက် အတိတ်တွေက ပျော်စရာတ၀က်၊မျက်ရည်တွေတ၀က်။“လင်ဆိုးမယား တဖားဖား”မဟုတ်ပေမဲ့ အဲဒီတဖားဖား နီးပါးပါပဲ။ပင်ပန်းခဲ့ရတာတွေ နာကျင်ခဲ့ရတာတွေက ပြန်တွေးစရာတောင် ကောင်းမှာမဟုတ် ဘူး။သူ့အတွက်တော့ ကျွန်တော့်လောက်ဆိုးတဲ့လူ မရှိနိုင်သလို ကျွန်တော့်အတွက်တော့ သူဟာ ဒုတိယ မိခင်ပါပဲ။အမေပြီးရင် ကျွန်တော့အပေါ်မှာ ခွင့်လွှတ်နိုင်ဆုံးသော လူမလေးတစ်ယောက်။

ဒီလိုပါပဲ တစ်ခါတစ်ခါ ကိုက်လိုက်ကြ..တစ်ခါတစ်ခါတော့လည်း ကိုယ်မဟုတ်သလိုသလို နေလိုက်ကြနဲ့ ပြီးတော့လည်း ရုပ်တည်ကြီးတွေနဲ့ “အဟီး”ဆိုပြီး မေ့ပစ်လိုက်ကြပြန်ရော။အင်း.အိမ်ထောင်သည်တွေဆိုတာ ဒါပဲလားဆိုပြီး ပြုံးမိသား။

“၃”
အခု အဲဒီ လူမလေးမှာ လူဥလေးတစ်လုံး ဥနေပြီတဲ့..။ပြီးခဲ့တဲ့ တစ်ပတ်က သိရတယ်။သူပြောလာတဲ့ အချိန်မှာ ရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေလို ကျွန်တော် ထခုန်တာတို့ အကျယ်ကြီး ထအော်တာတို့တော့ မလုပ်ခဲ့ ပါဘူး။ကျေကျေနပ်နပ်တော့ ပြုံးမိတယ်။မျှာ်လင့်ထားပြီးသား ကိစ္စတစ်ခု ဖြစ်လာတာပဲလေ..ထူးပြီး အံ့သြစရာ သိပ်မရှိပါဘူး။လွန်ခဲ့တဲ့ လေးလပတ်ဝန်းကျင်ကတည်းက ကိုယ်ဝန်ယူကြဖို့ အကြမ်းအားဖြင့် နှစ်ဦးသဘောတူ ထားကြတယ်။သူက အကြိမ်ကြိမ် ဗိုက်ကိုခွဲထားပြီးသား ဖြစ်နေတော့ အရင်ဆုံး အထူးကုဆရာဝန်နဲ့ ပြကြည့် ပြီး ကိုယ်ဝန်ယူနိုင်၊မယူနိုင် ယူသင့်၊မယူသင့် ကိစ္စကို အဖြေရှာတယ်။ဆရာဝန်က ”တစ်ယောက်တော့ အိုကေ ပါတယ်”လို့ မီးစိမ်းပြတော့ ၀မ်းသားရပြန်တယ်။နောက်တစ်ဆင့်အနေနဲ့တော့ နှစ်ကီလိုလောက် တက်နေတဲ့ သူ့ဗိုက်ခေါက်ကို လျှော့ခိုင်းရတယ်။သူ့အတွက် ပင်ပန်းခဲ့မယ်မှန်းသိပေမဲ့ ရောဂါသည် ဖြစ်နေလေတော့ ကိုယ်ဝန်ကြောင့် သူ Effect တစ်ခုခုရမှာကို ကျွန်တော် မလိုချင်ဘူး။ကျွန်တော်တို့အတွက် ပထမဆုံးအကြိမ် နဲ့  နောက်ဆုံးအကြိမ်လည်း ဖြစ်သွားနိုင်တဲ့ ဒီကိစ္စကို အခုလို သေသေချာချာ စီစဉ်ခဲ့ပြီးသားဖြစ်လို့ ဒီကိစ္စကို သူပြောလာတဲ့အခါ ထမခုန်မိရတဲ့ အကြောင်းရင်းပဲပေါ့။ကလေးကြောင့် မိခင်ထိခိုက်တာမျိုး မဖြစ်စေချင်သ လို မိခင်ကြောင့် ကလေးထိခိုက်မှာမျိုးလည်း ကျွန်တော် အဖြစ်မခံနိုင်ဘူးလေ...။

မဆီမဆိုင် အဖေ့ကို သွားသတိရမိတယ်။အမေက ကျွန်တော့်ကိုယ်ဝန်လွယ်ထားပြီလို့ အဖေ့ ကိုပြောတော့ အဖေဘယ်လို တုန့်ပြန်ခဲ့သလဲ သိချင်လိုက်တာ။သတင်းကောင်းအတွက် မိဘတွေကို ဖုံးဆက် ပြီး အကြောင်းကြားတယ်။ထုံးစံအတိုင်း “ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့”ဆိုပြီး သူ့ချွေးမကို အမေက ကျိတ်ပြီး မှာနေသံ ကြားရတယ်။ကျွန်တော့်မိဘတွေအတွက် မြေးဦးရထားပြီးသားမို့ သိပ်မတုန်လှုပ်ပေမဲ့ မဒမ်ရဲ့ မိဘများကတော့ တစ်ဦးတည်းသောသမီးက မွေးလာမဲ့မျိုးဆက်အတွက် တော်တော့ကို ရင်ခုန်သွားကြလေရဲ့။ သူ့အဖေကတော့“ဟိုကောင့်ကို ဖုံးပေးလိုက်စမ်း”လို့ သူ့သမီးကိုပြောပြီး ဖုံးထဲကနေ ကျွန်တော့်ကို“ဟေ့ေ- -ကာင် ငါ့သမီးသာ တစ်ခုခုဖြစ်လို့ကတော့ မင်းအသေပဲ”တဲ့..ရာဇသံပေးရှာတယ်။“မဖြစ်စေချင်ရင် အိမ်ခေါ် ထားပြီး ကိုယ့်ဘာသာ ဂရုစိုက်ပေါ့ဗျ”လို့ ပြန်တွတ်လိုက်ချင်သား..။

“၄”
နောက်ဆက်တွဲက ဘာလဲဆိုတော့ သားလေးလိုချင်လား၊သမီးလေးလိုချင်လားဆိုတဲ့ မေးခွန်းကို မေးလာကြ တယ်။အဲဒီအချိန်ကြမှ ကိုယ်ခန္တာတောင် မတ်ကနဲဖြစ်သွားမိတယ်။ဟုတ်လိုက်တာ..အဲဒီအတွက်တော့ စီမံလို့ မရနိုင်ပေမဲ့ ဘာလိုချင်လဲ ပြောပိုင်ခွင့်တော့ ရှိနေတာကိုး..။အဖေ့ကိုတော့ ပြောပြမိတယ်။“ကျွန်တော့် အတွက် စိန်ခေါ်မှုတစ်ချို့ ကျိန်စာတစ်ချို့ ရှိနေနိုင်ပေမဲ့ ကျွန်တော့်ရွေးပိုင်ခွင့်မှာ သမီးမျိုးစေ့ပဲချချင်တယ်”လို့ ဆိုတော့ အဖေပြုံးတာကို ဖုံးထဲကနေ မြင်လိုက်ရတယ်။ကျွန်တော်လည်း အဖေ့သားပဲလေ..အဖေ့လိုပဲပေါ့.။

ကျွန်တော့်အမေ သူ့အဖွားနဲ့တူတဲ့ သမီးတစ်ယောက် လိုချင်မိတာ အမှန်ပဲ။ကျွန်တော့ထက် အစစအရာရာမှာ ထူးချွန်ပြီး ကျွန်တော့်ထက်ဆိုးမဲ့ သမီးတစ်ယောက်ပေါ့..။မဒမ် ကျွန်တော့်အပေါ်မှာ တင်နေတဲ့အကြွေးကို သူကမွေးလာမဲ့ သမီးကိုထိန်းကျောင်းရင်း ပြန်ဆပ်ချင်တယ်။အဖေဆိုတော့ သမီးဆိုးမှလည်း လိုက်မှာကိုး..။

“၅”
ဆရာဝဏ္ဏလင်းက 
ဂစ်တာတီးတဲ့အခါတိုင်း
သူ့သမီးအကြောင်းကို ဖွဲ့ဆိုတယ်တဲ့။

ထူးအိမ်သင်လည်း
ချစ်သမီးလေးအကြောင်းဆိုတဲ့ သီချင်းတစ်ပုဒ်
သူ့ရင်ကို ကိုင်လှုပ်ခဲ့သတဲ့..

ဆရာရန်အောင်ငြိမ်းကျတော့
သူ့သမီးလေးကြောင့် ကွန်ကရိတောအုပ်ထဲမှာ
သားကောင် သွားလုပ်ရတယ်တဲ့..။

ကမ္ဘာပေါ်မှာ 
သမီးတွေရဲ့ ဖခင်ဘယ်နှစ်ယောက်
မေတ္တာကို ကောက်ယူရရှိဖူးသလဲ..။
မိခင်ချစ်တဲ့ ကဗျာဆရာ
သမီးကိုချစ်တာ မဆန်းပါဘူး...။

ဘ၀အတွက် 
စိန်ခေါ်မှုတစ်ချို့ ရှိနေနိုင်ပေမဲ့
အမေအပင်တွေ ဖြစ်ထွန်းလာနိုင်ဖို့
ကျွန်တော် သမီးမျိုးစေ့ချမယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လေးစားစွာဖြင့် 
ကိုရင်
2:41(GMT)


29 comments:

စော(အဝါရောင်မြေ) said...

ယောက်ခထီး ပြောတော့လည်း
စိတ်ထဲ ပြန်ပြောနေသေးတယ်။
သမီးဆိုးလေးလည် လိုခြင်တယ်ဆိုတော့ ကိုယ်ဝဋ်လည်မှာ ကိုယ်သိလို့ ထင်တယ်။
ဒါပေမယ့် သူ့ အမေကတော့ လိမ်မာတာလေးပဲ လိုခြင်လိမ့်မယ်။ ထပ်ပူခြင်ရှာမယ် မထင်ဘူး။

ကိုယ်ဝန်(၃)လက စိတ်ပူရဆုံး အချိန်မို့  ပင်ပန်းတာတွေရှောင်ရမယ်။ ဖျားရင်ဆရာဝန်ဆီမှာ ကိုယ်ဝန်ရှိကြောင်းပြောပြပြီမှ ဆရာဝန် on တဲ့ ဆေးပဲသောက်ရမယ်။ အမျိုးသမီးကိုလည် တလှည့် ဂရုစိုက်ပါဦး။

သဒ္ဓါလှိုင်း said...

ညီမငယ်မဒမ်.
မမသဒ္ဓါကို အမြဲတမ်း သတိရတဲ့အတွက် ဝမ်းသာတယ်နော်။ ခုနေကောင်းနေပါပြီ.။ စာမရေးဖြစ်သေးလို့ စိတ်မကောင်းဘူး။ "ရိုးသားစွာ ရေးဖွဲ့တဲ့စာ" ဖတ်ပြီး ညီမငယ်လေးရဲ့ သတင်းကောင်းလေးကို တွေ့လိုက်ရတယ်။ ခုချိန်ကစပြီး ကျန်းမာရေးကိုပိုဂရုစိုက်နော်. အစားအသောက်လည်း ဂရုစိုက်အုံး. ဘေးနားမှာ ဂရုစိုက်မယ့် မိတ်ဆွေညီအမတွေ အများကြီးရှိနေတယ်။
ချစ်တဲ့
သဒ္ဓါ

TZH1985 said...

Congratulation ခင်ဗျာ... ကိုရင်နဲ့ မဒမ်ရော ဘေဘီလေးရော အစစအရာရာ အဆင်ပြေလို့ ကျန်းမာပါစေ... သမီးကလေး တကယ်ဖြစ်လာရင် ပျော်စရာကောင်းပေါ့နော်..

San San Htun said...

သမီးလေးလိုချင်တဲ့ ကိုရင့်အတွက် မဒိုးကန်က ကိုရင်အငယ်စားလေးကို ကျန်းကျန်းမာမာနဲ့  မွေးဖွားနိုင်ပါစေနော်...

မိုးခါး said...

မဒိုးကန်ကို စိတ်ဆိုးအောင်လုပ်လို့ကတော့ ဒီက ညီအစ်မတွေကလည်း ခံမှာမဟုတ်ဘူးဗျ .. ငှဲငှဲ သတိသာထား :P

အပူတွေ ကင်းဝေးပါစေ ရွှေဒိုး .. (မှတ်ချက်-ဗိုက်မှ လွှဲ၍) :P

စာဖတ်ပြီး ကြည်နူးမှုတွေ ကူးစက်သွားပါတယ် ကိုရင်ရေ ..း)) မိုးခါးတုန်းကတော့ ဖေကြီးက သားလေး လိုချင်တာတဲ့လေ .. ရှင်ပြုချင်တာတဲ့ .. သမီးလေးမွေးလာတော့လည်း လက်ပေါ်က မချ .. ခုထိလဲ ကိုယ်က အဖေ့အသဲပဲ ..း) ဒါမယ့် အကွက် ၀င်တိုင်း ပြောတယ် .. ဖေကြီးက သမီး လိုချင်တာမဟုတ်ဘူးဆို လို့ .. :P

Cameron said...

ဒီလင်ဒီမယားအကြောင်းလာဖတ်သွားပါတယ်...း) မဒမ်က သူ့ကိုရင်ကို ဟင်းချက်ကျွေးချင်လို့တဲ့ မိုးငွေ့ဘလော့မှာ လာပြီးကြိတ်သင်နေတာ...။

ခင်တဲ့
မိုးငွေ့

စံပယ်ချို said...

"လင်ဆိုးမယား တဖားဖား”မဟုတ်ပေမဲ့ အဲဒီတဖားဖား နီးပါးပါပဲ။
ထင်ပါတယ် လေသံနားထောင်လိုက်စဉ်မှာပဲ
သိနေသလိုပါပဲ...ဟီးဟီး - စတာနော်..
သမီးလေးဆိုလဲသတိထားနော်
ယောက္ခထီးတော်ချင်နေတဲ့သူတွေများမှာ
မစွန်တဲ့အသိုးတွေဘလော့ဂါအများကြီးနော်...

Thameesan said...

တွားပါပီကိုရင်ရယ်..ဘာလို့တမီးယူတာတုန်း
ယောက္ခမတော်ချင်ပါတယ်ဆိုနေးP
သမီးလေးနဲ့အတူ..
ပျော်ရွှင်ချမ်းမြေ့ဖွယ်
မိသားစုလေး.ပိုင်ဆိုင်နိုင်ပါစေရှင်
ချစ်ခင်စွာဖြင့်
တမီးရှံ

AH said...

တူလေးလား တူမလေးလား? သတင်းကို သိရဖို့ စောင့်နေပါတယ် ဗျို့။ ကိုရင် မဒိုးကန်နဲ့ ဂျူနီယာ ဒိုးရင် တို့ ကျန်းမာပါ ရွှင်လန်းပါစေဗျာ။

Crystal said...

မင်္ဂလာသတင်းပဲ။
ကိုယ်က မမွေးနိုင်ပေမယ့်သူများမွေးတာတွေတော့ အားပေးပါတယ်၊ အမွှာလေး ဖြစ်ပါစေတော် :)

ကိုထွဋ် said...

ဒီမှာကိုရင် သားလေးလား သမီးလေးလား အရေးမကြီးပါဘူး...ချစ်စရာကောင်းတဲ့ကလေး လေးရဖို့ပဲလိုပါတယ်..

မွေးပြီးရင် ဓာ့ပုံဒွေပြဦးနော်.. တို့သားလေးလဲကြီးလာပီ..ချိတ်ထားမလား.. :P

ကလေး၃ယောက်ဖခင် လူပျိုကြီး
မောင်ထွဋ်..

kokoseinygn said...

ဂရုစိုက်ပါကိုရင်ဘာလေးမွေးမွေး
ကိုယ့်ရင်သွေး ဆိုတော့ချစ်ရမှာပါဘဲ။

မောင်သီဟ said...

ကိုရင်တို့နှစ်ယောက်စလုံးလိုအင်ပြည့်ဖို့
မောင်ဘကြိုင်ဆုမွန်တောင်းပေးတယ်ဗျား

လိုအင်ဆန္ဒပြည့်စေဗျား


မောင်ဘကြိုင်

သူကြီးမင်း (တုံးဖလား) said...

မွေးလာတဲ့ ကလေးကတော့ ထိပ်ပြောင်ပြောင် ရုပ်ချောချောလေး ဖြစ်မှာ သေချာတယ်။း)

ကိုရင်တို့ မဒိုးကန်တို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ အဘက်ဘက်ပြည့်စုံတဲ့ ကလေးလေးတွေ လွယ်ကူစွာ မွေးဖွားပေးနိုင်ပါစေဗျာ။

မဒိုးရေ.. ဒီအချိန် ကိုရင်ကို အနိုင်ယူရမဲ့ အချိန်နော်။ မမေ့နဲ့ ကြားလား။း))

ခင်မင်လျှက်

blackroze said...

အင်မတန် ချစ်စရာကောင်းပြီး
စကားတတ်တဲ့ ဝက်ကလေးလိုဝဝကစ်ကစ်
သမီးလေးရပါစေလို့..
jerry pigpig ကနေပြီးဆုတောင်းပေးပါတယ်

အမရေ ကျန်းမာရေးတော့အထူးဂရုစိုက်နော်
အစားအသောက်အနေအထိုင်ဆင်ခြင်
ဘုရားများများရှိခိုး..
ကိုရင်ကိုလည်းများများအနိုင်ကျင့်နော်
ဒီအချိန်မှာကိုယ်ကဘုရင်ဘဲ
အသားကုန်သာအနိုင်ကျင့်ပလိုက်

ဆောင်းနှင်းရွက် said...

ဝမ်းသာစရာ သတင်းစကားပဲ ..
ကိုရင် မမဒိုးကို အရင်ကထက်
ပို၍ ပို၍ ဂရုစိုက်ပါ.. (ရာဇသံ) .:D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုဇော် said...

ဝမ်းသာပါတယ်ဗျို့. . . အရာရာ ဂရုစိုက်ပါ။

အားကျလျက် :D

မောင်ဘုန်း said...

ကိုရင်ရေ ... ဝမ်းသာတယ်ဗျာ .. ချစ်စရာကောင်းတဲ့ သမီးလေးနှင့်အတူ ထာဝရ ပျော် ရွှင်တဲ့ မိသားစု ဘဝလေးပိုင်ဆိုင်ခွင့်ရပါစေလို့  ဆုတောင်းခဲ့ပါတယ်

မေသိမ့်သိမ့် ကျော် said...

ကွန်ဂရက်ကျူလေးရှင်းပါ... လူဖြစ်သွားပြီပေါ့ ဟိဟိ...

မဒိုးကန်ရေ အပူအစပ်တွေ အငန်တွေလျှော့ပါရှင်။ အသီးအနှံများများစားပါ။ အားရှိအောင်နေနော်။ ကျန်းမာပါစေ...။

ခင်တဲ့
မေသိမ့်

လင်းခေတ်ဒီနို said...

အင်း အကိုတော် အမတော်လို့ ခေါ်ရမှာလား
ယောက်ခထီး ယောက်ခမ လို့ ပြောင်းခေါ်ရမလား စဉ်းစားနေတား))))

ကဲ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး . . ဒီမှာ ကိုရင် ယောက်ဖ သာလှ ငပျော့ အကိုတော် . . . သမီးပေးမလား ညီမပေးမလား ၊ တခွန်းတည်း ပြောပါ . . ညင်းညင်းညင်း . . ဒီမှာ . . ဗိုလ်ဗညားး . . ခါးပတ်ဖြုတ်တာ . . . . ထမင်းစားပြီး ဗိုက်ပူလာလို့ပါဗျာ ဟဲ ဟဲ ဟဲး))))))

...အလင်းစက်များ said...

ညိန်းနိုင် ထိပ်ပြောင်ကြောင်း နိုင်ငံကျော်နေပြီဗျာ.. ဟီး။ အရင်ဗိုက်ခွဲထား ဖူးတဲ့ သူဆိုတော့ နည်းနည်းတော့ သတိထားသင့်တယ်။ မဒိုးကန်ကို သေသေချာချာ ဂရုစိုက်ပါ ကိုရင်ရေ။

ကဲ ကျနော် ခန့် မှန်းမယ်။ ယောင်္ကျားလေးဗျာ။

ခင်မင်စွာဖြင့်

ကြောင်ဖြူများရှင်

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုချိန်မှာတော့ ကိုရင်ရာ မဒိုးကန်ရော ရင်ခုန်စိတ်လှုပ်ရှားနေကြမယ် ထင်ပါတယ်နော်..
အဦးအဖျားသမီးဦးလေးဖြစ်ပါစေလို့
အစစအရာရာ အဆင်ပြေချောမွေ့စွာနဲ့ လောကကြီးထဲ ဝင်ရောက်ခွင့်ရရှိတဲ့ သမီးချောကလေးဖြစ်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်နော..

Myanmar Good Knowledg Co., Ltd said...

ကိုရင်၊ညီမတို့မောင်နှံစ်ယောက်(နဲ့ တစ်ဗိုက်)အစစ အဆင်ပြေပါစေ။

ညီမရေ.....
ဆေးပညာအရာမှာ ပြည့်စုံတိုးတက်သော်လည်း၊ မိသားစုဆွေမျိုးမရှိတဲ့ မွေးရပ်မြေမဟုတ်တဲ့နေရာမှာ အလုပ်တစ်ဘက်နဲ့ ကိုယ်ဝန်နဲ့ ကလေးတစ်ယောက်ကို မွေးဘို့ကိစ္စက တစ်ကယ်ကိုမလွယ်တဲ့ကိစ္စပါ။

ကိုယ်တွေ့မို့လို့ပါ။
ညီမသိပြီသားပါပဲ။
လူတစ်ယောက်နဲ့တစ်ယောက် ကျမ္မာရေးကိုယ်ခံအားကော ကံတရားကောမတူပါဘူး။ သူများကိုယ်ဝန်သယ် လုပ်လို့ဖြစ်တယ်ဆိုတိုင်းကိုယ်လုပ်လို့မဖြစ်တာတွေရှိပါတယ်။

အချိန်တိုင်းဂရုစိုက်ပြီးနေပါလို့ပြောပါရစေ။

ကဗျာချစ်သူ said...

ကိုရင်နဲ့ဒမ်ကိုးရေ
ဘလော့ရေးတဲ့တစ်လျှောက် အိမ်သုံးလုံးပိုင်ခဲ့တယ်ဟေ့

အလွမ်းမြို့ said...

ဒိုးကန်လေးရေ....


အတိုင်းမသိကို ဝမ်းသာတယ်။ Congratulation ပါ။ တကယ်ပါ ဒိုးကန်လေးဆီက မင်္ဂလာသတင်းကြားရတော့ မဆီမဆိုင် အရမ်းကို ပျော်နေမိတယ် ဒိုးကန်ရေ။




ချစ်တဲ့
အလွမ်းမြို့

အမ်တီအန် said...

ကွန်ဂရက်ကျူလေးရှင်းပါရှင်...။
မိဘဖြစ်လာမယ့်သူတွေရဲ့ စိတ်ခံစားချက်တွေက အတူတူပါဘဲနော်။
ကိုရင်နဲ့ မဒိုးကန်တို့ ဘလော့ဂ်ပေ့ခ်ျမှာ နောက်ဆို စာဝင်ရေးမယ့် သားသား၊ မီးမီးတစ်ယောက်ရှိလာပြီပေါ့နော်...။
ပို့စ်လေးဖတ်ပြိး စိတ်ထဲ ပျော်တောင်လာမိပါတယ်။

ညိမ်းနိုင် said...

ဝိုး......ဒီလောက်ချစ်ဖို့ကောင်းတဲ့ပို့စ်ကို လွတ်သွားတာ
နာလိုက်တာဗျာ....၊ဝမ်းသာလိုက်တာဗျာ...ကျုပ်တော့
တူမလေး(သို့) တူလေးရတော့မယ်...ဟန်ကျတာပဲ..၊
ကဲ..တစ်ခါတည်းမှာမယ်...ကိုရင်......မဒိုးကန်ကို ခုတည်း
ကသေချာဂုစိုက်....၊သူ့အဖေကြီးထက် ကျုပ်ကိုကြောက်
ဖို့သာပြင်ဒါပဲ...၊
ဒါနဲ့နေပါဦး...ခင်ညားတို့ လင်မယားချစ်ကြည်စယ်ကြတဲ့
ကြားက ဘာကြောင့် ကျုပ်ထိပ်ပြောင်တာ ဆွဲထည့်ရသ
တုန်း...၊ခင်ညားလည်းတူတူပဲ မဟာနဖူးနဲ့ ထိပ်ပြောင်
တာ မခွဲတတ်သေးပဲကိုး.......၊ဒါကြောင့် မောင်ဘကြိုင်
ကလာအော်သွားသကိုး.......:)))

အလင်းသစ် said...

ဝမ်းသာပါတယ် ရွှေယောက်ဖရေ။။။
မဒိုးကန်ကြီး ပျောက်နေပါတယ်မှတ်နေတာ။။။ သူကကိုယ်ရင်အငယ်စားလေး မွေးထုတ်ဖို့ လက်မှတ်ယူနေရပြီကိုး။။။။

Angelhlaing(May everybody be happy and healthy! said...

ကြည်နူစရာလေးပဲ မမနဲ့တူမယ့် ချစ်သမိးဆိုးလေးပေါ့လေ... အကိုရေ..ဝမ်းသာတယ်ဗျို့...:):)

Related Posts Plugin for WordPress, Blogger...