Thursday, September 22, 2011

မြေမြိုမှာ မကြောက်တော့ဘူး..အမေငိုမှာပဲ ကြောက်တယ်





ဝန်ခံချက်

ကျွန်တော် ဒီခေါင်းစဉ်နဲ့ ပိုစ့်ရေးမလို့လုပ်နေတာ လွန်ခဲ့တဲ့ ရက်ပေါင်း၇၀ ၀န်းကျင်လောက်ကတည်းကပါ။ ဒါပေမဲ့ အကြောင်းအမျိုးအမျိုးကြောင့် မရေးဖြစ်ခဲ့ဘူး။နောက် ရမ်းသမ်းပြီး ဖြီးဖျန်းရေးလို့ မရတဲ့ သမိုင်းတစ်ခု ဖြစ်နေတာကြောင့်လည်း ရေးဖို့ လက်တွန့်နေခဲ့မိတယ်။အဲဒီဒေသမှာ ပေါက်ဖွားကျင်လည်သူ မဟုတ်တာ ကြာင့်လည်း ပါပါတယ်။လက်တွေ့မဟုတ်ပဲ စာတွေ့ရေးရမဲ့အခါကျတော့ အမှားပါလာနိုင်လို့ အွန်လိုင်းမှာ ဘလော့တကာလှည့်ပြီး  မွှေနှောက်ရှာဖွေရင်း လိုအပ်တာတွေ စုစည်းနေမိတယ်။ပြည့်စုံပြီရယ်လို့မဟုတ်ပေ မဲ့ ရေးဖို့စိတ်ဆန္ဒရှိနေတဲ့အချိန်မှာပဲ ဆရာမရွှေစင်ဦးရဲ့ အားပေးအားမြှောက်ပြုမှုကြောင့် ကျွန်တော် ဒီနေ့ ရေး မိပါပြီ။ဒီထဲမှာပါတဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှလည်းကောင်း၊မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၅)မှ လည်းကောင်း၊(ဆရာ)တိုက်စိုး-ဧရာဝတီမှလည်းကောင်း ရှာဖွေရယူပါသည်။လိုအပ်သော ပါဠိအနက်ကို အရှင်သုမှ ကူညီဖွင့်ဆိုပါသည်။လိုအပ်သည်များကို ဘေးမှာထိုင်ပြီးရှိနေသလို ကူညီပေးခဲ့ပါသည်။တစ်ချို့  ကျွန်တော် နားမလည်သော ကချင်ရိုးရာ စကားလုံးများအား  ကချင်ပြည်နယ်မှ သူငယ်ချင်း “အ၀မ်”၏ အကူ အညီကို ရယူပါသည်။မနိုင်ဝန်ထမ်းမိလို့ အကယ်၍ တစ်စုံတစ်ရာ ချွတ်ယွင်းခဲ့ရင်ဖြင့် ကျွန်တော့်ရဲ့ ညံ့ဖျင်း- မှုကြောင့်သာ ဖြစ်တဲ့အကြောင်း စာဖတ်သူအားလုံးအား ကြိုတင်အသိပေး တောင်းပန်အပ်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ကိုရင်




။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အမည်=ဧရာဝတီ
အသက်=နှစ်သန်းပေါင်း၄၀ကျော်
အရပ်အမြင့်(အရှည်)=သိင်္ဂါနဒီပြည်မြောက်ဖျားမှ ဘင်္ဂလားပင်လယ်အော်ထိ မိုင်ပေါင်း ၁၃၅၀ ကျော်
ပေါက်ဖွားရာဒေသ=ကချင်ပြည်နယ်၊ပူတာအိုမြို့ မြောက်ဘက် “ထိလာရေခဲတောင်နှင့် လန်ဂွေရေခဲတောင်” တို့တွင် မြစ်ဖျားခံပြီး စီးဆင်းလာေ- သာ မေခနဲ့မလိခတို့သည် မြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်အကွာ မှာ ပေါင်းဆုံရာမှ ဧရာဝတီဟု ဖြစ်တည်လာခဲ့သည်။

ဧရာဆိုတဲ့ စကားလုံးကို ရှာဖွေကြည့်တော့ ခရစ်နှစ်၁၄၈၅ခု အင်းဝရွှေနန်းရှင်လက်ထက်က ရတနာစေတီ ကျောက်စာမှာ ရေးထိုးခဲ့တယ်လို့ စွယ်စုံကျမ်းထဲမှာ တွေ့ရပါတယ်။ဧရာဝတီရဲ့ အဓိပ္ပါယ်ဟာ ပါဠိဘာသာ ဧရာဝဏနှင့်ဧရာဝတတို့မှ ဆင်းသက်လာဟန်ရှိပါတယ်။ဧရာဝဏဆိုတာ သိကြားမင်းစီးသော အဖိုးမဖြတ် နိုင်တဲ့ စီးတော်ဆင်ကြီးကို ဆိုလိုခြင်းဖြစ်ပါသည်။ဧရာဝတဆိုသော စကားလုံးကတော့  အနက်အဓိပ္ပါယ် ထင်ရှားနီးစပ်မှုမရှိပေမယ့် “ဤ( -ီ)” အက္ခရာဖြည့်စွက်လျက် ဧရာ+ဝတီလို့ ခွဲပြီး ဖွင့်ဆိုချက်အရ ဆိုလျှင် 'ဧရာ'ဟူသော စကားလုံအတွက် အနက်အဓိပ္ပါယ် သီးသန့်ရှာမရသော်လည်း "ဝတီ" ဆိုသော ပုဒ်အတွက် အကျင့်သိက္ခာနှင့်ပြည့်စုံခြင်းလို့ အနက်အဓိပ္ပါယ်ထွက်ပါတယ်။ထို့ကြောင့် ဧရာဝတီကို  အကျိုးကျေးဇူးတွေနဲ့ ထုံမွှမ်းထားတဲ့ ရတနာမြစ်ကြီးတစ်စင်း”လို့ ဆိုလျှင် ရနိုင်ပါတယ်။


တချို့က ဧရာဝတီဟူသည် သင်္သကရိုက်ဘာသာစကား ပရုမတီမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟုဆိုပြီး အဓိပ္ပါယ်မှာ “အားသစ်ဖြည့်သူ”ဟု သက်ရောက်သောကြောင့် ဧရာဝတီကို “အားမာန်အသစ်များ ဖြစ်ပေါ် စေသည့် မြစ်ကြီး”ဟုလည်း အဓိပ္ပါယ်ဖွင့်လို့ရပါသည်။တရုတ်တို့ကတော့ သူတို့နိုင်ငံမှ ယန်စီမြစ်ကြီး နည်းတူ ဧရာဝတီကို “လိရွှေ”ဟု တင်စားခေါ်ဝေါ်ပြီး အဓိပ္ပါယ်မှာ “ရွှေမှုန်များဖြင့် တောက်ပနေသော ရွှေမြစ် ကြီး” လို့ အနီးစပ်ဆုံး အဓိပ္ပါယ်ရပါတယ်။


နတ်ဂျော့ခေတ်က(ခရစ်ယာန်မကိုးကွယ်မီ) ကချင်ရိုးရာပုံပြင်ထဲမှာတော့ ဧရာဝတီမြစ်ဖြစ်ပေါ်လာပုံကို အခု လို ဖွင့်ဆိုပါတယ်။“စကြာဝဠာလဟာပြင် ကြီးထဲမှာ အဖိုဓါတ်နဲ့အမဓါတ် ပေါင်းစပ်ပြီး အင်ဂေါင်ဝမဂ်နတ်မင်း ကြီးဆိုတာ ဖြစ်လာခဲ့တယ်။အဲဒီ နတ်မင်းကြီးဟာ ညာလက်နဲ့ ရွှေခွက်ကိုကိုင် ဘယ်လက်နဲ့ ငွေခွက်ကိုကိုင် ပြီး မဟာအဏ္ဏ၀ါအတွင်းက ရေတစ်ခွက်စီ ခပ်ယူတယ်။ပြီးတော့ အဲဒီရေတွေနဲ့ မြောက်အရပ်မှာရှိတဲ့ တောင် ထိပ်တွေပေါ်ကို လောင်းချလိုက်တဲ့အခါ ညာဘက်မှာ မေခမြစ်၊ဘယ်ဘက်မှာ မလိခမြစ်ဆိုပြီး ပေါ်ပေါက် လာကြတယ်။အဲဒီမြစ်နှစ်သွယ်ဟာ အစဉ်အတိုင်းစီးဆင်းသွားကြပြီး ချင်ခရန်ဂါဒေသအနီးမှာ ပေါင်းဆုံမိရာမှ ဧရာဝတီမြစ်အဖြစ် ပေါ်ပေါက်လာခဲ့တယ်။ဧရာဝတီမြစ်ဟာ ကမ္ဘာလောကရဲ့ ပထမဆုံးဖြစ်ဖြစ်ပြီး အခြား မြစ်များထက် ထူးခြားသော အချင်းအရာများကို ဧရာဝတီမြစ်မှာ တွေ့နိုင်တယ်” ဆိုပြီး ဒဏ္ဍာရီဆန်ဆန် ဖွင့် ဆိုထားတယ်။

မည်သို့ပင် အဓိပ္ပါယ်ဖွင့်ဆိုသည်ဖြစ်ပါစေ ဧရာဝတီဆိုတာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ပြဌါန်းစာအုပ် ထဲမှာ တခမ်းတနားရွတ်ဆိုခဲ့ရတဲ့ မြန်မာပြည်ရဲ့ ကျက်သရေဆောင် မိခင်မြစ်ကြီးပါ။ရာစုနှစ်ပေါင်းများစွာက အတိမ်းအစောင်းမရှိ အနာအဆာမရှိပဲ အိနြေ္ဒရှိစွာစီးဆင်းနေခဲ့တဲ့ မြစ်ကြီးပါ။မြစ်အတွင်းကနေ ရွှေမှုန်တွေ ငါးအမျိုးမျိုးတွေ ရနိုင်ယုံသာမကပဲ မြစ်ရိုးတစ်လျှောက် ၀ဲယာကမ်းခြေတွေမှာ ရေနံလည်း အမြောက်အများ ထွက်ရှိတဲ့ တစ်စင်းတည်းသောမြစ် ဖြစ်ပါတယ်။စီးဆင်းရာ ကမ်းခြေတစ်လျှောက် ရှားပါးသစ်ပင်တွေ ဖြစ်တဲ့ လမုပင်၊လမဲပင်တွေကို ဧရာဝတီမြစ်ရိုးတစ်လျှောက် ပေါပေါများများ တွေ့နိုင်ပါတယ်။တစ်ချို့ နေရာတွေမှာ ဆိုရင်နှစ်ချို့နေတဲ့ လမုပင်ကြီးတွေဟာ မြစ်ထဲအထိ ခက်ဖြာကိုင်းကျနေပြီး လွမ်းမောဖွယ်တောင် ကောင်းနေ ပါသေးတယ်ဆိုပြီး ခရီးသွားဖူးသူတွေ ပြောကြပါတယ်။ဘယ်လောက်များ ပေါသလဲဆိုရင် ကျွန်တော်ကြားခဲ့ ဘူးတဲ့ ဧရာဝတီနဲ့ လမုပင်၊လမဲပင် ပုံပြင်လေး ရှိပါတယ်။တစ်ချို့ လည်း သိကောင်းသိမှာပါ။


အရင်တုန်းက အညာက ဘုန်းကြီးတစ်ပါးဟာ အောက်ပြည်မှာ ကျောင်းထိုင်ဖို့အတွက် လှေကြုံရှိတာနဲ့ ဧရာဝတီဖြစ်ရိုးတစ်လျှောက် စုန်လာခဲ့တယ်တဲ့။ တစ်ချို့ ရေတိမ်တဲ့ဘက်ရောက်တော့ မြစ်ထဲမှာ သောင်တွေ ထွန်းနေသတဲ့။ဘုန်းကြီးက သောင်ခုံကိုလက်ညှိုးထိုးပြပြီး လှေသမားကိုမေးတယ်။ “ဒကာကြီး ဟိုဟာ ဘာလဲ” လို့ဆိုတော့ လှေသမားက “လတာလို့ခေါ်ပါတယ်ဘုရား”လို့ ပြန်ဖြေသတဲ့..။ဘုန်းကြီးလည်း“လတာ.. လတာ”နဲ့ မှတ်သွားပြီး တော်တော် လှမ်းလှမ်းရောက်တော့ နှစ်ချို့ လမုပင်ကြီးတွေဟာ မြစ်ထဲကို ကိုင်းကျ နေတာကို တွေ့ပါသတဲ့။သိချင်တာနဲ့ လှေသမားကို “ဒကာကြီး..ဟိုအပင်ကြီးက ဘာပင်လဲ”ဆိုပြီး ထပ်မေး ပါသတဲ့။“အဲဒါ လမုပင်ကြီးပါဘုရား”လို့ လှေသမားက ပြန်ဖြေတော့ ဘုန်းကြီးစိတ်မှာ “စောစောက လတာ.. အခု လမု..အင်း..”ဆိုပြီး အသာမှတ်လို့ ခရီးဆက်ပြန်သတဲ့။ဒီလိုနဲ့ တဖြည်းဖြည်းနေမြင့်လာတော့ ဆွမ်း နောက်ကျမှာစိုးတဲ့ ဘုန်းကြီးဟာ လှေကို နီးစပ်ရာမှာ ကမ်းကပ်ဖို့ ပြောသတဲ့။“ဒကာကြီး လှေကို ရှေ့ က သစ်ပင်မှာ ချည်လိုက်ပါ”လို့ပြောတော့ နားမရှင်းတဲ့ လှေသမားက “ဘယ်အပင်လဲဘုရား ဒီလမဲပင်မှာလား ဘုရား”ဆိုပြီး ပြန်မေးသတဲ့။ဘုန်းကြီးလည်း လတွေချည်းပဲ အသုံးများနေတာကို စိတ်ပေါက်လာတာနဲ့ “အေး..လလှေကို လကမ်းကပ်ပြီး လမဲပင်မှာချည်၊ လမွန်းတည့်တော့မယ်ကွ လဆွမ်းစားမှဖြစ်မယ်”လို့ ပြန် ပြောတယ်တဲ့..။အဲဒီလောက်တောင် မြစ်ရိုးတစ်လျှောက်မှာ လမု၊လမဲပင် ပေါများတယ်ဆိုတာကို သိစေ ချင်ဟန် တူပါတယ်။


မြစ်ရိုးတစ်ကွေ့နဲ့တစ်ကွေ့က အလှချင်း ပြိုင်နေသလားဆိုရလောက် မြင်ရသူရဲ့စိတ်ကို မရိုးမရွဖြစ်စေတဲ့ အကြောင်းကို ဆရာဇော်ဂျီက
“ယဉ်ဧရာ ဖြူဖြူဖွေးရယ်က
တောင်ဘေးမှာ ခွေကာလည်တော့
ခရီးသည် ဟိုအကွေ့ကိုဖြင့်
ကျော်၍သာ မမြင်ရသော်လည်း
မျှော်၍သာ အထင်ဖြင့်လှခဲ့ပေါ့...”

ဆိုပြီး ဖွင့်ဆိုပြခဲ့တယ်။ခေတ်အဆက်ဆက် မြန်မာလူမျိုးမှန်ရင် ဧရာဝတီကို တန်ဖိုးထားခဲ့ကြသူတွေ ချည်းပါ ပဲ။စာဆိုတော်တွေ တေးရေးဆရာတွေ ကလည်း သူတို့ တတ်သလောက် ကျွမ်းကျင်သလောက်ထက်ပိုပြီး ဧရာဝတီကို ပွဲထုတ်ခဲ့ကြတယ်။တင်စားခဲ့ကြတယ်။

အလကာင်္ကျော်စွာ ရွှေပြည်အေးက ၁၉၅၈ခုနှစ်မှာ “ ညည ညည အခါမှီ၊ လလ လလ သာသည်၊ခဏခဏ ခဏခဏ မကြမှီ(ချိန်သန်းခေါင် ကြယ်လေးတွေက တိမ်ပန်းရောင်ခြယ် ဆေးဘယ်သ)၊ ကြည့် ကြည့်လို့ မ၀နိုင်သေး ငေး ငေးမောမိသည် မြစ်ကြီးဧရာဝတီ” ဆိုပြီး ဧရာဝတီရဲ့အလှကို “မြစ်ကြီးဧရာဝတီ”ဆိုပြီး ပထမဆုံး သီကုံးစပ်ဆိုခဲ့တယ်။ ၁၉၇၀ခန့်မှာ ရေနံ့သာဝင်းမောင်က “အညာအကြေကို ဖြတ်လို့ကွယ်၊ မြန်မာပြည်ရဲ့ သွေးကြောသဖွယ်၊ ဧရာဝတီရေစီးတဲ့အား ညီညွတ်မှုရဲ့ သစ္စာတရား..အညာအကြေ ခွဲမရပါ.. တသားတည်း ရှိနေမှာ၊ မြန်မာဆိုတဲ့ ဒီစိတ်ထား မြစ်မင်းဧရာအလား” ဆိုပြီး “ဧရာဝတီခရီးသည်” သီချင်းကို ကိုယ်တိုင်စပ်ဆိုခဲ့ပါတယ်။ယနေ့ ကျွန်တော်တို့ခေတ်အထိ ဂီတပညာရှင်တွေက ဧရာဝတီကို ဖွင့်ဆိုဆဲ၊ ဦးခိုက်နေဆဲပါ။

မြန်မာပြည်ရဲ့ ရာစုနှစ်များစွာရဲ့ အရှင်သခင် အားလုံးရဲ့ မိခင်ဖြစ်တဲ့ ဧရာဝတီ၊သမိုင်းပေါင်းများစွာကို သူ့ရေစီး ချောင်းထဲ မြောပါ စီးဆင်းစေတဲ့ ဧရာဝတီ အဲဒီအရှင်သခင်ဟာ နှစ်ဆယ့်တစ်ရာစုထဲမှာ ငိုကြွေးဖို့ ကြုံခဲ့ပါပြီ။ဧရာဝတီရဲ့ မြစ်ညာဖက်အထက်ပိုင်း တန်ဖဲမြစ်ဆုံမှာ တစ်နေ့လျှင် ကီလိုဝပ် နာရီသန်းပေါင်း ၂၉၄၀၀ထိ တရုတ်နိုင်ငံကို ပို့ဆောင်နိုင်မဲ့ ရေကာတာစီမံကိန်းတစ်ခု ဆောက်လုပ်ဖို့ လွန်ခဲ့တဲ့ ကိုးနှစ် ဆယ်နှစ် ပါတ်ဝန်းကျင်ကတည်းက စခဲ့ပါပြီ။မြစ်ဆုံမှ ယူနန်အထိ ၂၆၁မိုင်၊ မြစ်ဆုံမှလိုင်ဇာထိ ၁၇၀မိုင် ရှည်သော ကတ္တရာလမ်းများလည်း ကြိုတင်ဖောက်လုပ်ပြီးစီးနေခဲ့ကြပါပြီ။အနည်းဆုံး ဆည်ကြီးခုနစ်ခု၊ ရှစ်ခု တည်ဆောက်မည်ဟု ကြားသိရပြီး ဆည်တစ်ခုသည် အလျား ပေ ၅၀၀၊အနံ ပေ၃၀၀ နှင့်အမြင့် ပေ ၅၀၀ ရှိမည်ဟု ဆိုပါသည်။ဆည်များမှာ သိုလှောင်အား အလွန်ကောင်းပြီး စီမံကိန်းပြီးဆုံးသွားပါက ဓာတ်အား ကီလိုဝပ် ၆၀၀၀ ပို့ပေးနိုင်ရန် ရည်ရွယ်လျက် ရှိတယ်လို့ သိရပါတယ်။

အရာဝတ္ထုတစ်ခု၊လူတစ်ယောက်ကို အောက်ခြေ၊အောက်ပိုင်းက ဖြတ်ရိုက်လိုက်ရင် ပုံလဲကျသွားနိုင်ပြီး ခေါင်း ပိုင်းက ဖြတ်တောက်လိုက်ရင်တော့ အသက်ပါတစ်ခါတည်း ဆုံးရှုံးသွား နိုင်ပါတယ်။အဲလိုပဲ မြစ်ရဲ့ ဦးခေါင်းပိုင်း မှာ ရေကာတာဆောက်မယ်ဆိုရင် အောက်ဘက် မြစ်ရိုးတစ်လျှောက်မှာ နေကြတဲ့ ရေလုပ်သားတွေ၊ မိသားစုတွေဟာဒီစီမံကိန်းသာ အောင်မြင်ခဲ့ပြီဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရေငန်သောက် မြက်ခြောက် စားရတဲ့ဘ၀ကို သေချာပေါက် ရောက်ကြမှာ။

ကျွန်တော်တို့ ငယ်ငယ်မူလတန်းဘ၀တုန်းက ရွတ်ဆိုခဲ့ရတဲ့ စာပိုဒ်လေးကို အမှတ်ရမိတယ်။“အရွယ်တူ ကြယ်ဖြူ ဆယ့်လေးလုံးက ၀န်းရံလျှက်ရှိပြီး မြစ်ကြီးလေးစင်းက မြောက်မှတောင်သို့ စီးဆင်းလျက် ရှိသည်” တဲ့။အခုတော့ အနီရောင်မှာ ရဲရင့်ခြင်း၊အပြာရောင်မှာ တည်ကြည်ခြင်း..စပါးနှံက ဘာ..စက်သွားက ဘာ ဆိုတဲ့ ကျွန်တော်တို့ အလေးပြုခဲ့တဲ့ အထိမ်းအမှတ်တစ်ခု ရင်ထဲက အတင်းဆွဲထုတ်ပစ်ကြတာ သိပ်မကြာလှ
သေးပါဘူး။အခုတစ်ခါ မြစ်ကြီးလေးစင်းဆိုတဲ့ အပိုဒ်လေးလည်း ယိုင်နဲ့နဲ့ ဖြစ်လို့လာပါပြီ။

ဧရာဝတီဟာ ခေတ်အဆက်ဆက်၊သမိုင်းအဆက်ဆက် ကျွန်တော်တို့ အပေါ်မှာ မိခင်တစ်ယောက်သဖွယ် တာဝန်ကျေခဲ့ပြီးပြီ။သူအိုမင်းလာချိန်မှာ ကျွန်တော်တို့က ပြုပြင်စောင့်ရှောက်ပေးရမဲ့တာဝန်ကို ထမ်းဆောင် ရမှာပါ။သားသတ်ရုံကို ပို့ပစ်ရမှာ မဟုတ်ပါဘူး။“မိဘ မျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက်” တဲ့..။ တကယ်လို့များ ဧရာဝတီငိုရင် ကျွန်တော်တို့ သားသမီးတွေ တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ နေသွားရပါလိမ့် မယ်။


စာရေးဆရာကြီး (ဦး)ဇေယျရဲ့ ဧရာဝတီမြစ်နဲ့ပါတ်သတ်တဲ့ အတွေးအရေးကို ဖတ်ကြည့်ရင် ဧရာဝတီဟာ မြန်မာ့သမိုင်းအတွက် ဘယ်လောက်တောင် အရေးပါသလဲဆိုတ ထင်ရှားလှပါတယ်။


“ဧရာဝတီမူကား မြောက်မှတောင်ဘက်တည့်တည့် မြန်မာနိုင်ငံဗဟိုကျောမ ညီညွတ်သောမြေပြင်ကိုဖြတ်၍ စီးဆင်းသဖြင့် အစမှအဆုံး လှေ၊ သဘောင်္များ သွားလာနိုင်သဖြင့် လူတို့အတွက် အကျိုးကျေးဇူးများစွာ ဖြစ်စေပါသည်။မြစ်ကြီးးတစ်လျှောက် တကောင်းသရေခတ္တရာ၊ ပုဂံမြင်စိုင်း၊ စစ်ကိုင်း၊အင်းဝစသော မြန်မာ့ သမိုင်း ပေါ်ထွန်းလျှက် မြန်မာ့ယဉ်ကျေးမှုကြီး ထွန်းကားခဲ့သည်။အကယ်၍ ဧရာဝတီမြစ်ကြီးသာမရှိမူကား မြန်မာလူမျိုး၊မြန်မာသမိုင်း၊ မြန်မာ့ယဉ်ကျေးမှုတို့ ဖြစ်ပေါ်ပြန့်ကားနိုင်မည် မဟုတ်ချေ။စင်စစ်ဆိုသော် မြန်မာ့ သမိုင်း မြန်မာ့ယဉ်ကျေးမှုဆိုသည်မှာ ဧရာဝတီသမိုင်း၊ဧရာဝတီယဉ်ကျေးမှုသာ ဖြစ်ပေသည်။


ဒီလောက်ဆိုရင် ဦးဏှောက် ရှိတဲ့ သတ္တ၀ါများအဖို့ ဧရာဝတီဟာ ဘာလဲဆိုတာ သိနိုင်မယ်ထင်ပါတယ်။

အခု ရေးသားခဲ့ပြီးတဲ့ အကြောင်းအရာတွေဟာ “နွားတွေရှေ့ထွန်ကြူးပြတယ်” ဆိုရင်တောင် ထွန်ကြူးပြရမဲ့ တာဝန်ကတော့ လူသားတိုင်းရဲ့ တာဝန်ပဲမဟုတ်ပေဘူးလား။အခု ကျွန်တော်တို့ အားလုံးရဲ့ နှလုံးအိမ်တည့် တည့်ကို ချွန်ထက်တဲ့အရာတစ်ခုနဲ့ ချိန်ထားပြီးပါပြီ။သိပ်မကြာခင်မှာ ထိုးစိုက်ခံရတော့မယ်။ သိပ်မကြာခင် ထုတ်ချင်းဖောက် အစိုက်ခံရတော့မယ်။

အဲဒီနှလုံးသွေးတွေ ဖောက်ထုတ်ခံရပြီဆိုရင်တော့ အဲဒီနေ့မှာ ကျွန်တော်တို့ အားလုံးလည်း ဇာတ်သိမ်းပြီပေါ့။

မြေမြိုမှာ မကြောက်တော့ဘူး..အမေငိုမှာပဲ ကြောက်နေမိတယ်...
လေးစားစွာဖြင့်...
ကိုရင်
19:35(GMT)

29 comments:

ကိုငယ် said...

မရွှေစင်ဦးဆီကနေ လှည့်ဝင်လာပါတယ်..
ဖတ်နေရင်းနဲ့ ကိုယ်မသိသေးတာတွေ အများ
ကြီးရှိသေးတာ သိရတယ်..ဧရာဝတီကို ကာကွယ်နိုင်ဖို့ ကလောင်စွမ်းထက်တဲ့ သူတွေဆီက အခုလို အရေးအသားတွေ လိုအပ်တယ်ဗျာ..ဒီလို post မျိုးကို ဟာသရသပါ ထည့်ရေးနိုင်တာကိုတော့ လက်ဖျားခါတယ်။

ကိုရင်သာပျော့ရေ..facebook မှာ ပြန်ရှယ် ချင်လို့ အကြောင်းပြန်ပေးစေလိုပါတယ်ဗျား..

ကိုရင် said...

ဟုတ်ကဲ့..ရပါတယ်ျော..လုပ်ပါ..credit link တော့ ပြန်ပေးစေချင်ပါတယ်။

တကယ်တော့ ရှာဖွေထားတဲ့ အချက်အလက် တွေကို ကျွန်တော်ကပြန်စီပေးယုံလောက်သာ လုပ်ခဲ့တာပါအကို..အကုန်လုံးက ကျမ်းကိုးတွေ ချည်းပါပဲခင်ဗျား..ကျေးဇူးတင်ပါတယ် ကိုငယ်ရေ...

မဒမ်ကိုး said...

:) :) :) :) :) :) :) :) :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ဧရာဝတီဟာ လူတိုင်းချစ်ရမဲ့ သမိုင်းရဲ့ အမွှေအနှစ်ပါ.
မချစ်ဘဲ ရောင်းစားရင်တော့ ဧရာဝတီမြစ်ကြီး တစ်ခုခုဖြစ်တဲ့အခါ ရောင်းစားသူတွေကို တရားခံအဖြစ် လူတိုင်းက လက်ညှိုးထိုးကြမှာ မလွှဲပါဘူး။
ကိုယ့်တိုင်းပြည်ကို တန်ဖိုးထားဖို့ လူတိုင်းမှာ အသိစိတ်ရှိသင့်တာ အသေအချာပါ.

ညီရဲသစ် said...

ဟုတ်တယ် ဧရာဝတီက မြန်မာ့သမိုင်း မြန်မာ လူမျိုးတို့ အတွက် တန်ဖိုးမဖြတ်နိုင်ဘူး။ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဝတ္ထုက ရောင်းကုန်မဟုတ်ဘူး။ ဒါကြောင့် ဧရာဝတီက ရောင်းကုန်မဟုတ်ဘူးး။ ဧရာဝတီကို သတ်လိုက်ရင် သမိုင်းတွေက ဒဏ္ဍာရီဖြစ်တော့မယ်။ ခေါင်းစဉ်လေးကို သဘောကျမိတယ်ဗျာ...

SHWE ZIN U said...

ကိုရင် ရေ

ဧရာဝတီ ရဲ့ မသိသေးတဲ့ ရာဇဝင် တွေ အတွက်လည်း ကျေးဇူးတင် သလို

လဘုန်းဘုန်း ရဲ့ ပုံပြင်ကလေး အတွက် အသံထွက်အောင် တောင်ရီမိပါတယ်

ကျနော်တို့ အားလုံးဇာတ်မသိမ်းအောင် ကျိုးစားကြမယ်

ကျေးဇူးပါ
လရွှေစင်ဦး
.

Shwe Zin Oo's Blog said...

ကိုရင်
ဧရာဝတီအကြောင်း ဗဟုသုတတွေ တလှေကြီးနဲ့ အတူ အညာဘုန်းဘုန်းကြီးအကြောင်း ပျော်ပျော်ရွှင်ရွှင် ဖတ်သွားပါတယ် အခုစာတွေပျော်ပျော်ပါးပါး ဖတ်ရသလို ဧရာကိုလည်း ထာဝရပျော်စေချင်တာပါ...

ခင်မင်တဲ့
seesein

Candy said...

ဗဟုသုတတွေအများကြီးရပါတယ်.... တော်တော်ကြိုးစားပြီးရေးထားတာ အသိသားကြီး... လေးစားပါတယ်ရှင့်..:D

စံပယ်ချို said...

ကိုရင်ရေ...
ခုမှပဲဧရာဝတီဆိုတာကိုသေချာသိလိုက်ရတယ်
မသိတာတွေကလဲ များနေလို့လေ
အဲလိုရေးတတ်တဲ့သူတွေကများများရေးကြပါ
ခင်မင်တဲ့ jas

အမ်တီအန် said...

အရေးအသားကို လေးစားမိပါတယ်ရှင်...။
မြန်မာလူမျိုးတိုင်းရဲ့ ရင်ထဲက အမိဧရာဝတီအတွက် ကိုယ်စီကိုယ်ငှ ခံစားရတာတွေကို စကားလုံးတွေနဲ့ ပြန်အသက်သွင်းထားတာမို့ ဘယ်သူရေးထားတာကိုပဲ ဖတ်ဖတ်၊သွေးတွေ နွေးလာရပါတယ်။ ဧရာဝတီဟာ တစ်ဦးတစ်ယောက်ပိုင်မဟုတ်ပါဘူး။ မြန်မာပြည်သူပြည်သား အားလုံးရဲ့ အသက်သွေးကြောပါ...။

တောက်ပကြယ်စင် said...

ရွှေပြည်သားမှန်ရင် ရွှေဧရာဝတီမြစ်ကို ချစ်ရမှာပါ။ ခုလို သမိုင်းအထောက်အထားတွေနဲ့တကွ ဟာသလေးပါ ထည့်သွင်းရေးပြသွားတဲ့ ကိုရင်သာပျော့ကို ကျေးဇူးတင်ပါတယ်။ (လမွန်းတည့်ချိန်မှာ လာဖတ်ပါတယ်)

မောင်သီဟ said...

ကျေးဇူးအများကြီးတင်ပါတယ် ကိုရင်ပျော့
ဒီနေ့ထုတ်သတင်းဂျာနယ်တွေမှာ ဧရာသတင်းရှာဖတ်သေးတယ်
နည်းနည်းတော့လေသံပျော့လာသလားလို့
ဘာပြောပြော ဧရာဝတီအရေး တွေးစိုးစိတ်များမိပါရဲ့

မောင်ဘကြိုင်

အိမ်မက်စေရာ said...

ဗဟုသုတတွေ အများကြီးသယ်သွားပါတယ်ရှင့်.. အရမ်းကောင်းတဲ့ ပို့်စ်တစ်ခုပါ..
“နွားတွေရှေ့ထွန်ကြူးပြတယ်” ဆိုရင်တောင် ထွန်ကြူးပြရမဲ့ တာဝန်ကတော့ လူသားတိုင်းရဲ့ တာဝန်ပဲမဟုတ်ပေဘူးလား။
ဟုတ်ပါတယ် အစ်ကိုရေ ..တကယ့်ကို လူသားအားလုံးရဲ့ တာဝန်ပါ..
အိမ်မက်စေရာ

Anonymous said...

(ရေဘောင်ဘင်စီးပါလို့  လှေဒေါင်တင်တီးပါပေါ့ မြစ်ကြီး ဧရာဝတီ ကိုယ့်ချစ်သူကိုလည်းပြောလိုက်ပါ့ အတည် ကျနော့ချစ်သူကိုလည်းပြောလိုက်ပါအတည်
မလွှဲသာလို့  တပြည်တရွာဒီမောင်ထွက်သွားပီ....)
ဆိုတာလေးနဲ့ ထပ်ဖြည့်လိုက်တယ် ကိုရင်ရေ ဦးလေးလာဖတ်မှတ်သွားသကွဲ့ 

sosegado said...

မြန်မာစာ ဆရာကြီးတစ်ယောက် ပြောသလိုပေါ့
ငါတို့ ဧရာဝတီကို အသုံးချတတ်ရင် အင်္ဂလိပ်လက်အောက်တောင် မကျနိုင်ဘူး
ဘယ်လို အသုံးချရမယ် ဆိုတာသိဖို့လိုတယ်။

Han Kyi said...

ကောင်းသဗျာ ကျကျနနကို လေ့လာပြီးရေးထားတာ မချီးကျူးဘဲကို မနေနိုင်ဘူး ကိုရင်ရေ...ဦးဟန်ကြည်တို့ အဲဒီလောက် မစွမ်းတာတော့ ၀န်ခံရမှာပဲဗျား...စနစ်တကျရေးထားတာကို သဘောကျလွန်းလို့ မှတ်စုထဲမှာ ကော်ပီလုပ်ယူထားလိုက်သေးတယ်...ကျောင်းသားတွေကို ပြန်ရှင်းပြရအောင်လို့ပါ...ဒီပို့စ်ကိုဖတ်ပြီးတော့ ဧရာဝတီအကြောင်းရေးဖို့စဉ်းစားထားတာတောင် နည်းနည်းတွန့်သွားပါရဲ့...

Anonymous said...

ကိုရင်သာပျော့ရေ.. ဧရာဝတီသမိုင်းအကြောင်းတွေ ဖော်ြ့ပပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မြေမြိုချင်မြိုစမ်းပါစေ အမေဧရာဝတီကြီး မငိုအောင်တော့ ၀ိုင်းကာကွယ်ကြရမှာပဲ...ဇာတ်မသိမ်းချင်ကြဘူးလေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

blackroze said...

ကိုရင်ရေ..
ဧရာဝတီရာဇဝင်အတွက်ကျေးဇူးပါနော်
မသိတာတွေသိလိုက်ရလို့လေ
..
အမကိုလည်းဂရုစိုက်ပါနော်..
ဂရုမစိုက်ဘူးအသံကြားလို့ကတော့နော်
သိတယ်မှတ်လား..
ဂျယ်လီပစ်ပစ်အကြောင်း
ခိုင်ဖုံးတရားရုံးကဒါးစက်သုံးခုစလုံးယူပြီး
လာမှာနော်...
ပေါင်ချိန်ကိုပါတခါတည်းခေါ်လာမှာနော်
ဝဲ ဝူ...

ခင်တဲ့ ဂျယ်လီပစ်ပစ်

သူကြီးမင်း (တုံးဖလား) said...

အတော်လေးကို ပြည့်ပြည့်စုံစုံပါဘဲ။ ဧရာဝတီရဲ့ ဘိုင်အိုဒေတာကို အခုမှ ဖတ်ဖူးတယ်။ ကျေးဇူး ကိုရင်ရေ။

ဟုတ်တယ်။ အမေငိုမှာဘဲ ကြောက်တယ်။

ခင်မင်လျှက်

San San Htun said...

ကိုရင့် အားထုတ်မှုကို လေးစားသဗျား...ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ...

မိုးခါး said...

သေသေချာချာလေး ရှာဖွေရေးထားတာကို ချီးကျူးပါတယ် .. မသိတာတွေ သိလိုက်လို့လည်း ကျေးဇူးပါ .. ၀ိုင်းဝန်းဆန္ဒပြုရုံမှ တပါး ...

ကိုအောင် said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

အလွမ်းမြို့ said...

ကိုရင်...

စာရေးတာ ဟတ်ထိသွားတယ်။ ကိုရင်က စာရေးကောင်းတော့ မဒိုးကန်က ကောက်ကောက်ပါလာတာပေါ့။ အဟီး။။လေးစားပါတယ်။ မဒိုးကန်လေးကိုလည်း ဂရုစိုက်နော်။



ခင်မင်တဲ့
အလွမ်းမြို့

mstint said...

နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီး ဆင်းနိုင်ပါစေ။

မေတ္တာဖြင့်
အန်တီတင့်

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

A SHIN THU said...

ကျောက်ခေတ်ကြေးခေတ်တွေကမှ မညစ်ထေးသွေးမစွန်း
ခဲ့ရတဲ့ မီခင်ဧရာဝတီ၊ နည်းပညာခေတ် သိပ္ပံခေတ်ကျမှ သွေးစွန်းရမယ့်အခြေဆိုက်နေပြီဆိုတော့ ကျောက်ခေတ်
လူရိုင်းတွေကပဲ လူရာဝင် လူစင်စစ်တွေပဲလား မပြောတတ်တော့....။

မအိမ်သူ said...

ကိုရင်ရေ အရေးအသားကောင်းလိုက်တာ။ ဟုတ်တယ် အမိဧရာ ငိုမှာကို တကယ်ပဲ စိုးရိမ်မိတယ်။ ဧရာငိုရင် မြန်မာပြည်ပြိုမှာ အသေအချာပဲလေ..

ချစ်ကြည်အေး said...

ကိုရင်...စာရေးကောင်းထှာ၊ ဖတ်ရင်းနဲ့ မျောသွားလိုက်တာ....
အမေငိုမှာကို အားလုံး ကြောက်ကြပါရဲ့၊ အမေ ကျန်းမာစွာ ဆက်လက်စီးဆင်းနိုင်ပါစေလို့....ပဲ...

♫♪★လွမ်းပိုင်ရှင်★♪♫ said...

အဲ ကောင်းရော မန့်ပေးဖို့တောင် တော်တော်မြင့်သွားတယ် ဗျ
နောက်တာပါ ခုတော့လည်း
ရာဇ၀င်ထဲက သတို့သမီးကတော့ ပြန်လည်ရှင်သန်လာတော့
မှာပါဗျာ ပြည်သူတစ်ရပ်လုံးပျော်ရွင်နေရပါပြီ

လာလည်ပါဦးနော် ထာဝရခင်လျှက်ပါ

Related Posts Plugin for WordPress, Blogger...